မြေအောက်မြို့တော်
Vol. 28 Ch. 390
ဟူး... ဟူ...
ဝေ့ဝူယင်၏ မြေထောက်များမှာ မြေပြင်ပေါ်ရှိ ဖုန်လုံးထုပေါ် နောက်တစ်ကြိမ် ပြန်လည် ကျရောက်လာ၏။ သူက သိချင်စိတ် ပြင်းပြစွာပင် အောက်ခံ မြေပြင်ပေါ်သည် အထိ ဖုန်ထုကို ခြေထောက်ဖြင့် ယက်ကာ ခြစ်ထုတ်လိုက်သည်။ မြေထုမာမာပေါ် နင်းမိသော အခိုက်၌ သူ၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွား၏။
“အပေါ်ယံမြေလွှာတောင် ဒီလောက် မာကြောနေတာလား”
ဖြစ်နိုင်ချေ ရှိသော သီအိုရီ တစ်ခုမှာ ဝေ့ဝူယင်၏ စိတ်ထဲ ပေါ်လာခဲ့၏။ လေ့လာ တွေ့ရှိချက်များအရ ဆိုပါက လက်ရှိကမ္ဘာကြီးမှာ ရာသီတစ်ခုကဲ့သို့ ကန့်သတ်ချုပ်ချယ် ခံထားရသည့် ကာလတစ်ခုတွင် ရှိနေနိုင်သည်။ ထိုကာလသည် ပတ်ဝန်းကျင်ရှိ မန်နာနှင့် အမတေများကို ကန့်သတ်ထားသော်လည်း တစ်ချိန်တည်း၌ ပိုမို အားကောင်းလာစေသည်။ အကယ်၍ ရာသီကုန်ဆုံးသွားပါက ပွင့်ထွက်လာသော မန်နာနှင့်အမတေများမှာ ဤပတ်ဝန်းကျင် တစ်ခုလုံးကို နတ်ဘုံနတ်နန်းသဖွယ် ပြောင်းလဲသွားစေလိမ့်မည် ဖြစ်သည်။
“တကယ် ပညာသားပါတယ်...”
ယခုကဲ့သို့ လောကနယ်မြေမျိုးကို ဖန်တီးခဲ့သည့် ပညာရှင်အား ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိသည်။ ဤကမ္ဘာက ကျင့်ကြံသူများကို သာမန်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက် လာစေဖို့ ဖန်တီးထားသည့် နေရာမျိုး ဖြစ်သည်။ လောကနယ်မြေကြီး၏ တည်ဆောက်ပုံနှင့် ဒီဇိုင်းကို အံ့အားသင့်နေစဥ်မှာပင် အဝေးတစ်နေရာ၌ ဖုန်မှုန့် တိမ်တိုက်ကြီး တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်ကို ဝေ့ဝူယင် တွေ့လိုက်ရ၏။
“ကျင့်ကြံသူတွေလား...”
စိတ်ဝင်စားမှုများမှာ ဝေ့ဝူယင်၏ မျက်လုံးများထဲ၌ ပေါ်လာခဲ့၏။ သူ ကြည့်နေစဥ်မှာပင် ဖုန်မှုန့် တိမ်တိုက်ကြီးမှာ မီတာ ငါးဆယ်လောက် အထိ မြင့်မားလာကာ တုန်ရီသော လေသံကို ပေးလျှက် သူရှိရာထံ တဖြည်းဖြည်း ချည်းကပ်လာ၏။ ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း သစ်ပင် အားလုံးကို ဖျက်ဆီးကာ အသက်တို့ကို နှုတ်ယူသွားခဲ့သည့် အနန္တ ကုန်းမြေတိုက်ကြီးထက်ရှိ ကောင်းကင်တံတိုင်းကို ပြန်လည် မြင်ယောင်လာမိ၏။
ဘုန်း... ဘုန်း...
မကြာခင်မှာပင် မီးခိုးရောင် တိမ်တိုက်မှာ ရောက်ရှိလာခဲ့ကာ သူ့တစ်ကိုယ်လုံးကို လုံးလုံးလျားလျား ဖုံးလွှမ်း သွား၏။ မုန်တိုင်း အဆက်မပြတ် တိုက်ခတ်ခံများနှင့် အတူ ဖုန်မှုန့်တိမ်တိုက်ထဲမှ စူးစူးရှရှ အော်မြည်သံများကို ဝေ့ဝူယင် ကြားနေရ၏။ မကြာခင်မှာပင် ထိုတိမ်တိုက်မှာ ဖုန်မှုန့်များ၊ အညစ်အကြေးများ အားလုံးကို သယ်ဆောင်ကာ လေဆင်နှာမောင်း တစ်ခု အသွင် ပြောင်းလဲ၍ ကောင်းကင်ထက်သို့ ပျံတက်သွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်မှာ ဘာမှ မဖြစ်ခဲ့သည့် အလား ပြန်လည် ငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်သည်။
မြေပြင်အောက် မီတာရာဂဏန်းခန့်၌...
ဘုန်း... ဘုန်း...
အလွန် ကြီးမားသည့် ဖွတ်ပုတက် ကဲ့သို့ သားရဲကြီး တစ်ကောင်မှာ မြင့်မားသော အရှိန်နှင့် ရွေ့လျားနေ၏။ ၎င်း၏ ချွန်ထက်လှသော လက်သည်းများက တစ်စက္ကန့်မျှ အတွင်းမှာပင် အချက်ပေါင်း ရာထောင်ချီအောင် လှုပ်ရှားနေကာ လမ်းကြောင်းတစ်ခုကို တူးဖော်နေသည်။ လောလောဆယ်တွင် ဝေ့ဝူယင်မှာ ထိုသားရဲကြီး၏ ကျောထက်၌ ရှိနေခဲ့ကာ မရေမတွက်နိုင်သော အနက်ရောင် ကြိုးများဖြင့် ချုပ်နှောင်ခံထားရပုံ ပေါ်သည်။
ဘုန်း...
မိနစ် အနည်းငယ် အကြာ၌ သူတို့မှာ အလွန် မာကြောသော အလွှာတစ်ခုကို ဖြတ်ကျော်ကာ ကျယ်ဝန်းကာ ဖြောင့်တန်းသော စက်ဝိုင်း ကဲ့သို့ ဥမင်လိုဏ်ခေါင်းကြီး တစ်ခုထဲကို ရုတ်ချည်း ရောက်ရှိသွား၏။ ကပ်တွယ်စရာ မြေထု မရှိတော့ရာ သူတို့ ဝေ့ဝူယင်ရော ဖွတ်ပုတက်ကြီးပါ ခြေပစ်လက်ပစ် အောက်သို့ ပြုတ်ကျသွားသည်။
အံ့အားသင့်စွာပင် ဥမင်လိုဏ်ခေါင်းကြီး၏ အောက်ခြေတွင်တွင် အဖြူရောင် မီးတိုင် အချို့ကို ထွန်းထားကြောင်း ဝေ့ဝူယင် တွေ့လိုက်ရသည်။ ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် အခြား ဖွတ်ပုတက် အချို့မှာလည်း အပေါက်များမှ တစ်ဆင့် ပြုတ်ကျလာခဲ့၏။
“ဘာလဲ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုအခါ သူ စီးနင်းလာသည့် ဖွတ်ပုတက်ကြီး ထက်၌ အခြားပုံရိပ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုပုံရိပ်က လူသားနှင့် တူကာ သူ့အား ချည်နှောင်ထားသည့် ကြိုးစ အချို့ကို ကိုင်ဆောင်ထားသည်။
ဝေ့ဝူယင် အသာယာပင် ငြိမ်ကာ အခြေအနေကို စောင့်ကြည့်နေလိုက်၏။ သတ္တမမြောက်နှင့် နောက်ဆုံးသားရဲ ဝင်ရောက်လာပြီးနောက် မျက်နှာကျက်ရှိ အပေါက်များမှာ ဘယ်တုန်းကမှ မရှိခဲ့သည့် အလား လျှင်မြန်စွာပင် ပြန်လည် ပိတ်သွားခဲ့၏။
“စိတ်ဝင်စားစရာပဲ...”
သေချာ လေ့ကျင့်ထားပုံ ရသည့် မြေတူးသားရဲများကို စီးနင်းနေသည့် လူသားကဲ့သို့ ပုံရိပ်များကို ကြည့်ရင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။ သူတို့က သူ တစ်ခါမှ မကြားဖူးသော ဘာသာစကားဖြင့် စကားပြောဆိုနေကြပေသည်။
ဝေ့ဝူယင် တိတ်တဆိတ် ရေတွက်ကြည့်လိုက်ရာ လိုဏ်ခေါင်းအတွင်းတွင် လူသားပုံရိပ် ဆယ့်ငါးခုခန့် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူတို့က ဖွတ်ပုတက် တစ်ကောင်ကို နှစ်ယောက်ကျစီ စီးနင်းနေကြကာ အကြီးမားဆုံး သားရဲကြီးထက်တွင်တော့ သုံးယောက်အထိ ရှိနေလေသည်။ ထိုသားရဲကြီးအား ထိန်းကြောင်း မောင်းနှင်နေသူကတော့ အားလုံး၏ ခေါင်းဆောင် ဖြစ်ဟန်ရ၏။
ဝေ့ဝူယင် ထိုပုံရိပ်များကို သေချာစွာ အကဲခတ်လိုက်၏။ ၎င်းတို့က သာမန် လူသားများ ကဲ့သို့ပင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ခေါင်းတစ်လုံးကို ပိုင်ဆိုင်ထားကြပေသည်။ သူတို့၏ ခန္ဓာကိုယ်ထက်တွင်မူ တင်းကြပ်သော မီးခိုးရောင် ဝတ်စုံများကို ဝတ်ဆင်ထား၏။
ထိုဝတ်စုံက ခပ်ဖျော့ဖျော့ ပျက်စီးခြင်း စွမ်းအားကို ထုတ်လွှတ်နေကာ ခန္ဓာကိုယ်မှ အရောင်အဝါ မထွက်ပေါ်နိုင်အောင် ထိန်းချုပ်ထား၏။
“အကာအကွယ် ဝတ်စုံလား...”
ဝေ့ဝူယင်မှာ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ရာ နှုတ်မှ ထုတ်ဖော်ကာ ရေရွတ်လိုက်မိ၏။ သူ စကားပြောလိုက်သည်နှင့် ဖွတ်ပုတက်ကြီးကို ချုပ်ကိုင်ထားသည့် ပုဂ္ဂိုလ်က သူ့ဘက်သို့ လှည့်လာကာ အနက်ရောင် ချိန်းကြိုးများကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်။
ဟူး... ဟူး...
သံကြိုးများမှာ ပျက်စီးခြင်း စွမ်းအင်များကို မဆက်မပြတ် ထုတ်လွှတ်လာကာ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ချေဖျက်ဖို့ ကြိုးစားလာ၏။
၎င်းက အလွန် ပါးနပ် ကျွမ်းကျင်စွာ ထိန်းချုပ်သည့် လုပ်ရပ် တစ်ခု ဖြစ်သော်လည်း အပျက်အစီး ရည်ရွယ်ချက်ကို ကောင်းကောင်း အသုံးချနိုင်သည့် ဝေ့ဝူယင် အဖို့တော့ သိပ်အသုံးမဝင်လှချေ။ တင်းကြပ်စွာ ချည်နှောင်ထားမှုကြောင့် သက်တောင့်သက်သာ မခံစားရမှုမှ တစ်ပါး သူ ဘယ်လိုမှ မနေချေ။ သို့သော်လည်း ဘာမှ ဆက်မပြောတော့ပဲ ငြိမ်သက်စွာသာ နေပေးလိုက်၏။
လူဆယ့်ငါးယောက်မှာ စကားလုံးများကို ဖလှယ်ကာ တစ်စုံတစ်ရာကို ဆွေးနွေးနေဟန် ရ၏။ အတန်ကြာပြီးနောက် ခေါင်းဆောင် ဖြစ်သူက တစ်စုံတစ်ရာကို အမိန့်ပေးလိုက်သည်။ အားလုံးက ခေါင်းများကို ညိတ်ရင်း ဖွတ်ပုတက်များကို စီးနင်းကာ ထွက်ခွာသွားကြ၏။
ဝေ့ဝူယင် စီးနင်းလာသည့် ဖွတ်ပုတက်မှာလည်း စတင် လှုပ်ရှားလာကာ ဥမင်လိုဏ်ခေါင်း တစ်လျှောက် တရွေ့ရွေ့နှင့် ထွက်ခွာလာ၏။ ဝေ့ဝူယင်မှာ နှောက်ယှက်ခြင်း မပြုပဲ ဥမင်ကိုသာ တည်ငြိမ်စွာ စူးစမ်း နေခဲ့သည်။ နံရံများမှာ ချောမွေ့ကာ အလွန်အမင်း ထူထပ် သိပ်သည်းလှပေသည်။ ၎င်းတို့ အတွင်းပိုင်းတွင်တော့ အမျိုးမျိုးသော ဝင်္ကပါများကို မြှုပ်နှံထားဟန် ရကာ စိတ်၊ ရုပ် မည်သည့် နည်းလမ်းနှင့်မျှ မထိုးဖောက် မဝင်ရောက်နိုင်အောင် ကာကွယ်ထားသည်။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံး ပင်လျှင် မီတာတစ်ရာထက် ပို၍ မြင်နိုင်စွမ်း မရှိချေ။
မိနစ် အနည်းငယ် ကြာပြီးနောက် သူတို့မှာ ဥမင်လိုဏ်ခေါင်း အဆုံးသတ်သို့ ရောက်ရှိလာ၏။ ရုတ်ချည်းပင် ဆူညံနေသော အသံများက သူ့နားထဲသို့ တိုးဝင်လာသည်။ ရှေ့၌ ဆီးကြိုနေခဲ့သည်ကတော့ လုံးဝကို ကွဲပြား ခြားနားသည့် ကမ္ဘာသစ် တစ်ခုပင်။
“မြေအောက်မြို့တော်...”
ဖွတ်ပုတက်ထက်၌ စီးနင်းရင်း ဝေ့ဝူယင် အံ့သြထွေထွေဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိ၏။ ဥမင်လိုဏ်ခေါင်း အဝနား၌ ကလေးငယ်များမှာ ဖရဲသီး အရွယ်အစားလောက်ရှိမည့် ဘောလုံးများဖြင့် ကစားနေကြသည်။ သူတို့က ဒူး၊ တံတောင်၊ ပခုံးတို့ကို သုံးကာ အမျိုးမျိုးသော အလှပြကွက်များကို ပြသနေကြသည်။
ကလေးငယ်များမှာ ဖွတ်ပုတက်များကို တွေ့မြင်သည်နှင့် ပျော်ရွှင်စွာ ခုန်ပေါက် အော်ဟစ်ရင်း နောက်မှ လိုက်လာကြ၏။ ကလေးငယ်များကို မြင်ပြီးနောက် သူ့အား ဖမ်းဆီးလာသည့် လူများ၏ ဇစ်မြစ် မျိုးနွယ်ကို ဝေ့ဝူယင် ခန့်မှန်းလိုက်နိုင်သည်။ ချွန်ထက်သည့် နားရွက်နှင့် တောက်ပသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် သူတို့ကား အယ်ဗန်မှင်စာမျိုးနွယ်များပင် ဖြစ်သည်။
ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ပိန်းပိတ်အောင် မှောင်နေသည့် မြေသား အမိုးခုံး ဖြစ်သော်လည်း အလယ်ဗဟို တည့်တည့်တွင် နေကဲ့သို့ တောက်ပစူးရှသည့် အလင်းလုံးကြီးတစ်ခု ရှိနေသည်။ ၎င်းက အပူနှင့် အလင်းလှိုင်းများကို တောက်လျောက် ထုတ်လွှတ်နေကာ မြေအောက်ကမ္ဘာကို ဆယ့်နှစ်ရာသီလုံး အပူချိန် ညီညွှတ်မျှတအောင် ထိန်းသိမ်ထားသည်။
“တကယ် အံ့အားသင့်စရာပဲ...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ တောင်တစ်လုံးကို ထွင်းဖောက်ထားသည့် သားရဲထိန်းချုပ်ခြင်းဂိုဏ်းနှင့် သစ်ပင်ကြီး အတွင်း၌ အခြေစိုက်သည့် ဧဒင် သစ်ပင်ဂိုဏ်း၏ ထူးခြားဆန်းပြားသော လူနေထိုင်မှု ပုံစံများကို တွေ့မြင်ဖူးသည့်တိုင် ကြီးကျယ်ခမ်းနားသော မြေအောက် မြို့တော်ကြီးတစ်ခုကိုတော့ ယခုမှသာ သူ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။
သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ဤကဲ့သို့ မြေအောက်မြို့တော် ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးချေ။ ကျောင်းတော်သားများမှာ ထိုအယူအဆနှင့် ပတ်သက်၍ များစွာသော သီအိုရီများကို ထုတ်ဖော်ခဲ့ဖူးကြသည့်တိုင် မည်သူမှ အရေးတယူ သိပ်မလုပ်ကြချေ။ ဤမျှ မြေရင်းမြစ် ကြွယ်ဝသော ကြယ်တာရာ နယ်မြေတွင် အဘယ်ကြောင့် မြေအောက်မြို့တော် တစ်ခုကို အကုန်အကျခံကာ တည်ဆောက်ရမည်နည်း။ ထိုအရာက အကျိုး သိပ်မရှိလှချေ။
တဖြည်းဖြည်းနှင့် ဖွတ်ပုတက်များမှာ မြို့တော် အတွင်းပိုင်းထိ ရောက်ရှိလာ၏။ မြို့တော် အတွင်းရှိ ထူးခြား ပြောင်မြောက်လှသော ဗိသုကာ လက်ရာများကို ကြည့်ရင်း ဝေ့ဝူယင်မှာ အံ့သြပြီးရင်း အံ့သြနေရသည်။ ကြီမားလှသည့် အဆောက်အဦများကို အက်ရောင် သံမဏိကဲ့သို့ သတ္တုများဖြင့် တည်ဆောက်ထားသည်။ ထို့အပြင် အမျိုးမျိုးသော သစ်သားဖြင့် တည်ဆောက်ထားသည့် နေအိမ် အချို့ကိုလည်း ဝေ့ဝူယင် တွေ့မြင်ရ၏။
“သူတို့က သစ်သားကို ဘယ်ကနေ ရတာလဲ...”
သူတွေးလိုက်မိ၏။ မြေအောက်မြို့တော်ထဲတွင် သစ်ပင် ပေါက်ရောက်နိုင်သော အခြေအနေမျိုး မရှိချေ။ အပေါ်ရှိ မြေပြင်တွင်လည်း မျက်စိတစ်ဆုံးထိ သစ်ပင်တစ်ပင်တစ်လေကိုမှ သူ မတွေ့ရချေ။ သို့တိုင်အောင် ဤနေရာ၌ အမျိုးမျိုးသော သစ်သားများကို တွေ့မြင်နေရသည်။
“ကြည့်ရတာ ဒီကမ္ဘာမှာ အခြား စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ ရှိနေဦးမယ် ထင်တယ်...”
ဝေ့ဝူယင် ရေရွတ်လိုက်စဥ်မှာပင် ဖွတ်ပုတက်အား မောင်းနှင်လာသည့် လူက သူ့လည်ပင်းနှင့် ချိတ်ဆက်နေသည့် သံကြိုးကို ဆောင့်ဆွဲလိုက်၏။ ဝေ့ဝူယင်မှာ ခန္ဓာကိုယ် ဟန်ချက်ပျက်သွားကာ ချောင်းများပင် တဟွတ်ဟွတ် ဆိုးလိုက်ရသည်။ သူ ဖြူရော်စွာ ပြုံးလိုက်မိ၏။
သုံးလွှာ ကြယ်တာရာ နယ်မြေ၏ သမိုင်းတစ်ခေတ်ကို ပြောင်းလဲမည့် အာရုဏ်ဦး ဧကရာဇ်၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်မှာ ယခုကဲ့သို့ ဆက်ဆံခံရလိမ့်မည် မည်သူက တွေးလိမ့်မိမည်နည်း။
***