← Chapters

မြေအောက်လူသတ်ပွဲ

Vol. 59 Ch. 826

မြေအောက်လူသတ်ပွဲ

Vol. 59 Ch. 826

အင်မော်တယ်ကမ္ဘာ၌သာဆိုလျှင် ဤရှေးဟောင်းရေကျောက်တုံးအား ကျောက်မျက်ရတနာအဖြစ် ရောင်းချနေသည်အား ယုံကြည်နိုင်မည်မဟုတ်ပေ။ သို့သော် ဤကား ကမ္ဘာ‌မြေဖြစ်သည်။ အဖိုးထိုက်ရတနာများအား သာမန်ပစ္စည်းအဖြစ်‌ ရောင်းချနေသည်ကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူး၏။

“ငါ ဒါကို တခြား ဘယ်နေရာမှာ ၀ယ်လို့ရသေးလဲ” ထန်ရှုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ ဟောင်လဲ့အား လှည့်ကြည့်လိုက်သည်။

ထိုအခါတွင်မှ ဟောင်လဲ့သည် ထန်ရှု၏ထူးဆန်းသော မျက်နှာအမူအရာကို သတိထားမိသွား၏။ သူမက အံ့အားသင့်သွားပြီး ပင်လယ်နှလုံးသားကို တစ်ချက်ပြန်လှည့်ကြည့်ကာ ဖြည်းဖြည်းချင်းပြော၏။ “ငါသိရသလောက်ဆိုရင် ဒီလိုအရည်အသွေးကောင်းတဲ့ ရေခရစ်စတယ်က တစ်ခုပဲရှိတယ်။ နီလာခရစ်စတယ်တွေ အများကြီးရှိပေမယ့် နာမည်အကြီးဆုံးကတော့ အင်္ဂလန်ဘုရင်မကြီးရဲ့ သရဖူပေါ်က ‘စိန်နှင်းဆီ’ ပဲ။ ကံဆိုးတာက ဘယ်လောက်ပေးပေး အဲ့ဒါက ၀ယ်လို့မရဘူး”

ထန်ရှု၏မျက်လုံးများ တောက်ပသွားပြီး သူက ခေါင်းညိတ်ကာ ပြော၏။ “ကမ္ဘာအကောင်းဆုံး ခရစ်စတယ်တွေ၊ ကျောက်မျက်ရတနာတွေအကြောင်း စုံစမ်းပေးထား။ ဒီအရည်အသွေးလောက်ရှိတာ ဒါမှမဟုတ် သူ့ထက်ပိုကောင်းတာတွေဆိုရင် ငါ့ကို ချက်ချင်းအကြောင်းကြား။ ပြီးတော့ ငါ့အတွက် အရေးကြီးလို့ ဒီပင်လယ်နှလုံးသားကို ယူသွားမယ်”

“ပင်လယ်နှလုံးသားကို သူဌေးကြိုက်ရင် ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ” ဟောင်လဲ့က ပြုံးလျက်ဖြေ၏။

........

ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းအနီးရှိ သီးသန့်ကော်ဖီဆိုင်တစ်ဆိုင်အတွင်း၌ ချီချန်းရှန်သည် ဝိညာဉ်မရှိတော့သည့် မျက်နှာအမူအရာဖြင့် ကော်ဖီသောက်နေ၏။ သူ အချိန်အတော်ကြာ ပိုးပန်းခဲ့ရသည့် သူ့အရှေ့တွင် ထိုင်နေသော နတ်ဘုရားမကိုပင် အာရုံမစိုက်နိုင်ချေ။ ထန်ရှုနှင့် အမှတ်မထင် တွေ့လိုက်ရခြင်းက သူ့အား ကြောက်ဒူးတုန်သွားစေသည်။ ထန်ရှုက သူ့ကို အရှက်တကွဲမဖြစ်စေခဲ့ဘဲ အသာတကြည်လွှတ်ပေးခဲ့ခြင်းက ကံကောင်းသည်ဟုပင် ယူဆရပေမည်။ မဟုတ်ပါက သူသေလျှင်သေ သို့မဟုတ် အရေခွံဆုတ်ခံရမည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။

ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းက ထန်ရှုအပိုင်ဖြစ်ကြောင်း မသိခဲ့ခြင်းကြောင့် ဤသို့ဖြစ်သွားရခြင်းမှာ ငြင်းနိုင်ဖွယ်မရှိချေ။ သူသည် ဟောင်လဲ့ကို တွေ့လိုက်သည့်အချိန်ကို သတိရသွားမိ၏။ ၎င်းက ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းသို့ သွား၍ ဘယ်တော့မှ ဘာမှမ၀ယ်တော့ရန် စိတ်ပိုင်းဖြတ်လိုက်မိစေသည်။ သူ၏နတ်ဆိုးကြယ်နှင့် မတွေ့ရ‌စေရန် ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းနှင့် ထာ၀ရခန်းမ၏ ၂ မီတာ ပတ်လည်သို့ ဘယ်တော့မှ ခြေချတော့မည်မဟုတ်ပေ။

“‌ချန်းရှန် နင် စိတ်နဲ့လူနဲ့ မကပ်ပါလား”

ယန်ဟွေ့က မျက်နှာလှလှလေး၌ ထူးဆန်းအမူအရာတစ်ခု ဆင်မြန်းရင်း ကော်ဖီခွက်အား မွှေနေ၏။ သူမ၏လေသံက အေးဆေးနေသော်လည်း ဆန္ဒကို ထိန်းချုပ်ထားသယောင်ပင်။

ချီချန်းရှန်က ခေါင်းမော့၍ ခါးသက်သက်ဖြေ၏။ “ကိုယ် ဟောင်ကောင်ရဲ့ အချမ်းသာဆုံး လီကျွီရန်နဲ့တွေ့ရရင်တောင် ဒီလောက်‌ကြောက်မိမှာမဟုတ်ဘူး။ ကိုယ့်ကို ဒီလိုကြောက်အောင် လုပ်နိုင်တဲ့လူတစ်ယောက်ပဲရှိတယ်။ တစ်ယောက်တည်းပဲ”

“အဲ့ဒီတစ်ယောက် ဘယ်သူလဲ” ယန်ဟွေ့က မျက်မှောင်ကြုတ်လျက် အလျင်အမြန်‌ မေး၏။ ချီချန်းရှန်မှာ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ သူက ဟိုဟိုသည်သည်တစ်ချက်ကြည့်၍ မည်သူမှ အာရုံစိုက်မနေကြောင်း အတည်ပြုလိုက်၏။ ထို့နောက် အသံကို နိမ့်ကာ‌ ပြောသည်။ “ဟွေ့လေး။ ဒါကို ဘယ်သူကိုမှ မပြောရဘူးနော်။ ပြောလိုက်ရင် ကိုယ်သေရလိမ့်မယ်”

“ဘယ်သူမှ မသိစေရဘူးလို့ ကတိပေးတယ်” ယန်ဟွေ့က လေးနက်စွာ ပြော၏။ “ဘယ်သူမှ ငါ့ပါးစပ်ကြောင့် မသိစေရဘူး”

“သူ့နာမည်က ထန်ရှုတဲ့။ ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းနဲ့ ထာ၀ရခန်းမရဲ့သူဌေးကြီးပဲ” ချီချန်းရှန်က တိုးတိုးပြောသည်။ “ကျန်းယု၊ ချန်ဖေးနဲ့ ဒုရန်တို့ ဘာဖြစ်သွားသလဲ သိတယ်မလား”

ယန်ဟွေ့၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူမက အလောတကြီး ရေရွတ်လိုက်၏။ “သူတို့ရဲ့လုပ်ငန်းတွေ မနှစ်က မတော်တဆမှုတွေ ကြုံခဲ့ရတာ။ အရမ်းအင်အားကြီးတဲ့ လူကို သွားရန်စမိလို့ ကံဆိုးမိုးမှောင်ကျသွားတယ်လို့ ငါ ကြားခဲ့ရ‌တယ်။ ဟုတ်တယ် နင့်တို့ချီမိသားစုရော...မဟုတ်မှ...အဲ့ဒါတွေအကုန်လုံးက သူလုပ်ခဲ့တာလား”

“မှန်တယ် သူပဲ” ချီချန်းရှန်က ခါးသီးစွာ ပြုံးလိုက်၏။ “တရုတ်တစ်နိုင်ငံလုံးမှာ သူတစ်ယောက်တည်းပဲ အဲ့လိုလုပ်နိုင်မှာကို ကြောက်မိတယ်။ ငါတို့ချီမိသားစုက ယွမ်နှစ်ဘီလီယျံပဲ ဆုံရှုံးသွားတော့ တော်သေးတယ်။ ဒါပေမယ့် ကျန်တဲ့သုံးယောက်.....ပြောပြလိုက်ပါမယ်ကွာ။ ထန်ရှုကို ရန်စခဲ့တဲ့ ငါတို့လေးယောက် ဆုံးရှုံးမှုကို ပေါင်းလိုက်ရင် ယွမ်ဘီလီယျံ ၂၀ ရှိတယ်”

ယန်ဟွေ့သည် ယွမ်ဘီလီယျံ ၂၀ ဆိုသည့် ပမာဏကို တွက်ဆနိုင်သည်။ သူမတို့ ယန်မိသားစုသည် ဟောင်ကောင်၏အဓိကမိသားစုကြီးတစ်ခုဖြစ်ပြီး အခြားနေရာများ၌ စီးပွားရေးလုပ်ငန်းများ ပိုင်‌ဆိုင်သော်လည်း သူမတို့၏ပိုင်ဆိုင်မှုမှာ ၎င်း၏တစ်၀က် ၁၀ ဘီလီယျံသာ ရှိချေသည်။

နေ့တာကုန်ဆုံးပြီး ညအချိန်ရောက်၍ ဟောင်လဲ့နှင့် ထန်ရှုတို့ ညစာစားနေကြစဉ် မိုအားဝူသည် သက်တော်စောင့် ၁၀ ယောက်နှင့်အတူ ရောက်ရှိလာ၏။ ထို့နောက် ဟောင်လဲ့သည် ထန်ရှုအား ဟောင်ကောင်လေဆိပ်အထိ လိုက်ပို့ခဲ့သည်။

“ငါရောလိုက်လို့ရမလား သူဌေး” ဟောင်လဲ့က မျှော်လင့်ချက်အပြည့်ဖြင့် မေး၏။

“မရဘူး” ထန်ရှုက ပြုံး၍ ခေါင်းခါလိုက်သည်။ “ဟောင်ကောင်မှာပဲ ကောင်းကောင်းနေပြီးတော့ ကျောက်စိမ်း ၅ တန်ကို ရောင်းနိုင်အောင် ကြိုးစား။ ငါ စက်တင်ဘာကျရင် လိုအပ်လာမှာဆိုတော့ ဒီအစီအစဥ်က အဲ့ဒီကျရင် နှောင့်နှေးမနေဖို မျှော်လင့်တယ်”

“ကောင်းပါပြီ သူဌေး” ဟောင်လဲ့က လေးပင်စွာ ခေါင်းညိတ်၏။

ဟောင်ကောင်မှ တဲလ်အာဗစ်သို့ ပျံသန်းရန် ခြောက်နာရီခွဲကြာသည်။ သူတို့ ည ၈ နာရီ၌ ထွက်ခွာပါက တဲလ်အာဗစ်သို့ မနက် ၃ နာရီခွဲ၌ ရောက်ရှိလိမ့်မည်။ ထန်ရှုသည် အခြားခရီးသည်များမပါဘဲ တစ်ယောက်တည်း ထွက်ခွာနိုင်ရန် သူ၏အစိမ်းရောင်စာအုပ်လေးကို ယူလာခဲ့ရာ ခရီးသည် စုစုပေါင်း ၁၂ ယောက်သာ ရှိခဲ့၏။

တဲလ်အာဗစ်သည် အစ္စရေး၏ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၄၀၀၀၀၀ ကျော်ရှိသည့် ခေတ်မီမြို့တစ်မြို့ဖြစ်သည်။ အရှေ့မြေထဲပင်လယ်နှင့် ထိစပ်နေချေသည်။ ၎င်း၏မြို့ပြဧရိယာသည် ၅၁၇၆  စတုရန်းကီလိုမီတာအထိ ဝင့်ကြွားစွာ တည်ရှိ၏။ အလုပ်သမားစခန်း ၁၃၁၉ သည် တဲလ်အာဗစ်မြို့လယ်ခေါင်တွင် မဟုတ်ဘဲ အနီးရှိ ဘက်ယန်တွင် ဖြစ်သည်။

ဘက်ယန်၌ လူဦးရေထောင်ဂဏန်းမျှသာရှိပြီး စီးပွားရေးကောင်းမွန်၏။ တရုတ်နိုင်ငံ၏အဆင့် ၃ မြို့များနှင့်ယှဉ်ပါက အနည်းငယ်ဆိုးရွားသော်လည်း အခြားပြည်တွင်းခရိုင်များနှင့် နှိုင်းယှဉ်နိုင်၏။

အလုပ်သမားစခန်း ၁၃၁၉ သည် ဘက်ယန်၏အ‌ရှေ့တောင်ဘက် ကီလိုမီတာဒါဇင်အကွာတွင် ရှိသည်။ ယခင်က ဤသို့ ရောက်ဖူးသော မိုအားဝူသည် ထိုမြို့လေးနှင့် အင်မတန် ကျွမ်း၀င်၏။

ဟိုတယ်၏ ငါးထပ်မြောက်တွင်။

ထန်ရှုက ပြတင်း‌ ‌ပေါက်အရှေ့တွင် ရပ်ကာ အရှေ့တောင်ဘက်ကို လှမ်းမျှော်ကြည့်နေ၏။ “မင်းဘယ်လိုထင်လဲ အားဝူ”

“အလုပ်သမားစခန်းရဲ့ လက်ရှိအရာရှိက ငါအရင်က တွေ့ဖူးခဲ့တဲ့လူမဟုတ်ဘူး သူဌေး” မိုအားဝူ ပြောသည်။ “အရင် စီးပွားရေးပါတနာကို လာတဲ့လမ်းမှာ ဆက်သွယ်ခဲ့တယ်။ သူက တဲလ်အာဗစ်မှာ အင်အားကြီးတဲ့ မြေအောက်လူဆိုးဂိုဏ်းခေါင်းဆောင်ပဲ။ ဂုစ်ဂေးလ်တဲ့။ သူပြောတာ အလုပ်သမားစခန်းရဲ့ လက်ရှိအရာရှိ အော်ဂတ်စတီးနိုက အရမ်းလောဘကြီးတယ်တဲ့။ အရင်တုန်းက ပိုက်ဆံအတွက် မသင်္ကာစရာအလုပ်တွေ လုပ်နေတယ်လို့ပြောတယ်။ ဒါကြောင့် အလုပ်သမားစခန်းကနေ ပမာဏအများကြီး၀ယ်ဖို့ အရင်ကထက် ခက်ခဲလိမ့်မယ်”

“သူက ထောင်ထဲက အကျဉ်းသားတွေကို သုံးပြီး ပိုက်ဆံရှာနေတာလား။ ဘယ်လိုလုပ်တာလဲ” ထန်ရှုက ‌အံ့ဩလျက် မေး၏။

“သေတဲ့အထိ တိုက်ခိုင်းတာ” မိုအားဝူက ဖြေသည်။

ထန်ရှုက မျက်မှောင်ကြုတ်သွားသည်။ သူရုပ်ရှင်များ၌ ကြည်ခဲ့ဖူးသည့်အရာများကိုပင် သတိရမိသွား၏။ ထောင်အတွင်းမှ ထောင်သားများသည် သေသည်အထိတိုက်ခိုက်ကြသည့် တိုက်ပွဲများသို့ အပို့ခံရပြီး ထိုနေရာသို့ ချမ်းသာသူများက ‌တရားမ၀င်နည်းလမ်းများဖြင့် လာရောက်ကာ အလောင်းအစားပြုကြခြင်းပင်။

အခြေအနေသာ ရုပ်ရှင်များအတိုင်းဆိုလျှင် ကမ္ဘာနံပါတ် ၁ လုပ်ကြံရေးသမား တစ္ဆေကို ဒေါ်လာ သန်း ၁၀၀ နှင့်၀ယ်ရန် ခက်ခဲသွားပေလိမ့်မည်။

“မင်း အကြံကို ပြောပါဦး” ထန်ရှုက ‌တည်ငြိမ်စွာ ပြောပြီးနောက် စီးကရက်တစ်လိပ်အား မီးညှိလိုက်၏။

“ငါတို့ရဲ့ အရင်ပါတနာ ဂုစ့်ဂေးလ်ကို အရင်တွေ့သင့်တယ်ထင်တယ်” မိုအားဝူက ပြောသည်။ “သူက ထောင်သားတွေ ၀ယ်တဲ့လုပ်ငန်းမျိုးမှာ ဆရာကြီးပဲ။ ဒါပေမဲ့ ဒီလူလည်း လောဘကြီးတော့ ငါတို့ရဲ့သရုပ်မှန်ကို မပေါ်စေချင်ရင် ပိုကုန်ကျလိမ့်မယ်”

ထန်ရှုက တခဏကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ငါတို့အတွက် ဒီကိစ္စမှာ တိုက်ရိုက်မပါတာ ကောင်းတယ်။ မင်းပြောတာမှန်တယ်။ နယ်ခံလူတွေကိုပဲ ခိုင်းကြတာပေါ့။ ငွေတော့ ပိုပေးရပေမယ့် ကိစ္စတွေရှုပ်လာမှာ စိတ်ပူစရာမလိုတော့ဘူး။ အဲ့ဒီဂု့စ်ဂေးလ်က အခုဘယ်မှာလဲ”

“တဲလ်အာဗစ်မှာပါ”

“ပြန်လာခိုင်းလို့ရမလား” ထန်ရှုက ‌မေး၏။ “သူနဲ့တွေ့ဖို့ စီစဉ်လိုက်”

“ဟုတ်ကဲ့” မိုအားဝူက ပြုံးလျက်ပြောသည်။ “ဂုစ့်ဂေးလ်က ကျွန်တော်တို့ရဲ့သရုပ်မှန် မသိပေမယ့် အင်အားကို သိတော့ ရန်စရဲမှာမဟုတ်ဘူး”

ထန်ရှုက ခေါင်းညိတ်၍ မိုအားဝူအား ဂုစ့်ဂေးလ်ကို ဆက်သွယ်ခိုင်းကာ တိတ်တဆိတ် တွေးတောနေ၏။ သူသည် ဤတစ်ကြိမ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယျံ ယူလာခဲ့သော်လည်း ထောင်သားမည်မျှ ၀ယ်နိုင်မည်လဲမသိချေ။ အခြားပြဿနာများကိုလည်း ထည့်တွက်ရပေမည်။ ဒေါ်လာ ၁ ဘီလီယျံသာ အလုပ်မဖြစ်ပါက နောက်ထပ်အစီအစဉ်တစ်မျိုး လုပ်ရလိမ့်မည်။ သို့သော် ၎င်းအစီအစဉ်မှာ အန္တရာယ်များလွန်းသဖြင့် အမှားလေးတစ်ခုကပင် တဲလ်အဗစ်စစ်တပ်၏ ဖိနှိပ်ခြင်းကို ခံရနိုင်၏။

အခြားပြဿနာတစ်ရပ်လည်း ရှိသေး၏။ သူမ၀ယ်ခင် ထောင်သားများကို ကြည့်ရှုရလိမ့်မည်။ သူသည် မ၀ယ်ယူခင် အခွင့်အရေးရပါက ထောင်အတွင်းသို့‌ ထောင်သားတစ်ယောက်အဖြစ် ၀င်ရောက်ရန် ဆုံးဖြတ်ထား၏။ ထို့နောက် အော်ဂတ်စတီးနိုနှင့် ညှိနှိုင်းရပေမည်။

မွန်းတည့်ချိန်ရောက်သောအခါ ထန်ရှုတည်းခိုနေသော ဟိုတယ်အတွင်းသို့ SUV ၄ စီး ၀င်ရောက်လာ၏။ ထွားထွားကြိုင်းကြိုင်း ဗလတောင့်တောင့် လူအတော်များများက တတိယ SUV အတွင်းမှ ထွက်လာသော သက်လတ်ပိုင်းလူအား စောင့်ကြပ်ပေးကြသည်။ သက်လတ်ပိုင်းလူမှာ အိန္ဒိယဥရောပလူမျိုးဖြစ်ပြီး ကတုံးတုံးထားကာ လည်ပင်းနှင့် ဘယ်ဘက်ပါးတွင် တက်တူးထိုးထား၏။

မိုအားဝူ အခြားသက်တော်စောင့်နှစ်ယောက်နှင့်အတူ ဟိုတယ်တံခါးသို့ ရောက်လာသောအခါ ဂုစ့်ဂေးလ်က ပြုံးလျက် သွားရောက်နှုတ်ဆက်သည်။

“မင်းကို ဘက်ယန်မှာ တွေ့ရတာ ဝမ်းသာတယ် ကိုယ့်လူရေ။ နှစ်တွေကြာသွားတာ‌တောင် အရင်တုန်းကအတိုင်း ဖြတ်လတ်သန်မာနေတုန်းပဲ”

မိုအားဝူက ပြုံး၍ သူ့ကို ဖက်လိုက်ပြီး ပြော၏။ “မင်းလဲ အတော်နုသွားတယ် ဂုစ့်။ တဲလ်အာဗစ်ရဲ့ မြေအောက်လောကကို သိမ်းပိုက်ထားတဲ့ မာ‌ဖီးယားဂိုဏ်းကို အုပ်ချုပ်နေတယ်ဆို။ အဲ့‌တာက မင်းကို သက်တောင့်သက်တာ ဖြစ်စေတာများလား”

“ကွာ လူတွေလျှောက်ပြောနေတဲ့ အဓိပ္ပာယ်မရှိတာတွေကို မယုံစမ်းပါနဲ့” ဂုစ့်ဂေးလ်က ခေါင်းခါရမ်းကာ ပြုံး၏။ “ငါ တဲလ်အာဗစ်ရဲ့ မြေအောက်လောကကို ပိုင်နေရင် မနက်တိုင်း ရယ်ပြီး အိပ်ရာထမှာ။ ဒီနေ့ခေတ်လူငယ်တွေက ပိုပြီးအားကောင်းလာတာ နှမြောစရာပဲ။ ငါတောင် အဲ့ခွေးကောင်လေးတွေကြောင့် အထိနာခဲ့ရသေးတယ်”

“ပြောပါဦး။ ငါ ကူညီနိုင်တာများ ရှိလား” မိုအားဝူက ပါးနပ်စွာ ပြုံးရင်း ပြော၏။

ဂုစ့်ဂေးလ်က မျက်လုံးများကျဉ်းမြောင်းလျက် မိုအားဝူအနောက်ရှိ လူနှစ်ယောက်အား အကဲခတ်လိုက်၏။ ထို့နောက် သူက ချက်ချင်း ပြုံးလိုက်သည်။ “အေးဆေးပေါ့ကွာ။ ငါ သိချင်တာက ဘယ်လိုအင်အားကြီးလူကများ မင်းကို သူ့လက်အောက်ငယ်သားဖြစ်အောင် လုပ်နိုင်ခဲ့တာလဲ။ စကားမစပ် နောက်ထပ် မေးစရာရှိသေးတယ်။ မင်းရဲ့ညီလေး၀မ်ရော။ ဘာလို့သူ့ကို မတွေ့ရတာလဲ”

“ငါ့ညီလေးက တခြားတာ၀န်လုပ်နေတယ်။ ဒါကြောင့် ငါနဲ့လိုက်မလာတာ” မိုအားဝူက ပြုံးလျက်ဖြေ၏။ “ငါတို့သူဌေးကတော့ မင်း သူနဲ့တွေ့ရင် လေးလေးစားစား ဆက်ဆံနော်။ သူ့မှာ ငါ့ထက် သန်မာတဲ့လူတွေရှိတဲ့အပြင် သူကိုယ်တိုင်ကလည်း ကြောက်စရာကောင်း‌လောက်အောင် အင်အားကြီးတယ်”

“အတည်ကြီးပါလားကွ” ဂုစ့်ဂေးလ်မှာ အံ့အားသင့်သွား၏။ “ဒါနဲ့ မင်း ဘယ်ကလာတာလဲ ပြောပြစမ်းပါဦး ၀ူရ”

မိုအားဝူမျက်နှာပေါ်ရှိ အပြုံးမှာ သိသိသာသာ မှိန်ကျသွား၏။ သူက ဂုစ့်ဂေးလ်နားသို့ ကပ်၍ တီးတိုးပြောလိုက်သည်။ “မင်းမှာ မဟူရာကလပ်နဲ့ ယှဉ်နိုင်တဲ့အင်အားရှိရင် မင်းကို ပြောလို့ရတယ်။ မဟုတ်ရင်တော့ မင်းကို အန္တရာယ်ပေးလာနိုင်တယ်”

All Chapters