တောင်ကြားထဲက ကြိုးနီ
Vol. 7 Ch. 98
အချိန်ကား တရွေ့ရွေ့ ဆက်သွားနေသည်။ မကြာမီ လတစ်ဝက် ကြာခဲ့လေပြီ။ ညတစ်ညတွင် လပြည့်ဝန်းသည် ကြယ်အလင်းရောင်များကို ဖုံးလွှမ်းရင်း ထိန်ထိန်သာနေ၏။ မှိန်ဖျေ့ာဖျော့ ငွေရောင်ခြည်တို့က ကမ္ဘာမြေပေါ်သို့ ဖြာကျလျက်ရှိသည်။
၄င်းသည် အထူးသဖြင့် မန်ဟိုရောက်ရှိနေသည့် တောင်ကြားဒေသအပေါ်သို့ ပို၍ ထွန်းလင်းတောက်ပစွာ ဖြာကျနေသယောင်ပင်။ မြူခိုးများအပေါ် လရောင်ကျရောက်သောအခါ ၄င်းတို့သည် ဝဲကြီးအသွင် လည်ပတ်ရင်း တဖွေးဖွေးလှုပ်လာသည်။
တောင်ကြားအပြင်တွင် ကျင့်ကြံသူ (၇) ဦးက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် စောင့်နေကြသည်။ သူတို့က မျက်နှာပေါ်တွင် မျှော်လင့်ခြင်း အရိပ်အယောင်များဖြင့် တောင်ကြားအတွင်းက မြူထုကို စိုက်ကြည့်နေကြသည်။
"အချိန်ကျပြီ....." ဖားပြုပ်နှင့် အဘိုးကြီးက တိုးတိုးပြောသည်။ စကားလုံးများ သူ့ပါးစပ်မှ မပီမသထွက်သွားချိန်မှာပင် မြူထုအတွင်းမှ ဂလုပ်ဂလုပ်မြည်သံ ကြားလိုက်ရသည်။
အသံသည် မပြတ်သားသော်လည်း နားထဲသို့ ရောက်လာသောအခါ ၄င်းက နှလုံးသားထဲထိ စူးဝင်သွားစေသည်။ အက်ကွဲသံများ ပဲ့တင်ထပ်လာပြီး တောက်ကြားအတွင်းရှိ မြူထုမှာ တဖွေးဖွေးလှုပ်နေတော့သည်။
အချိန်များကုန်လွန်သွား၏။ ဂလုပ်ဂလုပ်မြည်သံမှာ ပို၍ပြတ်သားလာသည်။ အက်ကွဲသံများ ထပ်မံထွက်ပေါ်လာစဥ် မြူထုမှာ ဧရာမဝဲကတော့ကြီးအသွင် ဖြစ်လာသည့်တိုင်အောင် လည်လာသည်။ မြူဝဲကြီး၏ အနားများကဘပတ်ဝန်းကျင်ရှိ ကျောက်သားနံရံများကို ထိုးဖောက်ပြီး အရည်ပျော်ကျလာစေသည်။ ကျောက်ရည်များက ကျောက်သားနံရံတစ်လျှောက် စီးကျလာသည်။
တစ်ချိန်တည်းများပင် ဝဲကတော့ကြီးအတွင်းမှ ကြိုးနီတစ်ချောင်း ပေါ်လာသည်။ ၄င်းက လူတစ်ယောက်၏လက်မောင်းကဲ့သို့ အလုံးတုတ်ပြီး မရေမတွက်နိုင်သောလူပေါင်းများစွာ၏ သွေးတို့ဖြင့် အရောင်ဆိုးထားသည့်အလား ရဲရဲနီနေသည်။ လေပွေနှင့်ကြိုးနှစ်မျိုးလုံး လည်နေကြသဖြင့် တဝီးဝီးမြည်သံများ လေတွင် ပြည့်နှက်သွားသည်။ ကြိုးပေါ်လာသည်နှင့်တပြိုင်နက် လူခုနစ်ယောက်မှာ တက်ကြွသွားပုံရသည်။
ဖားပြုပ်နှင့် အဘိုးကြီး၏ မျက်လုံးများ တောက်ပသွားသည်။ သူက လျှာကို ကိုက်ပြီး သွေးတချို့ ထွေးထုတ်ရင်း တစ်ချိန်တည်းမှာပင် မုဒြာဟန်လက်ကွက်ဖော်ကာ သိုလှောင်အိတ်ထဲမှ အနက်ရောင်သတ္တုအပိုင်းအစတစ်ခု ထုတ် လိုက်သည်။
ကျန် ခြောက်ယောက်လည်း ထိုနည်းတူ သွေးများ ထွေးထုတ်ပြီး အနက်ရောင်သတ္တုအပိုင်းအစများ ထုတ်လိုက်ကြသည်။ သူတို့အားလုံးမှာ ဤသို့လုပ်ဖူးသည့်အလား လုပ်ဆောင်ချက်များနှင့် ရင်းနှီးနေသယောင်ရှိသည်။
သွေးများ ဝဲထဲ ဝင်ရောက်သွားသည်နှင့် ဝဲမှာ ရုတ်တရက် လည်နေခြင်း ရပ်သွားသည်။ သို့သော် ကြိုးကတော့ မရပ်ပေ။
လူခုနစ်ယောက်ထံမှ အနက်ရောင်အပိုင်းအစများသည် လေထဲတွင် လည်ပြီး အနက်ရောင်ဓားရှည်တစ်လက်အဖြစ် အတူတကွပေါင်းစည်းသွားကြသည်။
ဓားသည် တောင်ကြားအထက်တွင် ပျံဝဲပြီး ကြိုးနီထံ ညွှန်လိုက်ရာ ၄င်းလည်နေခြင်း ရပ်သွားသည်။
ဖားပြုပ်နှင့် အဘိုးကြီးက ခပ်တိုးတိုးအော်သံနှင့်အတူ ကြိုးနီထံ ပျံတက်ရာ လက်နှက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ကြိုးသည် သွေးများဖြင့် ဖုံးနေသည့်အလား စိုစိစိုစိဖြစ်နေသော်လည်း သူက မတွန့်မဆုတ် ကိုင်လိုက်သည်။ အခြားသူခြောက်ဦးလည်း သူ့နောက်တွင် ပေါ်လာပြီး သူတို့၏ခွန်အားများအား အတူတကွပေါင်းစည်း၍ ကြိုးကို ဆွဲလိုက်ကြသည်။
သူတို့ ထိုသို့လုပ်လိုက်သဖြင့် ထစ်ချုန် သံကြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။ ကြိုးသည် ဝဲအတွင်းမှ တဖြေးဖြေး မီတာသုံးဆယ် ထွက်လာသည်။ ထိုစဥ် အနက်ရောင်ချီတစ်ခု စီးထွက်လာပြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။ ၄င်းသည် နောက်ဆုံး မန်ဟို၏ဂူရှိရာနေရာထံ ရောက်လာပြီး နစ်ဝင်သွားသည်။
"မီတာ ၃၀၀ မှာ ကျောက်စိမ်းဝိညာဉ်ကျောက်တုံးကို ရတယ်။ မီတာ ၆၀၀ မှာ အဆိပ်ငွေ့ကို ရခဲ့တယ်။ နောက်ဆုံးတစ်ခေါက် မီတာ ၉၀၀ ဆွဲထုတ်ခဲ့တုန်းက ကျောက်သားရဲတစ်ကောင် ရခဲ့တယ်။ ဒီနေ့ ငါတို့ မီတာ ၁၅၀၀ အထိ အစွမ်းကုန် ဆွဲထုတ်ကြမယ်"
"ဟုတ်တယ်၊ ငါတို့ မျိုးနွယ်စုရဲ့ ရှေးမှတ်တမ်းတွေအရ ငါတို့ မီတာ ၁၅၀၀ ဆွဲထုတ်နိုင်ရင် ပထမဦးဆုံး အချုပ်အနှောင်ကို ဖွင့်ပြီး မျိုးနွယ်စုရဲ့ဘိုးဘေးစိတ်ဝိညာဉ် နိုးလာလိမ့်မယ်။ အဲဒါက အဆိပ်အခြေ အဖြစ် ပြောင်းသွားပြီး ငါတို့ရဲ့ ကျင့်ကြံခြင်းအခြေခံ နောက်တစ်ဆင့် တက်သွားလိမ့်မယ်" လူခုနစ်ယောက်၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေကြပြီး သူတို့က ကြိုးကို ဆွဲလိုက်ကြသည်။
ဝဲ၏အောက်ခြေကို မမြင်ရပေ။ အမှောင်ထုမှတစ်ပါး အခြားမရှိရာ ကြိုးနီမှာ အဆုံးမရှိသည့်အလားပင်။ ကြိုးကို တစ်ချက်ဆွဲလိုက်တိုင်း တောင်ကြားပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။ ကြိုးအဆုံးသည်ကမ္ဘာမြေကြီး၏ အလယ်ဗဟိုနှင့် ချည်နှောင်ထားသကဲ့သို့ မြေကြီးမှာ လှိုင်းတွန့်များထလာတော့သည်။
သူတို့ ဆက်တိုက် ဆွဲနေကြစဉ် အံ့မခန်းလိလိ ထစ်ချုန်းသံများ ဟိန်းထွက်လာသည်။ ကြိုး မီတာ ၉၀၀ ပေါ်လာသည်နှင့် အဆိပ်ငွေ့များ တလိပ်လိပ်ထလာသည်။ ရုတ်တရက် ဝဲ၏ ဟိုးအောက်ဆုံးမှ ငါးပုပ်နံံ့များ စူးထွက်လာသည်။
အနံ့ဆိုးများ ယခင်ကတစ်ခါမှ ပေါ်မလာဖူးသကဲ့သို့ လူခုနစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်းသွားသည်။ သို့သော် ကြိုး ပတ်ဝန်းကျင်ရှိ နေရာမှာ အနံ့ဆိုးနှင့်အဆိပ်များမှ အလိုအလျောက် ကာကွယ်ပေးထားပုံရသည်။ လူခုနစ်ယောက်ကား မျက်နှာများ ဖြူဖျော့နေလျက် အံတင်းတင်းကြိတ်ကာ ကြိုးအား နောက်တစ်ဖန် ထပ်ဆွဲလိုက်သည်။
မီတာ ၁၃၅၀ ။ မီတာ ၁၃၈၀ ။ မီတာ ၁၄၀၀.....
သူတို့ ပင်ပန်းနေကြပြီဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ သုံးပြီးလေပြီ။ သူတို့က မဆိုင်းမတွပင် ပါးစပ်ထဲသို့ ဆေးလုံးများ ပစ်ထည့်ပြီး ကြိုးကို နောက်တစ်ဖန် ဆောင့်ဆွဲလိုက်သည်။ ခုနစ်ယောက်အနက် ငါးယောက် သွေးများအန်ထွက်လာသည်။ မကြာခင် ဖားပြုပ်နှင့်အဘိုးကြီး နှင့် စဦးချီဖွဲ့စည်းမှု အဆင့် ၉ရှိ လူသာ ကျန်တော့သည်။ သူတို့ နှစ်ယောက်မှာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်ကို မထိန်းနိုင်ရင်း အံကြိတ်ထားကြသည်။
"ငါ တတ်နိုင်တဲ့နောက်ဆုံးအကန့်သတ်ကို ရောက်နေပြီ......." ဖားပေါ်ရှိအဘိုးကြီးက ကြုံးဝါးလိုက်သည်။ သူလျှာကို ကိုက်ပြီး သွေးတချို့ ထပ်ထွေးလိုက်သည်။ သူထိုသို့ လုပ်လိုက်သဖြင့် အနက်ရောင်အလင်းတန်းတစ်တန်း တောင်ကြားအစပ်နားမှ ထိုးတက်လာသည်။ ၄င်းက ဧရာမဖားပြုပ်ကြီးအသွင် ပြောင်းသွားပြီး ကြိုးနီကို ပါးစပ်ဖြင့် ကိုက်လိုက်သည်။ ထိုသို့ကိုက်လိုက်သည်နှင့် ၄င်း၏ခန္ဓာကိုယ်မှာ စတင်ခြောက်ကပ်လာသော်လည်း ၄င်းသည် မြဲမြဲမြံမြံကိုက်ပြီး ဆွဲတော့သည်။
ထို့နောက် စဦးချီဖွဲ့စည်းမှု အဆင့် ၉ ရှိလူက ကြိုးကို ကူဆွဲပေးရန် လူ့အရွယ်ရှိ ပင့်ကူအမြောက်အမြားနှင့်အတူ ကင်းခြေများတစ်ကောင်အား ဆင့်ခေါ်လိုက်သည်။ အတွင်းတွင် ငှက်အရိုးစုကြီးရှိသည့် ကျောက်ဆောင်ကြီးပင် ပျံထွက်လာသည်။ ၄င်း၏အလင်းရောင်က ကြိုးနီကို ဆွဲထုတ်ရာတွင် အထောက်အကူဖြစ်ဟန်တူသည်။
မီတာ ၁၄၃၀၊ မီတာ ၁၄၆၀ ၊ မီတာ ၁၄၉၀။
ပုပ်ပွနေသောအလောင်းအနံ့ကဲ့သို့ အော်ကလီဆန်ဖွယ် အနံ့ဆိုးကြီးသည် တောင်ကြားတစ်ခုလုံး၌ ပြည့်နှက်နေသည်။ မကြာမီ ကြိုးကား မီတာ ၁၅၀၀ ထွက်လာတော့မည် ထင်ရသည်။ ဝဲကတော့ကြီးအတွင်းမှ အန္တရာယ်ရှိသော စူးစူးဝါဝါးအော်သံကြီးတစ်သံ ထွက်လာသည်။
အော်သံက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေရင်းး ပိုပို၍ ကျယ်လောင်လာသည်။ သို့သော်..... မီတာ ၁၅၀၀ အမှတ် ရောက်ရန် ၁၀ မီတာ လိုခန့် လိုသေးသည်။ လူခုနစ်ယောက်ဆင့်ခေါ်ခဲ့သည့် အဆိပ်သားရဲများမှာ ဆက်မတောင့်ခံနိုင်တော့သဖြင့် တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားကြသည်။ ၄င်းတို့ သေဆုံးသွားသောအခါ လူခုနစ်ယောက်၏မျက်နှာများမှာ ပို၍ဖြူဖျော့သွား၏။ ကြိုးသည် ရုတ်တရက် သူတို့လက်ထဲမှ ချော်ထွက်ပြီး ဝဲအတွင်း ပြန်စုပ်ယူခံလိုက်ရတော့သည်။ အကယ်၍ သူတို့သာ မလွှတ်လိုက်ပါက ကြိုးနှင့်အတူ သူတို့ပါ ဝဲထဲ ပါသွားပေလိမ့်မည်။
သူတို့သည် ကြိုးပြန်ဝင်သွားသည်ကို တိတ်ဆိတ်စွာ ငေးကြည့်နေကြသည်။
"ထားလိုက်တော့။ ငါတို့ နောက်ထပ် ထပ်ကြိုးစားကြမယ်"
"အေး။ ငါတို့ ကြိုးကို မီတာ ၁၅၀၀ ထိဆွဲထုတ်နိုင်မယ့်နေ့ ရောက်လာမှာပါ။ မကြာခင် ငါရဲ့ကျင့်ကြံခြင်းအခြေခံ အဆင့်တက်အောင် လုပ်တော့မှာ။ ငါ စဦးချီဖွဲ့စည်းမှုအဆင့် ၉ ကို ရောက်တာနဲ့ ငါတို့ သေချာပေါက် အောင်မြင်လိမ့်မယ်"
"ဟိုလူစိမ်းက အဆင့်(၉)ပဲ......" တစ်ယောက်က ရုတ်တရက် ပြောသည်။
"ငါတို့ ပိုပြီးရှုပ်ထွေးအောင်လုပ်ဖို့ မလိုဘူး။ အဆိပ်ကြောင့် ဟိုလူစိမ်းလည်း သေလောက်ပြီ၊ သူ ချီအခြေတည်အဆင့်မှာရှိနေရင်တောင်မှ ငါတို့ရဲ့သွေးဆက်မဟုတ်ရင် ခံနိုင်မှာမဟုတ်ဘူး"
လူခုနစ်ယောက်သည် ထိုကိစ္စကိုအနည်းငယ် ထပ်မံဆွေးနွေးပြီးနောက် အလျှိုလျှိုထွက်သွားကြသည်။
မြူထုသည် တောင်ကြား၌ သုံးရက်ကြာ ဆက်လက် တဖွေးဖွေးလှုပ်နေပြီးနောက်ဆုံး ငြိမ်ကျသွားတော့သည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်သည် တစ်ဖန် သိပ်သည်းလာပြီး အဆိပ်များပျောက်ကွယ်သွားသည်။
ကျင့်ကြံခြင်းဂူ အတွင်း၌ မန်ဟိုသည် အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ လျှပ်စီးအကာအကွယ်ဖြင့် ဝန်းရံထားသောကြောင့် သုံးရက်အတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ အဆိပ်ငွေ့များမှာမူ အလံက ဖယ်ရှားပေးခဲ့၍ မန်ဟို ထိခိုက်မှုတစ်စုံတရာဘဲ အန္တရာယ်ကင်းခဲ့သည်။
"သူတို့က ငါသေပြီလို့ထင်နေတယ်။ အဲဒါလဲ ကောင်းတာပဲ" မန်ဟို၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။
"မြင့်မြတ်သောဝိညာဉ်ကျမ်းစာကြောင့်လား ဒါမှမဟုတ် မိစ္ဆာအမြုတေကြောင့်လား ...... ငါသေချာမသိဘူး ငါ့အခြေတည်စေဖို့က တော်တော်ခက်နေတယ်" သူက ခေါင်းငုံ့ပြီး နောက်ထပ် ချီအခြေတည် ဆေးလုံးကို ကောက်လိုက်သည်။ သူ မျက်မှောင်ကြုတ်နေ၏။ ယခု သူ အနည်းငယ် သံသယ ဖြစ်နေလေပြီ။ မြင့်မြတ်သော ဝိညာဥ်ကျမ်းစာတွင် ဖော်ပြထားသော ကျင့်ကြံနည်းက မှန်ကန်သည်လော။ သို့မဟုတ် မှီခိုရာဂိုဏ်းချုပ်က သူ၏ မိစ္ဆာကျင့်စဥ်အရ ပြောင်းခဲ့သည်လော....... ဘယ်နည်းနှင့်မှ မသိနိုင်ပေ။ မန်ဟိုသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် မျက်လုံးများတောက်ပနေလျက် ချီအခြေတည်ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီး တရားထိုင်ရန် မျက်လုံးပိတ်လိုက်သည်။
သူ၏အမြုတေပင်လယ်သည် အစိုင်အခဲဖြစ်လာနေသဖြင့် လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ်လှုပ်ရှားရင်း ထစ်ချုန်းအော်မြည်လျက်ရှိသည်။ ကြည့်ရသည်မှာ တာအိုမဏ္ဍိုင် ဖြစ်ပေါ်နေပုံရသည်။ သို့သော် ထိုသို့ဖြစ်ပေါ်ရန်က မယုံနိုင်လောက်အောင်ပင် ခက်ခဲနေသည်။ ချီအခြေတည်ဆေးလုံးနှင့်ပင်လျှင် သူ မအောင်မြင်နိုင်ပေ။
ချီအခြေတည်ခြင်းသည် စစ်မှန်သော ကျင့်ကြံမှုလမ်းကြောင်းသို့ ကူးပြောင်းရမည့် ပထမဆုံး အတားအဆီးဖြစ်သည် ဟု ဆိုနိုင်သည်။ ချီအခြေတည်ဆေးလုံးမှာ အောင်မြင်နိုင်ခြေကို ၁၀ ရာခိုင်နှုန်းခန့်သာ တိုးပေးနိုင်သည်။
သူသည် စဦးချီဖွဲ့စည်းခြင်း၏ မဟာစက်ဝန်းကို ရောက်ရှိပြီး သူ၏ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ခဲ့သည့်တိုင် ၄င်းက လွယ်ကူသောကိစ္စ မဟုတ်သေးပေ။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်စိတမှိတ်အတွင်း နောက်ထပ် သုံးလကြာသွားလေပြီ။ ထိုအချိန်အတောအတွင်း လပြည့်နေ့တိုင်းလူခုနစ်ယောက် ကြိုးနီအား လာရောက်ဆွဲတတ်ကြသည်။ သူတို့က မန်ဟို၏အလောင်းကို ယူရန် သူ၏ကျင့်ကြံခြင်းဂူကို ကြိမ်ဖန်များစွာ ရောက်ရောက်လာ၏။
သို့သော် ဂူကို မှီခိုရာဂိုဏ်းချုပ်ထံမှ ရရှိခဲ့သော အလံက ကာကွယ်ပေးထားသောကြောင့် စဦးချီဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူများအနေဖြင့် အထဲသို့ ဘယ်နည်းနှင့်မှ မဝင်နိုင်ပေ။ မန်ဟို အမှန်တကယ် သေဆုံးသွားပြီလား သူတို့သိချင်လာကြသည်။
နောက်ထပ် သုံးလ၊ နှစ်တစ်ဝက်ကြာသည်အထိ မန်ဟို၏အရိပ်အယောင်ကိုပင် သူတို့ မမြင်ရပေ။ ဤအချိန်တွင် မန်ဟိုသေပြီဟု သူတို့ အများအားဖြင့် သေချာသွားလေပြီ။
မန်ဟိုမှာတော့ နှစ်ဝက်အတွင်း ချီအခြေတည်ဆေးလုံး မည်မျှသောက်သုံးခဲ့သည်ကို အသေအချာပင် မသိတော့ပေ။ သူ မအောင်မြင်သည့်အခါတိုင်း နောက်တစ်လုံးကို သောက်တတ်သည်။ အဆုံးတွင်တော့ တစ်ခါတည်း နှစ်လုံးသောက်ရန် ကြိုးစားတော့သည်။
နှစ်တစ်ဝက်အတွင်း အဆိပ် နှစ်ကြိမ်ထခဲ့သည်။ ကံကောင်းထောက်မစွာ မန်ဟိုကြိုးစားပြင်ဆင်ထားခဲ့လေသည်။ သူက ၄င်းကို ရင်ဆိုင်ပြီးနောက် ချီအခြေတည်အဆင့်သို့ ဖောက်ထွက်ရန် ဆက်လက်ကြိုးစားသည်။
ဤပုံစံအတိုင်း နောက်ထပ်တစ်လ ကုန်ဆုံးသွားပြန်သည်။ တစ်ညတွင် မန်ဟိုသည် စိတ်ထဲတွင် ထစ်ချုန်းသံတစ်သံ မြည်ဟည်းနေရင်း မလှုပ်မယှက်ထိုင်နေသည်။ မန်ဟိုတစ်ယောက်သာ ထိုထစ်ချုန်းသံကို ခံစားနိုင်သည်။ ၄င်းက သူ့စိတ်ထဲတွင် မိုးခြိမ်းသဖွယ် ထစ်ချုန်းနေလျက်ရှိသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်အမြုတေပင်လယ်က ထစ်ချုန်းသံကြီးထုတ်လွှတ်ပြီး ရွှေရောင်အလင်းသည် သူ၏ခန္ဓာကိုယ်ကို ပြည့်နှက်သွားသည်။ သူကား ရွှေသားဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။
သူက မျက်လုံးများပိတ်လျက် မလှုပ်မယှင် တရားထိုင်နေသည်။ သူ၏အမြုတေပင်လယ်မှ ထစ်ချုန်းသံကြီး ထုတ်လွှတ်နေစဥ် သူသည် တာအိုမဏ္ဍိုင် ဖန်တီးခြင်းနှင့် ချီအခြေတည်အဆင့်သို့ ဖောက်ထွက်ခြင်းအပေါ် အာရုံစူးစိုက်ထားသည်။ အမြုတေပင်လယ်အတွင်းတွင် မိစ္ဆာအမြုတေက လျင်မြန်စွာ လည်ပတ်နေသည်။ ၄င်းမှာ အရည်ပျော်တော့မည့်အလားပင်။
ပြီးခဲ့သည့်နှစ်အတွင်း၊ ဤကဲ့သို့ မကြာခဏဖြစ်ပွားလေ့ရှိသည်။ သူ့ကိုယ်ထဲ၌ မိစ္ဆာအမြုတေမရှိလျှင် ချီအခြေတည်အဆင့်သို့ ရောက်ရန် ပိုမိုလွယ်ကူလိမ့်မည်ဟု မန်ဟို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။ အမြုတေက ခက်ခဲအောင် လုပ်နေခြင်းဖြစ်သည်။ သူ စဦးချီဖွဲ့စည်းမှု၏ မဟာစက်ဝန်းကို အောင်မြင်ခဲ့သည့်အချက်နှင့် ပေါင်းစပ်သွားသည်တွင် ချီအခြေတည်အဆင့်ရောက်ရှိရန်မှာ ကမ္ဘာပေါ်ရှိ အခြားသူတကာထက် ပို၍ ခက်ခဲနေတော့သည်။
တာအိုမဏ္ဍိုင် စတင်ဖြစ်ပေါ်လာသည့်အခါတိုင်း မိစ္ဆာအမြုတေက နှောင့်ယှက်တတ်၍ မစုစည်းနိုင်ခဲ့ပေ။ ယခုလောလောဆယ်တွင် မန်ဟို၏အမြုတေပင်လယ်မှ ရွှေအလင်းရောင် ဖြာထွက်လာသည်။ ရေများ စုစည်းလာပြီး တာအိုမဏ္ဍိုင်ကြီးအဖြစ် တဖြေးဖြေး အစိုင်အခဲဖြစ်ပေါ်လာနေသည်။ သို့သော် မိစ္ဆာအမြုတေက စတင်လည်ပတ်လာရာ စောစောကတင် ငြိမ်သက်နေခဲ့သော အမြုတေပင်လယ်မှာ လှိုင်းထန်သွားပြန်သည်။ တာအိုမဏ္ဍိုင်ကား နောက်တစ်ဖန် ပြိုကျသွားတော့သည်။
"ထပ်ပြီးတော့" မန်ဟို၏ မျက်လုံးများ မီးတဝင်းဝင်းတောက်သွားသည်။ သူက တစ်ချက်လေးပင် မတုံ့ဆိုင်းဘဲ လက်ကို မြှောက်ကာ ချီအခြေတည်ဆေးလုံးသုံးလုံး တစ်ပြိုင်တည်းမြိုချလိုက်သည်။
***