← Chapters

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး

Vol. 28 Ch. 392

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး

Vol. 28 Ch. 392

လှောင်အိမ်ထဲသို့ ရောက်ပြီး မကြာခင်မှာပင် လူလတ်ပိုင်း အရွယ်ရှိသည့် ကတုံးနှင့် လူကြီး တစ်ယောက်မှာ ဝေ့ဝူယင် အနား ချည်းကပ်လာ၏။ သူက ဂင်တိုတိုနှင့် အရပ်နည်းနည်းပုကာ အညိုရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားပေသည်။

“ခုဘယ်လို အခြေအနေရောက်နေတယ် ဆိုတာ မင်းမသိဘူးလား...”

ကတုံးကြီးက ဂရုဏာဒေါသော လေသံမျိုးဖြင့် ဝေ့ဝူယင်ကို အပြစ်တင်လိုက်၏။

“မသိဘူးဗျ...”

ဝေ့ဝူယင်က ထိုင်စရာ နေရာတစ်ခုကို ရှာရင်း ပြောလိုက်၏။

“မသိဘူး... မသိဘူး ဆိုတာက ဘာလဲ... မင်းက ကိုယ်‌ရောက်နေတဲ့ နေရာကိုတောင် ကိုယ်မသိတာလား”

အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာ‌သော ကြွက်သားများကို ပိုင်ဆိုင်ထားသည့် လူအိုကြီး တစ်ယောက်ကလည်း သူတို့ အနားသို့ ချည်းကပ်လာ၏။ သူက ဤလှောင်အိမ်ထဲရှိ လူများထဲတွင် အသန်မာဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ကျင့်ကြံခြင်း အခြေခံ အမြင့်မားဆုံး ပင်လျှင် ဖြစ်နိုင်ချေ ရှိသည်။

“တကယ်မသိတာ... ကျုပ်ကို ပြောပါပါလား...”

ဝေ့ဝူယင်က သူ၏ သုံးလွှာ လက်စွပ်ကို ငုံ့ကြည့်ရင်း အရိုးသားဆုံးပင် မေးလိုက်၏။ ထိုအယ်ဗန်များက သူ့လက်စွပ်အား အဘယ်ကြောင့် ချန်ထားခဲ့သည်ကိုတော့ သူ ယခုထိ နားမလည်နိုင်သေးချေ။ သူသာလျှင် မက... အချုပ်ထဲရှိ လူအားလုံး လက်များတွင်လည်း ဟင်းလင်းပြင် လက်စွပ်များ ကိုယ်စီ ရှိကြပေသည်။ ကျင့်ကြံသူများ အကြားတွင် သိုလှောင်လက်စွပ် မဟုတ်ပဲ ဟင်းလင်းပြင် လက်စွပ်များကို ပထမဆုံး အကြိမ် တွေ့လိုက်ရသည့် အတွက် ဝေ့ဝူယင်၏ စိတ်ဝင်စားမှုမှာ ပိုမို တိုးပွားလာ၏။

ဟင်းလင်းပြင် လက်စွပ်များမှာ အထဲတွင် ကိုယ်ပိုင် နေရာလွတ်များကို သယ်ဆောင်ထားသည့် လက်စွပ်များ ဖြစ်သည်။ သိုလှောင် လက်စွပ်များကတော့ တံခါး‌ပေါက်များနှင့် တူကာ သီးခြားနေရာလွတ်တစ်ခုနှင့် ချိတ်ဆက်ထားပေသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ဆိုလျှင် ဟင်းလင်းပြင် လက်စွပ်များ အစား သိုလှောင် လက်စွပ်များကိုသာ ပို၍ အသုံးများ၏။

“မင်း တကယ်ပဲ မသိတာလား...”

လူအိုကြီးက နားလေးနေသည့် လူတစ်ယောက် အလား နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ ဝေ့ဝူယင်မှာ ရယ်ချင်သွားသော်လည်း ခေါင်းသာ ညိတ်ပြလိုက်သည်။

လူအိုကြီးက ဝေ့ဝူယင်ကို ထူးဆန်းစွာ ကြည့်လိုက်၏။

“မင်းက ဘာကိုမှ ကြိုမလေ့လာပဲ ဒီပျက်စီးခြင်း နယ်မြေထဲကို ရမ်းသမ်း ဝင်လာခဲ့တာလား... ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို လိမ်ပြီး ဒီနေရာမှာ လာထားသွားတာလား”

“အပျက်အစီး နယ်မြေ...”

ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပသွား၏။ ပတ်ဝန်းကျင်တွင် စိမ့်ဝင်နေသည့် ပျက်စီးခြင်း စွမ်းအား တစ်ခုတည်းဖြင့်ပင် ထိုနာမည်က ဤနယ်မြေနှင့် လုံးဝ သင့်တော်သလို သူ ခံစားလိုက်ရသည်။

“မင်း တကယ်ပဲ ဘာမှ မသိဘူးကိုး...”

လူအိုကြီးက ဝေ့ဝူယင်၏ တုန့်ပြန်ပုံကို ကြည့်ကာ မှတ်ချက်ချလိုက်၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချရင်း ရှင်းပြလိုက်ည်။

“အပျက်အစီးနယ်မြေတွေက အန္တရာယ်တွေ ကပ်ဘေးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတွေပဲ... ဒါပေမဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ ကံကောင်းမှုတွေလည်း ရှိနေတယ်... ဒီလှောင်အိမ်ထဲမှာ ရောက်နေတဲ့ ငါ အပါအဝင် အခြားလူတွေ အကုန်လုံးက ရတနာတွေကို စွန့်စား ရှာဖွေဖို့ ဒီနေရာကို ရောက်လာတာ... ဒါပေမဲ့ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်တွေနဲ့ တွေ့ပြီး ခုလို အဖမ်းခံလိုက်ရတာပဲ... အတော် ကပ်စီးကုပ်တဲ့ မှင်စာတွေ...”

လူအိုကြီး၏ လေသံက ခံပြင်းခြင်း၊ ‌ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း ဟူသော ခံစားချက် မျိုးစုံဖြင့် ရောနှော ပြည့်ရွှမ်းနေ၏။

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်မိသည်။ ဤအခန်းအတွင်းရှိ လူအားလုံးမှာ ဒေသခံများ၏ ဖမ်းဆီးခြင်း ခံထားရသည့် ရတနာမုဆိုးများပင်။

သို့သော်လည်း... သူ နားမလည်သည့် အချက်တစ်ချက် ရှိပေသေးသည်။ ထိုအယ်ဗန်များမှာ ရတနာများကို မမက်မောဘူးလား။ အဘယ်ကြောင့် ဟင်းလင်းပြင် လက်စွပ်များကို မသိမ်းဆည်းရသနည်း။

“ဒါနဲ့ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်ဆိုတာက ဘာလဲ...”

ဝေ့ဝူယင် မေးလိုက်၏။ လူအိုကြီးက စိတ်ရှည်စွာပင် ရှင်းပြလိုက်သည်။

“ငါတို့ ခုနေထိုင်နေတဲ့ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်မှာ အဓိက အယ်ဗန်မျိုးနွယ်ကြီး လေးခုရှိတယ်... မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်၊ မဟူရာ တောင်တန်း အယ်ဗန်၊ သစ်တောစိမ်း အယ်ဗန်နဲ့ မြစ်ကမ်းပါး အယ်ဗန်မျိုးနွယ်တို့ပဲ... သူတို့ အားလုံးမှာ ကိုယ်ပိုင် နယ်မြေတွေ ရှိတယ်... ပုံမှန်အားဖြင့် ဆိုရင် ငါတို့ လူသားတွေဟာ ပဋိပက္ခ မဖြစ်စေဖို့ သူတို့နေထိုင်တဲ့ နေရာတွေကို ရှောင်ရှားရတယ်”

“မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်ဟာ မြေအောက်မှာ မြို့ကြီးတွေ တည်ထောင်ပြီး နေထိုင်တတ်တဲ့ မျိုးနွယ်တွေပဲ... သူတို့မှာ ငါတို့ လူသားတွေလိုပဲ ကလန်ကြီးတွေ မိသားစုတွေ ရှိတယ်... မြို့တစ်မြို့ချင်းစီကို မဟာ အယ်ဗန် ကလန်ကြီး ကိုးခုက ထိန်းချုပ်ထားတယ်... ခုနက မင်းနဲ့ စကားပြောတဲ့ အိကျူးလင်ဆိုရင် အဲဒီ ကလန်ကြီး ကိုးခုထဲက တစ်ခုဖြစ်တဲ့ အိကလန်ကပဲ”

“ဒီမှာ မြေအောက် မြို့တော် ကိုးခုပဲ ရှိတာလား...”

ဝေ့ဝူယင်က မေးလိုက်၏။ သို့သော်လည်း လူအိုကြီးက ခေါင်းခါလိုက်သည်။

“ကိုးခုထက်တော့ ပိုလိမ့်မယ်... အရေအတွက် အတိအကျကိုတော့ ငါလည်း မသိဘူး”

ဘေးနားရှိ ကတုံးကြီးက ဝင်ရောက်ပြောလိုက်၏။

“အနည်းဆုံး တစ်ရာလောက် ရှိလိမ့်မယ်... ဒါပေမဲ့ အဓိက မြို့တော်ကြီးကတော့ ကိုးခုပဲပေါ့... အခြားဟာတွေက အခွဲတွေ... နောက်ပြီး မြို့တော်ထဲမှာ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်တွေကိုပဲ အခြေချ နေထိုင်ခွင့် ပြုထားတယ်... လူသားတွေ မပြောနဲ့ အခြား အယ်ဗန်တွေတောင် နေခွင့် မရှိဘူး”

ဝေ့ဝူယင်မှာ အ‌တော်လေး အံ့သြသွားမိ၏။ ဤလောကနယ်မြေမှာ ဂြိုဟ်ကြီများထက် ပိုမို ကြီးမားရုံသာ မက အမျိုးမျိုးသော မျိုးနွယ်များလည်း အခြေချနေထိုင်နေသေးည်။ မည်မျှ အံ့အားသင့်ဖွယ် ကောင်းလိုက်သနည်း။

“အပျက်အစီး နယ်မြေက ဘယ်လောက်ကျယ်လဲ...”

ဝေ့ဝူယင်က ထပ်မေးလိုက်၏။

“အရမ်းကျယ်တာပေါ့... အတိအကျ ပြောရရင် ၁၅၆၀၀၀ မိုင် ကျယ်တယ်...”

ယခုတစ်ကြိမ်တွင်လည်း ကတုံးကြီးကပင် အဖြေပေးလိုက်သည်။ သူ၏ ပုံစံကို ကြည့်ရသည်က သူ၏ ဗဟုသုတ ကြွယ်ဝမှု အပေါ် အတော်လေး ဂုဏ်ယူနေဟန် ရသည်။

“ခင်ဗျားတို့ ခုနက ပြောတဲ့ အတိုင်းဆို အပျက်အစီး နယ်မြေက နယ်မြေကြီး လေခုထဲက တစ်ခုပဲ ဆိုတော့ အခြား နယ်မြေကြီးတွေကလည်း သူ့လိုပဲ ကျယ်မှာပေါ့... ခုနက ၁၅၆၀၀၀ မိုင်ကို လေးနဲ့ မြှောက်ကြည့်ရင်တောင် မိုင်ပေါင်း ခြောက်သိန်း‌ကျော်နေပြီ... ဒီကုန်းမြေတိုက်ကြီးက ဘယ်လောက်တောင် ကျယ်တာလဲ”

ဝေ့ဝူယင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

“အတိအကျ ပြောရရင် မိုင်ပေါင်း ရှစ်သိန်းတစ်သောင်း ကျယ်တယ်... နယ်မြေကြီး လေးထု အပြင် ငါတို့လို လူသားတွေနေတဲ့ ဗဟိုနယ်မြေတွေလည်း ရှိသေးတယ်လေ”

လူအိုကြီးက အဖြေပေးလိုက်သည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ ဝမ်ယုထျန်း ပြောသည့် စကားက တကယ် မှန်နေပုံပင်။ ဤလောကနယ်မြေမှာ အမှန်တကယ်ကို သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ဆယ်ပုံတစ်ပုံခန့် ရှိနေချေသည်။

ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် နောက်ထပ် မေးခွန်းများကို ထပ်မံ မေးနေခဲ့၏။ ဤနေရာနှင့် ပတ်သက်သည့် များစွာသော အချက်အလက်များမှာ သူ့မှတ်ဉာဏ်ထဲတွင် ပိုမို၍ တိုးလာခဲ့လေသည်။

ဥပမာအားဖြင့် ယခု ကျရောက်နေသည့် ဆုတ်ယုတ်မှု ရာသီသည် တစ်နှစ်ပတ်လုံးတွင် မန်နာနှင့် အမတေများ အားအနည်းဆုံး ရာသီ ဖြစ်သလို  ပျက်စီးခြင်း စွမ်းအား အနိမ့်ပါးဆုံး အချိန်အခါလည်း ဖြစ်သည်။ နယ်မြေကြီး လေးခုမှာ အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေကာ ရှင်သန်နေထိုင်ရန် အလွန် အန္တရာယ်များသည်။ ထို့ကြောင့်ပင် လူသားများမှာ ဗဟိုနယ်မြေများတွင်သာ နေထိုင်ကာ မြို့ကြီးများ တည်ဆောက်ထားကြသည်။ ဗဟိုနယ်မြေများမှာ ကျင့်ကြံခြင်း တော်ဝင်မြေများ ဖြစ်ကာ အမတေနှင့် မန်နာ ရင်းမြစ်များ အလွန် ကြွယ်ဝလှ၏။

သို့သော်လည်း ဆုတ်ယုတ်မှု ရာသီသို့ ကျရောက်လာသည်နှင့် ချက်ချင်းပင် အခြေအနေအားလုံးမှာ ပြောင်းပြန် ပြောင်းလဲကုန်သည်။ မန်နာများမှာ ချက်ချင်းပင် ခမ်းခြောက်သွားကာ အမတေများမှာလည်း ပါးလွှာကုန်သည်။ ကျင်ကြံရန် ဘယ်လိုမှ မသင့်တော်တော့။

ထိုကဲ့သို့ ရာသီမျိုးကို ရောက်သည်နှင့် ရတနာမုဆိုးများမှာ အကျိုးအမြတ် အတွက် များစွာသော နယ်မြေများကို သွားရောက်ကာ စွန့်စားလေ့ ရှိကြသည်။ အချို့က အောင်အောင်မြင်မြင်နှင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြသလို အချို့မှာလည်း ဒေသံများ၏ ဖမ်းဆီးခြင်းကို ခံရသည်။

“ခု ငါတို့ကို စောင့်နေတဲ့ အရာက ရောင်းချခံရဖို့ပဲ... တကယ်လို့ ကံကောင်းမယ် ဆိုရင် ခန္ဓာကိုယ် တစ်ခုလုံး ခြေကုန်လက်ပမ်းကျပြီး အသုံးမဝင်တဲ့ အထိ စွမ်းအင်ဖို အဖြစ် အသုံးချခံရလိမ့်မယ်...  ကံဆိုးမယ် ဆိုရင်တော့...”

လူအိုကြီးက ထိတ်လန့်ကြောက်ရွံ့ဟန်ဖြင့် တံတွေးတစ်ချက် မြိုချလိုက်၏။ အခန်းထဲရှိ လူအားလုံး၏ အမူအရာများကလည်း အကြီးအကျယ်ပင် ပြောင်းလဲသွားသည်။

“သူ... သူတို့က ငါတို့ရဲ့ ကျင့်ကြံခြင်း အခြေခံကို လုံးဝ ပြောင်းလဲပြီး အဂ္ဂိရတ် ထုတ်ကုန်တွေ ဖော်စပ်ဖို့ အတင်းအကြပ် ခိုင်းလိမ့်မယ်”

“ဆေးဖော်စပ်ခိုင်တာလား...”

အခြားလူများနှင့် ခြားနားစွာပင် ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွား၏။

“ကျုပ်ကို ပိုပြီးရှင်းအောင် ပြောပြပါဦး”

***

All Chapters