အရင်းအမြစ်ကောင်းများအား ဖြစ်သလို သုံးဖြုန်းခြင်း
Vol. 59 Ch. 825
ထန်ရှုသည် ယန်ဟွေ့၏အကျင့်စရိုက်ကို မနှစ်သက်သလို ချီချန်းရှန်၏မိန်းကလေး ပိုးပန်းသည့် နည်းလမ်းများကိုလည်း ရွံရှာစက်ဆုပ်၏။ အထူးသဖြင့် ဤမျှယဉ်ကျေးမှုမရှိသော မိန်းကလေးတစ်ယောက်ကို ပိုးပန်းနေသည့်အတွက်ပင်။ ဟောင်ကောင်ကို ထပ်မံလာရောက်လည်ပတ်သည့်အချိန်တွင် ချီချန်းရှန်နှင့် တွေ့ရလိမ့်မည်ဟု တွေးပင်မတွေးထားခဲ့ချေ။
“မင်း....”
ချီချန်းရှန်စကားပြောတော့မည့်အချိန်တွင် ထန်ရှု၏မျက်နှာကို မြင်လိုက်ရ၏။ သူပြောမည့် စကားလုံးများမှာ ပျောက်ချင်းမလှ ပျောက်သွားပြီး ဒူးများ တုန်လာလေသည်။
‘ဒီလူ.....နတ်ဆိုးကြယ်’
အမုန်းတရားများနှင့် နောင်တတို့က ချီချန်းရှန်၏တစ်ကိုယ်လုံးတွင် နေရာယူသွား၏။ စောစောကလူသည် သူ၏နတ်ဆိုးကြယ် ထန်ရှုဖြစ်နေလိမ့်မည်ဟု သူ့မှာ တွေးပင်တွေးမထားခဲ့ချေ။ သူအကြောက်ဆုံးအရာကား ဤမကောင်းဆိုးဝါးကို ကန်လိုက်မိသည့်အချက်ပင်။
“ငါ ဘာဖြစ်လို့လဲ။ မင်း ငါ့အဖြေကို မကြိုက်ဘူးလား” ထန်ရှုက အေးစက်စွာ မေး၏။ “ဒါမှမဟုတ် မင်းရဲ့ကန်ချက်က ပျော့သွားတယ်လို့များ တွေးနေတာလား”
ချီချန်းရှန်မှာ ချက်ချင်း ကြက်သီးမွေးညင်းများ ထသွားတော့သည်။ သူ့နတ်ဘုရားမသာ ရှိမနေလျှင် ထန်ရှုရှေ့၌ ဒူးထောက်၍ ခွင့်လွှတ်ပေးရန် အသနားခံမိလိမ့်မည်။ သူက ခက်ခက်ခဲခဲ ပြုံးပြ၍ လေးစားသော မျက်နှာထားဖြင့် အရိုအသေပေးကာ ပြောလိုက်သည်။ “ဒီချီချန်းရှန်မှာ အဲ့ဒီလိုအတွေးမျိုး မရှိပါဘူး။ မစ္စတာထန်။ ကျွန်တော် ခင်ဗျားကို မှတ်မိခဲ့ရင် ဒီထက် အဆ ၁၀၀၀၀ လောက် သတ္တိရှိမယ်ဆိုရင်တောင် မကန်ရဲပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်လိုရဲ့ အလေးမထားမှုကို ဗွေမယူပါနဲ့”
“ဟင်း...မင်းက ဘာလို့ အဲ့လောက်တောင် မေ့လွယ်ရတာလဲ” ထန်ရှုက သက်ပြင်းရှည်ကြီးချကာ ခေါင်းခါရမ်းလိုက်၏။ “အရင်တစ်ခါ သင်ခန်းစာက ပျော့လွန်းလို့လား”
“မစ္စတာထန် ဟောင်ကောင်ကနေ ထွက်သွားပြီးတည်းက ကျွန်တော် ဘယ်ရမ်းကားတဲ့လုပ်ရပ်ကိုမှ မလုပ်ခဲ့ပါဘူး” ချီချန်းရှန်က ခါးသက်စွာ ဖြေသည်။ “ဒီအတိုင်း ဟွေ့လေး.... အထင်ကြီးအောင် လုပ်ချင်မိတာပါ”
ထန်ရှုသည် အမှန်တွင် သူ၏အကြံကို သိရှိခဲ့သည်။ သို့သော် သူ၏ မိန်းကလေးများအား ပိုးပန်းသည့်နည်းလမ်းကို သဘောမတူသဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်း မိန်းကလေးတွေရဖို့ ပိုက်ဆံတွေ၊ ပကာသနပစ္စည်းတွေကို အားကိုးစရာမလိုပါဘူး။ မင်းလိုတာ အချစ်ပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ နေရောင်ခြည်လေး ဖြစ်ပေးရမှာ။ တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေပဲ သေတဲ့အချိန်အထိ အတူအတွ ပေါင်းဖက်နိုင်ကြတာ။ အဲ့ဒီလိုနည်းလမ်းမျိုးနဲ့ ကြိုးစားကြည့်သင့်တယ်”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ချီချန်းရှန်၏မျက်နှာကို ကြည့်လိုစိတ်မရှိတော့သဖြင့် မျက်လုံးများမှိတ်ကာ ဟောင်လဲ့အလာကို စောင့်နေလိုက်သည်။
ယန်ဟွေ့က ထန်ရှုကို ထူးဆန်းသော်လည်း သိလိုစိတ်ပြင်းပျနေသည့် အမူအရာဖြင့် အကဲခတ်နေသည်။ ကြောက်ရွံ့နေသော်လည်း ရိုသေလေးစားဟန်ရှိသည့် ချီချန်းရှန်ကိုလည်း တစ်ချက်တစ်ချက် လှမ်းကြည့်တတ်၏။ စကားလုံးများနှင့် ပြုမူပြောဆိုပုံများက ရင့်ကျက်လှသော ဤလူငယ်အကြောင်းကို သူမ သိချင်မိသွား၏။ ချီချန်းရှန်၏နောက်ခံအင်အားကို သူမသိရှိထားသဖြင့် သူဤမျှကြောက်ရွံ့ရိုသေစွာ ဆက်ဆံနေသော သူ၌ အံ့မခန်းလိလိ နောက်ခံအင်အားရှိရပေမည်။
“နင်က ဘယ်သူလဲ” ယန်ဟွေ့မှာ မမေးဘဲ မနေနိုင်တော့ချေ။
ထန်ရှုက ပြန်မဖြေ။ သူသည် သူမနှင့်စကားပြောရမည်ကို ပျင်းရိနေ၏။ သူ၏အပြုအမူများက ဘေး၌ရပ်နေသော ၀န်ထမ်းအမျိုးသမီးကို အံ့အားသင့်သွားစေသည်။ ထန်ရှုကို ကြည့်နေသည့် သူမ၏အကြည့်များမှာ ယခင်ကနှင့် လုံးလုံးလျားလျား မတူတော့ချေ။ ဓါတ်လှေကားရှေ့၌ ရပ်နေသော ဗလတောင့်တောင့် လူနှစ်ယောက်ပင်လျှင် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
ဒင်....။
ဓါတ်လှေကားတံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဟောင်လဲ့က အတွင်းမှ ပြေးထွက်လာသည်။ သူ၏မျက်လုံးများက ယန်ဟွေ့နှင့် ချီချန်းရှန်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ထန်ရှုထံ ကျရောက်သွား၏။ သူမက ရှေ့တက်၍ လေးလေးစားစား ခေါ်လိုက်သည်။ “ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ သူဌေး”
ထန်ရှုက မျက်လုံးများ ဖွင့်လိုက်ပြီး ထရပ်ကာ ဖြေ၏။ “အင်း...မင်းကို တစ်ခုခု လုပ်ခိုင်းစရာရှိလို့ ရှာနေတာ။ ဟောင်ကောင်ကိုရောက်တော့ အားနေတာနဲ့ ဒီကို လာခဲ့လိုက်တာပဲ။ ဒါပေမဲ့ ငါ အပေါ်ထပ်တွေကို တက်ခွင့်မရလို့ မင်းဆီက အလုပ်ကတ်တောင်းမလို့ ခေါ်လိုက်တာ”
ဟောင်လဲ့က ချာခနဲလှည့်၍ ကောင်တာရှိ ခပ်ချောချောအမျိုးသမီးကို စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်၏။ “သူက ငါတို့ ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ သူဌေးကြီးပဲ။ နင်က တကယ်ပဲ သူ့ကို ၀င်ခွင့်ပိတ်ခဲ့တယ်ပေါ့”
အမျိုးသမီး၏သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူမတစ်ကိုယ်လုံးမှာ ကြက်သီးများ တဖြန်းဖြန်း ထလာ၏။ သူမမှာ အံ့ဩမှင်သက် ကြောက်ရွံ့နေလျက် ကတုန်ကယင် ပြောရှာသည်။ “ကျွန်...ကျွန်မ တောင်းပန်ပါတယ်....သူဌေးကြီးမှန်း မသိခဲ့လို့ပါ”
“ရပါတယ်။ မင်းရဲ့အလုပ်က ၀န်ထမ်းမဟုတ်တဲ့လူတွေ ၀င်မရအောင် တားရတာဆိုတော့ မင်းကို အပြစ်တင်လို့မရဘူးလေ” ထန်ရှုက လက်ကို ဝှေ့ရမ်းရင်း ပြောလိုက်သည်။ “ဟောင်လဲ့ မင်းလည်း သူ့ကို အပြစ်မတင်နဲ့။ ကဲ ဒါဆို။ ကိစ္စလေးတွေပြောဖို့ တိတ်တိတ်ဆိတ်ဆိတ် နေရာဆီ သွားရအောင်လား”
ဟောင်လဲ့က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ၀န်ထမ်းအမျိုးသမီးအား ဂရုမစိုက်တော့ချေ။ သူမက ထန်ရှုအား ဓါတ်လှေကားအတွင်းသို့ ခေါ်သွားပြီး ၃၃ ထပ်သို့သွားသည့် ခလုတ်ကို နှိပ်လိုက်၏။ ဓါတ်လှေကား မြင့်တက်သွားသည့်အခါ ထန်ရှုက မေးလေသည်။ “ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ စီးပွားရေးရော အခြေအနေဘယ်လိုလဲ။ ပြဿနာတွေရှိလား”
“ငါတို့ စီးပွားရေးက အခုနောက်ပိုင်းတော့ အဆင်ပြေပါတယ်” ဟောင်လဲ့က ဖြေသည်။ “ဒါပေမယ့် ရောင်းအားက အရင်နှစ် ခြောက်လကထက် ၂၀ ရာခိုင်နှုန်း ကျသွားတယ်။ ငါတို့ရဲ့ ဘဏ္ဍာငွေ၊ ရွှေ၊ ငွေတွေကြောင့်မဟုတ်ဘဲ အဓိက....”
“အဓိကအကြောင်းအရင်းက ဘာလဲ” ထန်ရှုက ဖြတ်မေးသည်။
“တိတိကျကျ အကြောင်းပြချက်ကိုတော့ မသိရသေးဘူး။ ဒါပေမယ့် နိုင်ငံတွင်းအင်အားစုတွေက ကျောက်စိမ်းရိုင်းတွေကို အစုလိုက်အပြုံလိုက် ရှာနေကြတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ကျောက်စိမ်းရိုင်းထုတ်ကုန်တွေ ရှားပါးလာတယ်” ဟောင်လဲ့က စိတ်မပါစွာ ပြုံးရင်း ရှင်းပြ၏။ “အရင်ကတော့ ငါတို့မှာ ကိုယ်ပိုင်တင်သွင်းသူ တွေရှိခဲ့ပေမယ့် ဈေးတွေ အရမ်းကြီးထိုးတက်သွားတော့ ပမာဏများများ မ၀ယ်နိုင်တော့ဘူး။ အဲ့ဒါကနေ ငါတို့မှာ လက်၀ယ်ပစ္စည်းတွေ များများ မရှိတော့တာပဲ။ အတိုချုံးပြောရရင် ဈေးတက်နှုန်း ရောင်းအားကို ထိခိုက်သွားစေတာပဲ”
နိုင်ငံ၏မည်သည့်အင်အားစုက နောက်ကွယ်တွင် ကျောက်စိမ်းရိုင်းများ ၀ယ်ယူနေကြောင်း အလိုအလျောက် သိရှိလိုက်သဖြင့် ထန်ရှုက ပြုံးလိုက်သည်။ သို့သော် ဈေးများ ရုတ်တရက် တက်လာခြင်းက သူ၏စီးပွားရေးလုပ်ငန်းများကို ထိခိုက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
“ငါတို့ ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းပဲ ထိခိုက်တာလား။ ဒါမှမဟုတ်...”
“ငါတို့ပဲ မဟုတ်ဘူး။ နိုင်ငံတွင်းက ရှိသမျှ ကျောက်မျက်ရတနာလုပ်ငန်းတွေအားလုံး ထိခိုက်တာပဲ” ဟောင်လဲ့က သွက်လက်စွာ ဖြေသည်။ “ကျောက်စိမ်းလုပ်ငန်းရှင်တွေထဲမှာ ကျောက်စိမ်းရိုင်းတွေ ကြို၀ယ်မထားမိလို့ နောင်တရနေတဲ့လူတွေ အများကြီးပဲ”
“လူတိုင်း အထိနာတာဆိုတော့ ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ အတွင်းပြဿနာတွေကြောင့် မဟုတ်ဘူးပဲ။ မင်းရဲ့ ပြဿနာကို ငါဖြေရှင်းပေးမယ်။ ပြော...ငါတို့ ပစ္စည်းနည်းနေတဲ့ ကိစ္စကို ကျောက်စိမ်းရိုင်းဘယ်လောက်နဲ့ဆို ဖြေရှင်းနိုင်မလဲ”
ဟောင်ယဲ့မှာ ကြောင်အသွားသည်။ သူဌေးကြီးကိုယ်တိုင်က ကျောက်စိမ်းရှားပါးမှုပြဿနာကို ဖြေရှင်းပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက တခဏ စဉ်းစားပြီးနောက် ဖြေ၏။ “တစ်တန်လောက်ရရင် ကျောက်စိမ်းရိုင်းတွေ အရေးတကြီး လိုအပ်နေတာကို ဖြေရှင်းပေးနိုင်လိမ့်မယ်။ အဲ့ဒီပမာဏက အရမ်းများလွန်းရင် တန်တစ်၀က်ဆိုလည်း အဆင်ပြေလောက်တယ်။ ဒါပေမဲ့ ဖြေရှင်းနိုင်ရုံလေးပေါ့”
“ငါ မင်းကို ၅ တန်ပေးရင် အမြတ်များများရအောင် လုပ်နိုင်မလား” ထန်ရှုက ပြုံးလျက် မေး၏။ “ပြီးတော့ ကုန်ကြမ်းတွေအလုံအလောက်ရှိရင် အဲ့ဒါတွေကိုသုံးပြီး ရတဲ့အမြတ်ကနေရော ထပ်၀ယ်လို့ရမလား”
ဟောင်လဲ့မှာ ထန်ရှု၏စကားကြောင့် ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ သူမက အားရ၀မ်းသားပြုံးလိုက်သည်။ “သူဌေး ကျောက်စိမ်းရိုင်းတွေရဲ့ ရှားပါးမှုကို နားမလည်ဘူးမလား။ ကမ္ဘာအဓိက ကျောက်စိမ်းတွင်းတွေက နှစ်တိုင်း ကုန်တွေအများကြီး ထွက်ပေမယ့် တစ်နှစ်ကို ၅ တန်ထက် ပိုမရဘူး။ အဲ့ဒါတောင် သူဌေးမှာ တကယ်ရှိ...ကောင်းတယ် ကောင်းတယ်။ သူဌေး ငါ့ကို အဲ့ဒီလိုကြီး စိုက်ကြည့်မနေနဲ့။ အခုသူဌေး အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းရိုင်း ၅ တန် ထုတ်ပေးလို့...အဲဒါတွေကို ချက်ချင်း ပြန်ရောင်းလို့ ရတဲ့ငွေနဲ့ ၂ တန် ပြန်၀ယ်လို့ရတယ်။ ကျောက်စိမ်းရိုင်းတွေကို ပုံသွင်းအလှဆင်ပြီး ပြန်ရောင်းရင်တော့ နောက်ထပ် ၅ တန် ထပ်၀ယ်နိုင်လိမ့်မယ်”
“မင်း နှစ်ဆပွားနိုင်တယ်ပေါ့” ထန်ရှု၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက အံ့အားသင့်စွာ မေးသည်။
“မှန်တယ်။ ငါတို့ နှစ်ဆပွားလို့ရတယ်” ဟောင်လဲ့က ခေါင်းညိတ်လျက် ဖြေ၏။
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး ဟောင်လဲ့နောက်မှလိုက်၍ ဓါတ်လှေကားအတွင်းမှ ထွက်လာခဲ့သည်။ သူမရုံးခန်းအတွင်းသို့ ရောက်သောအခါ သူ၏သိုလှောင်လက်စွပ်အား ပေးလိုက်၏။ “ဒီသိုလှောင်လက်စွပ်ကို ယူလိုက်။ ဒါ မင်းအတွက်ပဲ။ မင်း အနာဂတ်မှာ ကုမ္ပဏီကိုရှာပေးမယ့် အမြတ်တွေအတွက် ကြိုပြီး ဆုပေးတာ။ အထဲမှာ ကျောက်စိမ်း ၅ တန်ရှိတယ်။ မင်းရဲ့သွေးတစ်စက်ကို သုံးပြီး လက်စွပ်ရဲ့ပိုင်ဆိုင်မှုကို လွှဲပြောင်းယူလိုက်။ မင်း အဲ့ဒီလို လုပ်ပြီးတာနဲ့ အထဲက ကျောက်စိမ်းတွေရဲ့ အရည်အသွေးကို စစ်ဆေးကြည့်လို့ရပြီ”
သိုလှောင်လက်စွပ်တဲ့လား။
ဟောင်လဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ကြက်သေသေနေမိ၏။ သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တလက်လက် တောက်ပနေပြီး လက်စွပ်ကို လှမ်းယူနေသော သူမ၏လက်ချောင်းများကတော့ တုန်ရီနေလေသည်။ ထို့နောက် သူမက လက်ချောင်းကို ကိုက်၍ သွေးစီးကျစေလိုက်သည်။
ဝှစ်....
လက်သီးဆုပ်အရွယ်ရှိ ကျောက်စိမ်းတုံးတစ်တုံးက သူမ၏လက်ထဲ၌ ပေါ်လာ၏။ သူမက ၎င်းကို ထိန်းချုပ်၍ လက်စွပ်အတွင်း ပြန်ထည့်လိုက်သည်။ ထိုသို့ ကြိမ်ဖန်များစွာ စစ်ဆေးပြီးနောက် သူမက စိတ်လှုပ်တရှား ထပြော၏။ “သူဌေး။ လက်စွပ်အထဲကို ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ စစ်ဆေးလိုက်တာ ကျောက်စိမ်းရိုင်းတွေ အများကြီးပဲ။ ကောင်းတယ်။ ဒီကျောက်စိမ်းရိုင်းတွေနဲ့ဆို ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းစုရဲ့ ကြွယ်၀မှုက တဟုန်ထိုး မြင့်တက်သွားလိမ့်မယ်။ အချိန်ခဏလေးအတွင်း အမြတ်တွေအများကြီးရလာနိုင်ချေရှိတယ်”
“အရည်အသွေးက အဲ့လောက်တောင် ကောင်းတာလား” ထန်ရှုက ပြုံးလျက် မေးလေသည်။
“တကယ်ကိုကောင်းတယ်” ဟောင်လဲ့က ခေါင်းညိတ်ကာ ဖြေ၏။ “အကောင်းဆုံး ကျောက်စိမ်းရိုင်းတွေနဲ့တော့ မယှဉ်နိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ထိပ်တန်းထဲမှာ ပါတယ်။ ကျောက်စိမ်းပုံသွင်းတဲ့ ပညာရှင်တွေခေါ်ပြီး တစ်နေကုန် ကျောက်မျက်ရတနာတွေ လုပ်ရမယ်”
“ဒါဆို ဆက်လုပ်ရမှာတွေကို မင်းတာ၀န်ယူလိုက်တော့” ထန်ရှုက ပြောသည်။ “ကျောက်စိမ်းတွေရလို့ရတဲ့ငွေနဲ့ ကျောက်စိမ်းရိုင်းတွေ ပြန်၀ယ်ဖို့ သုံးလ အချိန်ပေးမယ်။ မှတ်ထားနော်။ ဈေးကွက်မှာ ဈေးနှုန်းတွေက အရမ်းများနေတော့ အမြတ်လည်းများများရပြီး ဈေးကိုလည်းကန့်သတ်နိုင်ထားနိုင်မယ့် နည်းလမ်းကိုရှာ”
“ဟုတ်ကဲ့” ဟောင်လဲ့က လေးလေးနက်နက် ဖြေသည်။
ထန်ရှုက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်၏။ “ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ ၁၈ ထပ်မှာ တန်ဖိုးအကြီးဆုံးကဘာလဲ။ ဘယ်လောက်အထိ တန်ဖိုးရှိသလဲ”
“အဲ့ဒါက ‘ပင်လယ်ပြင်ရဲ့နှလုံးသား’ လို့ နာမည်ပေးထားတဲ့ ရေခရစ်စတယ်တစ်ခုပါ။ အဲ့ခရစ်စတယ်က ကလေးတစ်ယောက်ရဲ့ လက်သီးဆုပ်လောက်ပဲရှိပြီးတော့ တစ်ခုလုံးက အပြာရောင်သန်းနေတာ။ ဟောင်ကောင်က ပညာရှင်က ၁၆ နှစ်တိတိ ထွင်းထုခဲ့ပြီး ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ အဖိုးထိုက်ရတနာပဲ။ ဈေးနှုန်းကတော့ ၁,၈၈၈,၈၈၈,၈၈၈ ယွမ်ပါ။ ဟောင်ကောင်က မတရားချမ်းသာတဲ့လူတွေက အဲ့ဒါကို ၀ယ်ချင်ပေမယ့် ဈေးနှုန်းကြောင့် အမြဲ လက်တွန့်ပြီး စိတ်ဓာတ်ကျသွားတာချည်းပဲ”
ထန်ရှုက အံ့အားသင့်သွားမိသည်။ ရေခရစ်စတယ်တစ်ခုက ဤမျှဈေးကြီးလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက ခဏတာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြော၏။ “ငါ့ကို လိုက်ပြပါဦး”
“ကောင်းပါပြီ” ဟောင်လဲ့က သဘောတူ၍ ထန်ရှုအား ၁၈ ထပ်ရှိ VIP ဧရိယာထံ ခေါ်ဆောင်သွားသည်။ လုံခြုံတံခါးမြောက်များစွာကို ကျော်ဖြတ်ပြီးနောက် သူတို့သည် ထွင်းဖောက်မြင်ရသော မှန်သေတ္တာတစ်လုံးဆီသို့ ရောက်ရှိလာ၏။
“ဒါက ရေခရစ်စတယ်လား” ကြည်လင်တောက်ပနေသော “ပင်လယ်ပြင်၏နှလုံးသား” ကို ကြည့်ရှုနေသည့် ထန်ရှု၏မျက်၀န်းများမှာ ရင်သပ်ရှုမောနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
ဟောင်လဲ့သည်လည်း ခရစ်စတယ်ထံမှ အကြည့်မခွာနိုင်သဖြင့် ထန်ရှု၏အမူအရာကို သတိမထားမိချေ။ သူမက အသာအယာခေါင်းညိတ်၏။ “အင်း။ ဒါက ပင်လယ်ပြင်ရဲ့နှလုံးသားပဲ။ ကောလဟာလတွေကအရ ဗြိတိန်လူမျိုးတစ်ယောက်က ပင်လယ်ထဲကနေ ဆယ်ယူခဲ့တာတဲ့။ ဘယ်လိုဆယ်ယူခဲ့တာလဲတော့ မသိဘူး။ သူဌေးကြိုက်ရင် ယူသွားပြီးတော့ သူဌေးချစ်ရတဲ့ အမျိုးသမီးကို လက်ဆောင်ပေးလိုက်လေ။ မိန်းကလေးတိုင်း ကြိုက်မှာ သေချာတယ်”
“ငါချစ်ရတဲ့အမျိုးသမီးကို လက်ဆောင်ပေးရမယ်”
ထန်ရှုမှာ သွေးအန်မတတ်ပင် ဖြစ်သွားရ၏။ သူက ဟောင်လဲ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။ ဤသို့ အဖိုးတန်လှသော အရာ၀တ္ထုကို ဖြုန်းတီးပစ်သူများသည် ရူးမိုက်သူများသာ ဖြစ်ကြလိမ့်မည်။
ဤပစ္စည်းကား အဘယ်သို့သော ပစ္စည်းမျိုးနည်း။
အင်မော်တယ်များ အိပ်မက်ထဲတွင်သာ ရနိုင်သည့် ရတနာတစ်မျိုးဖြစ်ချေသည်။ မရေမတွက်နိုင်သော ထိပ်တန်းအင်မော်တယ်များ မျှော်လင့်တောင့်တရသည့် အဖိုးတန်အရာ၀တ္ထုတစ်ခုပင်။ အင်မော်တယ်ကမ္ဘာ၌ ဤအရာပေါ်လာပါက သွေးချောင်းစီးမှုများ ဖြစ်လာမည်ဟု ရှေ့ဖြစ်ဟောခဲ့ကြ၏။
သို့ထိတိုင် ဤအဖိုးတန်အရာ၀တ္ထုမှာ....ဤကမ္ဘာ၌ ကျောက်မျက်ရတနာတစ်ခု ဖြစ်နေချေသည်။