ပင်လယ်ပြင်မှ ပြင်းထန်သောတိုက်ပွဲ
Vol. 59 Ch. 817
ထန်ကောရှန့်၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသဖြင့် ထန်မင်းက အလောတကြီး ထန်ကောရှန့်အရှေ့သို့ ပြေးသွားရင်း အော်ဟစ်လိုက်၏။ “သတ်ပစ်”
ထန်မင်းနောက်တွင် ရပ်နေခဲ့သည့် မိန်းမနှစ်ယောက်နှင့် ယောက်ျားနှစ်ယောက်က ဖြတ်ခနဲ လှုပ်ရှားလိုက်သည်။ မိန်းမတစ်ယောက်က ချက်ချင်း ထန်မင်းအရှေ့၌ ပေါ်လာကာ သေစေနိုင်သော အရှိန်အဝါကို ဖြန့်ကျက်လိုက်၏။ သူမနောက်ရှိ ဓားအိမ်တွင် အမြဲထည့်ထားသော ဓားရှည်က ချက်ချင်း ဓားအိမ်ကို စွန့်ခွာသွားသည်။ ဓားလက်အတွင်းသို့ ရောက်သည်နှင့် သူမက ဓားပုံရိပ်အလွှာများကို ဖန်တီးလိုက်သည်။
လျှပ်တစ်ပျက်အတွင်း မုန်တိုင်းတစ်လုံး ထန်လာပြီး စစ်သင်္ဘောတစ်ဖက်တစ်ချက်ရှိ ရေများက အပေါ်သို့ မြောက်တက်လာလေသည်။
ရိုတ်ခတ်နေသော လှိုင်းတံပိုးများက ဓားပုံရိပ်အလွှာများနှင့်အတူ မီးနဂါးနှစ်ကောင်ထံသို့ ပြေး၀င်သွား၏။ ဗလတောင့်တောင့်လူမှာ သူအရှေ့တွင် မှောင်မိုက်သွားမှုကို ခံစားလိုက်ရသည်။ မီးနဂါးနှစ်ကောင်မှာ တိုက်ကွက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသဖြင့် မီးမှုန်မီးစများက လွင့်စင်ထွက်ကုန်၏။ သို့ထိတိုင် ဓားပုံရိပ်အလွှာများက သူထံ တစ်စိုက်မတ်မတ် ဦးတည်လာနေသေးသည်။ သူ၏သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက လက်များကို ရှေ့သို့ ထုတ်လိုက်၏။
“မီးနံရံ”
တစ်ခုနှင့်တစ်ခု ထပ်နေသော မီးတောက်အလွှာများက ပေါင်းစုသွားပြီး ပင့်ကူမျှင်များကဲ့သို့ ရှည်ထွက်သွားသည်။ နောက်ဆုံးတွင် ထူထဲသော မီးနံရံတစ်ခု ဖြစ်ပေါ်သွား၏။ မီးနံရံက လွင့်စင်ထွက်လာသော မီးတောက်များကို စုပ်ယူလိုက်ပြီး ဓားပုံရိပ်အလွှာကို ပြေးတိုက်လိုက်လေသည်။
ဝုန်း။
ဗလတောင့်တောင့်လူမှာ တဆတ်ဆတ် တုန်ရီလျက် ယိမ်းယိုင်သွားသော်လည်း သူက ချက်ချင်း ဟန်ချက်ထိန်းလိုက်၏။ ထိုအခိုက်အတန့်၌ ပင်လယ်ပြင်ထက်တွင် မီးတောက်လမ်းကြောင်းနှစ်ခု ပေါ်လာပြီး သူက သူတို့၏ခရီးသည်သင်္ဘောထံ ပျံသန်းသွားသည်။ သူ့အနောက်ရှိ ပြင်သစ်စွမ်းရည်အသုံးပြုသူလေးယောက်က သူတို့၏စွမ်းအားများကို တစ်ခုပြီးတစမခု ထုတ်လွှတ်နေလေရာ ရေမြားများပြည့်နှက်နေသည့် ဆိုင်ကလုန်းတစ်ခုက တဝေါဝေါ မြည်လျက် ပေါ်လာ၏။ စွမ်းအားနှစ်ခုမှ တစ်ခုနှင့်တစ်ခု လိုက်ဖက်လွန်းသဖြင့် သူတို့အရှိန်ကို အမြင့်ဆုံးအထိ တင်ပေးထားနိုင်၏။ သူတို့က မီးနံရံပျောက်ကွယ်သွားသည်နှင့် ရှေ့သို့ အကြမ်းပတမ်း ပြေးထွက်သွားလေသည်။
အုန်း....
ထိုလေးယောက်မှာ လှိုင်းလုံများဖြင့် ရိုက်ချခံလိုက်၏။ သို့သော် သူတို့လွင့်ထွက်သွားသည်နှင့် လေပြေများက ခရီးသည်သင်္ဘောပေါ်ရှိ လေဒြပ်စင်ပညာရှင်ထံမှ ထွက်ပေါ်လာကာ သူတို့အား သယ်ဆောင်၍ ကုန်းပတ်ပေါ် တင်ပေးလိုက်သည်။
ဓားပုံရိပ်များကို ထုတ်လွှတ်လိုက်သော သက်လတ်ပိုင်းအမျိုးသမီးမှာ နောက်သို့ သုံးလှမ်းဆုတ်၍ ဟန်ချက်ထိန်းလိုက်သည်။ သူမ၏စူးရှသော မျက်၀န်းများက ဗလတောင့်တောင့်လူပေါ်တွင် ကျရောက်သွားပြီး သူမက သရော်ပြုံးပြုံးလိုက်လေသည်။ “ဟက်...ဒီလောက် အားနည်းတဲ့စွမ်းရည်အသုံးပြုတွေက ဒီလို နေ့လယ်ခင်းကြီးမှာတောင် တိုက်ခိုက်ရဲတယ်နော်။ ပြင်သစ်လူမျိုးတွေအားလုံးကတော့ နင်တို့လို မရိုင်းစိုင်းဘူးမလား”
ဗလတောင့်တောင့်လူ၏မျက်နှာကြီးမှာ အကျည်းတန်သွားပြီး သူက ထိုအမျိုးသမီးကို ပြန်စိုက်ကြည့်၍ ဟိန်းဟောက်လိုက်သည်။ “မင်းက ဘယ်သူလဲ။ ဘယ်လိုစွမ်းအားမျိုးကို သုံးလိုက်တာလဲ။ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”
သက်လတ်ပိုင်းအမျိုးသမီးက မဲ့ပြုံးပြုံးလိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူမက အံအားသင့်နေသော ထန်မင်းကို ကြည့်၍ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမအနောက်တွင် ပြန်လည်နေရာယူလိုက်သည်။
“ကျန်တဲ့လူတွေကရော နင့်လို အစွမ်းထက်သလား” ထန်မင်းက အလျင်အမြန် မေး၏။
“အနည်းနဲ့အများပေါ့” သက်လတ်ပိုင်းအမျိုးသမီးက ဖြေသည်။
“နင်တို့လေးယောက် ပေါင်းတိုက်မယ်ဆိုရင် အဲ့ဒီခေါင်းဆောင်ကို နိုင်မလား” ထန်မင်းက ထပ်မံ မေးပြန်သည်။
“ငါ တစ်ယောက်တည်းဆိုရင်တော့ အားအတော်စိုက်ထုတ်ရလိမ့်မယ်။ ဒါပေမဲ့ ထိခိုက်မှုအကျိုးဆက်က သင်္ဘောကို ပျက်စီးသွားစေနိုင်တယ်။ နှစ်ယောက်ပေါင်းတိုက်ရင် သူ့ကို သတ်ပစ်နိုင်တယ်။ လေးယောက်ပေါင်းလိုက်ရင်တော့ သူ့မှာ အသက်နှစ်သက်ရှိရင်တောင် ဒီပင်လယ်ကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာမဟုတ်ဘူး” သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ဘာကို စောင့်နေတာလဲ။ အခုချက်ချင်း သတ်လိုက်လေ။ ပြင်သစ်ကောင်တွေတော့ ဒုက္ခရောက်ပြီပဲဟေ့” ထန်မင်းက စိတ်လှုပ်တရှား ပြော၏။
“အခု မလှုပ်ရှားနဲ့ဦး” ထန်ကောရှ့န်က ခပ်သွက်သွက် ဆိုသည်။ “သူတို့လူတွေက အများကြီးပဲ။ ပြီးတော့ သူတို့အင်အားကလည်း လှောင်စရာမဟုတ်ဘူး။ ငါ သူတို့ကို အရင် တပ်ဆုတ်ခိုင်းမယ်။ သူတို့ ငြင်းတော့မှ လှုပ်ရှားလည်း နောက်မကျပါဘူး”
သူမြေးထန်ရှုလွှတ်လိုက်သည့် ဤသက်လတ်ပိုင်းအမျိုသမီး၏စွမ်းအားက သူ့ကို အမှန်ကတယ် အံ့ဩမှင်သက်သွားစေသည်။ ထန်ရှုက ဤလူများကို လျစ်လျူရှုထားသည်ဟု သူထင်ခဲ့မိ၏။ ထာ၀ရခန်းမ၏အဓိကအဖွဲ့၀င်များမှာ တာအိုကျင့်ကြံသူများဖြစ်ကြောင်း ထန်ရှု ပြောပြခဲ့သည်ကို ချက်ချင်း မှတ်မိသွားတော့သည်။
ထိုအချိန်တွင် ရန်သူသင်္ဘောပေါ်ရှိ ရန်သူ ဒြပ်စင်ပညာရှင်များကို လှမ်းကြည့်လိုက်သည်။ သူ၏အကြောက်တရားနှင့်စိုးရိမ်စိတ်တို့မှာ ပျောက်ကွယ်သွားပြီး သူက ခေါင်းမော့၍ ဗလတောင့်တောင့်လူကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ “မင်းတို့ကို ဒါနောက်ဆုံး သတိပေးတာပဲ။ အခုချက်ချင်း ထွက်သွားကြ။ မဟုတ်ရင် မင်းတို့ခြိမ်းခြောက်ထားတဲ့အတိုင်း မင်းတို့ကို အမှုန့်ချေပစ်လိုက်မယ်”
ဗလတောင့်တောင့်လူမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း သူသည် အကြောက်တရားမရှိချေ။ သူ့တွင် သေစေနိုင်သော ဝှက်ဖဲများ ရှိသေး၏။ ထို့ကြောင့် သူက သတိပေးချက်အား ခွက်ထိုးခွက်ရယ်လျက် တုံ့ပြန်လိုက်သည်။ “ဟက်...ခင်ဗျားက အဲ့အဘွားကြီးကို အားကိုးပြီး ကျုပ်တို့ကို မောင်းထုတ်တယ်ပေါ့။ ကြည့်ရတာ ခင်ဗျားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းခေါင်းကို မြည်းအကန်ခံလိုက်ရပြီးလား အဘိုးကြီး။ ရေလှိုင်း မင်းအလှည့်ပဲ”
“ကိစ္စမရှိပါဘူး”
မိုးမခပင်ကဲ့သို့ သွယ်လျသောခါးကို ပိုင်ဆိုင်ထားပြီး မပေါ့်တပေါ် ၀တ်စားထားသော ရှေ့ထွက်လာ၏။ တခစ်ခစ် ရယ်သံနှင့်အတူ ကောင်းကင်ပေါ်မှ မိုးရေစက်များက တဖွဲဖွဲ ကျလာလေသည်။ တစ်ချိန်တည်းမှာပင် မိုးပြာရောင်၀တ်စုံများ၀တ်ဆင်ထားပြီး လက်နက်အမျိုးမျိုး ကိုင်ဆောင်ထားသည့် ယောက်ျား၊ မိန်းမ ခြောက်ယောက် သူမအနောက်၊ လေပေါ် ၌ ပျံဝဲနေ၏။
သူတို့ရပ်နေသည် စစ်သင်္ဘောအောက်ရှိ လှိုင်းလုံးများမှာ ပိုမိုအားကောင်းလာပြီး လေပြင်းအားကလည်း ပိုမိုအားကောင်းလာသည်။ ထို့နောက် ရေများဖြင့် ပြုလုပ်ထားသော ရေမဏ္ဍိုင် ၇၂ တိုင်က မြောက်တက်လာကြသည်။ ၎င်းတို့က ပြင်းထန်စွာ လည်ပတ်နေရင်း ပတ်ပတ်လည်ရှိ ရေစက်ရေပေါက်များကို စုပ်ယူနေ၏။
“ဂရုစိုက်ကြ။ သင်္ဘော မမှောက်သွားစေနဲ့”
ကုန်းပတ်ပေါ်တွင် ရပ်နေသည့် ထန်မင်းမှာ အနည်းငယ် ယိမ်းယိုင်သွားလေသည်။
ထိုအခိုက်အတန့်၌ ကျောတွင် ဓားရှည်များသယ်ဆေုင်ထားသော ယောက်ျား၊ မိန်းမ လေးယောက်က ကြယ်တံခွန်များကဲ့သို့ ပြေးထွက်သွားကာ အရှေ့ရှိ သင်္ဘောပေါ်တွင် ပေါ်လာ၏။ သူတို့ဓားရှည်လေးလက်က ချက်ချင်း တစ်ခုနှင့်တစ်ခု လှည့်ပတ်၍ရောနှောသွားရင်း လေးသွားဓား၀င်္ကပါကို ချက်ချင်း ဖော်ဆောင်လိုက်သည်။ ၎င်း၀င်္ကပါထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ပြင်းထန်လွန်းသဖြင့် သိပ်သည်းလှသာ ရေမဏ္ဍိုင်ကြီးများပင် အနည်းငယ် ပုံပျက်သွား၏။
“ဓားအရိပ် အလင်းတန်း”
ကောင်းကင်ကိုပင် ဖုံးအုပ်သွားသော ဧရာမဓားအလင်းတန်းကြီးက ရန်သူ့သင်္ဘောထံ ပြေး၀င်သွားလေသည်။ ဓားအလင်းရောင်နောက်ရှိ လူလေးယောက်က သူတို့ပတ်ပတ်လည်ရှိ လေဟာနယ်ကို စုပ်ယူလိုက်ပြီး အင်မတန်နက်မှောင်သော နေရာလပ်တစ်ခုကို ဖန်တီးလိုက်၏။ အသက်ရှိဟန်တူသည် ရေမဏ္ဍိုင်များက သူတို့ကို တိုက်ခိုက်ရန် ပြေး၀င်လာသော်လည်း အဆက်မပြတ်လည်ပတ်နေသော ဓားအလင်းတန်းက ပင်လယ်ပြင်အား မိုးသက်မုန်တိုင်းများ ပြည့်နှက်နေသည့် နေရာကြီးတစ်ခုအဖြစ် ပြောင်းလဲနေလေသည်။
..........
တိုက်ပွဲနေရာမှ မိုင်ထောင်ပေါင်းများစွာတွင်။
ကုန်တင်သင်္ဘောတစ်စီးမှာ ပင်လယ်ထက်တွင် မြောနေပြီး အနောက်တိုင်း၀တ်စုံများ ၀တ်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးက ၎င်း၏အမိုးပေါ်တွင် ရပ်နေ၏။ အမျိုးသားမှာ အရပ်ရှည်ပြီး ချောမောသော်လည်း အားမာန်ပြည့်ပုံပေါ်သည်။ အမျိုးသမီးကတော့ နူးညံ့၍ ဆွဲဆောင်မှုရှိလေသည်။ သူတို့က သူတို့အရှေ့ရှိ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ မြင်နိုင်သည့်အလား အဝေးတစ်နေရာရှိ ပင်လယ်ပြင်ကို ငေးမောကြည့်နေ၏။ သူတို့ကား မီတာ ၁၀၀၀၀ ကျော်ရှိ တိုက်ပွဲအား ကြည့်ရှုနေခြင်းဖြစ်လေသည်။
“ငါထင်တာ မှန်ရင် အဲ့ဒီလေးယောက်က ဒဏ္ဍာရီလာတရုတ်လူမျိုးတာအိုသူတော်စင်တွေပဲ ဖြစ်ရမယ် ဒိုရော့။ အဲ့ဒီလိုလူမျိုးတွေပဲ ဒီလို အားကောင်းလွန်းတဲ့ တိုက်ကွက်တွေကို ထုတ်နိုင်မှာ” သိမ်မွေ့လှပသော အမျိုးသမီးက ပြုံးလျက် ပြော၏။ သူမ၏ နားသယ်စပ်မှ ဆံနွယ်စများကို ကြာပန်းကဲ့သို့ နူးညံ့ဖြူဥနေသာ လက်ချောင်းလေးများဖြင့် သပ်တင်လိုက်သည့်ပုံက သူမ၏မိန်းကလေးဆန်မှုအား ရင့်ကျက်သည့်ဟန် ပေါ်သွားစေသည်။
“ဟက် သူတော်စင်ဆိုပါလား” ဒိုရော့က နှာမှုတ်လိုက်၏။ “ငါ တစ်ခါတုန်းက အဲ့ဒီလေးယောက်ထက် သန်မာတဲ့ကောင်နဲ့ တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့အကောင်စုတ်က ရိုင်းဆိုင်းပြီးဘ၀င်မြင့်လွန်းတယ်။ ဒါကြောင့် ငါ့စီနီယာအကိုနဲ့ ဆရာသခင်က ပူးပေါင်းပြီး သူ့ကို သတ်ခဲ့ဖူးတယ်။ ငါသာ အခုအချိန်လောက် သန်မာခဲ့ရင် ငါ့ဆရာသခင် ဒဏ်ရာအပြင်းအထန်ရပြီး သေခဲ့မှာ မဟုတ်ဘူး”
“ငါတော့ မထင်ဘူး” မိန်းမလှလေးက ခေါင်းခါရမ်းကာ ပြောသည်။ “နင့်ဆရာက ငါတို့အမေရိကမှာ အရမ်းတော်တဲ့ စွမ်းရည်အသုံးပြုသူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ အရှေ့ခရူးဆိတ်လေ့လာရေးမှာလည်း ပါခဲ့ဖူးတဲ့လူ။ နင့်အခုအခြေအနေက သူ့ရဲ့ဟိုးတုန်းကအခြေအနေလောက်တောင် မသန်မာသေးဘူး။ သူက ဒဏ်ရာကြောင့် သေသွားခဲ့ပေမယ့် သူသေသွားတဲ့အချိန်မှာ နင့်သူ့နေရာမှာ အစား၀င်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဒီပြင်သစ်စွမ်းရည်အသုံးပြုသူတွေက အတော်လေးစွမ်းကြတယ်။ အထူးသဖြင့် ငါသိတဲ့ ရေလှိုင်းပေါ့။ ငါသူ့ကို အနိုင်ယူခဲ့ဖူးတယ်။ သူ့နောက်ကလူခြောက်ယောက်လုံးက ရေဒြပ်စင်အထူးပြုတဲ့ စွမ်းရည်အသုံးပြုသူတွေပဲ။ သူတို့ပူးပေါင်းလိုက်ရင် စွမ်းအားကို ဆယ်ဆမက တိုးသွားစေတယ်။ ဆိုတော့ နင် ဘယ်သူနိုင်မယ်ထင်လဲ။ တရုတ်တွေလား။ ပြင်သစ်ဒြပ်စင်ပညာရှင်တွေလား”
“အားနည်းတဲ့လူ သန်မာတဲ့လူ ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးအောင်နိုင်သူက သူတို့ ဖြစ်လာမှာ မဟုတ်ဘူး” ဒိုရော့က စိတ်မ၀င်စားဘဲ ပြောသည်။ “ပြင်သစ်တွေက ကြယ်သုံးပွင့်အကြွင်းအကျန်မှာ ဘာမှမရလိုက်ပေမယ့် တရုတ်တွေကတော့ တော်တော်လေး ရလိုက်တယ်။ ဟိုက်ပင်ကျွန်းပေါ်မှာ သူတို့ကို ဘာမှလုပ်လို့မရပေမယ့် ဒီမှာတော့.....သူတို့ ကြယ်သုံးပွင့်အကြွင်းအကျန်က ရခဲ့တဲ့ပစ္စည်းတွေကို ငါတို့ လူယူရမယ်”
သိမ့်မွေ့သော မိန်းမပျိုလေးက ပြုံးလျက် ပြော၏။ “ငါ့ကို လုပ်ခွင့်ပေး။ ဒါပေမဲ့ အခကြေးငွေတော့ ပေးရမယ်နော်”
“မင်း ဘာလိုချင်လဲ ငါသိပါတယ်” ဒိုရော့က နှာမှုတ်လိုက်သည်။ “မင်း ရေဒြပ်စင်ပုံဆောင်ခဲတွေကို လိုချင်တာမလား။ ပေးမယ်ကွာ။ မကျေနပ်သေးရင် ငါတို့ပြန်ရောက်တဲ့အခါကျ ရေဒြပ်စင်စကြာ ထုတ်လုပ်တာမှာ ကူညီဖို့ လူတစ်ယောက်ရှာပေးမယ်”
မိန်းမပျိုလေးက မျက်လုံးများ ၀င်းလက်တောက်ပသွားပြီး တုံဆိုင်းခြင်းမရှိ ဆို၏။ “သဘောတူတယ်”
.......
တိုက်ပွဲအတွင်း။
ထာ၀ရခန်းမ၏ကျွမ်းကျင်သူလေးယောက်ကား စွမ်းအားအလုံးစုံ ထုတ်ထား၏။ ရေလှိုင်းနှင့် အခြားရေဒြပ်စင်ပညာရှင်တို့၏ပူးပေါင်းတိုက်ကွက်များ မည်မျှပင် ခမ်းနားကြီးကျယ်နေပါစေ လေးသွားဓား၀င်္ကပါနှင့် မယှဉ်နိုင်ချေ။ ပြင်းထန်လှသော ဓား၀င်္ကပါ၏ရိုက်ခတ်မှုကြောင့် ပြင်သစ်သင်္ဘောကြီး၏သစ်သားစများမှာ ကွာကျနေလေသည်။ သင်္ဘော၏ပုံပန်းသွင်ပြင်အရ ၀င်္ကပါတစ်ခုတည်းက ဤတိုက်ပွဲကို အဆုံးသတ်သွားမည့်ပုံ ပေါ်နေ၏။
“သွားကြ။ သူတို့ သင်္ဘောကို သိမ်းကြ”
ဗလတောင့်တောင့်လူက ဟိန်းဟောက်လိုက်ပြီး ထာ၀ရခန်းမ၏ကျွမ်းကျင်သူလေးယောက်ထံ ပြေး၀င်သွား၏။ တစ်ချိန်တည်းမှာပင် အခြားစွမ်းရည်အသုံးပြုသူများကလည်း တိုက်ကွက်များ တစ်ကွက်ပြီးတစ်ကွက်ထုတ်လျက် ထန်မိသားစုကို အပြင်းအထန် တိုက်ခိုက်နေကြလေသည်။
တိုက်ပွဲများ ရက်စက်ကြမ်းကြုတ်လှပြီး အလောင်းများကား ဟိုဟိုသည်သည် ပြန့်ကျဲနေ၏။
တစ်ယောက်နှင့်တစ်ယောက် အသေအကြေ တိုက်ခိုက်နေကြသော်လည်း နှစ်ဖက်လုံးသည် သင်္ဘောများ မထိခိုက်အောင် ဂရုစိုက်နေကြလေသည်။ ရှုံးနိမ့်သည့် မည်သူမဆို သင်္ဘောကိုအသုံးပြု၍ ထွက်ပြေးရမည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိကြ၏။
......
တိုက်ပွဲနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးသည့်နေရာတွင်ကား အဝါရောင်သဲများဖြင့် ကျွန်းတစ်ကျွန်း။ ထန်ရှုသည် ကျောက်တန်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း အာကာသမှ ကြယ်စွမ်းအားကို စုပ်ယူနေ၏။ သူ၏လုံ့လဝီရိယရှိစွာ ကျင့်ကြံမှုကြောင့် ကြယ်အားခန္ဓာကျင့်ကြံခြင်းမှာ ပို၍ နက်နဲအားကောင်းလာပြီး ပြီးပြည့်စံရန် နှစ်လွှာမျှသာ လိုတော့လေသည်။
ထန်ရှုက မျက်လုံးများဖွင့်၍ ရောင်ပြန်မှန်သားပြင်ကို ကြည့်လိုက်သည့်အခါ သူ၏မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွား၏။ သူ့လက်ချောင်းများ ပုံရိပ်ယောင်မျက်နှာပြင်မှ လျှောကျသွားသည့်အခါ ထူးဆန်းသော သင်္ကေတများ ပေါ်လာသည်။ ပေါ့စ်ဒိုရက်နဂါးငွေ့တန်းမှ အက္ခရာများနှင့် နံပါတ်များ ဖြစ်၏။
နံပါတ်များက သူ၏လက်ရှိတည်နေရာနှင့် ရောင်ပြန်မှန်သားပြင်ပေါ်မှ နေရာကြားရှိ အကွာအဝေးအတိအကျကို ညွှန်ပြနေသည်။
“မင်းတို့နှစ်ယောက် ပြန်လာခဲ့”
ထန်ရှု၏ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်လာပြီး ငုံ့ကြည့်လိုက်သည်။ သူက ၂ ကီလိုမီတာအကွာရှိ ချန်းရွှဲ့မေနှင် ဂူရှောင်ရွှဲ့တို့ကို လှမ်းအော်လိုက်၏။
အချိန်အနည်းငယ်ကြာသော် လူရိပ်နှစ်ခုက အလျင်အမြန် ပြေးလာနေလေသည်။ မြေဆွဲအားဝတ်စုံကို ပိတ်၍ ပြေးလာနေသော ချန်းရွှဲ့မေသည် ယခုတွင် သူမ၏စွမ်းအား တစ်ချို့တစ်၀က်ကို ထိန်းချုပ်နေပြီဖြစ်၏။ သူမအရှိန်မှာ ဂူရှောင်ရွှဲ့ထက် သိသိသာသာ လျှော့ကျနေသေးသော်လည်း သူမမှာ ၀မ်းမြောက်နေချေသည်။
“ခေါ်ပါသလား ဆရာအဘိုး” ဂူရှောင်ရွှဲ့က ဆို၏။
ထန်ရှုက သောင်ပြင်ပေါ်တွင် ကျောက်ချထားသော ရေကုန်းသွားကော်ဗက်ယာဉ်ထံ ချက်ချင်း ပျံသန်းသွားသည်။ သူ၏အသံက အနောက်တွင် ကျန်ရစ်ခဲ့၏။ “ကော်ဗက်ယာဉ်ပေါ် မြန်မြန်တက်ကြ။ ငါတို့လူတွေ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့နေရာမှာ အတိုက်ခိုက်ခံနေရတယ်။ ငါတို့ သူတို့ကို ချက်ချင်း သွားကယ်ရမယ်”
ငါတို့လူတွေ.....
ဂူရှောင်ရွှဲ့၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူမက ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ချန်းရွှဲ့မေ၏ဘေးတွင် ချက်ချင်း ပေါ်လာ၏။ သူမ၏ဖြူဥနေသော လက်ချောင်းလေးများက ချန်းရွှဲ့မေ၏အင်္ကျီကော်လံကို ကိုင်၍ သူမကိုဆွဲကာ ကော်ဗက်ယာဉ်ထံ ပြေးထွက်သွားတော့သည်။
“ကျွန်မတို့ကယ်ရမယ့် ‘ငါတို့လူတွေ’ ဆိုတာ ဘယ်သူတွေလဲဟင် ဆရာအဘိုး” ဂူရှောင်ရွှဲ့က ထန်ရှုဘေးသို့ ရောက်သည်နှင့် အလျင်အမြန် မေးလိုက်၏။