တစ်ကမ္ဘာလုံးကို အုပ်ချုပ်ချင်သလား
Vol. 59 Ch. 819
ရှင်းပြချက်ကို နားထောင်ပြီးနောက် ထန်ရှုသည် ဖြစ်ကြောင်းကုန်စင်ကို နားလည်သွား၏။ သွမ့်မုလင်း၏သတင်းမှားကိုလည်း အပြစ်တင်၍မရပေ။ ကြယ်သုံးပွင့်အကြွင်းအကျန်တစ်ခုလုံး ပိတ်မိသွားသည့်အတွက် သူ အထဲ၌ သေသွားသည်ဟု မည်သူမဆို တွေးကြလိမ့်မည်သာ။
ခံစားချက်များ ရောထွေးနေသော နှလုံးသားနှင့်ဆန့်ကျင်၍ သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေချေသည်။ သူ၏အဘိုးဖြစ်သူ ထန်ကောရှန့်သည် ထန်မိသားစုကျွမ်းကျင်သူများကို ဦးဆောင်လျက် သူ့အတွက် ထွက်ခွာလာခဲ့ခြင်းက သူ့၏နှလုံးသားအထိ ခံစားသွားမိစေ၏။ သူတို့မှာ ပင်လယ်ပြင်ကြီးထဲ၌ အသက်ဘေးအန္တရာယ်ပင် ကျရောက်ခဲ့ရသည်။ ခံစားချက်က သူ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏နေရာတိုင်းသို့ နွေးထွေးမှုစီးဆင်းသွားစေသည့်အလား အင်မတန်ပင် စိတ်ကြည်နူးမှု ရစေ၏။
“ကျွန်တော့်လုပ်နိုင်စွမ်းကို ယုံသင့်တယ် အဘိုး။ ကျွန်တော် ကြွားတာမဟုတ်ပေမယ့် ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ကို သတ်နိုင်တဲ့လူက လက်တစ်ဆုပ်စာပဲရှိတယ်”
ထန်ကောရှန့်၏မျက်နှာအမူအရာမှာ တခဏ ကြောင်စီသွားသည်။ သူ၏မျက်လုံးများ၌ ၀မ်းမြောက်မှုများ ပြည့်နေသော်လည်း သူက ကြိမ်းမောင်းလိုက်၏။ “ဘဝင်မြင့်ပြီး ဂရုမစိုက်နေရင် မိုက်မဲတဲ့ အမှားတွေ လုပ်မိမယ်။ သိရဲ့လား။ မင်းက အင်အားကြီးတဲ့ အင်မော်တယ်ကျင့်ကြံသူဆိုတာ သိပေမယ့် ကျားတောင် အနားယူတဲ့အချိန်မှာ အကာအကွယ်လိုတာပဲ ကောင်စုတ်လေးရဲ့။ ဒီအဘိုးကြီး ခရီးအဝေးကြီးလာရတာကိုတောင် မင်းက ငါ့ကို အပြစ်တင်တယ်ပေါ့လေ”
ထန်ရှု၏မျက်နှာမှာ နီရဲသွားသည်။ သူက အနည်းငယ်ရှက်သွားသော်လည်း သူက ပြုံးလျက်သာ ပြော၏။ “အမ်...အဘိုးကို ကျွန်တော်က ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲဗျာ။ အဖေ့ဘက်က ဒေါ်လေးက သူတို့ကိုမပြောဘဲ ထန်မိသားစုကလူတွေကို ခေါ်ပြီး ထွက်သွားတယ်ဆိုလို့ပါ။ ကျွန်တော့်ကြောင့် အဘိုးတစ်ခုခု ဖြစ်သွားမှာ စိတ်ပူလို့ပါဗျ”
“ဘာမှစိတ်ပူမနေနဲ့။ ငါ အကြောင်းပြချက်မရှိဘဲ ထွက်လာရင်တောင် ဘာပြဿနာမှ မရှိဘူး” ထန်ကောရှန့် စိတ်ကျေနပ်စွာဖြင့် ပြော၏။ “ငါ တစ်ခုခု ဖြစ်သွားရင်တောင် မင်းဦးလေးက ငါတို့ထန်မိသားစုရဲ့ ကျောရိုးဖြစ်လာမှာပဲ။ ပြီးတော့ သူ့ကို ကူညီ မင်းရဲ့ ဘိုးဘိုး ၂ နဲ့ ဘိုးဘိုး ၃ လည်း ရှိသေးတယ်။ ဒါကြောင့် ဘာမှပြဿနာမရှိဘူး။ ပြီးတော့ မင်းနဲ့ပက်သက်တဲ့ ကောလဟာလတစ်ခု ငါ ကြားခဲ့ရတယ်”
“ဘယ်လို ကောလဟာလလဲ” ထန်ရှုက အံ့အားသင့်စွာဖြင့် မေးသည်။
ထန်ကောရှန့်က လေးနက်သော မျက်နှာအမူအရာဖြင့် ပြော၏။ “မင်းမှာ အရမ်းစွမ်းအားကြီးတဲ့ တပည့်တစ်ယောက် ရှိတယ်တဲ့။ အဲ့တပည့်က စွမ်းအားကြီးလွန်းလို့ သွမ့်မုလင်းခမျာ ခေါင်းတောင်မော်မကြည့်နိုင်ဘူးဆိုပဲ”
ထန်ရှုမှာ မှင်သက်သွားပြီး နားမလည်နိုင်စွာ မေးသည်။ “ကျွန်တော့်မှာ စွမ်းအားကြီးတဲ့တပည့်ရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒါက သွမ့်မုလင်းနဲ့ ဘယ်လိုလုပ် ဆက်စပ်သွားရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး”
“ဟို....ဆရာအဘိုး” ဘေးရှိ ဂူရှောင်ရွှဲ့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြုံးစစနှင့် ဆို၏။ “ဆရာသခင်နဲ့ ကျွန်မနဲ့ မလက္ကာရေလက်ကြားကို သွားတဲ့လမ်းမှာ တရုတ်စွမ်းရည်အသုံးပြုသူအဖွဲ့ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ဆရာပြောတဲ့ သွမ့်မုလင်းလည်း ပါပါတယ်။ ဆရာသခင်က....ဟို...သူ့အစွမ်းကို သုံးပြီး သူတို့ကို ခြောက်လှန့်ခဲ့ပါတယ်”
ထန်ရှုက ငေးကြောင်သွားပြီး အလျင်အမြန် မေးလိုက်၏။ “သူ ငါ့နာမည်ကို မပြောသွားဘူးမလား”
“ဆရာ့အဘိုးအကြောင်းကို ထည့်ပြောသွားပါတယ်” ဂူရှောင်ရွှဲ့က ပြုံးလျက် ဖြေသည်။ “မဟုတ်ရင် ဆရာအဘိုးအကြောင်းကို မသိနိုင်တော့ဘူးလေ”
ထန်ရှုမှာ ကူကယ်ရာမဲ့သွားသည့်အလား ခံစားရလိုက်ရ၏။ သူနှင့်ထာ၀ရခန်းမ၏ ဆက်နွယ်မှုကို ထုတ်ဖော်လိုစိတ်မရှိသေးချေ။ သို့သော် ဂူယန်အာ၏အပြုအမူများက သူ ဖုံးကွယ်ရန် ကြိုးစားနေသည့်အရာကို ထုတ်ဖော်သလို ဖြစ်သွားခဲ့သည်။ နိုင်ငံတွင်းရှိ အင်အားကြီးလူတိုင်းသည် ယခုတွင် သူနှင့်ထာ၀ရခန်းမ၏ဆက်နွယ်မှုကို သိရှိသွားကြပေမည်။
ထန်ရှုက သက်ပြင်းချ၍ မေးလိုက်ပြန်သည်။ “မင်းပြောတာ ယန်အာက သူ့စွမ်းအားသုံးပြီးတော့ စွမ်းရည်အသုံးပြုသူအဖွဲ့ကို ခြောက်လှန့်ခဲ့တယ်ပေါ့”
“ဆရာသခင် ဘယ်လောက်သန်မာလဲ ဆရာအဘိုးလည်း သိပါတယ်” ဂူရှောင်ရွှဲ့က အသာအယာ ခေါင်းညိတ်၏။ “သူက အပြင်လူတွေအတွက် အရမ်းစွမ်းအားကြီးလွန်းတယ်”
ထန်ရှုက ခေါင်းညိတ်သည်။ ဂူယန်အာသည် သူမ၏စွမ်းအားကို ပြသ၍ စွမ်းရည်အသုံးပြုသူများကို ခြောက်လှန့်ခဲ့သည်။ အပြင်လူများ၏အမြင်တွင် သူတို့အား အလွယ်အနိုင်ယူနိုင်သည်ဟု မြင်ကြတော့မည်မဟုတ်ပေ။ ထိုလူများသည် သူနှင့် ထန်မိသားစုကို ကြောက်ရွံ့သွားပါက သူဂရုမစိုက်ချေ။ နိုင်ငံ၏အုပ်ချုပ်သူနေရာကို အတင်းအကြပ် သိမ်းပိုက်လိုသည့်ဆန္ဒ သူ့တွင် မရှိပေ။
‘ယန်အာ ဖော်ပြလိုက်တဲ့အင်အားက သွမ့်မုလင်းကိုတောင် တုန်လှုပ်သွားစေတယ်ဆိုရင် အဲ့အင်အားကြီးလူတွေကလည်း ငါ့ကို ပူပန်ကြောက်ရွံ့သွားမှာပဲ။ စဉ်းစားကြည့်တော့ ဒါလည်း ကောင်းတဲ့အရာမဟုတ်ပြန်ဘူး။ ငါ့အနာဂတ်အစီအစဉ်တွေမှာ လူတွေနဲ့ ပက်သက်စရာတွေရှိသေးတယ်။ ဒါပေမယ့် အခုဆို ခမ်းနားသောထန်လုပ်ငန်းစုရော၊ ထာ၀ရခန်းမရော၊ ထန်မိသားစုရဲ့ ကာကွယ်မှုပါ ရှိနေတဲ့အတွက် ငါတို့ကို မကောင်းကြံရဲမှာ မဟုတ်တော့ဘူး’
ထိုသို့ တွေးမိသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာ၏။ ထို့နောက် သူက ထန်ကောရှန့်ကို ကြည့်၍ မေးလိုက်သည်။ “အဘိုးကြားခဲ့တဲ့ ကောလဟာလက ဒါပဲလား”
“ကျန်သေးတယ်” ထန်ကောရှန့်က ပြုံး၍ ခေါင်းခါသည်။ “သွမ့်မုလင်းက ထန်မိသားစု၊ ခမ်းနားသောထန်လုပ်ငန်းစုနဲ့ ထာ၀ရခန်းမကို စွမ်းရည်အသုံးပြုသူအဖွဲ့က ဘယ်သူမှ ရန်မစရဘူးလို့ တစ်ချက်လွှတ်အမိန့် ထုတ်ပြန်လိုက်တယ်။ မြို့တော်က အရေးကြီးမိသားစုတွေ အတော်များများလည်း အခုဆိုရင် အဲ့သတင်းကို ကြားသွားလောက်ပြီ”
ထန်ရှု၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ၏။ ကြည့်ရသရွေ့ သူတပည့်သည် လူများကြောက်ဒူးတုန်သည်အထိ ခြောက်လန့်လိုက်လေပြီ။ ဂုဏ်သတင်းကျော်ကြားသည့် စွမ်းရည်အသုံးပြုသူအဖွဲ့ခေါင်းဆောင် သွမ့်မုလင်းပင်လျှင် အထူးအမိန့်ထုတ်ပြန်လိုက်ရသည်။ ၎င်းအမိန့်ကြောင့် နိုင်ငံအတွင်း အလိုရှိသည့်နေရာတိုင်းသို့ အနှောင့်အယှက်မရှိ သွားလာနိုင်ပေမည်။
ဘေး၌ထိုင်နေသော ထန်မင်းက မေး၏။ “ရှုအာ ဟိုက်ပင်ကျွန်းက သတင်းတွေအရ ကြယ်သုံးပွင့်အကြွင်းအကျန်ပိတ်သွားပြီး နင် ဘယ်တော့မှ ထွက်မလာနိုင်ခဲ့ဘူးဆို။ ပြီးတော့ အကြွင်းအကျန်က မလက္ကာရေလက်ကြားအတွင်းထဲမှာ ရှိတာ နင်လည်းအသိပဲ။ ရေငုပ်သင်္ဘောမရှိဘဲနဲ့ ပင်လယ်ရေဖိအားကို ဘယ်သူမှ မခံနိုင်ဘူး။ ဒါပေမဲ့ နင်ထွက်လာနိုင်တယ်။ ဘယ်လိုလုပ်ခဲ့တာလဲ”
ထန်ရှု၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားပြီး ဖြေသည်။ “အင်း ဒေါ်လေးက မေးတယ်ဆိုတော့ ခေါ်သွားပေးရမှာပေါ့။ ပြီးတော့ ဒေါ်လေးကို ပြောစရာရှိသေးတယ်”
“ခေါ်သွားမယ်...ဘယ်ကိုတုန်း” ထန်မင်းက မေး၏။
“ကျွန်တော်နဲ့ လိုက်ခဲ့ပါ” ထန်ရှုက ပြောသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် ထန်မင်းနှင့် ထန်ကောရှန့်တို့အား သင်္ဘောကုန်းပတ်ပေါ် ခေါ်ဆောင်သွား၏။ ထန်ရှုက ထန်မင်းနှင့် ထန်ကောရှန့်တို့၏လက်ကို ဆွဲကာ သူ၏ချီနှင့်ဖုံးလွှမ်းစေပြီးနောက် ပင်လယ်ထဲ ခုန်ချသွားတော့သည်။
မီတာဒါဇင်ကျော် နစ်မြုပ်သွားပြီးနောက် သူတို့လေးယောက်သည် ကော်ဗက်ယာဉ်၏ရှေ့မှောက်သို့ ရောက်ရှိလာ၏။ စွမ်းအင်ဒိုင်းအလွှာက ယာဉ်၏အပြင်ဘက် မီတာ၀က်အထိ တွန်းကန်ထားသဖြင့် ထန်ရှုသည် ယာဉ်၏အခန်းအပြင်မှနေ၍ ညွှန်ကြားချက်များ ရိုက်နှိပ်လိုက်သည်။ ထို့နောက် ထန်ရှုက ထန်ကောရှန့်နှင့်ထန်မင်းအား ယာဉ်အတွင်းပိုင်းသို့ ခေါ်ဆောင်သွား၏။
“ဘုရား ဒါက ဘာကြီးတုန်း”
ထန်မင်း၏မျက်လုံးများမှာ ပန်ကန်လုံးတမျှ ပြူးကျယ်သွားပြီး အံ့ဩမှင်သက်မှုများဖြင့် တလက်လက် တောက်ပနေ၏။ ထန်ကောရှန့်မှာ သူမလောက် မဆိုးရွားသော်လည်း သူလည်းပဲ အံဩမှင်သက်လျက်ပင်။ ယာဉ်အတွင်းရှိ နည်းပညာများနှင့် ကွန်ပျူတာများမှာ ယနေ့ခေတ် နည်းပညာများထက် များစွာ သာလွန်သဖြင့် သူတို့မှာ အင်မတန် စိတ်လှုပ်ရှားနေတော့သည်။
“ဒါက ကျွန်တော် ကြယ်သုံးပွင့်အကြွင်းအကျန်ကနေ ရခဲ့တဲ့ ရေကုန်းသွားကော်ဗက်ယာဉ်လေ။ ကြယ်နက်အင်ပါယာရဲ့ အကြွင်းအကျန်တွေနဲ့ တည်ဆောက်ထားတာ။ ဘယ်သူမှ သတိမထားမိဘဲ ကြယ်သုံးပွင့်အကြွင်းအကျန်ထဲကနေ ချောချောမွေ့မွေ့ ထွက်လာနိုင်တာ ဒီဟာကြောင့်ပဲ။ စကားမစပ် ချန်းရွှဲ့မေ။ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့အဘိုး။ ဒါကတော့ ငါ့ဒေါ်လေးပါ”
ထိုအချိန်တွင် ချန်းရွှဲ့မေသည် သင်္ဘောကပ္ပတိန်အခန်းတွင်းမှ ထွက်လာခြင်းဖြစ်၏။ သူမသည် ထန်မင်းနှင့် ထန်ကောရှန့်ကို တွေ့လိုက်ရသည့်အခါ အနည်းငယ်အံ့အားသင့်သွား၏။ ထန်ရှု၏မိတ်ဆက်ပေးမှုကြောင့် သူမမှာ ပို၍ပင် မှင်သက်သွားလေသည်။ ထန်မင်းနှင့် ထန်ကောရှန့်တို့အား တီဗွီထဲတွင် သူမ မကြာခဏ မြင်ဖူး၏။ ထိုနှစ်ယောက်ကား ထန်မိသားစု၏ခေါင်းဆောင်နှင် သမီးတော်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိလေသည်။
“ဘိုးဘိုးထန် ဒေါ်လေးထန် တွေ့ရတာ၀မ်းသာပါတယ်” ချန်းရွှဲ့မေက သူမအံ့ဩမှုကို မြိုသိပ်ပြီး တရိုတသေ နှုတ်ဆက်လိုက်၏။
ထန်ကောရှန့်မှာ ချန်းရွှဲ့မေကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသော်လည်း သူ့မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိချေ။ သူက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ ထန်မင်းကမူ မယုံသင်္ကာသော အကြည့်ဖြင့် မေး၏။ “မင်းနာမည်က ချန်းရွှဲ့မေလား။ ငါ ဘာလို့ မင်းကို ရင်းနှီးနေတာပါလိမ့်”
“ကျွန်မအမေနဲ့အတူ ဒေါ်လေးကို တွေ့ဖူးပါတယ်” ချန်းရွှဲ့မေက ဖြေသည်။
“မင်းရဲ့အမေက ဘယ်သူတုန်း” ထန်မင်းက နားမလည်ဟန်ဖြင့် မေး၏။
ချန်းရွှဲ့မေကမူ တိတ်ဆိတ်နေသည်။ သူမ၏မိဘများအကြောင်းကို စဉ်းစားလိုစိတ်မရှိသလို အပြင်လူများကိုလည်း ပြောလိုစိတ်မရှိပေ။ သူမအမေနှင့် ထန်မင်းမှာ ငယ်သူငယ်ချင်းများဖြစ်ကြကြောင်း သူမ သိပေသည်။
ထန်ရှုကမူ ချန်းရွှဲ့မေ၏အခြေအနေကို သိထား၏။ သူမအမေကြောင်း ထုတ်မပြောလိုသည်ကို သိသည်နှင့် သူက ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒေါ်လေး ကျွန်တော် ဒေါ်လေးကို ပြောပြဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခု ရှိတယ်။ ကျွန်တော် ဒေါ်လေးကို ဒီနေရာဆီ ခေါ်လာတာ အဲ့ဒါကြောင့်ပဲ”
“ဘယ်လိုအရေးကြီးကိစ္စမျိုးလဲ” ထန်မင်းက အနည်းငယ်မျက်မှောင်ကြုတ်လျက် မေး၏။
“ဒေါ်လေးကို မပြောပြခင် ဒီအကြောင်းကို ထန်မိသားစုရဲ့ အရင်းနှီးဆုံး အဓိကအဖွဲ့၀င်တွေကလွဲပြီး ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးရမယ်” ထန်ရှုက ပြော၏။
ထန်ကောရှန့်မှာ ထန်ရှု ပြောမည့်အရာ၏ အရေးပါမှုကို သဘောပေါက်သွားပြီး သူက တည့်တိုးပြောလိုက်လေသည်။ “မင်း အရင်ပြောမှ ငါတို့ ဆုံးဖြတ်လို့ရမှာပေါ့”
ထန်ရှုက ခေါင်းညိတ်ကာ ပြော၏။ “ကြယ်သုံးပွင့်အကြွင်းအကျန်တစ်ခုလုံးကို ကျွန်တော်ထိန်းချုပ်ထားလိုက်ပြီးတော့ အခုဆို ကျွန်တော်က အဲ့ဒါရဲ့ ပိုင်ရှင်ဖြစ်နေပြီ။ ကျွန်တော်ဆန္ဒရှိတဲ့အတိုင်း ၀င်နိုင်ထွက်နိုင်ပြီးတော့ အထဲကရှိသမျှအရာအားလုံးကို အသုံးပြုလို့ရတယ်”
“မင်း ဘာပြောလိုက်တယ်” ထန်ကောရှန့်က မယုံကြည်နိုင်မှု၊ အံ့ဩမှင်သက်မှုများ အပြည့်ဖြင့် အော်လိုက်၏။
ထန်ရှုက သူ၏စကားကို ထပ်မံပြောပြသည်။ “ကျွန်တော်အမှန်အတိုင်း ပြောနေတာပါ။ ကြယ်သုံးပွင့်အကြွင်းအကျန်က ပိုဒိုရက်နဂါးငွေ့တန်းထဲက တိမ်နက်ကြယ်ပွင့်ဒေသမှာ ရှိတဲ့ ကြယ်နက်အင်ပါယာမျိုးနွယ်တွေရဲ့ အကြွင်းအကျန်ပဲ။ အတိအကျပြောရရင် ကြယ်နက်အင်ပါယာက ရေတပ်သင်္ဘောတစ်စုက ဒုက္ခသည်တွေ ဖြစ်လာပြီး ကမ္ဘာမြေဆီ ထွက်ပြေးလာကြတာ။ မြေအောက်အခြေစိုက်စခန်းတစ်ခု အလောတကြီး တည်ထောင်ခဲ့ပေမယ့် အလိုက်သင့်မနေနိုင်လို့ သေကုန်ကြပြီ”
“ရာသီဥတုကပ်ဘေးတွေ ဖောက်ပြန်လို့လား” ထန်ကောရှန့်က အလျင်အမြန် မေး၏။
“ကမ္ဘာကျောက်မျက်နှာပြင်တွေ လှုပ်ရှားရာကနေ မီးတောင်တွေ ပေါက်ကွဲသွားပြီး မျိုးသုဉ်းသွားကြတာပါ” ထန်ရှုက ပြောသည်။
ထန်ကောရှန့်မှာ တိတ်ဆိတ်သွား၏။ ကမ္ဘာကြီးသည် မရေမတွက်နိုင်သော သဘာ၀ဘေးအန္တရာယ်များနှင့် ကြုံတွေခဲ့ရပြီး ၎င်းဘေးအန္တရာယ်များကို သိပ္ပံပညာရှင်များသည် အမြဲလေ့လာခဲ့ကြလေသည်။ ကမ္ဘာပေါ်၌ ဤသို့ကပ်ဘေးကြီး ကြုံတွေခဲ့ရသော တခြားဂြိုလ်မှမျိုးနွယ်များ ရှိနေလိမ့်မည်ဟု သူ တွေးပင်မတွေးဖူးခဲ့ချေ။
“ကြယ်သုံးပွင့်အကြွင်းအကျန်ထဲမှာ ဒေါ်လေးတို့အတွက်အသုံး၀င်မယ့် အရာတွေက ဘာတွေများလဲ ရှုအာ” ထန်မင်းက မေး၏။ သူမသည် ထိုအရာကိုသာ အသိချင်ဆုံးဖြစ်လေသည်။
“ဥပမာပြောရရင် ကျွန်တော်တို့မိသားစုက တစ်ကမ္ဘာလုံးကို အုပ်ချုပ်ချင်တယ်ဆိုပါတော့။ ကြယ်သုံးပွင့်အကြွင်းအကျန်ကို အားကိုးပြီး အဲ့ဒီလို ဖြစ်လာအောင် လုပ်လို့ရတယ်။ ကမ္ဘာပေါ်က နည်းပညာတွေထက် ထူးကဲသာလွန်တဲ့ နည်းပညာတွေ ရှိတယ်။ အတိုချုံးပြောရရင်တော့ မျိုးနွယ်တစ်ခု အသက်ရှင်ဖို့လိုအပ်တာတွေပေါ့”
ထန်ကောရှန့်မှာ တဆတ်ဆတ် တုန်လာပြီး အချိန်အတော်ကြာအောင် အာစေးမိနေ၏။ ထန်မင်းကတော့ မျက်မှောင်ကြုတ်လျက် ထန်ရှုအား ဆက်မေးလေသည်။ “နင်ကရော ရှုအာ။ ကမ္ဘာကြီးကို သိမ်းပိုက်ပြီး အုပ်ချုပ်ချင်လား”
“ဟင့်အင်း ကျွန်တော် စိတ်မ၀င်စားဘူး” ထန်ရှုက ခေါင်းခါလျက် ဖြေသည်။ “ကြယ်သုံးပွင့်အကြွင်းအကျန် မရှိရင်တောင်မှ အချိန်နည်းနည်းယူလိုက်ရင် အဲ့လိုဖြစ်လာအောင် လုပ်လို့ရတယ်။ ကျင့်ကြံခြင်းကသာ ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲ”
“ဒါဆို နင် ဒီကြယ်သုံးပွင့်အကြွင်းအကျန်ကိစ္စကို ဘယ်လိုရှင်းမှာလဲ” ထန်မင်းက ထပ်မံ မေးပြန်၏။
“ကြယ်သုံးပွင့်အကြွင်းအကျန်အကြောင်း ပြည်သူလုထူကို အခုအချိန်မှာ ဘာမှမပြောပြသေးတာ ကောင်းမယ်လို့ထင်တယ်။ အထူးသဖြင့် ကျွန်တော်တို့ သုံးဖို့ မလိုသေးတဲ့အခါမှာပေါ့” ထန်ရှုက ထန်ကောရှန့်ကို ကြည့်၍ ရှင်းပြသည်။ “ဒါပေမဲ့ ကျွန်တော် အဲ့ဒီကနေ ပစ္စည်းကောင်းတွေ အများကြီး ယူလာပါတယ်။ ဆိုတော့ နိုင်ငံဘက်ကနေ ကျွန်တော်လိုချင်တဲ့ ပစ္စည်းတွေ ပေးနိုင်မယ်ဆိုရင် ကျွန်တော်ရလာတဲ့ နည်းပညာတွေကို ထုတ်ပြနိုင်ပါတယ်”