← Chapters

ရှေးဟောင်းခေတ်မှ အာဏာရှင်

Vol. 28 Ch. 387

ရှေးဟောင်းခေတ်မှ အာဏာရှင်

Vol. 28 Ch. 387

ဝေ့ဝူယင်က လက်ခံဟန်နှင့် အသာအယာပင် ခေါင်းညိတ်ပြလိုက်သည်။ အတန်ကြာ ငြိမ်သက်သွားပြီးနောက် လူအိုကြီးက စတင်ကာ ရှင်းပြလိုက်၏။

“အနန္တ တာအို နန်းတော်တွေကို ကျန်း‌ဖေးလန်က စပြီး တည်ဆောက်ခဲ့တာ... ဒီကြယ်တာရာ နယ်မြေမှာ ရှိတဲ့ ရွက်ပုန်းသီး ပါရမီရှင်တွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ပေါ့... နောက်ပိုင်းမှာ အခြားလူတွေကလည်း စိတ်ဝင်တစား ပါဝင်လာကြတယ်... ဆန်းကြယ် ဧကရာဇ်ကိုယ်တိုင် သူ့အမွေဆက်ခံသူကို ရွေးချယ်ဖို့ အတွက် အနန္တ တာအို နန်းတော်တစ်ခုကို တည်ဆောက်ခဲ့တယ်”

“ကျန်းဖေးလန်...”

ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် အ‌ရောင်ပြောင်းလဲသွားသည်။ ထိုအရာက လက်ရှိ အထွတ်အမြတ် နန်းတော် သခင်မ၏ အမည် မဟုတ်ပါလား။

လူအိုကြီးမှာ ဝေ့ဝူယင်၏ အမူအရာ ပြောင်းလဲသွားသည်ကို အကဲခတ်လိုက်မိ၏။ သူက လျှင်မြန်စွာပင် ရှင်းပြလိုက်သည်။

“ကြည့်ရတာ လက်ရှိခေတ်မှာ အဲဒီနာမည်နဲ့ လူတစ်ယောက် ရှိနေတဲ့ပုံပေါ်တယ်... ငါ ပြောတဲ့ ကျန်းဖေးလန်က အထွတ်အမြတ် အလင်း နန်တော်ကို စပြီး တည်ထောင်ခဲ့တဲ့ အယ်ဗန် မျိုးနွယ် မိန်းကလေးကို ပြောတာ... သူက အဲဒီခေတ်ရဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ဆိုလည်း မမှားဘူး”

“ဪ... အထွတ်အမြတ် အယ်ဗန် ဧကရီကို ပြောတာလား...”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ လူအိုကြီး၏ မျက်ခုံးများက အနည်းငယ် အပေါ်သို့ မြင့်တက်သွား၏။

“အထွတ်အမြတ် အယ်ဗန် ဧကရီ တဲ့လား... နာမည် ပေးထားတာ မဆိုးဘူး”

သူက မှတ်ချက်ချလိုက်၏။ သူ၏ လေသံထဲ၌ လေးစားမှု အရိပ်အမြွက် အချို့ ပါရှိနေပေသည်။

“ထားပါတော့... ခုန စကားကို ဆက်ရရင် ကျန်းဖေးလန်က အနန္တ တာအို နန်းတော်တွေကို တည်ထောင်ဖို့ အကြံရခဲ့တယ်... အခြား ခေါင်းဆောင်ကြီးတွေကလည်း ဝိုင်းဝန်း ကူညီပြီး ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ ဝိုင်းဝန်း တည်ဆောက်ခဲ့ကြတယ်... နန်းတော်တစ်ခုကို ရည်ရွယ်ချက် တစ်မျိုးစီနဲ့ပေါလေ... မင်းကြုံဖူးတဲ့ အနန္တ စစ်တာအို နန်းတော်နဲ့ အနန္တ ဖန်တီးခြင်း တာအို နန်းတော်တွေကလည်း အဲဒီခေတ်က ခေါင်းဆောင်ကြီးတွေ တည်ဆောက်ခဲ့တဲ့ နန်းတော်တွေပဲပေါ့”

“ငါကတော့ ဒီအစီအစဥ်ကြီး တစ်ခုလုံးရဲ့ ကြီးကြပ်ရေးမှူးပေါ့... အနန္တ တာအို နန်းတော်တွေနဲ့ ပတ်သက်တဲ့ ကိစ္စ အဝဝကို နှစ်ပေါင်း ထောင်နဲ့ချီပြီး ငါကပဲ တာဝန်ယူထားခဲ့ရတာ... မင်းမေးတာကို ဖြေရရင် မှန်တယ်... အနန္တ တာအို နန်းတော်တွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိတယ်... ဒါပေမဲ့ သူတို့ရဲ့ မူလတွေကတော့ မတူဘူး”

လူအိုကြီး၏ ရှင်းပြချက်က ရိုးရှင်းကာ တိုက်ရိုက်ဆန်ပေသည်။ အနန္တ တာအို နန်းတော်များ၏ နာမည်များ အဘယ်ကြောင့် မတူညီရသည်ကို နောက်ဆုံး၌ သူ နားလည်ခဲ့ရပြီ ဖြစ်သည်။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ဒီကြယ်တာရာ နယ်မြေမှာ အနန္တ တာအို နန်းတော် ဘယ်လောက်တောင် ရှိတာလဲ”

သူက စိတ်ဝင်တစားဖြင့် ဆက်လက် မေးလိုက်၏။

“ငါကြီးကြပ်နေတဲ့ အနန္တ တာအို နန်းတော်က တစ်ရာသုံးဆယ့်လေးခု ရှိတယ်... ဒါပေမဲ့ အဲဒီထဲက အများစုကို ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး...”

လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။ အနန္တ တာအို နန်းတော်များမှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ရွှေခေတ်တွင် တည်ဆောက်ခဲ့သည့် ချမ်းသာ ကြွယ်ဝမှု၊ ရင်းမြစ်ပေါများမှု သင်္ကေတများပင် ဖြစ်သည်။ ထိုနန်းတော်များကို နှောင်းလူများ သိပ်မရှာတွေ့ခဲ့သည်ကတော့ အတော်လေး နှမြောစရာ ကောင်းလှသည်။

“ ... “

ဝေ့ဝူယင်မှာ အတန်ကြာ တိတ်ဆိတ်သွားပြန်၏။ သူ၏ ငွေရောင် မျက်လုံးများကတော့ တစ်ခုခုကို စဥ်းစားနေဟန်ဖြင့် တဖျပ်ဖျပ် လက်နေသည်။

ယခုတစ်ကြိမ်တွင်လည်း လူအိုကြီးကပင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

“အခြား အနန္တ တာအို နန်းတော်တွေနဲ့ မတူညီတာက အနန္တ ဒြပ်စင် တာအို နန်းတော်မှာ ကန့်သတ်ချက် တစ်ခု ရှိတယ်... အဲဒါက ဒြပ်စင် မူလရည်ရွယ်ချက်ကို ပိုင်ဆိုင်ဖို့ပဲ... မင်း ခုနက မေးတဲ့ အဓိက ဒြပ်စင် တာအို ဆိုတာက ဒြပ်စင် မူလ ရည်ရွယ်ချက်ကို ဖွဲ့စည်းတဲ့ အချိန်မှာ အဓိက အသုံးပြုထားတဲ့ ဒြပ်စင်ကို ပြောတာ... ဒြပ်စင် မူလ ရည်ရွယ်ချက်ကို ဖွဲ့စည်းမယ် ဆိုရင် အဓိက ဒြပ်စင်တစ်ခုတော့ ထားရတယ် မလား”

“ကျုပ် သဘောပေါက်ပြီ... တကယ်လို့ ကျုပ်က မီးကျင့်စဥ်ကို ပိုပြီး အားသာတယ် ဆိုရင် မီးက ကျုပ်ရဲ့ အဓိက ဒြပ်စင် တာအို ဖြစ်လာမယ်... အဲဒီလို မလား”

ဝေ့ဝူယင်က နားလည်ဟန်နှင့် မေးလိုက်၏။ လူအိုကြီးက အသာအယာပင် ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ... ခုနက ရွေးချယ်ခံ ဆိုရင် လေဒြပ်စင်ကို သူ့ရဲ့ အဓိက ဒြပ်စင် တာအို အဖြစ် ရွေးချယ်သွားတယ်... ဘာလို့လဲ ဆိုတော့ လေကျင့်စဥ်က သူ့ရဲ့ အားအသာဆုံး ဖြစ်နေလို့ပဲ... မင်း ဘာကို ရွေးမလဲ”

“ ... “

ဝေ့ဝူယင်မှာ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြန်၏။ သူ့တွင် အဓိက ဒြပ်စင် တာအို မရှိချေ။ အရာအားလုံးက ညီတူညီမျှပင် ဖြစ်သည်။ သူ အိုရီကိုသာ မေးရန် ဆုံးဖြတ်လိုက်၏။

“မင်း ဘယ်ဒြပ်စင်ကို ကြိုက်လဲ...”

“ဘယ်ဟာကို ကြိုက်ရမှာလဲ... အကုန်ကြိုက်တယ်”

အိုရီက ဆောင့်ဆောင့်အောင့်အောင့် ပြန်ဖြေ၏။ ဝေ့ဝူယင် စိတ်ထဲမှ ရယ်မောလိုက်မိသည်။ မှန်သည်... သူပင် မစဥ်းစားတတ်ရာ အိုရီမှာ မည်ကဲ့သို့ သိမည်နည်း။

ဝေ့ဝူယင် လူအိုကြီးကို ကြည့်ကာ ဖျော့တော့စွာ ပြုံးပြလိုက်၏။

“ကျုပ်မှာ မရှိဘူး...”

“ ... “

လူအိုကြီးမှာ သူ့အဖြေကြောင့် ဆွံအသွား၏။ မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းပင် သူ မသိတော့ချေ။

“မင်းပြောချင်တာက...”

ဝေ့ဝူယင်က ပခုံးတွန့်ပြလိုက်သည်။

“ကျုပ်မှာ အဓိက ဒြပ်စင်တာအို မရှိဘူးလို့ ပြောတာ... အားလုံးက အတူတူပဲ... ဘယ်ဒြပ်စင်က ပိုပြီး အားသာတယ်လို့ မရှိဘူး”

လူအိုကြီးမှာ အခက်တွေ့ဟန်နှင့် ချောင်းတဟွတ်ဟွတ် ဆိုးသွား၏။ အနန္တ တာအို နန်းတော် ကြီးကြပ်သူ တစ်ယောက် အနေဖြင့် နှစ်ပေါင်းထောင်ချီ အလုပ်လုပ်ပြီးနောက်တွင် မရေမတွက်နိုင်သော လူများနှင့် သူ တွေ့ဆုံခဲ့သည်။ အားလုံး အဆင်ပြေချောမွေ့ခဲ့သည်။ သို့သော်လည်း ယနေ့တွင်တော့ မိနစ်ပိုင်း အတွင်းမှာပင် ဝေ့ဝူယင်မှာ သူ၏ နားလည်မှုများကို တစ်ခုပြီး တစ်ခု ချိုးဖျက်နေခဲ့ချေပြီ ဖြစ်သည်။

ရုတ်တရက်... ဝေ့ဝူယင်က တစ်စုံတစ်ခုကို သတိရသွားဟန်နှင့် မေးလိုက်၏။

“အော်ရစ်ပင်လယ် အကြောင်း ခင်ဗျား ဘာသိထားလဲ”

“အော်ရစ်ပင်လယ်... ဘာကြီးလဲ...”

လူအိုကြီးက သူ့မေးခွန်းကို သိပ်နားလည်ဟန် မရချေ။ ချက်ချင်းပင် ထိုလူအိုကြီး၏ ဗဟုသုတများမှာ လက်ရှိခေတ်နှင့် မကိုက်ညီကြောင်း ဝေ့ဝူယင် နားလည်သွား၏။ သူက အထွတ်အမြတ် အယ်ဗန် ဧကရီကိုပင် နာမည်အရင်းအား သုံးနှုန်းလျှက် ခေါ်နေဆဲ ဖြစ်သည် မဟုတ်ပါလား။

“ခင်ဗျားက ဘယ်သူလဲ... ဘယ်ကလာတာလဲ”

ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အဘိုးအိုမှာ အနည်းငယ် တွေဝေသွားကာ မျက်နှာထက်၌ စိတ်လှုပ်ရှားသော အမူအရာအချို့ ပြန်လည် ပေါ်လာခဲ့၏။

“ငါလား... ဟိုတုန်းကတော့ လျှို့ဝှက် အာဏာရှင် တစ်ယောက်ပေါ့ကွာ... ဒီလောကမှာ ငါ မသွားနိုင်တဲ့ နေရာ မရှိဘူး... ငါ ကြောက်ရွံ့ရတဲ့ လူမရှိဘူး... သေမျိုးတွေ အားလုံးကို လွှမ်းခြုံပြီး ကိုယ်ပိုင် မင်းဆက်တစ်ခုကို အုပ်စိုးခဲ့တာပေါ့”

“ဒါပေမဲ့ ကံဆိုးစွာပဲ ငါ့ရဲ့ ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရတယ်လေ... ပိုဆိုးတာက လျှို့ဝှက်ဝိညာဥ်ပါ အကြီးအကျယ် ထိခိုက်သွားခဲ့တာပဲ... မှီခိုစရာ ရုပ်ခန္ဓာ မရှိတော့တဲ့ အတွက် ဒီလောကကြီးကနေ လွင့်စဥ် ပျောက်ကွယ်သွားရတော့မယ့် အချိန်ပေါ့... သေခြင်းတရားက ငါ့လက်ထဲ ရောက်နေပြီ... အဲဒီအချိန်မှာပဲ မျှော်လင့်ချက်ကို ငါတွေ့ခဲ့တယ်... သေမျိုး အဂ္ဂိရတ် ဧကရာဇ်တစ်ယောက်က ငါ့ပို ကယ်ခဲ့တယ်... နောက်ပြီး ပြန်ရှင်သန်ဖို့ အခွင့်အရေးပေးခဲ့တယ်... ငါကလည်း မငြင်းဆန်ပဲ ယူခဲ့တယ်... ဒီလိုနဲ့ ခုလို ဝိညာဥ် ပုံသဏ္ဌာန်မျိုး ငါဖြစ်လာခဲ့တာပေါ့”

“သူက ငါ့ကို  လျှို့ဝှက်ဝိညာဥ်နဲ့ တစ်ခုတည်း အဖြစ် ပေါင်းစည်းပေးခဲ့တယ်... အဲဒီနည်းလမ်းနဲ့ ခန္ဓာကိုယ် မရှိတာတောင် မသေမျိုး ဘဝကို ငါပြန်ပြီး ရရှိခဲ့တယ်... ဒါပေမဲ့ အပြန်အလှန် အနေနဲ့ အနန္တ တာအို နန်းတော်တွေရဲ့ ကြီးကြပ်ရေးမှူး အဖြစ် နှစ်ပေါင်း တစ်သောင်းတိတိ တာဝန် ထမ်းဆောင်ပေးဖို့ အဲဒီ သေမျိုး အဂ္ဂိရတ် အာဏာရှင်ကို ငါ ကတိပေးခဲ့ရတယ်”

ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် မီးခိုးရောင် အဘိုးအို ပြောပြသည့် အဖြစ်အပျက်များကို နားထောင်နေခဲ့၏။ သူ၏ နှလုံးသား အတွင်းရှိ ထိတ်လန့်မှုကတော့ အချိန်တိုင်းတွင် တိုးသထက် တိုးလာနေခဲ့လေသည်။

လူအိုကြီးက ထာဝရ ဧကရာဇ်ကို သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ဟုသာ သုံးခဲ့သည်။ ထိုအချက်က ထာဝရ ဧကရာဇ်မှာ သူ တွေ့မြင်ခဲ့ဖူးသည့် တစ်ဦးတည်းသော သေမျိုး အဂ္ဂိရတ် အာဏာရှင် မဟုတ်ကြောင်း ဖော်ပြနေသည်။ ထို့အပြင် “လျှို့ဝှက် ဝိညာဥ်နှင့် ပေါင်းစည်းပြီးနောက် မသေမျိုး ဘဝကို ပြန်ရရှိခဲ့သည်” ဟုလည်း ဆိုသေးသည်။ ထိုစကား အသွားအလာ အရဆိုလျှင် သူက မူလကတည်းက “မသေမျိုး” ဖြစ်နေခဲ့သည်လား။

“ကဲ... မင်းသိချင်တာ ဘာရှိသေးလဲ...”

လူအိုကြီးမှာ အပျင်းဖြေစရာ တစ်ခု ရှာတွေ့သွားသည့် အလား ဝေ့ဝူယင်၏ သိချင်စိတ်များကို ပေါက်ကွဲဖို့ ခွင့်ပြုလိုက်၏။ အခွင့်အ‌ရေးကို စောင့်နေသည့် ဝေ့ဝူယင်ကလည်း နည်းနည်းမျှ အားနာမနေတော့ချေ။ နာရီပေါင်း များစွာ ကြာအောင် တစ်ခုပြီး တစ်ခု မေးလေတော့၏။

***

All Chapters