ပျောက်ဆုံးနေသည့် ကံကြမ္မာ ဟောပြောသူ
Vol. 28 Ch. 389
မရေမတွက်နိုင်သည့် မီးတောင်များ လောင်ကြွမ်း ပေါက်ကွဲနေသည့် နေရာ တစ်ခု၌... အဖြူရောင် ဝတ်စုံဝတ် လူငယ်လေး တစ်ယောက်မှာ ကြယ်တာရာ အကာအကွယ်ကို ထုတ်လွှတ်လျှက် ဖြည်းညင်းစွာ လျှောက်လှမ်းနေ၏။
ကောင်းကင်ထက်တွင်တော့ အနက်ရောင် မိုးရေများက အဆက်မပြတ်ပင် ရွာသွန်းနေသည်။ သေချာ သတိထားကြည့်မည် ဆိုပါက ထိုအရာများမှာ မိုးရေများ မဟုတ်ပဲ ချော်ရည်ပူစက်များ ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ဆရာတူ အမလင်း ပြောတဲ့ အတိုင်းဆို ဒီလောကနယ်မြေထဲမှာ အန္တရာယ်တွေ အများကြီး ပြည့်နှက်နေတယ်တဲ့”
လူငယ်လေးက တိတ်တဆိတ် ရေရွတ်လိုက်၏။ အနက်ရောင် ချော်ရည်စက်များနှင့် ကြယ်တာရာ အကာအကွယ် အလွှာတို့ ထိတွေ့သည့် အခိုက်တွင် တရှဲရှဲ အော်ြမည်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။
လင်းမင် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။ ဤနေရာတွင် သူ လမ်းလျှောက်နေခဲ့သည်မှာ နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မီးခိုးရောင် ကောင်းကင်၊ မီးတောင်ရှင်များနှင့် ချော်ရည်မိုးတို့မှ လွဲ၍ ဘာဆို ဘာကိုမှ မမြင်ရ။ ထို့အပြင် လေထုထဲတွင် မန်နာလည်း မရှိနေရာ ပျံသန်း၍လည်း မရပြန်ချေ။
လင်းမင် စိတ်ဓာတ်ကျမှုကို ခံစားနေရ၏။ သူက ညာဘက်လက်ထဲရှိ အစိမ်းရောင် ခပ်ဖျော့ဖျော့ လင်းလက်နေသည့် တံဆိပ်ပြားလေးကို ငုံ့ကြည့်လိုက်သည်။ ၎င်းက သံလိုက်အိမ်မြှောင် ကဲ့သို့ လက်တံများကို ပိုင်ဆိုင်မထားသည့်တိုင် နေရာတစ်ခုကို အတိအကျပင် ညွှန်ပြနေသလို သူ ခံစားနေရသည်။
ထိုအစိမ်းရောင် တံဆိပ်ပြားလေးမှာ သူ ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့သည့် ကံကြမ္မာ တုံကင်ပင် ဖြစ်လေသည်။ ထိုတုံကင်လေးကြောင့်ပင် သူ၏ ကျင့်ကြံခြင်း ခရီလမ်းက ဖြောင့်ဖြူးခဲ့ကာ ယနေ့လို နေ့ရက်မျိုး အထိ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
တိုကင်လေး ညွှန်ပြသည့် လမ်းကြောင်း အတိုင်း လင်းမင် တိတ်တဆိတ်ပင် လိုက်လာခဲ့၏။ ချော်ရည်မိုးမှာ သိပ်အန္တရာယ် မရှိလှသော်လည်း ဤနေရာ၌ ပြန်လည် ဖြည့်တင်းစရာ အမတေ စွမ်းအင်မှာ အတော်လေး ပါးလျလှသည်။ သူ့အနေဖြင့် အတတ်နိုင်ဆုံး စွမ်းအင်ကို ချွေတာမှ ဖြစ်ပေလိမ့်မည်။
“အိုး...”
ရုတ်တရက် လင်းမင်၏ မီးခိုးရောင် မျက်လုံးများမှာ တောက်ပသွား၏။ မိုးကုပ်စက်ဝိုင်း၏ အဆုံးသတ် တစ်နေရာတွင် ကြီးမား ခိုင်ခံ့သော မြို့ရိုး တံတိုင်းကြီး တစ်ခုနှင့် ကောင်းကင်ဆီ ထိုးဖောက်နေသည့် ခပ်ချွန်ချွန် မျှော်စင်ကြီးများကို သူ ခပ်ပျပျ လှမ်းကာ မြင်တွေ့လိုက်ရသည် မဟုတ်ပါလား။ ၎င်းက အသိဉာဏ်မြင့် သက်ရှိများ ရှင်သန်နေထိုင်နေသည့် လက္ခာပင်။
တုန့်ဆိုင်းခြင်း မပြုတော့ပဲ လင်းမင် အရှိန်ကို မြှင့်လိုက်လေတော့၏။
...
ထိုအချိန် မြို့တော်ကြီးအတွင်းရှိ စားသောက်ဆိုင် တစ်ခုထဲ၌ ပုံရိပ်နှစ်ခုမှာ လက်ဘက်ရည် သောက်ရင်း တိတ်တဆိတ် ထိုင်နေခဲ့ကြ၏။ ထိုမြို့တော်ကြီး၏ ကောင်းကင်ထက်တွင်တော့ မည်သည့် ချော်ရည်မိုးစက်များမှ မရှိချေ။ စူးစူးရှရှ အလင်းတန်းများကို ထုတ်လွှတ်နေသည့် အဆောက်အဦရှည်ကြီးများသာ ရှိ၏။
ကျယ်ပြန့်သော လမ်းမကြီးများထက်တွင်တော့ ရာပေါင်းများစွာသော လူများမှာ လမ်းလျှောက်နေကြသည်။ ထို့အပြင် လမ်းဘေးနားတစ်လျှောက်၌ ထူးခြား ဆန်းပြားသော ပစ္စည်းများအား ရောင်းချနေသည့် လမ်းဘေးဆိုင် အများအပြားလည်းရှိ၏။
ပုံရိပ်နှစ်ခု အနက် တစ်ခုက ကျောက်စိမ်းကဲ့သို့ သွယ်လျ လှပသည့် လက်ချောင်း ကလေးများဖြင့် လက်ဘက်ရည်ခွက်ကို တောက်ရင်း ဆော့ကစားနေ၏။ သူမ၏ ရွှေရောင် မျက်လုံးများကတော့ လမ်းမထက်ရှိ လူများကို ငေးမော ကြည့်နေခဲ့၏။
အံ့အားသင့်ဖွယ်ပင် မြင်မြင်တွေ့ရသမျှ အားလုံးက လူသားများသာ ဖြစ်သည်။ အယ်ဗန်၊ နတ်ဆိုးနှင့် ရှို့ရန် မျိုးနွယ်ဝင် ဟူ၍ တစ်ယောက်တစ်လေပင် မရှိချေ။
“ဒီပတ်ဝန်းကျင်မှာ အနှောက်အယှက်တွေ အများကြီး ရှိတယ်... လျှို့ဝှက် အာဏာရှင် တစ်ယောက်ရဲ့ ထုတ်ကုန်က ကျွန်မရဲ့ အမြင်အာရုံကို တကယ့်ကို အကန့်အသတ်ရောက်အောင် တွန်းပို့ပေးနိုင်တာပဲ”
မိန်းကလေးက ပြောရင်း ကျောက်စိမ်း လက်ဘက်ရည်ခွက်ကို နှုတ်ခမ်းနား ကပ်ကာ တစ်ချက် စုပ်သောက်လိုက်သည်။ လတ်ဆတ်သော အရသာနှင့် နွေးထွေးသော ခံစားမှုတို့က ဝမ်းဗိုက်မှ တစ်ဆင့် တစ်ကိုယ်လုံးကို ဖိန်းတိန်းရှိန်းတိန်း ပျံ့နှံ့သွား၏။
အခြားပုံရိပ်က လမ်းမကြီးကို ငေးနေရာမှ သူမဘက်သို့ လှည့်ကြည့်လာ၏။ သို့သော်လည်း သူ မပြောရသေးခင်မှာပင် မိန်းကလေးက နှုတ်ခမ်းစူလိုက်၏။
“အဲ့တာက ငါ့အမှား မဟုတ်ဘူး... ဒီပတ်ဝန်းကျင်ကိုက အတော်လေး ဆိုးရွားနေတာ... အနီးကပ်ဆုံး ဟင်းလင်းပြင် ဥမင်နှစ်ခုကို တွက်ချက်ပြီး ငါတို့ နှစ်ယောက်စလုံး ဒီနေရာကို ချိန်သားကိုက် ရောက်လာအောင် လုပ်နိုင်တာတင် အတော်လေး ကံကောင်းနေပြီ”
အကယ်၍ ဝေ့ဝူယင်သာ ထိုအသံကို ကြားပါက မည်သူ ဖြစ်ကြောင်း တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။ သူမကတော့ ကံကြမ္မာ ဟောပြောသူ မင်ရှုဖုန်းပင်။
နောက်ဆုံး၌ ဒုတိယမြောက် ပုံရိပ်မှာ စကားပြောလာ၏။ သူမကလည်း အမျိုးသမီး တစ်ယောက်ပင် ဖြစ်ကာ တစ်ကိုယ်လုံးကို အနက်ရောင် ဝတ်စုံဖြင့် ဖုံးအုပ်ထားပေသည်။
“ငါ နင့်ကို အပြစ်မတင်ပါဘူး... ငါကိုယ်တိုင်လည်း ဒီလောက အကြောင်း ဘာမှ မသိဘူးလေ... ဂိတ်တံခါးထဲမှာ ရှိတဲ့ လောကနယ်မြေက ဒီလောက် လောက်ကျယ်လိမ့်မယ် လို့တောင် မတွေးမိဘူး... နောက်ပြီး ဒီနေရာမှာ ရှိတဲ့ ကျင့်ကြံခြင်း လောကကလည်း မထင်မှတ်ထားလောက်အောင်ကို တိုးတက်တယ်”
သူမ၏ အသံထဲတွင် မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှု အချို့ ပါဝင်နေ၏။ လမ်းမများထက်တွင် ရှိနေသည့် အရွယ်ရောက်ပြီးသူတိုင်းလိုလိုမှာ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိနေကြပြီး ဖြစ်သည်။ ထို့အပြင် ဆယ်ကျော်သက်လေးများမှာလည်း တစ်ယောက်မှ ချီပျစ်ခဲခြင်း အဆင့်ခြောက်အောက် မလျော့ချေ။
အနန္တ ကုန်းမြေတိုက်ကြီးတွင် ဆိုလျှင် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်ချင်းစီတိုင်းမှာ တိုင်းပြည်တစ်ခုကိုပင် အုပ်စိုးနိုင်သည့် သက်ဦးဆံပိုင် ဧကရာဇ်များ ဖြစ်ကြသည်။ သို့သော်လည်း ဤနေရာတွင်တော့ လမ်းမထက်တွင်ပင် ရာနှင့်ချီ ရှိနေခဲ့သည်။
သို့တိုင်အောင် ထိုအရေအတွက်က သည်အနီးအနား တစ်ဝိုက်ကိုသာ တွက်ချက်ထားခြင်း ဖြစ်သည်။ အလွန်ကြီးမားသော မြို့ကြီးတစ်ခုလုံးတွင် ဆိုပါက ဘယ်လောက်အထိ များပြားနေမလဲ ဆိုတာ စဥ်းစားကြည့်၍ပင် ရလိမ့်မည် မဟုတ်ချေ။
မင်ရှုဖုန်း၏ ရွှေရောင် မျက်လုံးများက အရောင်ပြောင်းလဲကာ တောက်ပသွား၏။ ထို့နောက် စက္ကန့်ပိုင်း အတွင်းမှာပင် ၎င်းတို့က ပြန်လည် မှေးမှိန်သွားကာ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“ကျွန်မ သေချာ မမြင်နိုင်ဘူး... ခန့်မှန်းချေ ပြောရရင် ဒီတစ်မြို့လုံးမှာ ရှိတဲ့ ကြယ်တာရာ အမြုတေ အဆင့် အရေအတွက်က သိန်းဂဏန်းလောက် အထိကို ရှိတယ်... မြို့တော်အရှင်ဆိုရင် ဘယ်ကျင့်ကြံခြင်း အဆင့်မှာ ရှိနေမယ် မသိဘူး”
သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။ ကြည့်ရသည်က သူတို့ ဤနေရာသို့ ရောက်ရှိလာခဲ့သည့် ရည်ရွယ်ချက်ကို အောင်မြင်ဖို့ အတော်လေး ခက်ခဲပေဦးမည်။
“ ... “
အနက်ရောင်ဝတ် အမျိုးသမီးမှာ တိတ်ဆိတ်နေ၏။ သူမက လမ်းမထက်ရှိ လူးလာတုံ့ခေါက် သွားလာနေသော လူများကိုသာ ငေးမောကြည့်နေသည်။ ထို့နောက် သတိပေးမှု တစ်စုံတစ်ရာ မရှိပါပဲ ရုတ်တရက် ထိုင်ရာမှ ထရပ်လိုက်၏။
“ငါတို့ စလှုပ်ရှားရအောင်...”
ထို့နောက် သူမက ကြယ်တာရာ ကျောက်တုံးတစ်တုံးကို စားပွဲထက်၌ တင်လိုက်ကာ အစောတလျင်ပင် ဆိုင်ပြင်သို့ ထွက်ခွာလိုက်၏။ မင်ရှုဖုန်းမှာ အံ့သြသွားသော်လည်း ခပ်မြန်မြန်ပင် သူမ နောက်မှ မှီအောင် လိုက်လိုက်တော့၏။
မိန်းကလေးက ရှေ့မှ လျှောက်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် တစ်ကိုယ်တည်းသာ ကြားနိုင်သော အသံဖြင့် ရေရွတ်လိုက်၏။
“မှတ်တမ်းတွေ အရဆို ဒီနေရာက အစစ်အမှန် ဒြပ်စင် အင်ပါယာရဲ့ ပထမဆုံး မှတ်တိုင် ဖြစ်လာမယ့် နေရာပဲ... အကန့်အသတ်ထိရောက်အောင် စစ်ဆေးမယ့် ပထမဆုံး စိန်ခေါ်မှုဆိုလည်း ဟုတ်တယ်... အဲဒါသာ အချက်အလက်ကသာ အမှန်ဆိုရင် ငါ လှုပ်ရှားလို့ရမယ့် အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်”
သူမ၏ မျက်ဝန်းများတွင်မူ သွေးရောင် အလင်းတန်းများမှာ ဖျပ်ခနဲ တောက်ပသွားခဲ့တော့၏။
...
ဟူး...
ကြယ်တံခွန်တစ်ခုမှာ မှောင်မိုက်နေသော ကောင်းကင်ကို ဖြတ်သန်း၍ လွင့်ပျံလာကာ အညစ်အကြေးများ ဖုံးလွှမ်းနေသည့် မြေပြင်တစ်ခုပေါ် ပြင်းထန်စွာ ကျရောက်သွားသည်။
ဘုန်း...
ပင့်ကူအိမ်လို အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာကာ ဗဟိုတွင်တော့ ပုံရိပ်တစ်ခုမှာ လဲလျောင်းနေ၏။ ကျဆင်းမှု၏ အရှိန်ကြောင့် ဖုန်မှုန့်တိမ်တိုက်များ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် တဟွတ်ဟွတ် ချောင်းဆိုးသံများနှင့် အတူ အံ့အားသင့်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“အပျက်အစီး ရည်ရွယ်ချက်...”
ရင်းနှီးနေသည့် အငွေ့အသက်ကြောင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ အရောင်ပြောင်းလဲသွား၏။ သူက ချက်ချင်းပင် လူးလဲကာ ထရပ်လိုက်ရင်း ဖုန်အလိမ်းလိမ်းဖြင့် အက်ကွဲကြောင်းထဲမှ ထွက်လာခဲ့သည်။ ဖုန်မှုန့်တိမ်တိုက်များမှာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် အပျက်အစီး ရည်ရွယ်ချက်နှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။
ဝေ့ဝူယင် သူ့ခန္ဓာကိုယ်ထက်ရှိ ဖုန်အားလုံးကို ခါထုတ်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ် လိုက်သည်။ ထိုအခါ အညစ်အကြေး ဖုံးလွှမ်းနေသည့် တောင်များကို ဟိုတစ်လုံး ဒီတစ်လုံး တွေ့လိုက်ရ၏။ ထိုတောင်များ ဖြစ်တည်နေသည့် ပုံစံက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ဝေ့ဝူယင် တွေလိုက်မိသည်။
ဝေ့ဝူယင် ပျံသန်းရန် ကြိုးစားလိုက်သော်လည်း လေထုထဲရှိ မန်နာက အတော်လေး ပါးလွှာနေကြောင်း တွေ့လိုက်ရသည်။ ဝေ့ဝူယင် မူလ မိုးကုပ်စက်ဝိုင်း အဆင့်၏ စွမ်းအားကို ထုတ်ဖော်ကာ မန်နာကို ထိန်းချုပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဟူး...
ပတ်ဝန်းကျင် မီတာရာပေါင်းများစွာ အတွင်းရှိ မန်နာများမှာ တုန်ခါကာ စုစည်းလာ၏။ တဖြည်းဖြည်းပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က မြေပြင်မှ မြင့်တက်လာသည်။ အထက်သို့ ပိုမို မြင့်တက်လာသည်နှင့် အမျှ လေထုထဲရှိ ပျက်စီးခြင်း စွမ်းအားက ပိုမို ကြီးမားလာကြောင်း ဝေ့ဝူယင် တွေ့ရှိလိုက်ရ၏။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံမှ တိုးဝှေ့ကာ စွမ်းအင်များကို စားသုံးရန် ကြိုးစားနေကြသည်။
“သာမန် ကျင့်ကြံသူ တစ်ယောက်သာ ဒီလို အခြေအနေမျိုးမှာ ပျံသန်းဖို့ ကြိုးစားမယ် ဆိုရင် အချိန်ခဏလေး အတွင်းမှာပဲ စွမ်းအင်တွေ ကုန်ဆုံးပြီး ပြန်ပြုတ်ကျမှာ ကျိန်းသေ သလောက်ပဲ”
ဝေ့ဝူယင် လက်များကို မြှောက်ကြည့်ရင်း ရေရွတ်လိုက်၏။ အကယ်၍ မြေပြင်ပေါ် ပြန်ဆင်းလိုက်လျှင်ပင် ထိုပျက်စီးခြင်း စွမ်းအားက လိုက်ပါလာကာ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ကပ်ပါးများလို စုပ်ယူနေဦးမည့် ပုံပင်။
“ထူးဆန်းတယ်...”
ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဤပတ်ဝန်းကျင်တွင် လောကမန်နာများသာ မက၊ လောက အမတေများပါ တင်းကြပ်စွာ ထိန်းချုပ်ခံထားရပုံ ပေါ်သည်။ သို့သော်လည်း ပြောနိုင်တာ တစ်ခုကတော့ ဤနေရာနှင့် မန်နာနှင့် အမတေ အရည်အသွေးမှာ အနန္တ ဧကရာဇ်ဂြိုဟ်ထက်ပင် အဆများစွာ သာလွန်နေခြင်းပင်။
“တကယ် ထူးဆန်းတယ်...”
ဝေ့ဝူယင် နောက်တစ်ကြိမ် ထပ်မံ ရေရွတ်ရင်း ခန္ဓာကိုယ်ပေါ် လာရောက် ကပ်ညိနေသည့် ပျက်စီးခြင်း စွမ်းအင်များကို စုပ်ယူပစ်လိုက်၏။ ထို့နောက် ၎င်းတို့ကို ကိုယ်ပိုင် အမတေ အဖြစ် သန့်စင်လိုက်ရင်း ကျင့်ကြံခြင်း အခြေခံထံ ပေါင်းထည့်လိုက်သည်။
ထို့နောက် ဖြည်းညင်းစွာပင် မြေပြင်ပေါ် ပြန်လည် ဆင်းသက်လိုက်သည်။ သည်နှုန်းအတိုင်းသာ မန်နာများကို ဆက်လက် ထိန်းချုပ်ရမည် ဆိုပါက နာရီပိုင်း အတွင်းမှာပင် သူ့စွမ်းအင် အကုန်ဆုံး ကုန်ဆုံးသွားပေတော့မည် မဟုတ်ပါလား။
***