← Chapters

လောကနယ်မြေ

Vol. 28 Ch. 388

လောကနယ်မြေ

Vol. 28 Ch. 388

"..."

ဝေ့ဝူယင်နှင့် မီးခိုးရောင် အဘိုးအိုတို့မှာ အနန္တ ဒြပ်စင်တာအို နန်းတော်ရှေ့တွင်ပင် တင်ပျဥ်ချိတ်ကာ ထိုင်ရင်း နာရီပေါင်းများစွာ ကြာအောင် စကားပြောနေခဲ့ကြ၏။ လူအိုကြီး ဝမ်ယုထျန်းမှာ ဝေ့ဝူယင်၏ ဖြတ်ထိုးဉာဏ်နှင့် လျှင်မြန်စွာ နားလည်သဘောပေါက်နိုင်စွမ်းတို့ကို ကြည့်ရင်း သဘောကျသထက် သဘောကျလာခဲ့သည်။

“ဒီလူငယ်လေးက တကယ့် ပါရမီရှင်လေးပဲ... သတ်မှတ်ထားတဲ့ ရက်ကို ရောက်ဖို့ နှစ်ပေါင်းနှစ်ထောင်လောက် ကျန်သေးတာ ကံဆိုးတာပဲ...  မဟုတ်ရင် သူ့ကို မွေးစားသား အဖြစ် လက်ခံပြီး ငါ တတ်ထားတာ အကုန် သင်ပေးပါတယ်”

ထို့အပြင် ဤလူငယ်လေးမှာ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို ကမ္ဘာဦး အမတေ၏ အကူအညီ မပါပဲ ကိုယ်တိုင် ကိုယ်ကျ အောင်မြင်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ ပါရမီရှင်မျိုးကို အပြောကျယ်လှသော အဆုံးမဲ့ ကြယ်တာရာ ပင်လယ်တွင်ပင် တွေ့မြင်ဖို့ ခက်ခဲလှသည်။ အကယ်၍ သေချာ ပြုစုပျိုး‌ထောင်ပေးပါက မဝေးတော့သည့် အနာဂတ် တစ်ချိန်တွင် လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ရှိပေလိမ့်မည်။

မေးခွန်းများ ကုန်ခမ်းသွားပြီးသည့်နောက် ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက လေးနက်သော အမူအရာဖြင့် လက်နှစ်ဖက်ကို ယှက်ရင်း လူအိုကြီး ဝမ်ယုထျန်းကို ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်...”

ထိုအပြုအမူက ဝမ်ယုထျန်းကို ကျေနပ်သွားစေ၏။ လူအိုကြီးက အသာအယာပြုံးရင်း ခေါင်းညိတ်လိုက်သည်။

“မင်းနဲ့ ခုလို စကားပြောရတာ ငါလည်း ဝမ်းသာပါတယ်”

ဝေ့ဝူယင်က ပြုံးရုံသာ ပြုံးလိုက်သည်။ ထို့နောက် သူက အနန္တ ဒြပ်စင် တာအို နန်းတော်ကြီး၏ လှေကားထစ်များဘက်ကို လှည့်လိုက်၏။ ထိုမှတစ်ဆင့် သူ၏ ငွေရောင် မျက်လုံးများက ‌ရှေးဟောင်း တံခါးများထံ အကြည့်‌ရောက်သွားသည်။ လင်းမင်ကတော့ လွန်ခဲ့သည့် နာရီပိုင်းကပင် တံခါး အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“အဓိက ဒြပ်စင် တာအို ရွေးချယ်လို့ မရဘူးဆိုတော့ ကျုပ် ဘာလုပ်ရမလဲ”

“ဟုတ်လား...”

ထိုအခါတွင်မှ ဝမ်ယုထျန်းမှာ မူလ ရည်ရွယ်ချက်ကို ပြန်လည် သတိရသွား၏။ သူက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ကတုံးပြောင်ပြောင်ကို ပွတ်ရင်း အနန္တ ဒြပ်စင် တာအို နန်းတော်ကို ကြည့်လိုက်သည်။

“အနန္တ ဒြပ်စင် တာအို နန်းတော်ထဲမှ မီးပြင်းဖို တစ်ခု ရှိတယ်... အဲဒီ မီးပြင်းဖိုရဲ့ ရည်ရွယ်ချက်က ဒြပ်စင် တစ်ခုကို စစ်ဆေးပြီး သင့်တော်တဲ့ အစီအရင်တွေ၊ ကျင့်စဥ်တွေ ပေးဖို့ပဲ”

“ဒါပေမဲ့ မင်းရဲ့ ဒြပ်စင်တွေ အားလုံးက မျှတနေတယ် ဆိုတော့ ငါလည်း မပြောတတ်တော့ဘူး... ကြည့်ရတာ ဆန်းကြယ် ဧကရာဇ်လို့ ခေါ်တဲ့ ကောင်လည်း သူ့တာအိုမှာတင် ချွတ်ယွင်းချက်ကြီး တစ်ခု ရှိနေခဲ့တာပဲ... ဘယ်လောက်တောင် ကံဆိုးလိုက်လဲ”

ဝမ်ယုထျန်း၏ မျက်လုံးများထဲ၌ သံဝေဂရသည့် အရိပ်အယောင် အချို့ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ချွတ်ယွင်းချက် ရှိနေသည့် လမ်းကြောင်းကို သူ မလိုက်ချင်ပေ။ ထို့အပြင် အော်ရစ် ပင်လယ်နှင့် ပတ်သက်သည့် သီအိုရီတစ်ခုလည်း သူ့ထံတွင် ရှိနေပေသည်။ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့မှာ ထိုဖြစ်ရပ်နှင့် တိုက်ရိုက် သက်ဆိုင်နေသော ပုဂ္ဂိုလ် ဆိုလျှင် အိုရီမှာ (ခရာတိုကြောင့်) ထိုအခွင့်အရေးကို ကျိန်းသေ ငြင်းဆန်ပေလိမ့်မည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ဝမ်ယုထျန်းက ခပ်လှမ်းလှမ်းရှိ လင်းမင်ကို လှမ်းကြည့်ရင်း  ခေါင်းခါလိုက်သည်။

“ဘာလုပ်ရမယ် ဆိုတာ ငါလည်း မသိဘူး... ဒါပေမဲ့ ဒြပ်စင် တိုကင် တစ်ခုမှ မရှိဘူး ဆိုတည်းက မင်းက နောက်ကျနေပြီ လို့ ပြောလို့ရတယ်... အဲဒါ မရှိရင် စမ်းသပ်မှုကို အောင်မြင်ဖို့ အရမ်း ခက်ခဲလိမ့်မယ်... ‌ခြောက်ခုထဲက တစ်ခုကို မင်း ရထားရင်တော့ တစ်မျိုးပေါ့”

“ခြောက်ခုထဲက တစ်ခု...”

ဝမ်ယုထျန်းကို မေးခွန်းပေါင်းများစွာ မေးခဲ့ပြီး ဖြစ်သည့်တိုင် သည်တစ်ခုကိုတော့ သူ မကြားဖူးသေးချေ။ စောစောက လူအိုကြီးမှာ ကိုးခုထဲမှ တစ်ခုဟု ဆိုခဲ့သည်။ ထို့အပြင် အပြင်လောကတွင် သုံးခုသာ ရှိသည်ဟုလည်း ဆိုခဲ့သေးသည်။

“ကျွန်တော့မှာ ဒြပ်စင် တိုကင် မရှိဘူး ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ငါက မင်းကို မျက်စိမှတ် ယုံမယ်လို့ ထင်နေတာလား...”

လူအိုကြီးက ကောက်ခါငင်ကာ ထပြောလိုက်၏။

“ ... “

ဝေ့ဝူယင်မှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သူ လိမ်နေသည်ဟု ထင်လျှင် ထိုလူအိုကြီးမှာ အဘယ်ကြောင့် မေးသမျှကို စိတ်ရှည်လက်ရှည်နှင့် ရှင်းပြခဲ့သနည်း။

ဝမ်ယုထျန်းက ဝေ့ဝူယင်၏ ဖြစ်သွားသော အမူအရာကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။

“စိတ်မလှုပ်ရှားပါနဲ့... ငါရှင်းပြမယ်... ဆန်းကြယ် ဧကရာဇ်က ဒြပ်စင် အမှတ်သား ကိုးခုကို ချန်ထားခဲ့တယ်... ဒါပေမဲ့ အဲဒီထဲက သုံးခုကိုပဲ အပြင်လောကို ပို့လွှတ်ခဲ့တယ်... လူတစ်ယောက်တည်းက ဖြစ်ဖြစ်၊ နှစ်ယောက် သုံးယောက်ကပဲ ဖြစ်ဖြစ် အဲဒီ ဒြပ်စင်တိုကင် သုံးခုကို ရှာတွေ့သွားမှ ဂိတ်တံခါးက ပွင့်လာမှာ...”

“ပထမ မင်းဆီမှာ အနည်းဆုံး ဒြပ်စင် တိုကင် တစ်ခု ရှိနေလိမ့်မယ်လို့ ငါ ယုံကြည်နေသေးတယ်... ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲဒီ သုံးခုလုံးက လင်းမင်ဆီမှာ ရှိနေတယ် ဆိုတာ ငါ သိလိုက်ရတယ်လေ... အဲ့တာကြောင့် မင်းကို ယုံယုံကြည်ကြည်နဲ့ အားလုံး ပြောပြခဲ့တာပေါ့”

“ဒီစမ်းသပ်ပွဲရဲ့ ရည်ရွယ်ချက်က အပြင်လောကက သုံးခု အပြင် ဒြပ်စင် တိုကင် ကိုးခုစလုံးကို စုစည်းပြီး လောကနယ်မြေရဲ့ အမြုတေကို ရရှိဖို့ပဲ... အောင်မြင်တာနဲ့ အဲဒီလူက အမွေခံ အဖြစ် သတ်မှတ်ခံရမယ်... အပြင်လောကမှာ ရှိတဲ့ အင်အားကြီး အဖွဲ့ကြီး တစ်ခုရဲ့ တပည့် ဖြစ်လာလိမ့်မယ်... သူက ဆန်းကြယ် ဧကရာဇ်ရဲ့ အစစ်အမှန် အမွေအနှစ်ကို ရရှိနိုင်လိမ့်မယ်”

“အမြုတေ... လောက အမြုတေ...အဲဒါက ဘာလဲ”

ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ ငွေရောင် မျက်လုံးများကတော့ ဒုတိယ အကြိမ်မြောက် အဖြစ် စိတ်လှုပ်ရှားမှုများဖြင့် ပြန်လည် တောက်ပလာသည်။

ဝမ်ယုထျန်းက ခေါင်းညိတ်လိုက်၏။

“စမ်းသပ်ပွဲကို လောကနယ်မြေတစ်ခုမှာ ကျင်းပမှာ... အဲဒီ လောကနယ်မြေက မင်းရဲ့ ကြယ်တာရာ နယ်မြေရဲ့ ဆယ်ပုံတစ်ပုံလောက် အထိ ကျယ်တယ်... နောက်ပြီး အဲဒီအထဲမှာ တိုးတက်တဲ့ ကျင့်ကြံခြင်း အဖွဲ့အစည်း တစ်ခုပါ ရှိနေတယ်”

“တိုးတက်တဲ့ အဖွဲ့အစည်း...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ ပိုမို တောက်ပလာ၏။

“အဲဒီအထဲမှာ လျှို့ဝှက် အာဏာရှင် အဆင့်တွေရော ရှိလား...”

ဝမ်ယုထျန်းက အသာအယာပင် ခေါင်းခါလိုက်၏။

“မရှိဘူး... ဒီလောကနယ်မြေက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး မရှိဘူး... ဒါပေမဲ့ ကြယ်တာရာ အမြုတေ ထိပ်ပိုင်း အဆင့် ကျင့်ကြံသူတွေတော့ အဲဒီမှာ ရှိတယ်... ဒြပ်စင် တိုကင် ခြောက်ခုကလည်း သူတို့ လက်ထဲမှာ ဖြစ်ဖို့များတယ်... ငါ့အထင် ပြောရရင် အနည်းဆုံး လေးခုက ကိုယ်ရံတော် လေးယောက်ရဲ့ လက်ထဲမှာ ရှိလိမ့်မယ်... နှစ်ခုကိုတော့ အတွင်းပိုင်း ယှဥ်ပြိုင်သူ နှစ်ယောက်က ကိုင်ထားလိမ့်မယ်... ဝှက်ထားတဲ့ နေရာတွေလည်း ရှိကောင်း ရှိနိုင်တယ်”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ သည်စမ်းသပ်ပွဲက အတော်လေး ရှုပ်ထွေးသည်ဟု သူ တွေးလိုက်မိသည်။ ဝမ်ယုထျန်း၏ စကားကို ‌ကောက်ချက်ချရမည် ဆိုပါက... ၎င်းက အပြင်လောကမှ လာသည့် သူနှင့် လင်းမင်၊ အတွင်းမှ ဝင်ပြိုင်မည့်သူ နှစ်ယောက်နှင့် ကိုယ်ရံတော် လေးယောက်ကြားတွင် ဒြပ်စင် တိုကင် လုရမည့် ပြိုင်ပွဲမျိုး ဖြစ်သည်။ ထို့အပြင် အသက် သတ်မှတ်ချက်လည်း ရှိသေးရာ ဘာကိစ္စများ ဖြစ်လာဦးမည် မသိသေးချေ။

“ခုနက ခင်ဗျားပြောတဲ့ အမြုတေ ဆိုတာက အဲဒီလောကနယ်မြေကို တည်ငြိမ်အောင် ထိန်းထားတဲ့ အမြုတေကို ပြောတာလား”

ဝေ့ဝူယင်က မေးလိုက်၏။ ဝမ်ယုထျန်းက ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ...”

“ကျုပ် နားလည်ပြီ... ဒီအတိုင်းဆိုရင် စမ်းသပ်ပွဲကို ကျုပ် ဝင်ပြိုင်မယ်... လုပ်ရမှာက ဒြပ်စင် တိုကင် ကိုးခုကို စုရုံပဲ မလား... သိပ်ခက်မှာ မဟုတ်ပါဘူး”

ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်၏။ ဝမ်ယုထျန်းက ဝေ့ဝူယင်အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ အခြားလူများထက် စာလျှင် သူလည်း ဝေ့ဝူယင်ကိုသာ ထိုတိုကင်များ ရစေချင်ပေသည်။

“မင်းက ဒြပ်စင်တစ်ခုကို မရွေးဘူး ဆိုတော့ အခြားလူတွေနဲ့ ယှဥ်ရင် အားနည်းချက် တစ်ခုလို ဖြစ်သွားပြီ... အတွင်းပိုင်း ယှဥ်ပြိုင်သူတွေတောင် လွန်ခဲ့တဲ့ လပိုင်းလောက်က ဒီနန်းတော်ထဲ ဝင်ပြီး အဆင့်မြင့် ကျင့်စဥ်တွေ၊ အစီအရင်တွေကို ယူပြီးသွားပြီ... ခုဆို သူတို့ အတော် ပြင်ဆင်ပြီးနေလောက်ပြီ... မင်း အနေနဲ့ မီးပြင်းဖိုထဲ မဝင်ပဲ စမ်းသပ်ပွဲ ကျင်းပတဲ့ လောကနယ်မြေကို တန်းသွားချင်တယ် ဆိုရင် ရတယ်... ငါပို့ပေးလို့ ရတယ်... ဒါပေမဲ့ သေချာရဲ့လား ဆိုတာကိုတော့ ပြန်စဥ်းစားဦး”

ဝေ့ဝူယင်မှာ ဒြပ်စင် မူလ ရည်ရွယ်ချက်ကိုပင် ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်နိုင်အောင် ကျင့်ကြံသူနိုင်ခဲ့သူ ဖြစ်ရာ အကြွင်းမဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း ဝမ်ယုထျန်း လက်ခံပေသည်။ သို့သော်လည်း... သူ၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံက အတော်လေး နိမ့်ပါးလှသည်။

ကိုယ်ရံတော်များ မဆိုထားနှင့် အတွင်းပိုင်းမှ ယှဥ်ပြိုင်မည့်လူ နှစ်ယောက် ပင်လျှင် ဝိညာဥ်ဆင်းတု အဆင့်ထက် ပိုမို မြင့်မားလှသည်။ ဤပြိုင်ပွဲက ဝိညာဥ်ဆင်းတု အဆင့် တစ်ယောက် အတွက် လုံခြုံဘေးကင်းမည့် ပြိုင်ပွဲ မဟုတ်ပါချေ။ ထို့အပြင်... သူတို့အားလုံးတွင်လည်း ဒြပ်စင်မူလ ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားကြပေသည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ စိတ်ဝင်စားဟန် မရချေ။ သူက အသာအယာပင် ပြုံးရင်း ဝမ်ယုထျန်းကို ကြည့်လိုက်၏။

“ထားလိုက်ပါဗျာ... ကျုပ်ကိုသာ  အထဲကို ပို့ပေးပါ... ဒီလောကနယ်မြေထဲက တိုးတက်တဲ့ ကျင့်ကြံခြင်း လောကဆိုတာကို ကျုပ် တကယ် မြင်ချင်နေပြီ”

“ဖြစ်စေရမယ်...”

ဝမ်ယုထျန်းက ဆက်လက် အချိန်ဆွဲ မနေတော့။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရောင်စုံမြူနှင်းများမှာ ဝေ့ဝူယင်ကို ဝန်းရံသွား၏။ ထို့နောက် လျှပ်တစ်ပြက် အတွင်းမှာပင် ဝေ့ဝူယင်မှာ မူလ နေရာမှ ပျောက်ကွယ်သွားခဲ့တော့သည်။

ဝေ့ဝူယင် မရှိတော့မှ ဝမ်ယုထျန်းမှာ ကိုယ့်နဖူးကို ပြန်ရိုက်လိုက်မိ၏။

“သောက်ချီးပဲ... တိုကင်တွေရဲ့ စွမ်းရည်နဲ့ တစ်ယောက်ကို တစ်‌ယောက် ခြေရာခံနိုင်တယ် ဆိုတာ သူ့ကို ပြောပြဖို့ မေ့သွားပြီ... ထားလိုက်ပါလေ... အနည်းဆုံးတော့ သူ တိုကင်တစ်ခုကို ရှာတွေ့မှာပါ”

ထို့နောက် သူ၏ ခန္ဓာကိုယ်က မီးခိုးရောင် အလင်းတန်းများ အသွင်ပြောင်းလဲကာ နန်းတော်ကြီး၏ ရှေးဟောင်း တံခါးအတွင်းကို ပြန်လည် ဝင်ရောက်သွားလေတော့သည်။

***

All Chapters