အိကျူးလင်
Vol. 28 Ch. 391
ဝေ့ဝူယင် ငြိမ်သက်စွာပင် ဆက်လက် လိုက်ပါလာခဲ့၏။ နားထဲသို့ စကားပေါင်းများစွာ တိုးဝင်လာနေသည့်တိုင် ဘာတစ်ခုကိုမှ သူ နားမလည်ချေ။ မြို့တော်သူ၊ မြို့တော်သားများ အသုံးပြုနေသည့် ဘာသာစကားက သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ဘုံဘာသာစကားနှင့် လုံးဝ ခြားနားလှပေသည်။ ဤလောကနယ်မြေမှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ဖန်တီးထားသည့် နေရာ တစ်ခု မဟုတ်ဟု ဝေ့ဝူယင် ပထမဆုံး အကြိမ် အဖြစ် ခံစားလိုက်ရ၏။
နာရီအနည်းငယ် ကြာအောင် ဖွတ်ပုတက်မှာ ဆက်လက် လှုပ်ရှားနေ၏။ ဝေ့ဝူယင်မှာ မြို့တော်ကြီး၏ အကျယ်အဝန်းကို ခန့်မှန်းရင်း အံ့အားသင့် နေမိသည်။ ခန့်မှန်းချေအားဖြင့် ဤမြို့တော်မှာ မိုင်ပေါင်း ငါးရာခန့် အထိပင် ကျယ်ဝန်းပေလိမ့်မည်။
“နောက်ပြီး ဒါက တစ်ခုတည်းသော မြေအောက်မြို့တော် မဟုတ်ဘူး... အရပ်ရှစ်မျက်နှာကို ဦးတည်နေတဲ့ မြေအောက် ဥမင် လမ်းကြောင်းတွေ အများကြီး ထပ်ခွဲထားတာကို ထောက်ချင့်ရရင် အခြား မြေအောက် မြို့တော်တွေလည်း ရှိလိမ့်ဦးမယ်”
ကောက်ချက်ချရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ သို့သော်လည်း သူ့ စိတ်ထဲတွင်တော့ မေးခွန်းတစ်ခု ရှိနေသေးဆဲ ဖြစ်သည်။
“သူတို့ ငါ့ကို ဘာလို့ ဖမ်းလာရတာလဲ...”
ပြောရလျှင် သူက ဤနေရာကို ယခုမှ ပထမဆုံး အကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ သူနှင့် ဤမြေအောက်မြို့တော် အကြားတွင် ဘာရန်ငြိုးမှ မရှိချေ။ ဝေ့ဝူယင်၏ စိတ်ရှည်မှုများ အကန့်အသတ် အထိ ရောက်လုနီးနီးမှာပင် ဖွတ်ပုတက်ကြီးမှာတ တစ်မိုင်ခန့် ရှည်လျားသည့် အဆောက်အဦကြီး တစ်ခုရှေ့၌ ရပ်တန့်သွား၏။
ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် ထိုအဆောက်အဦကြီးကို အကဲခတ်လိုက်သည်။ သံမဏိကဲ့သို့ သတ္တုများဖြင့် တည်ဆောက်ထားသည့် နံရံများက အလွန် အကြမ်းခံနိုင်ပုံ ပေါ်သည်။ မီးခိုးရောင် ကိုယ်ကြပ် ဝတ်စုံ ဝတ်ဆင်ထားသည့် များစွာသော အယ်ဗန်မျိုးနွယ်များမှာ အဆောက်အဦကြီး၏ ဘဲဥပုံသဏ္ဌာန် တံခါးပေါက်များမှ တစ်ဆင့် ဝင်ချည်ထွက်ချည်ပြုနေကြ၏။
“ဒီတော့ကာ သူတို့က စစ်သားတွေပေါ့...”
ဝေ့ဝူယင် စိတ်ထဲမှ မှတ်ချက်ချလိုက်၏။ လမ်းတစ်လျှောက်တွင် လူအများအပြားကို သူ မြင်တွေ့ခဲ့ရသော်လည်း အများစုက သူလို ကိုယ်လို ဝတ်စုံများဖြင့်သာ ဖြစ်သည်။ ထိုဝတ်စုံများဖြင့် အပြင်လောကတွင် ကြီးစိုးနေသည့် ပျက်စီးခြင်း စွမ်းအင်များကို တွန်းလှန်ဖို့ မလွယ်ကူချေ။ ဤမီးခိုးရောင် ဝတ်စုံများသာလျှင် ပျက်စီးခြင်း စွမ်းအားကို ဖျက်ဆီးပစ်နိုင်သည့် ထူးဆန်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။
စစ်သားများမှာ ဝေ့ဝူယင်ကို အောက်သို့ ဆွဲချကာ အဆောက်အဦကြီး အတွင်း ခေါ်လာခဲ့၏။ သူတို့က ရည်ရွယ်ချက် ရှိရှိပင် လမ်းလျှောက်ကြရင်း သံချောင်းများ ကာရံထားသည့် လှောင်အိမ်ကြီး တစ်ခုနားထိ ရောက်ရှိလာသည်။ ထိုလှောင်အိမ်ကြီး အတွင်း၌ လူသားမျိုးနွယ် အများအပြားကို တွေ့မြင်လိုက်ရရာ ဝေ့ဝူယင် အံ့အားသင့်သွား၏။
တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုကြပြီးနောက် စစ်သား တစ်ယောက်က ဝေ့ဝူယင်ကို လှောင်အိမ်ဆီ ဆွဲခေါ်သွားသည်။ ဝေ့ဝူယင် လှောင်အိမ်ကို အကဲခတ်လိုက်ရာ ထိုအထဲ၌ အကာအကွယ် ဝင်္ကပါ အများအပြား ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ ထိုဝင်္ကပါများကပင် လှောင်အိမ်ကြီးကို မပျက်စီးနိုင်အောင် ပံ့ပိုးပေးနေကြခြင်း ဖြစ်သည်။
ဝေ့ဝူယင် လှောင်အိမ်ထဲရှိ လူသားများကို အကဲခတ်လိုက်၏။ အရေအတွက်အားဖြင့် သုံးဆယ်ကျော်ခန့် ရှိကာ အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်များပင် ဖြစ်သည်။ ဝေ့ဝူယင် သူတို့ကို ကြည့်လိုက်၏။ သို့သော်လည်း တစ်ယောက်ကိုမှ မမြင်ဖူးချေ။
“သူတို့က ဒီကမ္ဘာရဲ့ ဒေသခံတွေ ဖြစ်ရင်ဖြစ် မဖြစ်ရင် စန်းမျိုးနွယ် ပို့မယ် ဆိုတဲ့ လူတစ်ရာထဲကပဲ ဖြစ်မယ်”
ဝေ့ဝူယင် မှတ်ချက်ချရင်း သူ့အား ဆွဲခေါ်လာသည့် စစ်သားကို တစ်ချက် အကဲခတ်လိုက်သည်။ ထိုအယ်ဗန်မှင်စာမျိုးနွယ်မှာ လှောင်အိမ်တံခါးကို အဆင့်ဆင့် ဖွင့်လှစ်ရန် ကြိုးပမ်းနေပုံ ပေါ်သည်။ ဝေ့ဝူယင် မျက်မှောင်တစ်ချက် ကြုတ်ရင်း အထဲရှိ လူများကို လှမ်းမေးလိုက်၏။
“ခင်ဗျားတို့ ကျုပ်ပြောတဲ့ စကားကို နားလည်လား”
လှောင်အိမ် အတွင်းရှိ လူအားလုံးမှာ သူ့ကို လှည့်ကြည့်ကြလာသည်။ ကြည့်ရသည်က သူတို့မှာ သူ့စကားကို နားလည်နေကြဟန် ရသည်။
“စိတ်ဝင်စားစရာပဲ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ခင်ဗျားတို့ထဲမှာ ကျုပ်ကို မှတ်မိတဲ့လူ ရှိလား..”
အကယ်၍ ထိုလူသားများသာ သုံးလွှာ ကြယ်တာရာ နယ်မြေမှ ဖြစ်ပါက သူ့ကို ကျိန်းသေပင် မှတ်မိကြပေလိမ့်မည်။ အာရုဏ်ဦး ဧကရာဇ် ဆိုသော နာမည်မှာ အပြင်လောကတွင် အလွန် ထင်ရှား ကျော်ကြားသည်။ သာမန် လူများအတွက် မပြောတတ်သော်လည်း ဂိတ်တံခါးထဲသို့ ဝင်ရောက်နိုင်သည့် ပါရမီရှင် အများစုမှာ အနည်းဆုံးတော့ သူ့ပုံကိုတော့ မြင်ဖူးပေလိမ့်မည်။
သို့သော်လည်း... လှောင်အိမ်အတွင်းရှိ လူများကတော့ သူ့ကို ခေါင်းသာ ခါပြလိုက်၏။ ကြည့်ရသည်က ဘယ်သူ တစ်ဦးတစ်ယောက်မှ သူ့ကို သိနေကြသည့်ပုံ မရချေ။
“သူတို့က ဘာလို့ နင့်ကို သိရမှာလဲ... နင်က ဂန်ရှုတွေထဲမှာ အရေးကြီး ပုဂ္ဂိုလ်မလို့လား”
ရုတ်တရက် နူးညံ့ချိုသာကာ သြဇာအာဏာနှင့် ပြည့်ဝသည့် အသံတစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာ၏။ လှောင်အိမ် တံခါးအား ဖွင့်ကာ ဝေ့ဝူယင် အထဲသို့ တွန်းပို့ရန် ကြိုးပမ်းနေသည့် စစ်သားမှာ ခန္ဓာကိုယ် ဆတ်ခနဲ တုန်ရီသွားကာ နောက်သို့ လှည့်လိုက်၏။ ထို့နောက် ထူးဆန်းသည့် လက်ဟန် သဏ္ဌာန်တစ်ခုကို ပြုလုပ်ရင်း ဝေ့ဝူယင် နားမလည်သည့် ဘာသာစကား တစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
“ဂန်းရှု...”
ဝေ့ဝူယင်ကလည်း စိတ်ဝင်တစားဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။ သူမက မိန်းကလေး တစ်ယောက်... ပို၍ တိတိကျကျ ပြောရလျှင် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူမက သူ့ ဘာသာစကားကို ပြောဆိုနိုင်ပုံ ပေါ်သည်။
သူမက ခါးထိရောက်သည့် မီးခိုးရောင် ဆံပင်ရှည်နှင့် တဖျပ်ဖျပ် တောက်ပနေသည့် အစိမ်းရောင် မျက်လုံးများကို ပိုင်ဆိုင်ထား၏။ သူ၏ နှာခေါင်းက သာမန်ထက် အနည်းငယ် ပိုရှည်နေသည့်တိုင် ပါးလွှာသော နှုတ်ခမ်း၊ အသည်းပုံ မျက်နှာကျတို့နှင့် ကောင်းစွာ လိုက်ဖက်ပေသည်။ သူမ၏ အသားအရေက အခြား အယ်ဗန်များနှင့် ခြားနားစွာပင် ဝါဝင်းနေ၏။ အကွေ့အကောက်၊ အမို့အမောက်တို့ ပြည့်နှက်နေသည့် အရွယ်ရောက်ပြီးနောက် ခန္ဓာကိုယ်ထက်တွင် မီးခိုးရောင် ကိုယ်ကြပ်ဝတ်စုံကို ဆင်မြန်းထားပုံက အတော်လေး ဆွဲဆောင်မှု ရှိလှသည်။
“မင်းက ငါ့စကားကို နားလည်နေတယ်ပေါ့... ဟဟ... တကယ် အံ့အားသင့်စရာပဲ”
ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်၏။ မိန်းကလေးက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို ကြည့်ရင်း အသာအယာပင် ပြုံးလိုက်သည်။ သူမ၏ အပြုံးက ချိုသာသည့်တိုင် ဘေးနားရှိ စစ်သားများ၏ ခန္ဓာကိုယ်များကတော့ မသိမသာ တုန်ရီသွား၏။
“ရှင်က ကိုယ့်ကိုယ်ကို သိပ်အရေးပါတယ် ထင်နေတယ်ပေါ့”
မိန်းကလေး၏ လေသံက ချက်ချင်း ပြောင်းလဲသွားသလို မျက်နှာထက်ရှိ အပြုံးမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။
“အပြင်လောကမှာ ရှိတဲ့ အဆင့်အတန်းကြောင့် ဒီကလူတွေက ရှင့်ကို ဘုရားလို ဆက်ဆံမယ် ထင်နေတာလား... ကိုယ်ဘယ်နေရာ ရောက်နေလဲ ဆိုတာ မေ့နေတာလား... ဒီနေရာကို ခေါ်လာတာ ရှင့်ကို ရောင်းဖို့ပဲ”
“ရောင်းဖို့...”
နောက်ဆုံး၌ သူ့အား အဘယ်ကြောင့် ဖမ်းခေါ်လာသည်ကို ဝေ့ဝူယင် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ ဤနေရာက ပို၍ စိတ်ဝင်စားဖို့ ကောင်းလာသည်ဟု သူ တွေးလိုက်မိ၏။ ငယ်စဥ်ကတည်းက သူ၏ အိပ်မက်က မတူကွဲပြားသော နေရာများကို စူးစမ်းလေ့လာကာ စွန့်စားဖို့ ဖြစ်သည်။ ဤမြေအောက်မြို့တော်ကြီးမှာ သူ တစ်ခါမှ မမြင်ဖူးသည့် ယဥ်ကျေးမှု အသစ်၊ ဗိသုကာ အသစ်၊ အစားအစာ အသစ်တို့ကို ပိုင်ဆိုင်ထားသည့် အပြင် ယခုတွင်လည်း အတွေ့အကြုံသစ်များကိုပါ ပေးစွမ်းနေခဲ့ပြီ ဖြစ်လေသည်။
“ကျုပ်နာမည်က ဝေ့ဝူယင်ပါ... တွေ့ရတာ ဝမ်းသာပါတယ်”
ဝေ့ဝူယင် အပြုံးဖြင့် ပျူငှာဖော်ရွေစွာ နှုတ်ဆက်လိုက်၏။ ထိုတုန့်ပြန်ပုံကို ကြည့်ရင်း မိန်းကလေးမှာ ဘာပြန်ပြောရမှန်း မသိအောင် ဆွံ့အသွားသည်။
“အရောင်းခံရမယ် ဆိုတာ သိတာတောင် သူက မကြောက်တာလား...”
သူမက မေးခွန်းထုတ်သည့် မျက်လုံးများဖြင့် ဝေ့ဝူယင် ဘေးနားရှိ စစ်သားကို လှမ်းကြည့်လိုက်၏။ သို့သော် ထိုစစ်သားလေးမှာလည်း သူမကဲ့သို့ပင် ဝေ့ဝူယင်၏ တုန့်ပြန်မှုကို ကြည့်ကာ အံ့သြနေပုံ ပေါ်သည်။
“ဒီဂန်းရှုကို လှောင်အိမ်ထဲ ထည့်လိုက်တော့...”
မိန်းကလေးက ဝေ့ဝူယင်ကို ထပ်မံ မဖျော်ဖြေချင်တော့ဟန်ဖြင့် အမိန့်ပေးလိုက်၏။ သူမက အယ်ဗန်တို့၏ ထူးခြားသော ဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်ရာ ဝေ့ဝူယင်မှာ ဘာမှ နားမလည်လိုက်ချေ။ ဘေးနားရှိ စစ်သားက လက်ကို လာဆွဲကာ လှောင်အိမ်ထဲ တွန်းပို့တော့မှ အဖြစ်မှန်ကို သူ သဘောပေါက်သွား၏။
“မသွားခင် ကျုပ် တစ်ခုလောက် မေးလို့ရမလား... ခင်ဗျားက ကျုပ်ကို ဘယ်သူ့ဆီ ရောင်းမလို့လဲ... ဘာရည်ရွယ်ချက်နဲ့လဲ”
“ဟိုရောက်ရင် ရှင်သိရမှာပေါ့”
မိန်းကလေးက ပြောကာ နောက်သို့ လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။
“နေဦး... ခင်ဗျားနာမည်က ဘာလဲ”
ဝေ့ဝူယင်က ထပ်မံမေးလိုက်သည်။ အစောင့်စစ်သားက အထဲသို့ အတင်း ဆွဲသွင်းရန် ကြိုးပမ်းနေသော်လည်း ဝေ့ဝူယင်၏ ခြေထောက်များက ကျောက်ချထားသလို နေရာတွင် ခိုင်မြဲနေသည်။
"ဗိုလ်မှူးအိ... အိကျူးလင်”
ပြောပြီးသည်နှင့် သူမမှာ ထွက်ခွာသွားတော့၏။ ဝေ့ဝူယင်၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားကာ ခြေထောက်များမှာ ပြန်လည် ပေါ့ပါးသွားသည်။ အစောင့်စစ်သားက ဝေ့ဝူယင်ကို လှောင်အိမ်ထဲ တွန်းပို့ကာ အပြင်မှ တံခါးကို ပြန်လည် ပိတ်လိုက်၏။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် အယ်ဗန်မိန်းကလေး ပျောက်ကွယ်သွားသည့် အရပ်ကို လှမ်းကြည့်လိုက်၏။ အပြုံးတစ်ခုက ဖြည်းညင်းစွာပင် သူ၏ နှုတ်ခမ်းပါးများထက် မွေးဖွားလာသည်။
“အိကျူးလင်... ငါ ဆုံးဖြတ်လိုက်ပြီ... နင့်ကိုငါ ရအောင် လိုက်မယ်”
ဝေ့ဝူယင်၏ အသံကို ကြားလိုက်ရသည့် လှောင်အိမ်ထဲရှိ လူများမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ သူတို့ထဲမှ တစ်ယောက်က ခေါင်းခါရင်း ရေရွတ်လိုက်လေသည်။
“အိပ်မက်မက်နေတဲ့ အရူးပဲ...”
***