← Chapters

အနာဂတ်အတွက် အုတ်မြစ်

Vol. 59 Ch. 823

အနာဂတ်အတွက် အုတ်မြစ်

Vol. 59 Ch. 823

ထန်ရှုသည် ဘန်ရှို့နှကိ့ အချိန်အတော်ကြာ စကားစမြည် ပြောခဲ့၏။ ဤလူမှာ လွန်ခဲ့သည့်တစ်နှစ်အတွင်း များစွာ ရင့်ကျက်လာပြီး ပိုမိုအားကိုးရသောလူ ဖြစ်လာခဲ့ချေသည်။ သူက ချီးမွမ်း၍ အားပေးစကားပြောပြီးနောက် ပြန်လွှတ်လိုက်၏။

“ဆရာအဘိုးရော ယောက်သွားကျွန်းကို သွားလည်ပတ်ချင်လားဟင်” ထန်ရှုအနောက်၌ ရပ်နေသော ဂူရှောင်ရွှဲ့ကမေးသည်။ သူမမျက်နှာပေါ်ရှိ အသက်ရှူမှားလောက်ဖွယ်အပြုံးကား  မြို့တစ်မြို့ကိုပင် လဲပြိုသွားနိုင်စွမ်းရှိ၏။

ထန်ရှုက တခဏတွေးတောပြီးနောက် ခေါင်းညိတ်ကာ ဖြေသည်။ “ကျင်းမန်ကျွန်းကို ရောက်နေပြီဆိုတော့ ယောက်သွားကျွန်းက နီးနီးလေးပဲ။ သွားကြတာပေါ့။ ဒေါ်လေးရော လိုက်ခဲ့ချင်လား”

ထန်မင်းသည် ထန်ရှု၏ကျင့်ကြံသူစစ်တပ်တည်ထောင်ရန် ကြိုးပမ်းအားထုတ်မှုများကို သိချင်မိ၏။ ထို့ကြောင့် သူမက တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ခေါင်းညိတ်လိုက်လေသည်။ “လိုက်ခဲ့မယ်”

.......

နောက်တစ်နေ့ မနက်စောစောအချိန်တွင် ယောက်သွားကျွန်း၏အသစ်စက်စက် ဆောက်ထားသော ဆိပ်ကမ်း၌ စစ်သင်္ဘောတစ်စီးက ကမ်းကပ်ထား၏။ ထန်ရှု၊ ထန်မင်းနှင့် ဂူရှောင်ရွှဲ့တို့ သင်္ဘောအခန်းအတွင်းမှ ထွက်လာသောအခါ ဆိပ်ကမ်း၌ စောင့်နေသော ဗလတောင့်တောင့်လူ ဆယ်ယောက်ကျော်ကို တွေ့လိုက်ရသည်။ လူတစ်ယောက်က ရှေ့သို့ လျှောက်လာပြီး ထန်ရှုနှင့် ဂူရှောင်ရွှဲ့ကို တွေ့သောအခါ သူ၏မျက်နှာအမူအရာက အတန်ငယ် ပြောင်းလဲသွား၏။ သူက အလျင်အမြန် အရိုအသေပြုလိုက်သည်။ “သူဌေး”

ထန်ရှုက ပြုံးလျက် ခေါင်းညိတ်ပြကာ မေး၏။ “အခု ယောက်သွားကျွန်းကို ဘယ်သူ အုပ်ချုပ်နေတာလဲ”

“ယွမ်ယဲ့ပါ သူဌေး”

“ယောက်သွားကျွန်းတည်ဆောက်ရေး ပရောဂျက်ရော ဘယ်လိုဖြစ်နေပြီလဲ” ထန်ရှုက ခေါင်းညိတ်၍ မေးပြန်သည်။ “ပြီးတော့ ကလေးတွေရော ဘယ်မှာနေလဲ”

“ပရောဂျက်က ဆက်လုပ်နေဆဲပါ။ အခုထိတော့ ရလဒ်တွေမြင်ရဖို့ ခက်ခဲပါသေးမယ်” ထိုလူက ဖြေသည်။ “ကလေးတွေကတော့ တောင်ဘက်ကျွန်းဆွယ်မှာ အားလုံးကို နေရာ‌ပေးထားပါတယ်။ ကျွန်တော်တို့တောင် ၀င်ခွင့်မရှိတဲ့ တားမြစ်နေရာပါ”

“ဟုတ်ပြီ။ မင်း အလုပ်သွားလုပ်တော့။ ငါကိုယ်တိုင် တောင်ဘက်ကျွန်းဆွယ်ကို သွားကြည့်မယ်” ထန်ရှုက ပြောသည်။

“အမိန့်အတိုင်းပါ” ထိုလူက တရို‌တသေ ခေါင်းညိတ်လိုက်ပြီး‌နောက် ဘေးသို့ တိတ်တဆိတ် ထွက်ခွာသွား၏။

ထန်မင်းကို ဦးဆောင်ခေါ်‌လာစဉ် ထန်ရှုသည် ယောက်သွားကျွန်း၌ ဆောက်လုပ်ရေးလုပ်ငန်းများ ရှိနေသဖြင့် ပျံသန်းမသွားခဲ့ချေ။ သူတို့က ယောက်သွားကျွန်း၏ကမ်းစပ်မှ တောာင်ဘက်ကျွန်းဆွယ်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားကြလေသည်။

ဝှစ် ဝှစ်။

ဝိုးတဝါးပုံရိပ်နှစ်ခုက ချုံပုတ်အတွင်းမှ ထွက်လာပြီး အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်ကာ ထန်ရှုနှင့် ထန်မင်းတို့ အရှေ့တွင် ပေါ်လာ၏။

“လူမှားနေပြီ” ဂူရှောင်ရွှဲ့က ရှေ့တက်၍ ကြိမ်းမောင်းလိုက်သည်။

ထွားထွားကြိုင်းကြိုင်းလူနှစ်ဦး၏ အသတ်အဖြတ်စိတ်‌ဆန္ဒများက ထန်ရှုနှင့် ဂူရှောင်ရွှဲ့ကို မြင်သည်နှင့် ပျောက်ကွယ်သွား၏။ သူတို့က အလျင်အမြန် တရိုတသေ နှုတ်ဆက်လိုက်ကြသည်။

“အပြစ်မတင်ပါနဲ့။ သူတို့အလုပ် သူတို့လုပ်နေကြတာပါ” ထန်ရှုက ခပ်ဖွဖွပြုံးကာ လက်ဝှေ့ရမ်းလျက် ပြော၏။ “ယွမ်ယဲ့ကို အကြောင်းကြားပြီး ကလေးတွေအားလုံးကို ချက်ချင်း လူစုခိုင်းလိုက်။ ငါ သူတို့ကို ကြည့်ချင်တယ်”

“ဟုတ်ကဲ့ပါ သူဌေး”

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က ပြန်ဖြေပြီး ချက်ချင်း ပျောက်ကွယ်သွား၏။ နောက်တစ်ယောက်ကတော့ ထန်ရှုတို့အား သစ်ပင်များပေါက်ရောက်နေသော တောင်ကုန်းပေါ်သို့ ခေါ်သွားသည်။ သူတို့သည် နှစ်မီတာကျော် ရှည်လျားသော နံရံကို ကျော်ပြီးနောက် ကွင်းပြင်ကျယ်တစ်ခုဆီ ရောက်ရှိလာ၏။ တစ်မီတာရှည်သည့် အပြာရောင်ကျောက်တုံးများအား မြေပြင်တွင် ထူထဲသိပ်သည်းစွာ ခင်းကြင်းထား၏။ ပမာဏမှာ များပြားလွန်းသဖြင့် ရေတွက်၍ပင် မရချေ။

မိနစ်အနည်းငယ်ကြာပြီးနောက် အနက်ရောင်၀ူရှု၀တ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်ရှည်များအား စည်းနှောင်ထားသော ယွမ်ယဲ့သည် အသားကုန် ပြေးလာ၏။ သူက ထန်ရှုတို့အဖွဲ့ရှေ့သို့ လာ၍ တရိုတသေ နှုတ်ဆက်လိုက်သည်။ “သူဌေး”

“မင်းက ယွမ်ယဲ့လား” ထန်ရှုက ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။ “မင်းရဲ့ ကျင့်ကြံခြင်းအခြေအနေကရော ဘယ်ရောက်သွားပြီလဲ”

“ကျွန်တော်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့်မှာပါ” ယွမ်ယဲ့က ဖြေသည်။

“မဆိုးပါဘူး” ထန်ရှုက ခေါင်းညိတ်လျက် ပြော၏။ “ဒါပေမဲ့ မင်း ကြိုးစားဖို့လိုတယ်။ မင်းက ဒီမှာ တာ၀န်ရှိတဲ့လူဆိုတော့ ထာ၀ရခန်းမမှာ မင်းရဲ့အဆင့်က နိမ့်နေလို့မဖြစ်ဘူး။ စည်းကမ်းတွေအရ ရွှေအမြုတေအဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးအဖွဲ့၀င် ဆယ်ယောက်ကို ဖောဖောသီသီ ဆုချီးမြှင့်ရမယ်။ ကောင်းကောင်းကြိုးစားပြီးတော့ ဆယ်ယောက်ထဲ၀င်အောင် ကြိုးစား”

ယွမ်ယဲ့၏မျက်လုံးများ လင်းလက်တောက်ပသွားပြီး သူက လေးနက်စွာ ဖြေသည်။ “ဒီလက်အောက်ငယ်သားက အကောင်းဆုံး ကြိုးစားပါ့မယ် သူဌေး”

ထန်ရှုက စိတ်ဝိညာဉ်စုဆောင်းဆေးလုံးကို ထုတ်ကာ ခပ်ဖွဖွ ပြုံးလိုက်၏။ “ငါ မင်းကို အထူးအခွင့်အရေးပေးတာကို တခြားသူတွေကို လျှောက်မပြောဘဲ ကိုယ့်ဟာကိုယ် ကြိုးစား။ မင်း ငါ့ရဲ့အားအကိုးရဆုံးလူဖြစ်လာမလား တခြားသူတွေက ကျော်တက်သွားမလားဆိုတာ မင်းပေါ်ပဲ မူတည်တယ်”

“ကျေးဇူးတင်ပါတယ် သူဌေး။ ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်”

ယွမ်ယဲ့မှာ အင်မတန် စိတ်လှုပ်ရှားနေ၏။ ထာ၀ရခန်းမမှ ထုတ်လုပ်သော ဆေးလုံးများသည် ကျင့်ကြံခြင်း၌ အင်မတန်အရေးကြီးသော အရင်းအမြစ်များ ဖြစ်လေသည်။ ထို့အပြင် ၎င်းတို့ကို ရရှိရန်မှာလည်း လွန်စွာ ခက်ခဲ၏။

ဆယ်မိနစ်ကြာသော်။

အပြာရောင်ကျောက်တုံး မြောက်များစွာ ရှိနေရသည့်အကြောင်းအရင်းအား ထန်ရှု နားလည်သွားလေပြီ။ ဝိုးတဝါးပုံရိပ်များသည် မြောက်ဘက်ဧရိယာတစ်ဝိုက်ရှိ အ‌ထပ်နိမ့်အဆောက်အဦးများထဲမှ ထွက်လာကြ၏။ ၎င်းပုံရိပ်များကား သန်သန်မာလူကြီးများ ဦးဆောင်ခေါ်လာသည့် ကလေးများဖြစ်ပြီး သူတို့သည် အစီအစဉ်တကျ စီထားသော အပြာရောင်ကျောက်တုံးများကြား ပြေးလွှားနေကြလေသည်။

သူတို့ကား မည်သည်ကျောက်တုံးက သူတို့၏ကိုယ်ပိုင်နေရာဖြစ်ကြောင်း သိဟန်တူသည်။ တစ်ယောက်ပြီးတစ်ယောက်က ကိုယ်ပိုင်ကျောက်တုံးပေါ်ဆီ တက်သွားကြ၏။ သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ ကျောက်တုံးပေါင်း ၆၂၂၀၀ ရှိကြောင်း တွေ့လိုက်ရသဖြင့် ထန်ရှုမှာ အံ့ဩမှင်သက်သွားတော့သည်။

“စိတ်၀င်စားစရာပဲ”

သူ၏စိတ်ဝိညာဉ်အရ ဗလတောင့်တောင့်လူကြီးများ၏ အကူအညီဖြင့် ကျောက်တုံးပေါ် တက်သွားသော အသက်သုံးနှစ်အောက်ကလေးငယ် ဒါဇင်ကျော်ကိုလည်း တွေ့လိုက်ရသည်။

ယွမ်ယဲ့က တရိုတသေ အစီအရင်ခံ၏။ “ကလေးအကုန်လုံး ရောက်ပါပြီ သူဌေး”

ထန်ရှက ခေါင်းညိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကား မြောက်တက်လာ၏။ ကလေး ၆၂၂၀၀ ယောက်က လှေကားတက်သကဲ့သို့ လေပေါ်တွင် လမ်းလျှောက်နေသော သူ့အား မော့ကြည့်နေကြလေသည်။ သူ တစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ခန္ဓာကိုယ်ကား ပို၍မြင့်တက်သွားပြီး နောက်ဆုံးတွင် ပထမဆုံးအပြာရောင်ကျောက်တုံးတန်း၏ မြောက်ဘက်တွင် ရပ်သွား၏။ ထန်ရှုသည် ၁၀ မီတာထက်တွင် ပျံဝဲနေရင်း စိတ်ကျေနပ်စွာ ဝေ့ကြည့်ပြီးနောက် လေးနက်စွာ ဆိုသည်။ “မင်းတို့ထဲက တချို့ကတော့ ငါဘယ်သူလဲ သိကြတယ်။ တချို့ကတော့ မသိကြဘူး။ အခု‌ ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ မင်းတို့အားလုံး ငါ့ကို မှတ်ထားပြီး မင်းတို့နှလုံးသားထဲမှာ ထည့်ထားစေချင်တယ်

“ငါက ထန်ရှု။ မင်းတို့ရဲ့ အစားအစာ၊ အ၀တ်အထည်၊ ပညာရေးနဲ့ လိုအပ်တာမှန်သမျှ  ထောက်ပံ့ပေးနေတဲ့ မင်းတို့ရဲ့သူ‌ဌေးပဲ။ အခုအချိန်ကစပြီး မင်းတို့အားလုံး ငါ့ကို သူဌေးလို့ပဲ ခေါ်ရမယ်

“ဒီနေ့ကစပြီး ငါ့ရဲ့နာမည်၊ ငါ့ရဲ့ဖြစ်တည်မှုကို မင်းတို့ဘ၀ရဲ့ အရေးအကြီးဆုံးအရာတစ်ခုလို သဘောထားပြီး မှတ်ထားရမယ်။ ငါ ထန်ရှုကို မင်းတို့တစ်သက်လုံး ကြောက်ရွံ့ရိုသေပြီးတော့ သစ္စာရှိရမယ်”

မိန့်ခွန်းပြောနေစဉ် ထန်ရှုက သူ၏လွှမ်းမိုးနိုင်သော အရှိန်အဝါကို တိတ်တဆိတ် ဖြန့်ကျက်ထားခဲ့၏။ အရှိန်အဝါက ပေါ့ပါးသော်လည်း ကလေး ၆၂၂၀၀ လုံး၏မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြသည်။ ထန်ရှု၌ သူ့ပုံရိပ်ကို သူတို့နှလုံးသားထဲအထိ ခတ်နှိပ်ပစ်နိုင်သော နည်းလမ်းများရှိကြောင်း သူတို့မသိကြချေ။

<ဝိညာဉ်ခတ်နှိပ်ခြင်း>

၎င်းကား လက်အောက်ငယ်သားများကို အမိန့်နာခံစေရန် အင်မော်တယ်ကမ္ဘာတွင် ကျယ်ကျယ်ပြောပြော သုံးကြသည့် နည်းတစ်မျိုးဖြစ်ပေသည်။

မိနစ်၀က်ခန့်ကြာသော် ထန်ရှုက သူ၏အရှိန်အဝါကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး စိတ်ကျေနပ်စွာ ပြော၏။ “ယွမ်ယဲ့ သူတို့ကို ပြန်ခေါ်သွားတော့။ သူတို့ရဲ့ ပညာရေး၊ ကျင့်ကြံခြင်းကစလို့ သူတို့တစ်ဘ၀လုံးကို မင်း စောင့်ရှောက်ပေးရတော့မယ်။ သူတို့ကို ခေတ်ပေါ်စစ်သင်တန်းကျောင်းနဲ့ တက္ကသိုလ်က သင်ရိုးတွေအတိုင်း သင်‌ကြားလေ့ကျင့်ပေးရမယ်။ မင်း စစ်သင်တန်းကျောင်းတွေရဲ့ အုပ်ချုပ်နည်းစနစ်တွေကို မသိရင် ငါ နဂါးကိုးကောင်ကျွန်းက ဝံပုလွေခေါင်းကို ခေါ်ပြီး ကူညီခိုင်းလို့ရတယ်”

ယွမ်ယဲ့က လေပေါ်ပျံတက်၍ ထန်ရှုအနား ချဉ်းကပ်လာပြီး ရိုသေစွာ ပြန်ဖြေသည်။ “ကျွန်‌တော် ကမ္ဘာပေါ်က နိုင်ငံအမျိုးမျိုးရဲ့ စစ်ရေးလေ့ကျင့်နည်းတွေကို သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော် စစ်သင်တန်းကျောင်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေးတွေကိုတော့ နားမလည်ပါဘူးခင်ဗျာ”

“ငါ ဝံပုလွေခေါင်းကို မင်းကို လာကူညီဖို့ အကြောင်းကြားလိုက်မယ်” ထန်ရှုက ပြော၏။

ယွမ်ယဲ့က အမိန့်အတိုင်း ထွားထွားကြိုင်းကြိုင်းလူကြီးများအား ကလေး ၆၂၂၀၀ ကို အုပ်စုလိုက်ခွဲ၍ ပြန်လည်ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။

ထန်မင်းသည် မျက်လုံးများ တလက်လက် တောက်ပလျက် လေတွင် ပျံဝဲနေသော ထန်ရှုအား လှမ်းကြည့်နေ၏။ လူတိုင်း၌ တစ်နေ့တွင် အတောင်များ ပေါက်လာပြီး ဝေဟင်ထက်တွင် ပျံဝဲလိုသည့် အိပ်မက်ရှိခဲ့ဖူးသည်။ ထန်မင်းသည်လည်း ယခုတွင် အင်အားကြီးလူတစ်ယောက် ဖြစ်နေသော်လည်း ယခင်အချိန်များတုန်းက ထိုသို့စိတ်ကူးယာဉ်ခဲ့ဖူးလေသည်။

“ငါ ကျင့်ကြံမှဖြစ်မယ်။ ငါ အင်အားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာရမယ်”

ထန်မင်း တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များ၊ အသိအမြင်များက သူမ၏စိတ်ကို ပြောင်းလဲစေခဲ့၏။ သူက ထန်ရှုကို လှမ်းကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တိတ်တဆိတ် သံဓိဌာန်ချလိုက်လေသည်။

ထန်ရှုသည် ထိုကျွန်း၌ နှစ်ရက်ကြာ နေခဲ့၏။ သူသည် က‌လေးသူငယ်များ၏ပြဿနာများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း နားလည်စေရန် စကားစမြည်ပြောဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ကို အထင်ကြီးလေးစားလာစေရန် ကိန္ဒြေသိက္ခာရှိရှိ ပြုမူဆက်ဆံခဲ့၏။ ထန်ဂျင်၊ ထန်မု၊ ထန်ရွှေ၊ ထန်ဟွာနှင့် ထန်တုတို့ ကလေးငါးယောက်ကိုလည်း တွေခဲ့၏။ ထိုကောင်လေးငါးယောက်မှာ ယခုတွင် ချီကို အာရုံခံနိုင်ပြီး ခန္ဓာကိုယ်ထဲရှိ ချီစီးဆင်းမှုကိုပင် ထိန်းချုပ်နိုင်နေကြသဖြင့် သူ့မှာ အံ့အားသင့်ခဲ့ရသည်။ ချီသန့်စင်ခြင်းပထမအလွှာနှင့် ဒုတိယအလွှာတို့တွင် ကျွမ်းကျင်သူများ ဖြစ်နေပြီဟုပင် ဆိုနိုင်၏။

“ပြောပါဦး။ ဒီကလေးကို လေ့ကျင့်ပေးနေတဲ့အချိန်မှာ ပေါ်လာတဲ့ ပြဿနာများ ရှိလား” ထန်ရှုက ချန်ယီကို ပြုံး၍ ကြည့်ကာ သူ မထွက်ခွာခင် မေး၏။

“သုံးခုရှိပါတယ် သူဌေး” ချန်ယီက ဖြေသည်။ “ပထမတစ်ခုက ဒီကလေးတွေရဲ့ ဖြစ်တည်မှုက လျှို့ဝှက်လွန်းတဲ့အတွက် သာမန်လူတွေအနေနဲ့ သူတို့ကို ဆက်သွယ်လို့မရဘူး။ ဒါက နို့မပြတ်သေးတဲ့ ကလေးငယ်တွေအတွက် ပြဿနာဖြစ်နေပါတယ်။ ဒီမှာ လူတွေအများကြီးရှိပေမယ့်...အင်း...သူတို့ရဲ့ အဖေ၊ အမေ လုပ်ပေးရတာ တကယ် ခေါင်းကိုက်စရာကြီး”

ထန်ရှုက တခဏ စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ကလေးလေးကို အနီးတစ်ဝိုက်က နေရာဆီ ပို့ပြီးတော့ အရည်အချင်းရှိပြီး ကြင်နာသနားတတ်တဲ့ ကလေးထိန်း‌ ငှားပေးလိုက်ပါ”

ချန်ယီက ခေါင်းညိတ်ကာ ဆက်ပြောသည်။ “ဒုတိယတစ်ခုက ကုန်ပို့ဆောင်ရေးပါ။ တကယ်ကို လိုအပ်နေပါတယ်။ အခုဆို ရေနဲ့အစားအစာကိုတောင် အလျင်မမှီဘူးဖြစ်နေတယ်။ ဒီမှာ ကလေးက ၆၀၀၀၀ ကျော်ရဲ့စားနှုန်းက အရမ်းမြင့်လွန်းတော့ ရိက္ခာတွေ ထပ်ပို့ရင်တောင် ရိက္ခာပြဿနာတက်နေပါတယ်”

“အဲ့ဒါက ဖြေရှင်းရလွယ်ပါတယ်” ထန်ရှုက ပြော၏။ “ရှောင်ရွှဲ့ မင်း ပြန်ရောက်ရင် လိုအပ်တဲ့ရိက္ခာတွေပို့ပေးနိုင်အောင် ကုန်ပို့ဆောင်ရေးသင်္ဘောတွေကို ချက်ချင်း တာ၀န်ပေးလိုက်ပါ”

“နားလည်ပါပြီ” ဂူရှောင်ရွှဲ့က ခေါင်းညိတ်၏။

ချန်ယီက ဆက်ပြောသည်။ “နောက်ဆုံးတစ်ခုက ဆရာ၊ဆရာမက ဒါဇင်လောက်ပဲရှိပါတယ် သူဌေး။ ဆရာအရေအတွက်နည်းနည်းလေးနဲ့ စစ်သင်‌တန်းကျောင်းတွေအတိုင်း အုပ်ချုပ်သင်ကြားပေးရတာ ခက်ခဲလွန်းပါတယ်။ နောက်ထပ်လူတွေ လွှတ်ပေးလို့ရမလား”

ထန်ရှုက ခေါင်းခါရမ်းလျက် ဖြေ၏။ “လူထပ်လွှတ်ပေးဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အရေးကြီးတာက ငါတို့ထာ၀ရခန်းမမှာ အဓိကအဖွဲ့၀င်တွေ နည်းနေသေးတယ်။ အပြင်လူတွေကို ဒီနေရာလွှတ်လိုက်ရင် ငါတို့ရဲ့ လျှို့ဝှက်အစီအစဉ်တွေ ပေါက်ကြားသွားနိုင်တဲ့အန္တရာယ်ရှိတယ်”

“ဒါဆို ဘယ်လိုလုပ်ကြမလဲ....” ချန်ယီက ရေရွတ်လိုက်၏။

ထန်ရှုက လက်ကို မြှောက်ကာ ပြောသည်။ “ဒီမှာ စီမံနိုင်ဖို့ လူဘယ်နယောက်လွှတ်ရမယ်လို့ မင်းထင်လဲ”

“လူ ၂၀၀ ပါ” ချန်ယီက ချက်ချင်း‌ ဖြေသည်။ “ဆရာတွေရှားပါးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အနည်းဆုံး လူ ၂၀၀ လောက်လိုတယ်”

“လူ ၂၀၀ ဟုတ်လား။ အဲ့လောက်ပမာဏက များလွန်းတယ်” ထန်ရှုက ခေါင်ယမ်း၍ ပြော၏။ “ငါ့ကို အချိန်နည်းနည်းပေး။ နှစ်လအတွင်း လူ ၁၀၀ ပို့လိုက်မယ်။ ဒါပေမဲ့ အဲ့ဒီလူ ၁၀၀ သုံးလအတွင်း လေ့ကျင့်ပေးနိုင်ဖို့ မင်းက လူတချို့ကို ပြန်ပြီး တာ၀န်ပေးရမယ်”

“သူဌေးပြောချင်တာ....သူတို့က ထာ၀ရခန်းမရဲ့လူတွေမဟုတ်ဘူးလား” ချန်ယီက ပြာပြာသလဲ မေး၏။

“အခုတော့ မဟုတ်သေးဘူး” ထန်ရှုက ခပ်ဖွဖွ ပြောသည်။ “ဒါပေမဲ့ မကြာခင် ဖြစ်လာမှာပါ”

ဤကလေး ၆၂၂၀၀ မှာ အနာဂတ်တွင် ထန်ရှု၏သစ္စာအရှိဆုံး နောက်လိုက်များ ဖြစ်လာပေလိမ့်မည်။ အင်မော်တယ်ကမ္ဘာကိုပြန်နိုင်ရန်အတွက် အုတ်မြစ်တစ်ခုပင်။ ထို့ကြောင့် ကလေးများကို သင်ပြပေးမည့် ဆရာများ၏သစ္စာရှိမှုကိုလည်း မဖြစ်မနေလိုအပ်၏။ သူ လောလောလတ်လတ် ကြံစည်တွေးတောခဲ့သော အကြံဉာဏ်မှာ စတင်တော့မည့်ပုံပင်။

All Chapters