သူတို့ကို ရန်မစနဲ့
Vol. 59 Ch. 814
မရဏသူရဲကောင်းအမိန့်တော်မှာ သာလွန်ထူးကဲသည့် အမိန့်တစ်မျိုးဖြစ်၏။ ထန်မိသားစုခေါင်းဆောင်ကြီး ထိုအမိန့်ကို ချမှတ်လိုက်သည်နှင့် ကိုယ်ရံတော်အဖွဲ့ ၁ နှင့် ၂ မှ အဖွဲ့၀င်အားလုံးသည် နှုတ်ထွက်ပိုင်ခွင့်ရှိသည်။ သို့သော် လိုက်ပါရန်ရွေးချယ်ခဲ့သူများကတော့ အသက်ရှင်နိုင်ချေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းဆောင်ကြီးနှင့် သေအတူရှင်မကွာ လိုက်ပါရပေမည်။
ထိုအချိန်တွင် ထန်မိသားစု၏အဓိက အဖွဲ့၀င်များမှာ ကြက်သီးမွေးညင်းများ ထကုန်ကြသည်။ ထန်မိသားစုသည် မိသားစုတည်ထောင်ခဲ့သည့်အချိန် ယခုအထိ အကြီးမားဆုံးပြဿနာဖြစ်သည့် စတုတ္ထအသက်နှင့် ရင်ဆိုင်နေရကြောင်း သဘောပေါက်သွားကြ၏။
နေ့တစ်၀က်ကုန်ဆုံးသွားသည့်အခါ ထန်မိသားစု၏မူမမှန်သော လှုပ်ရှားမှုသတင်းများမှာ အရေးပါသောလူများ၊ အင်အားစုများထံ ပျံ့နှံ့သွားသည်။ အင်အားစုအမျိုးမျိုး၏ခေါင်းဆောင်များမှာ ထောက်လှမ်းရေး၀န်ထမ်းများ အဆက်မပြတ် စေလွှတ်၍ ထန်ကောရှန့် အင်အားများစွာကို ဦးဆောင်ကာ ပေကျင်းမြို့ထန်မိသားစုအိမ်တော်မှ ထွက်သွားသွားသည့် အကြောင်းအရင်းကို စုံစမ်းနေကြ၏။
သမုဒ္ဒရာကြီးအလယ်တွင်။
ခရီးသည်သင်္ဘောတစ်စီးက လေကိုခွင်းလျက် မလက္ကရေလက်ကြားထံ ဦးတည်ခုတ်မောင်းနေသည်။ လှပစွာ မွမ်းမံအလှဆင်ထားသော အခန်းတစ်ခန်းအတွင်း၌ သွမ့်မုလင်းသည် မျက်မှောင်ကြုတ်နေ၏။ ထန်ကောရှန့်သည် လူအင်အားအလုံးအရင်းနှင့် မြို့တော်မှ ထွက်ခေါ်လာကြောင်း ပေကျင်းမှ သတင်းရရှိခဲ့လေသည်။
“အကြီးအကဲ ရှေ့မှာ ငါးဖမ်းလှေတစ်စီးရှိပါတယ်။ အချက်ပြတွေအရ ကျွန်တော်တို့လူတွေပါပဲ” အရပ်အတော်ပုပြီး တရုတ်ရိုးရာ၀တ်စုံ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းဘူတစ်ယောက်က အခန်းတွင်းသို့ ခပ်သုတ်သုတ် ၀င်ရောက်လာ၏။
သွမ့်မုလင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး အခန်းတွင်းမှ ထွက်ခွာသွားသည်။ ကုန်းပတ်ပေါ် ရောက်ရှိသည့်အခါ ကျူးလုံတို့အဖွဲ့၀င် ၄ ယောက်ပါရှိသည့် ငါးဖမ်းလှေက ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တွင် သွမ့်မုလင်း၏ခံစားချက်များမှာ ရှုပ်ထွေးနေ၏။ တရုတ်နိုင်ငံသည် အောင်ပွဲခံနိုင်ခဲ့ပြီး အကျိုးအမြတ်များစွာ ရယူနိုင်ခဲ့ခြင်းက သူ့အား အံ့ဩမှင်သက်ကာ စိတ်လှုပ်ရှားစေခဲ့သော အဓိကအကြောင်းအရင်းဖြစ်သည်။ သို့သော် ထန်ရှု ကြယ်သုံးပွင့်အကြွင်းအကျန်အတွင်းမှ အသက်ရှင်လျက် ထွက်မလာနိုင်ခဲ့ခြင်းက ဝမ်းနည်းပူပင်၍ ကူကယ်ရာမဲ့နေစေသည်။
“အကြီးအကဲ”
ခရီးသည်သင်္ဘောနှင့် ငါးဖမ်းလှေနီးကပ်လာသည်နှင့် ကျူးလုံ၊ မီးနတ်ဆိုး၊ လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့က သင်္ဘောပေါ် ခုန်တက်လိုက်ပြီး သွမ့်မုလင်းရှေ့သို့ လာကာ အရိုအသေပြုလိုက်ကြသည်။
“မင်းတို့ တော်တယ်။ ဒီထက်ကောင်းတဲ့ရလဒ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး” သွမ့်မုလင်းက ခေါင်းညိတ်ကာ ပြောသည်။ “ဒါပေမဲ့ အခုက အောင်ပွဲခံလို့မဖြစ်သေးဘူး။ ထန်ရှုအခြေအနေကို ပြောပြစမ်းပါ”
“အကြီးအကဲကလည်း စိတ်ချမ်းသာစရာကိစ္စလေးတွေ အရင်ပြောလို့မရဘူးလားဗျာ” ကျူးလုံက ခါးသက်သက်ပြုံးရင်း ပြောသည်။
“ငါပုံက အဲ့လိုကိစ္စတွေ ပြောချင်နေတဲ့ပုံလား” သွမ့်မုလင်းက ဒုက္ခပင်လယ်ဝေနေသော အမူအရာဖြင့် ပြော၏။ “ထန်မိသားစုက ဂနာမငြိမ်ပဲ လှုပ်ရှားဖို့အဆင်သင့်ဖြစ်နေပြီ။ ထန်ကောရှန့်ကလည်း လူအင်အားအများကြီးနဲ့ ငါ့ဆီ ကိုယ်တိုင်လာနေပြီ။ မဟာခန်းမက ဘယ်သူမှန်းမသိတဲ့လူကိုတောင် ထည့်မတွက်ရသေးဘူး။ အဲ့ဒါတွေအကုန်ပေါင်းသွားရင် ဒုက္ခပင်လယ်ပဲ။ သေချာမကိုင်တွယ်ရင် ငါ ဒီအခြေအနေကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးထ
“ထန်မိသားစုလား” ကျူးလုံက မျက်မှောင်ကြုတ်လျက် မေးသည်။ “ဒါက သူတို့နဲ့ ဘာဆိုင်လို့လဲ”
“ထန်ရှုက ထန်ကောရှန့်ရဲ့ မြေးအရင်းပဲ။ ကဲ ဆိုင်လား၊ မဆိုင်လား ပြောဦးလေ” သွမ့်မုလင်းက ကြိမ်းမောင်းလိုက်သည်။
ကျူးလုံ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ မီးနတ်ဆိုး၊ လျှပ်စီးမိန်းကလေးနှင့် ရေမိန်းကလေးတို့၏မျက်နှာအမူအရာများလည်း မပြောင်းလဲဘဲ မနေနိုင်တော့ချေ။ ထန်မိသားစုကို အရင်အချိန်များတုန်းက ဂရုမစိုက်ခဲ့ကြပေ။ သူတို့လို ဒြပ်စင်ပညာရှင်များအတွက် သာမန်ကလန်တစ်ခု မည်မျှပင် အားကောင်းနေပါစေ သူတို့အား အန္တရာယ်ပေးနိုင်ခြင်းမရှိသည် မဟုတ်ပါလော။
သို့ရာတွင် ၎င်းကား ထန်မိသားစု အာမာကျားသုံပေဟူကို ရှင်းလင်းသတ်ဖြတ်ပစ်ခဲ့သည့်အခါတွင် ပြောင်းလဲသွားခဲ့၏။ ယောင်မိသားစုကိုလည်း အမြစ်ဖြုတ်ပစ်ခဲ့သည်။ ထို့ကြောင့် စွမ်းရည်အသုံးပြုသူများ ဖြစ်နေလင့်ကစား ထန်မိသားစုကို လျှော့မတွက်ရဲချေ။ အာမာကျားသည် ထင်ရှားကျော်ကြားသော တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယောင်မိသားစု၌ ကျွမ်းကျင်သူများစွာ ရှိခဲ့သည် မဟုတ်ပါလော။ ထိုအခြင်းအရာကို ကြည့်ခြင်းအားခြင့် ထန်မိသားစုသည် မှန်းဆ၍ပင်မရသော အောင်မြင်မှုများအား ဆွတ်ခူးနိုင်ခဲ့သည့်ဟု ဆိုနိုင်ပေသည်။
“အဲ့ဒီ ထာ၀ရခန်းမက ဘယ်လိုစွမ်းအားမျိုးရှိလိုလဲ အကြီးအအကဲ။ ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ” ကျူးလုံက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် မေးသည်။
“အဲ့ဒီ ထာ၀ရခန်းမက ကျင်းမန်ကျွန်းမှာ အခြေစိုက်တယ်။ အပြင်ပန်းမှာတော့ ဆိုင်ခွဲတွေအများကြီးရှိတဲ့ စားသောက်ဆိုင်တစ်ခု ဆိုပေမယ့် အတွင်းမှာ သေစေနိုင်လောက်တဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်” သွမ့်မုလင်း ဖြေ၏။ “ငါ့ရဲ့ လေ့လာချက်တွေအရပဲဆိုရင်တောင် သူတို့မှာ သိုင်းပညာရှင်ကြီးနဲ့ယှဉ်နိုင်တဲ့ သိုင်းပညာရှင်တွေရှိတယ်။ လျှို့ဝှက်တဲ့ တည်ထောင်သူလည်းရှိတယ်။ ငါတောင် သူ ဘယ်သူလဲ မခန့်မှန်းနိုင်ခဲ့ဘူး။ ဒါပေမဲ့....”
“ဒါပေမဲ့ ဘာဖြစ်လို့လဲ” ကျူးလုံက အလျင်အမြန် မေး၏။
“အဲ့ဒီ ထာ၀ရခန်းမတည်ထောင်သူက ထန်ရှုရဲ့ တပည့်ဖြစ်နေတယ်” သွမ့်မုလင်းက ကူကယ်ရာမဲ့စွာဖြင့် ဖြေသည်။
ဟင်.....
ကျူးလုံနှင့် ကျန်လူများမှာ တစ်ပြိုင်တည်း ပင့်သက်ရှိုက်မိလိုက်၏။
အချိန်အတော်ကြာပြီးနော် ကျူးလုံက အလောတကြီး ပြောသည်။ “ဒါဆို ဒီထာ၀ရခန်းမဆိုတာက ထန်မိသားစုအင်အားအခွဲပေါ့”
“အဲ့ဒါက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတာပဲ” သွမ့်မုလင်းက ခေါင်းခါရမ်းလိုက်သည်။ “ထာ၀ရခန်းမက ထန်မိသားစုရဲ့ အင်အားအခွဲမဟုတ်ဘူး။ ငါ အချိန်အတော်ကြာ လူလွှတ်ပြီး စုံစမ်းနေခဲ့ပေမယ့် သူတို့ ဆက်နွယ်နေတာကို မတွေ့ခဲ့ရဘူး။ အဆက်အနွယ်ရှိမယ်ဆိုရင် ထန်ရှုကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်”
ရုတ်တရက် အရှိန်အဝါတစ်ခုက ကောင်းကင်၌ ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးကို ဖုံးအုပ်ကာ
ဖိနှိပ်လိုက်လေသည်။ သွမ့်မုလင်းနှင့် ကျူးလုံတို့အဖွဲ့အပါအ၀င် သင်္ဘောပေါ်ရှိ စွမ်းရည်အသုံးပြုသူ ဒါဇင်ကျော်၏မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားကြ၏။ သူတို့၏ခေါင်းပေါ်၌ တောင်ကြီးတစ်တောင် ပိနေသည့်အလား ခံစားနေကြရသည်။ သူတို့ စက္ကန့်၀က်လေးပင် တောင့်မခံနိုင်ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်အနေအထားဖြင့် ခန္ဓာကိုယ်ကို ထောက်ကန်ထားရ၏။
ခေါင်းအစခြေအဆုံး အဖြူရောင်၀တ်ဆင်ထားသော ဂူယန်အာသည် န၀မမြောက် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ကောင်းကင်မိန်းမပျိုတစ်ဦးကဲ့အလားပင်။ သို့သော် သူမ၏ပင်ကိုယ်စိတ်နေသဘောထားမှာ ရင့်ကျက်တည်ငြိမ်သယောင်ဖြစ်၏။ ဂူရှောင်ရွှဲ့နှင့်အတူ သင်္ဘောကုန်းပတ်၌ သူမ ပေါ်လာသောအခါ အင်အားကြီးစွမ်းရည်အသုံးပြုသူဖြစ်သည့် သွမ့်မုလင်းပင်လျှင် ဖိနှိပ်ထားသော အရှိန်အ၀ါကြောင့် ခေါင်းမော့၍မရချေ။
“ကျွန်မက ဂူယန်အာ။ ထန်ရှုရဲ့ တပည့်ဖြစ်ပြီးတော့ သူအချစ်ဆုံးတပည့်ဆိုလည်း မမှားပါဘူး။ ထာ၀ရခန်းမက ကျွန်မ သာမန်ကာလျှံကာ တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းလေးပါပဲ”
သွမ့်မုလင်း၏နှလုံးသားထဲတွင် ဒေါသမုန်တိုင်းများ ခက်ထန်နေပြီး တစ်ချိန်တည်းမှာပင် အကြောက်တရားများလည်း ကြီးစိုးနေ၏။ သူသည် ခွန်အားကြီးပေသည်။ အသတ်ခံခဲ့ရသော အာမာကျားပင်လျှင် သူ့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ချေ။ သို့သော် ယခု ရောက်ရှိလာသည့် ဤမိန်းကလေး၏စွမ်းအားမှာ သူမှန်းဆနိုင်သည်ထက် ကျော်လွန်နေ၏။
သူ မော့ကြည့်ချင်သော်လည်း အရှိန်အဝါက သူ့အား ဖိနှိပ်ချုပ်နှောင်ထားပေသည်။ သူအင်အားမည်မျှ ထုတ်သုံးပါစေ ခေါင်းပင် မမော့နိုင်ချေ။ စကားပြောချင်သော်လည်း သူ၏လည်ချောင်းအတွင်းမှ မည်သည့်အသံမှ ထွက်မလာနိုင်.....လည်ချောင်းမှာ တစ်စက်လေးပင် လှုပ်မသွားပေ။
သူ့မှာ ဧရာမတောင်ကြီးအောက်တွင် ပိနေသည့် ပုရွက်ဆိတ်တစ်ကောင်အလား ခံစားနေရ၏။
ကြောက်မက်ဖွယ်စိတ်ဆန္ဒနှင့် ဒေါသအငွေ့အသက်တို့က ဂူယန်အာ၏မျက်၀န်းများတွင် ပြည့်နှက်သွားသည်။ သူမ၏ပေါက်ကွဲထွက်နေသော အရှိန်အဝါကို ချုပ်တည်းပြီးနောက် ချီစီးကြောင်းတစ်ကြောင်းကို သွမ့်မုလင်း၏လည်ပင်းတွင် ရစ်ပတ်စေပြီး သူမအရှေ့သို့ မြောက်တက်လာစေသည်။ သူမ၏လေသံ၌ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။ “ဘာလို့ ကျွန်မရဲ့ဆရာသခင်က ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ၀င်သွားရတာလဲ ပြောစမ်း။ လိမ်ပြောလို့ကတော့ ရှင်တို့အကုန်လုံးကို သတ်ပစ်မယ်”
သွမ့်မုလင်းက အကြိမ်ကြိမ် ရုန်းကန်သော်လည်း သူ့မှာ မလွတ်မြောက်နိုင်ချေ။ သူက ချီစီကြောင်းကို အသည်းအသန်ဆုပ်ကိုင်၍ ခက်ခက်ခဲခဲ တစ်လုံးချင်းပြောသည်။ “ထန်ရှုကို ငါ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ၀င်ခိုင်းခဲ့တာ။ ဒါပေမဲ့ သူ အန္တရာယ်ကျသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူနဲ့အတူ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ၀င်သွားခဲ့တဲ့ လေးယောက်က ငါ့နောက်လိုက်တွေပါ။ သူတို့က ငါ့ထက် ပိုပြီး အသေးစိတ် ရှင်းပြနိုင်လိမ့်မယ်”
ဂူယန်က လက်ညှိုးလေးတစ်ချောင်း လှုပ်၍ သွမ့်မုလင်းအား ကုန်းပတ်ပေါ် ပစ်ချလိုက်သည်။ ထို့နောက် ကျူံးလုံတို့အဖွဲ့အား ကြည့်၍ အေးစက်စွာ ပြောသည်။ “ရှင်လား”
သူတို့လေးယောက်မှ ကြက်သီးမွေးညင်းများထလျက် ကုန်းပတ်ပေါ် တက်လာကြသည်။ ဂူယန်အာ၏သူမတူသော အလှတရားတွင် မှင်သက်သွားမိသော်လည်း မည့်သို့သော အတွေးမျိုးကိုမှ မတွေးရဲချေ။ ကျူးလုံက ခါးကိုင်း၍ အရိုအသေပြုလိုက်ပြီးနောက် သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် ပြော၏။ “ကျွန်တော်တို့ ထန်ရှုနဲ့အတူ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ဝင်ရောက်ခဲ့ပါတယ် စီနီယာ။ အဖြစ်ကတော့.....”
ကျူးလုံ၏ပြောပြချက်ကြောင့် ဂူယန်အာသည် ကိစ္စတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။ ထို့နောက် သူမက သွမ့်မုလင်းကို အေးစက်စွာ စိုက်ကြည့်၍ ကျောချမ်းဖွယ်လေသံဖြင့် ပြော၏။ “ရှင်တို့ ကောင်းကင်က မျက်နှာသာပေးထားတဲ့ အခွင့်ထူးခံလူတွေပဲ။ အသေးစားစွမ်းရည်တွေကို ပိုင်ဆိုင်ထားပေမယ့် ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမြတ်မှုကို သဘောမပေါက်တဲ့ သာမညလူတွေ။ ကျွန်မရဲ့ ဆရာသခင်က ရှင်တို့နဲ့အတူ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲ ၀င်သွားခဲ့တာ ရှင်တို့အတွက် ကံကောင်းမှုပဲ။ ကျွန်မပြောမယ့် စကားလုံးတွေကို အရိုးစွဲအောင် မှတ်ထား။ နောက်နောင် ဘယ်တော့မှ ထာ၀ရခန်းကို လာမစုံစမ်းနဲ့။ ကျွန်မတို့နဲ့ ဘယ်တော့မှ လာမပက်သက်နဲ့။ ကျွန်မတို့က နိုင်ငံရေးလည်း စိတ်မ၀င်စားသလို ဘယ်နိုင်ငံနဲ့မှလည်း မပက်သက်ချင်ဘူး။ ကျွန်မတို့မျက်လုံးထဲမှာ အရေးအကြီးဆုံးက ဆရာသခင်ပဲ။ သူ့ကို ဒုက္ခရောက်စေတဲ့ ဘယ်သူ့ကိုမဆို အပြီးတိုင်ချေမှုန်းပစ်ဖို့ ၀န်လေးနေမှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် သူမသည် ဂူရှောင်ရွှဲ့နှင့်အတူ ကုန်းပတ်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။
သွမ့်မုလင်းမှာ အချိန်အတော်ကြာ မှင်သက်နေခဲ့၏။ သူက ဂူယန်အာ ရပ်နေခဲ့သည့်နေရာကိုသာ စိုက်ကြည့်နေလေသည်။ သူ တစ်ခုခု ပြောချင်သော်လည်း မည်သည့်စကားလုံးကမှ သူခံစားနေရသည့်အရာကို ဖော်ပြနိုင်စွမ်းမရှိချေ။
နောက်ဆုံးတော့ ကျူးလုံက ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ပြော၏။ “အကြီးအကဲ ဒီကမ္ဘာမှာ ကောင်းကင်ဘုံအင်မော်တယ်တွေရှိတယ်လို့ ယုံလား”
သွမ့်မုလင်းက ဖြည်းဖြည်းချင်း လှည့်ကြည့၍ တခဏ ငြိမ်သက်နေပြီးနောက် ဖြေသည်။ “အရင်ကတော့ အဲ့လိုအရာမျိုးကို အယုံအကြည်မရှိခဲ့ဘူး။ အခုတော့.....ငါ ယုံရတော့မယ်”
“ဒါပေမဲ့ အကြီးအကဲ။ ဒီ ဂူယန်အာက သူ့ကိုယ်သူ ထန်ရှုတပည့်လို ပြောသွားတာ။ ကျွန်တော်တို့ ထန်ရှုရဲ့စွမ်းအားကို ကိုယ်တိုင်မြင်ခဲ့ရလို့ သူအစွမ်းထက်တာ သိပေမယ့် ဂူယန်အာနဲ့ယှဉ်လိုက်ရင် မိုးနဲ့မြေလိုပဲ။ အဲ့ဒါဆို သူ့စွမ်းအား အမှန်က ဘာလဲ” ကျူးလုံက ဆက်ပြောသည်။ “ပြီးတော့ ဒီဂူယန်အာက ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအဆင့်နဲ့ တာအိုကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ အဲ့ဒါဆို ...... ထန်ရှုကရော တာအိုကျင့်ကြံသူပဲလား”
“မင်းထင်တာမှန်တယ်။ ထန်ရှုက တာအိုကျင့်ကြံသူတစ်ယောက်ပဲ” သွမ့်မုလင်းက ခေါင်းညိတ်ရင်း ပြော၏။ “အဲ့ဒါကြောင့် ကြယ်သုံးပွင့်အကြွင်းအကျန်ရှာဖွေတာမှာ သူ့ကို ထည့်ခဲ့တာ။ ဒဏ္ဍာရီတွေအရ ကျင့်ကြံခြင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားတဲ့ကျင့်ကြံသူတွေက ကောင်းကင်ဘုံစမ်းသပ်ချက်ကို ရင်ဆိုင်ရတယ်။ သူတို့ အဲ့ဒီစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ရင် အဟန့်အတားတွေ ဗလာနယ်တွေကို ဖြတ်သန်းသွားပြီးတော့ အင်မော်တယ်ကမ္ဘာဆီ တက်ရောက်နိုင်လိမ့်မယ်။ အဲ့ဒီဒဏ္ဍာရီကို ယုံတမ်းစကား၊ ပုံပြင်တစ်ပုဒ်လို့ပဲ ထင်ထားခဲ့တာ။ အခုတော့ အမှန်ဖြစ်နေပြီထင်တယ်”
ကျူးလုံနှင့် အခြားသူများမှာ လေအေးများကို ပင့်သက်ရှိုက်ကာ ရှုသွင်းလိုက်မိ၏။ သွမ့်မုလင်း၏မှန်းဆချက်များမှာ ဖြစ်နိုင်ချေ ရှိပေသည်။ ထာ၀ရခန်းမ၏တည်ရှိနေမှုကား ကြောက်မက်ဖွယ်ဖြစ်၏။ သူတို့သာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်ချင်လျှင် ၎င်းက သူတို့အတွက် ကလေးကစားစရာသာသာပင် ဖြစ်နေလိမ့်မည်မဟုတ်ပါလော။
မဟုတ်သေး။ ထန်ရှုသာ တစ်ကမ္ဘာလုံးကို အုပ်ချုပ်လိုလျှင် ၎င်းက သူ့အတွက် လွယ်ကူနေမည်လော။
သူတို့သည် ဂူယန်အာ၏အင်အားကို ပြန်လည်တွေးမိလိုက်ပြီး ဂူယန်အာကိုယ်တိုင် ပြောသွားခဲ့သည့် ထန်ရှု၏ရာထူးကို အမှတ်ရလိုက်သည်။ သူတို့ခံစားနေရသည့် ပူပင်ကြောက်လန့်မှုမှာ အဆုံးစွန်ထိ ရောက်ရှိသွားလေပြီ။ ထန်ရှု၌ ထိုသို့အကြံအစည်မျိုးရှိပါက သူတို့.....
သွမ့်မုလင်းမှာလည်း အလားတူ စိုးရိမ်နေသည်။ သို့သော် ဂူယန်အာသည် နိုင်ငံရေးကိုသာ စိတ်မ၀င်စားဆိုသော အချက်က စိတ်သက်သာရာရစေ၏။
ထန်ရှုသည်လည်း သူတို့အကြံအစည်မျိုး ရှိပုံမပေါ်ပေ။ မဟုတ်လျှင် သူအလိုရှိသည့်အတိုင်း တရုတ်နိုင်ငံအရှင်သခင် ဖြစ်နေလိမ့်မည် မဟုတ်ပါလော။
အတွေးပေါင်းသောင်းခြောက်ထောင်က သွမ့်မုလင်း၏စိတ်ထဲတွင် ဖြတ်ပြေးနေ၏။ အချိန်အတော်ကြာသွားပြီးနောက် သွမ့်မုလင်းက အေးဆေးတည်ငြိမ်သော အကြည့်ဖြင့် ကြောက်ရွံ့နေသော စွမ်းရည်အသုံးပြုသူများ၊ သူ၏နောက်လိုက်များကို ကြည့်ကာ ပြောသည်။ “ငါ့အမိန့်ကို ဖြန့်လိုက်။ ထန်ရှု၊ ထာ၀ရခန်းမ၊ ခမ်းနားသောထန်လုပ်ငန်းစုနဲ့ ပေကျင်းကထန်မိသားစုကို ဘယ်ဌာနက ဘယ်သူမှ ရန်သွားမစနဲ့”