တစ်ဖက်သက် လူသတ်ပွဲ
Vol. 59 Ch. 818
ထန်ရှု၏မျက်နှာအမူအရာမှာ မည်းမှောင်နေလျက်ရှိပြီး သူက ရေကုန်းသွားကော်ဗက်ယာဉ်၏ခလုတ်ခုံပေါ်ရှိ ပုံရိပ်ယောင်ကီးဘုတ်အား အလျင်အမြန် နှိပ်နေ၏။ ကော်ဗက်ယာဉ်မှာ ရေမျက်နှာပြင်ပေါ်၌ အတော်ကြာ မောင်းနှင်သွားပြီးနောက် ပင်လယ်ရေအောက်သို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ ၎င်း၏စွမ်းအားမှာ ရုတ်တရက် ထိုးတက်လာပြီး လျှပ်စီး၏အမြန်နှုန်းဖြင့် မိုင်ထောင်ပေါင်းများစွာကွာဝေးသော ခရီးသည်သင်္ဘောထံ ဦးတည်ထွက်ခွာသွား၏။
ကော်ဗက်ယာဉ်အတွက် မိုင်ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားရန် မိနစ်အနည်းငယ်သာ ကြာမည်ဖြစ်သည်။ သို့ရာတွင် ရေပြင်ထက်ရှိတိုက်ပွဲကား ပိုပို၍ ပြင်းထန်လာနေ၏။ ပြင်သစ်စွမ်းရည်အသုံးပြုသူများက တိုက်ကွက်အမျိုးမျိုးကို ထုတ်သုံးနေကြသဖြင့် တိုက်ပွဲကား သူတို့ဘက် အလေးသာနေချေသည်။
“ထွက်သွားကြစမ်း”
ဗလတောင့်တောင့်လူ၏အခြေအနေမှာတော့ ကွဲပြားသည်။ သူ့နောက်လိုက်များသည် ထန်မိသားစုကိုယ်ရံတော်အဖွဲ့ ၁ နှင့် ၂ ကို အထိနာနေစေသော်လည်း သူ့မှာတော့ ထာ၀ရခန်းမကျွမ်းကျင်သူ ၂ ယောက်ကြောင့် အသည်းအသန် တိုက်ခိုက်နေရ၏။ သူ့မှာ ဒဏ်ရာရသွားပါက အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိနေချေသည်။
ထာ၀ရခန်းမ၏ ကျန်ကျင့်ကြံသူနှစ်ယောက်က ယခုတွင် ထန်မင်းနှင့်ထန်ကောရှန့်အား ကာကွယ်ပေးနေ၏။ ထန်ကောရှန့်တို့နှစ်ယောက်၌ ဒဏ်ရာများ မရှိသော်လည်း သူတို့မှာ ထန်မိသားစု၏ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် အပြင်းအထန်ဒဏ်ရာရလျှင်ရ မရလျှင် သေဆုံးသွားကြသည်ကို ကြည့်နေရသောကြောင့် နှလုံးသားများ တဆစ်ဆစ် နာကျင်နေကြလေသည်။
........
မိုင်တစ်သောင်းအကွာတွင်။
ပြင်သစ်စွမ်းရည်အသုံးပြုသူများ၏ ကုန်တင်သင်္ဘောဟောင်းပေါ်တွင် ဒိုရော့သည် လက်နောက်ပစ်လျက် အားနည်းလာနေသော ထန်မိသားစုကို ကြည့်နေသည်။ သူ၏မျက်၀န်းများကား စူးရှတောက်ပနေချေသည်။ သူက ခေါင်းတစ်ချက်ညိတ်၍ ဖြည်းညင်းစွာ ပြော၏။ “အဲ့ဒီပြင်သစ်စွမ်းရည်အသုံးပြုသူတွေနဲ့ ရင်ဆိုင်ဖို့ ခက်ခဲနေတုန်းပဲ။ ပြင်သစ်က စွမ်းရည်အသုံးပြုသူတွေ စုဆောင်းတုန်းက ကြီးကြီးမားမား ရင်းနှီးမြုပ်နှံခဲ့ရတာတွေရဲ့ တန်ဖိုးပြန်ရတာပဲ။ တရုတ်မှာ အဲ့ဒီကျွမ်းကျင်သူ ၄ ယောက်ရှိပေမယ့် နှစ်ယောက်က လူတချို့ကို ကာကွယ်နေရတော့ ကြိုက်သလို လှုပ်ရှားလို့မရဘူး။ တိုက်ပွဲအခြေအနေအရ မကြာခင် တရုတ်ကျွမ်းကျင်သူတွေ သေရင်သေ ဒါမှမဟုတ်ရင် ဒဏ်ရာအပြင်းအထန် ရတော့မယ်။ ဒါပေမဲ့ ပြင်သစ်တွေလည်း သက်သာမှာမဟုတ်ဘူး။ တိုက်ပွဲရလဒ်က နှစ်ဖက်လုံးကို ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ဖြစ်လာစေမှာပဲ”
မိန်းမလေးက ခပ်ဟဟရယ်လျက် ပြော၏။ “တစ်ယောက်နဲ့တစ်ယောက် သတ်ရင်း သေကုန်ပြီ။ သူတို့ တိုက်လေ ငါတို့အတွက် သက်သာလေပဲမဟုတ်လား။ တရုတ်စကားပုံတောင် ရှိတယ်လေ။ ဘာတဲ့။ ဒီလုံးငှက်နဲ့ ခုံးကောင် ခိုက်ရန်ဖြစ်နေတဲ့အချိန်မှာ တံငါသည်က နှစ်ကောင်လုံးကို ဖမ်းသွားတယ်တဲ့။ ငါတို့က အဲ့ဒီတံငါသည်ဖြစ်လာမယ် မထင်ဘူးလား”
ဒိုရော့က မိန်းမလှလေးကို စိတ်မ၀င်စားဟန်ဖြင့် ကြည့်လိုက်သည်။ “အံ့ဩစရာပါလား။ မင်း တရုတ်ယဉ်ကျေးမှုအကြောင်း သိနေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ ဆိုတော့ ဘာဆက်လုပ်မှာလဲ။ အရှေ့ဘက်ကို လေ့လာရေးတွေ ဘာတွေ သွားမှာလား”
မိန်းမလှလေးက မျက်လုံးဝေ့ကာ ခပ်ဆတ်ဆတ် ဆို၏။ “ငါ ပျော်ပျော်နေရတာ မ၀သေးဘူး။ ဘာလို့ အရှေ့ဘက်ကို လေ့လာရေးထွက်ရမှာတုန်း။ ပြီးတော့ ပြောရရင် စွမ်းရည်အသုံးပြုသူတွေက လူသားမျိုးနွယ်ရဲ့ထိပ်ဆုံးအဆင့်ကို မရောက်သေးဘူးလေ။ သာမန်လက်နက်တွေက ငါတို့အတွက် အန္တရာယ်မရှိပေမယ့် ပိုပြီး အားကောင်းတဲ့ လက်နက်တွေကရော။ အထူးသဖြင့်.....နိုင်ငံတိုင်းရဲ့ လျှို့ဝှက်လက်နက် လေဆာသေနတ်တွေပေါ့”
ဒိုရော့၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။ သူက ခေါင်းညိတ်ကာ ဆို၏။ “နိုင်ငံအမျိုးမျိုးက အကြွင်းအကျန်နေရာအမျိုးမျိုးဆီ သွားပြီး လေ့လာစေမှုတွေကြောင့် သိပ္ပံနဲ့နည်းပညာတွေ တဖြည်းဖြည်း တိုးတက်လာနေပြီ။ အဲ့ဒါက သူတို့ကို အင်အားကြီးလာပြီးတော့ အသာစီးရလာစေတယ်။ လေဆာသေနတ်တွေရဲ့ ပိုမြန်တဲ့ ပစ်ခတ်နှုန်း၊ အကွာအဝေး၊ လုပ်နိုင်စွမ်းတွေကြောင့် နိုင်ငံအတော်များများရဲ့ လျှို့ဝှက်လက်နက်တွေ ဖြစ်လာနေပြီ။ သူတို့က တကယ်ပဲ ငါတို့ကို အန္တရာယ်ပြုလာနိုင်တယ်”
မိန်းမခလှလေးမှာ ဒိုရော့လောက် ဉာဏ်မကောင်းပေ။ သူမက အဝေးသို့ ငေးကြည့်ရင်း ပြော၏။ “ကဲ အဲ့လို ကြီးကြီးကျယ်ကျယ် အတွေးတွေ အလုပ်ရှုပ်ခံပြီး မတွေးကြရအောင် ဟုတ်ပြီလား။ သူတို့ အချင်းချင်း ဖျက်ဆီးနေတာပဲ ထိုင်ကြည့်ကြတာပေါ့။ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲမှာ ငါတို့ကို စွမ်းရည်အသုံးပြုတွေအနေနဲ့ အကျိုးအမြတ်ရစေနိုင်တဲ့ ပစ္စည်းတွေ ရှိနိုင်တာပဲ”
“ငါတို့ အဲ့ဒီလိုရခဲ့ရင် ငါ မင်းကို ခွဲပေးမှာပါ” ဒိုရော့က ခပ်ဩဩအသံဖြင့် ပြော၏။ “ဒါပေမဲ့ ငါတို့ ဘာမှမရခဲ့ရင် သဘောတူထားတာက ပြောင်းလို့မရဘူးနော်”
“သိပါတယ်”
......
စစ်သင်္ဘောများတိုက်ခိုက်နေသည့် နေရာတစ်ဝိုက်မှလွဲ၍ ပင်လယ်ပြင်၏အခြားနေရာများကား တည်ငြိမ်နေသည်။
သို့သော် ခရီးသည်သင်္ဘောအောက်သို့ ရောက်ရှိလာသည့် ကော်ဗက်ယာဉ်အား မည်သူမှ သတိမထားမိပေ။ ယာဉ်အတွင်းမှ ထန်ရှု၏လက်ချောင်းများသည် ပုံရိပ်ယောင်ကီးဘုတ်မှတဆင့် ညွှန်ကြားချက်များအား ရိုက်ထည့်နေ၏။ သူက ချန်းရွှဲ့မေကို ကြည့်၍ ပြောသည်။ “မင်း ဒီမှာနေခဲ့။ ရှောင်ရွှဲ့နဲ့ငါ သွားကယ်မယ်။ သေချာမှတ်ထားနော်။ ဒီကော်ဗက်ယာဉ်ထဲက ဘယ်ထိန်းချုပ်ကိရိယာကိုမှ မထိမိစေနဲ့။ အေအိုင်က ငါ့ရဲ့ လက်ဗွေရာနဲ့ မျက်နှာကို စကန်ဖတ်ထားပြီးသားမလို့ ငါကလွဲပြီး ဘယ်သူမှ ထိန်းချုပ်လို့မရဘူး။ မင်း ထိန်းချုပ်ဖို့ကြိုးစားရင် အခန်းထဲက လျှို့ဝှက်လက်နက်တွေက မင်းကို တိုက်ခိုက်လိမ့်မယ်”
“ငါပါ တိုက်ပွဲထဲ လိုက်ပြီး ကယ်ရင်ရော.....” ချန်းရွှဲ့မေက ခေါင်းညိတ်သော်လည်း မေးလိုက်သေးသည်။
ထန်ရှုက အခန်းတံခါး၀ထံ လျှောက်သွားပြီး သူမစကားစကို ဖြတ်တောက်လိုက်သည်။ “မင်းက တာ၀န်လုပ်နေရတုန်းလေ...မင်းမျက်နှာကို ဘယ်သူမှ မြင်သွားလို့မဖြစ်ဘူး။ ပြီးတော့ မင်းရဲ့စွမ်းအားကိုလည်း အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူး။ မင်းအခု ငါတို့နဲ့လိုက်ရင် ကူညီရာမရောက်ဘဲ ၀န်ထုပ်၀န်ပိုး ဖြစ်နေလိမ့်မယ်။ ငါပြောတာကို နားထောင်ပြီး ဒီမှာပဲ နေခဲ့ပါ”
ချန်းရွှဲ့မေမှာ အနည်းငယ်ရှက်သွားပြီး ခေါင်းညိတ်ကာ အထွန့်မတက်တော့ချေ။ ထန်ရှုပြောသွားသမျှမှာ အမှန်ဖြစ်ကြောင်း သူမသိ၏။ သူမ၏ယခုလုပ်နိုင်စွမ်းနှင့် ကူညီနိုင်မည်မဟုတ်ဘဲ ၀န်ထုပ်၀န်ပိုးသာ ဖြစ်နေပေလိမ့်မည်။
ရေကုန်းသွားကော်ဗက်ယာဉ်၏တံခါး ပွင့်သွားလျှင်ချင်း စွမ်းအင်ဒိုင်းအလွှာတစ်ခုက မီတာ၀က်ခန့် ဖြန့်ကျက်ကာ ပင်လယ်ပြင်၏ဖိအားမှ ကာကွယ်ပေးလိုက်သည်။ ထန်ရှုနှင့် ဂူရှောင်ရွှဲ့ စွမ်းအင်ဒိုင်းအပြင်သို့ ဖြတ်ခနဲ ထွက်ခွာသွားသည်နှင့် တံခါးမှာ အလိုအလျောက် ပိတ်သွားသည်။ ပင်လယ်ရေအောက်၌ မည်းမှောင်နေပြီး သူတို့သည် ပြင်းထန်လှသော ပင်လယ်ဖိအားအောက်၌ မျက်နှာပြင်ပေါ်သို့ ဦးတည်နေလေသည်။
“အဲ့ဒီလေးယောက်ကို သတ်ပစ်”
ရေဒြပ်စင်ပညာရှင်များသည် ရေအကျဉ်းထောင်တစ်ခုကို ဖန်တီးပြီး ထန်မိသားစုကိုယ်ရံတော်အဖွဲ့ ၂ မှ အဖွဲ့၀င်လေးယောက်ကို ပိတ်လှောင်ထား၏။ ပင်လယ်ရေများက ရေခဲမြားများအဖြစ် သိပ်သည်းသွားပြီး ရေနံရံကို ဖောက်ထွက်ကာ အတွင်းရှိ လူလေးယောက်ကို အားကုန်ထိုးစိုက်လိုက်သည်။
ကိုယ်ရံတော်အဖွဲ့၀င်တစ်ယောက်က သူ၏သွေးထွက်နေသော လက်မောင်းကို ကာလိုက်၏။ သူ၏နဖူးပြင်တွင် သွေးကြောများ ထောင်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်းတောက်နေသော်လည်း ရေအကျဉ်းထောင်အတွင်းမှ ဖောက်ထွက်မသွားနိုင်ချေ။ ထို့ကြောင့် မြားများဒဏ်ကို ခံနိုင်ရန် ကျန်သုံးယောက်ထံမှ အကူအညီယူနေရလေသည်။
“ငါ့ကို စိတ်မပူနဲ့။ မင်းတို့သာ လွတ်အောင် ကြိုးစားကြ” ထိုလူက အော်လိုက်၏။
ဝှစ်။
သူ၏အသံထွက်ပေါ်လာသည့်အချိန်တွင် မြားတစ်စင်းက သူ့ကို ကာကွယ်ပေးထားသည့် သက်လတ်ပိုင်းလူ၏၀မ်းဗိုက်ကို စိုက်၀င်သွားသည်။ သက်လတ်ပိုင်းလူမှာ မီးတာအနည်းငယ်လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်ကာ မြေပေါ် ဘိုင်းခနဲ လဲကျသွား၏။
အဖွဲ့၀င်လေးယောက်မှာ ပို၍ စိတ်သောကရောက်သွားကြသည်။ သူတို့၏စွမ်းအားတစ်ခုတည်းနှင့် ဤအကျဉ်းထောင်အတွင်းမှ ဖောက်ထွက်မရကြောင်း ကောင်းကောင်းသိကြ၏။ သူတို့ဖောက်ထွက်နိုင်လျှင်တောင်မှ အပြင်မှ ကျရောက်လာမည့် တိုက်ကွက်များကို ခုခံတိုက်ခိုက်နိုင်မည်မဟုတ်ချေ။
ဝှစ်။
လျှပ်စီးတမျှ မြန်ဆန်သော အရိပ်တစ်ခုက အနီးရှိသင်္ဘောတစ်စင်းထက်တွင် ပျံဝဲနေ၏။ မျက်စိကျိန်းဖွယ် ဓားတစ်လက်က အောက်သို့ ထိုးကျလာပြီး ပြင်သစ်စွမ်းရည်အသုံးပြုသူသုံးယောက်၏ ခါးများကို ပိုင်းဖြတ်လိုက်သည်မှာ သူတို့ပင် သတိမထားမိလိုက်ချေ။
ထန်ရှု၏အနီးတစ်ဝိုက်တွင် ဓားရှည်တစ်လက်က ပျံဝဲနေ၏။ ထိုကျွမ်းကျင်သူသုံးယောက်အား တစ်ပြိုင်တည်း သတ်ဖြတ်ပြီးနောက် တစ်ချက်လေးပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ပုံရိပ်က နောက်ထပ်နှစ်ယောက်အနားတွင် ပေါ်လာလေသည်။
“သေစမ်း...”
ဓား၏အလင်းရောင်က ဖြတ်ခနဲ လက်သွားပြန်၏။ စွမ်းရည်အသုံးပြုသူများသည် ထန်ရှု၏လှုပ်ရှားမှု ခြေတစ်လှမ်းစာကို ကြိုမြင်လိုက်ရသဖြင့် အလျင်အမြန် ခုခံလိုက်ကြသော်လည်း ခရမ်းရောင်အလင်းများလင်းလက်သွားပြီး သူတို့မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။
အခြားတစ်ဖက်၌။
ဂူရှောင်ရွှဲ့ ပင်လယ်ရေအောက်မှ ထွက်လာသည်နှင့် သူမကိုယ်ပေါ်ရှိ ရေစက်များမှာ ချက်ချင်း အငွေ့ပြန်သွားသည်။ သူမဂါ၀န်အဖြူလေးက တလှပ်လှပ် လွင့်လျက်ရှိပြီး ဓားပုံရိပ်အလွှာများက န၀မမြောက်ကောင်းကင်ဘုံမှ ဆင်းသက်လာကာ ပြင်သစ်စွမ်းရည်အသုံးပြုသူနှစ်ယောက်အား အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်လိုက်၏။ သူတို့၏အသွေးအသားများ လေထဲသို့ လွင့်စင်သွားစဉ် သူမသည် သွေးစက်များကြားမှ ပြေးသွားရင်း ပြင်သစ်စွမ်းရည်အသုံးပြုသူတစ်ယောက်၏ နောက်ကျောအား ထိုးနှက်လိုက်၏။
“အားလုံး သတိထားကြ”
ထာ၀ရခန်းမကျွမ်းကျင်သူနှစ်ယောက်၏ တိုက်ခိုက်ခြင်းခံနေရသည့် ဗလတောင့်တောင့်လူမှာ လဲပြိုတော့မည့်ဆဲဆဲ ဖြစ်သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားပြီး ယခုအခါ အသတ်အဖြတ်နတ်ဘုရားနှစ်ပါးက ရုတ်တရက် ပေါ်လာသောအခါ သူ၏ဝိညာဉ်မှာ ကြက်သီးမွေးညင်းများပင် ထသွားရသည်။
စစ်သင်္ဘော၏အခန်းတွင်း၌ ထာ၀ရခန်းကျွမ်းကျင်သူနှစ်ယောက် ကာကွယ်ပေးထားသော ထန်မင်းနှင့် ထန်ကောရှန့်တို့မှာ အလွန်အားရ၀မ်းသာဖြစ်နေ၏။ သူတို့သည် အသစ်ရောက်ရှိလာသောသူ၏ ပုံပန်းသွင်ပြင်ကို ထင်ထင်ရှားရှား မြင်လိုက်ရချေသည်။ အထူးသဖြင့် ထန်ကောရှန့်မှာ ပျော်ရွှင်မြူးထူးနေ၏။ စွမ်းအားကြီးလူက သူ၏မြေး ထန်ရှုဖြစ်ကြောင်း သိရသည်နှင့် သူ့အကြောက်တရားနှင့် ပူပန်မှုတို့မှာ ပျောက်ချင်းမလှပျောက်ကွယ်သွားတော့သည်။
“အဲ့ဒီခွေးကောင်တွေကို သတ်ပစ် ရှုအာ”
ထန်ရှုက ထန်ကောရှန့်အား ပြုံးပြ၏။ သူ၏ပုံပန်းသွင်ပြင်မှာ တရိပ်ရိပ်ဖြစ်နေပြီး သူတစ်ချက်တိုက်ခိုက်လိုက်တိုင်း ပြင်သစ်စွမ်းရည်အသုံးပြုသူတစ်ယောက် သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားမြဲဖြစ်သည်။
“မင်းတို့နှစ်ယောက် ငါတို့ကို ကာကွယ်ပေးဖို့ မလိုတော့ဘူး” ထန်ကောရှန့်က ပြော၏။ “ရှုအာနဲ့အတူ လှုပ်ရှားပြီး အဲ့ပြင်သစ်ကောင်တွေကို မြန်နိုင်သမျှ အမြန်ဆုံးသတ်ပစ်”
ထာ၀ရခန်းမ၏ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လြိက်ပြီး အနီးဆုံးရှိ စွမ်းရည်အသုံးပြုသူများထံ အလျင်အမြန် ပြေးသွား၏။ သူတို့သည် အလောင်းများ၊ သွေးပင်လယ်များကြာ၌ ရှင်သန်ခဲ့ဖူးသူများ ဖြစ်ကြသည်။ သူတို့၏များပြားလှသော အတွေ့အကြုံများကြောင့် ပြင်သစ်စွမ်းရည်အသုံးပြသူများအား တိုက်ခိုက်နေရင်း ပတ်၀န်းကျင်အခြေအနေကို အဆက်မပြတ် အကဲခတ်နေကြသည်။ ထို့နောက် သူက တိုက်ပွဲတွင်းမှ ချက်ချင်း ထွက်ခွာ၍ ထန်ကောရှန့်နှင့် ထန်မင်းအား သတ်ရန် ပြေးသွားသော ပြင်သစ်စွမ်းရည်အသုံးပြုသူများအား သွားရောက်သတ်ဖြတ်လိုက်သည်။
ထန်မိသားစုအရေးနိမ့်နေသည့် တိုက်ပွဲမှာ ထန်ရှုနှင့် ဂူရှောင်ရွှဲ့ရောက်လာမှုကြောင့် ရုတ်ချည်း တစ်ဖက်သက်လူသတ်ပွဲကြီးအဖြစ် ပြောင်းလဲသွားလေပြီ။ ပြင်သစ်စွမ်းရည်အသုံးပြုသူများမှာ ပြန်လည်တိုက်ခိုက်ခြင်း မပြုနိုင်ကြတော့ချေ။
နောက်ဆုံးတွင် ဗလတောင့်တောင့်လူသည် သူ့ဘက်မှ အနိုင်မရနိုင်ကြောင်း သဘောပေါက်သွား၏။ ထို့ကြောင့် ထာ၀ရခန်းမကျွမ်းကျင်သူနှစ်ယောက်အား အစွမ်းကုန်တိုက်ခိုက်ပြီး ဒဏ်ရာနှစ်ချက်ကို စတေး၍ ထွက်ပြေးရန် ကြိုးစားတော့သည်။
“ထွက်ပြေးတယ်ပေါ့။ အိပ်မက်စတင်ခြင်း”
ဓားရှည်နှစ်လက်မှာ တစ်ခုကိုတစ်ခု ကြက်ခြေခတ်သဏ္ဌာန် ယှက်သွား၏။ ယောက်ျားနှစ်ယောက် လက်ချင်းတွဲလိုက်ပြီး ဓားရိုးနှစ်ခုအား တစ်ပြိုင်တည်း ရိုက်ချလိုက်သည်။ ဓားနှစ်လက်က ကြယ်တံခွန်များကဲ့သို့ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဗလတောင့်တောင့်လူ၏နောက်ကျောကို ထိုးစိုက်သွားလေသည်။
ဝုန်း။
ဗလတောင့်တောင့်လူမှာ သူ၏နှလုံးသားကို ထိုးစိုက်ခံရသဖြင့် မျှော်လင့်ချက်ပျက်သုဉ်းသွား၏။ သူ၏အသက်စွမ်းအားနှင့် ခွန်အားတို့မှာ ပျောက်ကွယ်သွားပြီး နောင်တတို့က သူ၏နှလုံးသားတွင် ကြီးစိုးသွားသည်။ ကြယ်သုံးပွင့်အကြွင်းအကျန်မှ ရတနာများကို တရုတ်ထံမှ ရယူလိုသော သူ၏လောဘကြောင့် ယခုတွင် မရှုမလှ သေဆုံးရလေပြီ။
“ပြေးကြ”
ရေဒြပ်စင်ပညာရှင်တစ်ယောက်၏မျက်နှာအမူအရာမှာ အင်မတန် ပျက်ယွင်းသွား၏။ သူ၏ခေါင်းဆောင်သေဆုံးသွားသည်ကို မကူနိုင်မကယ်နိုင် ကြည့်ရှုနေရခြင်းက သူ၏တိုက်ခိုက်လိုသည့်စိတ်ဆန္ဒအား ပျောက်ချင်းမလှ ပျောက်ဆုံးသွားစေသည်။ သူက အော်ဟစ်လိုက်ပြီး ထန်မိသားစု လိုက်မဖမ်းနိုင်သည့် ရေထဲသို့ ချက်ချင်း ခုန်ဆင်းသွားလေသည်။
ပြင်သစ်စွမ်းရည်အသုံးပြုသူ အယောက် ၂၀ မှာ ကြံရာမရဖြစ်နေ၏။ သူတို့၏စွမ်းရည်များမှာ ရေဒြပ်စင်အထူးပြုမဟုတ်သည့်အတွက် ပင်လယ်ပြင်ထဲတွင် ရှင်သန်ရပါက အင်မတန် ခက်ခဲပေလိမ့်မည်။
ဗွမ်း ဗွမ်း ဗွမ်း။
တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားသည့်အတွက် ပင်လယ်ပြင်ထဲ ခုန်ချသွားသော စွမ်းရည်အသုံးပြု ၁၀ ယောက်မှလွဲ၍ ကျန်သူများက စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရသည်။
ထိုအချိန်တွင် သင်္ဘောနှစ်စီးလုံး၏ကုန်းပတ်များ၌ သွေးချောင်းစီးနေလေပြီ။ အလောင်းများက စုပြုံလုံးထွေးနေသောမြင်ကွင်းကား ခြောက်ခြားဖွယ်ပင်။ ထန်ရှုက ထန်ကောရှန့်အရှေ့သို့ အလျင်အမြန် ဆင်းလာပြီး မေးမြန်းလိုက်၏။ “အဘိုး ဒီကို ဘယ်လိုရောက်လာတာလဲ”
ထန်ကောရှန့်မှာ အင်မတန် စိတ်ကြည်နေ၏။ ထန်မိသားစုကျွမ်းကျင်သူအတော်များများကို ဆုံးရှုံးလိုက်ရသော်လည်း သူ့မြေးအသက်ရှင်နေခြင်းက သူကို စိတ်အေးသွားစေသည်။ “မင်းကြောင့်လေကွာ”