နတ်ဆိုးဝိညာဥ် အရိုးစု
Vol. 32 Ch. 433
စိတ်အလှုပ်ရှားရဆုံးသူမှာ လန်လန်ပင် ဖြစ်သည်။ သူမသည် စုမင်အား တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ငေးကြည့်နေ၏။ ယခုအချိန်တွင် စုမင်သည်သာ သူမ မျက်လုံးထဲ၌ အစွမ်းအထက်ဆုံး ကာကွယ်စောင့်ရှောက်သူ ဖြစ်နေခဲ့ချေပြီ။
အားဟူမှာ ပို၍ပင် ဝမ်းသာအားရဖြစ်နေသေး၏။ စိတ်အားထက်သန်မှု၊ ရိုသေလေးစားမှု အပြည့်ဖြင့် သူ့အကြည့်များသည် အစွမ်းထက်စစ်သည်တော်များအားလုံး ၎င်းတို့ ငယ်ရွယ်စဥ် ဆယ်ကျော်သက်ဘဝက အစွမ်းထက်စစ်သည်တော်များကို တွေ့လျှင် ကြည့်ခဲ့ကြသော အကြည့်များအတိုင်းပင် ဖြစ်သည်။ ထိုအချိန်တွင် အားဟူစိတ်ထဲ၌ စုမင်သည်သာ သူအားကျအတုယူမည့် တစ်ဦးတည်းသော စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့လေသည်။
ချီဒုံသည်ပင် ပြောင်းလဲသွားခဲ့ချေပြီ။ သူသည် မျက်မြင်တွေ့ခဲ့ရသော စုမင်နှင့် နှောင်းပိုင်းရှာမန်တို့၏ တိုက်ပွဲကြောင့် ထိတ်လန့်၊ စိတ်လှုပ်ရှားနေခဲ့ပြီး အချိန်အတော်ကြာမှသာ ပြန်လည် အသိကပ်နိုင်ခဲ့လေသည်။
‘တစ်နေ့ကျ ငါလည်း သူ့လို သန်မာလာစေရမယ်။ အရှေ့မြူရွက်မျိုးနွယ်စု ငါ့အပေါ် လုပ်ခဲ့တာတွေအတွက် အဆပေါင်းများစွာ ပြန်ပေးဆပ်စေရမယ်’ ချီဒုံသည် အံကိုတင်းတင်းကြိတ်လျက် လက်သီးဆုပ်ကာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
လူအများ၏ စောင့်ကြည့်နေမှုအောက်မှာပင် လေထဲရှိ စုမင်သည် အဆိပ်အလောင်း၊ ကိုယ်ပွား၊ အနက်ရောင်ပိုးတောင်မာများ နှင့် ပစ္စည်းအကုန်လုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး မြေပြင်ထက်သို့ ပြန်ဆင်းလာခဲ့သည်။
“ညီလေးမော့… မင်းက အများကြီး ဖုံးကွယ်ထားခဲ့တာပဲကွ။ မင်းမှာ ဒီလောက်ကောင်းတဲ့ တိုက်ပွဲဝင်စွမ်းရည်မျိုး ရှိတာ အခုမှပဲ သိရတော့တယ်။ ငါကတော့ ဒီနေရာကနေ မင်းကို ဘယ်လိုကူညီပေးရပါ့မလဲလို့တောင် တွေးနေခဲ့မိတာ…” နန်ကုန်းဟန်သည် ခြောက်ကပ်ကပ် ရယ်မောလျက် စုမင်အား လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
စုမင် ခေါင်းကို ခါယမ်းလိုက်ရင်း “ကျုပ်က ကံကောင်းသွားရုံပါဗျာ။ စီနီယာတိုင်မူသာ စွမ်းအားပြည့် သုံးခဲ့မယ်ဆိုရင် ကျုပ် ဒီလောက်တောင် ခံနိုင်မှာမဟုတ်ပါဘူး”
“ဒီလောက် နှိမ့်ချနေစရာ မလိုပါဘူး ညီလေးမော့ရာ။ အိုး… ထားပါတော့၊ မင်းက အမြဲ ဒီလိုပဲကို။ ဒါပေမယ့် ဒီတိုက်ပွဲကြောင့် မင်းနာမည်ကတော့ ရှာမန်မြို့တော်တစ်ခုလုံး ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့မှာပဲဟေ့။ ဒါလည်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ယင်ကိုးပါးလောကက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတာဆိုတော့ ဒီမှာအကုန်လုံးက မင်းရဲ့ ကျင့်ကြံဆင့်နဲ့ စွမ်းအားပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်တာ။ အစွမ်းထက်စစ်သည်တော်တွေလောက်ပဲ ဒီနေရာမှာ အခိုင်အမာ ရပ်တည်နိုင်ပြီး တစ်ခြားသူတွေရဲ့ လေးစားမှုကိုရနိုင်တာ”
နန်ကုန်းဟန် ပြောဆိုနေစဥ်မှာပင် ရှာမန်နတ်ဘုရားကျောင်းတော်မှ အစောင့်အုပ်စုတစ်ခု ရောက်ရှိလာခဲ့သည်။ ထိုလူအားလုံးမှာ သာလွန်ထူးကဲသောစွမ်းရည်များ ပိုင်ဆိုင်ထားသော အလယ်အလတ်ရှာမန်များ ဖြစ်သည်။ အစောင့်စစ်သည်များသည် ထိုနေရာသို့ရောက်သည်နှင့် စောင့်ကြည့်နေသူများကို လူစုခွဲလိုက်ကြ၏။
သို့သော် မည်သူကမှ စုမင်ကို စစ်ဆေးမေးမြန်းရန် ရောက်မလာခဲ့ပေ။ ထိုအစား စုမင်အနီးမှ ဖြတ်လျှောက်သွားချိန်တွင် တလေးတစားပင် လက်သီးဆုပ်အရိုအသေပေးလျက် နှုတ်ဆက်သွားကြသေး၏။
တစ်ကယ်တမ်းတွင်မူ ထိုအစောင့်စစ်သည်များ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူတို့ထံ၌ နှောင်းပိုင်းရှာမန်တစ်ဦး၏ တိုက်ပွဲကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ပေ။ ထို့ကြောင့် စုမင် အသတ်ခံရပြီးမှသာ စစ်မြေပြင်ကို လာရောက်ရှင်းလင်းရန် အဝေးမှ ပုန်းအောင်းစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား ဖြစ်ပျက်သွားခဲ့သော အရာအားလုံးက ၎င်းတို့ကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည်။ အရှေ့မြူရွက် မျိုးနွယ်စုမှ လူများထွက်ခွာသွားသောအခါ အစောင့်စစ်သည်များ၏ နှလုံးသားတွင် စုမင်အပေါ် လေးစားမှုအပြည့် ဖြစ်နေခဲ့ချေပြီ။ မည်သည့်နေရာတွင် မဆို အင်အားကြီးသူများသာ လေးစားခံရမည်မှာ သဘာဝပင်ဖြစ်သည်။
ထိုသူများ ထွက်ခွာသွားသည်နှင့် စုမင်နှင့် နန်ကုန်းဟန်တို့လည်း သူတို့ တည်းခိုခန်းဆီ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် စုမင်သည် နန်ကုန်းရှန်အား မသိမသာ အကဲခတ်ကြည့်လိုက်ရာ ထိုအမျိုးသမီးသည် တစ်စုံတစ်ရာကို ဝေခွဲမရဖြစ်နေဟန်ဖြင့် မျက်မှောင်ကြုတ်လျက် စဥ်းစားနေကြောင်း တွေ့လိုက်ရ၏။ ခဏတာ တွေးတောကြည့်ပြီးနောက် သူမကို ဘာက စိတ်အနှောင့်အယှက် ပေးနေကြောင်း စုမင် နားလည်သွားခဲ့သည်။
နန်ကုန်းရှန်၏ ခံစားချက်များမှာ မယုံနိုင်လောက်အောင်ပင် ရှုပ်ထွေးနေခြင်း ဖြစ်သည်။ ဟုန်လော့သည် အလွန်အစွမ်းထက်သဖြင့် သူမအနေဖြင့် လက်စားပြန်ချေရန် မဖြစ်နိုင်ကြောင်း နန်ကုန်းရှန် နားလည်ခဲ့သလို ထိုအချက်အား ခါးသီးစွာပင် လက်ခံခဲ့ရ၏။ စုမင်ထံတွင် ရင်းနှီးနေသော အမူအယာအချို့ကို မြင်သောအခါ သူမ သူ့အပေါ် သံသယဝင်ခဲ့မိသည်။
သို့သော်လည်း စုမင်သည် သာမာန်ထက် ထူးကဲသော စွမ်းရည်များကို ပြသခဲ့ပြီး တိုင်မူနှင့် လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့သော်ငြား သူမမျက်လုံးထဲတွင်တော့ စုမင်သာ ထိုလူဆိုလျှင် ဤတိုက်ပွဲသည် ယခုလိုပုံစံဖြင့် ကျိန်းသေပေါက် အဆုံးသတ်သွားခဲ့လိမ့်မှာ မဟုတ်ကြောင်း သိနေ၏။
ထို့ကြောင့်ပင် သူမ၏ စုမင်အပေါ် သံသယများသည် ဝေခွဲမရမှုများအဖြစ် ပြောင်းလဲသွားပြီး ဆက်၍ သံသယမဝင်မိတော့ချေ။
အနည်းငယ် တွေးတောကြည့်လိုက်သည်နှင့် သူမဘာတွေးနေသည်ကို စုမင် ချက်ချင်းခန့်မှန်းလိုက်မိသည်။ ဤတိုက်ပွဲမှ ထပ်မံရရှိလာသော ယခုအကျိုးအမြတ်က သူ့အား အမှန်တစ်ကယ်ပင် ဒုက္ခများစွာမှ လွတ်မြောက်သွားစေခဲ့၏။
ထိုညတွင် ဆယ်ကျော်သက် လူငယ်လေးသုံးဦးမှာ စိတ်လှုပ်ရှားမှုများကြောင့် တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။ သူတို့အတွက်တော့ ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အား ဘဝတစ်လျှောက်လုံး မေ့ဖျောက်လို့ ရနိုင်တော့မည်မဟုတ်ပေ။
နန်ကုန်းဟန်၏ စုမင်အပေါ် သဘောထားမှာ ပိုမိုရင်းနှီးဖော်ရွေလာသည်။ နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ နန်ကုန်းဟန်သည် ရှာမန်နတ်ဘုရားကျောင်းတော်ခွဲတွင် ယင်ကိုးပါးဝိညာဥ် သွားငှားရန် စုမင်ကိုပါ အတူဖိတ်ခေါ်ခဲ့၏။
“ရတနာလောင်းကစားပွဲက တစ်လကြာမှ ကျင်းပလိမ့်မယ်။ အဲဒီအချိန်ဆို မျိုးနွယ်စုတွေက လူအများစုလည်း ရောက်လောက်ပြီ။ အဲဒီအချိန်ထိတောင်မှ ရောက်မလာသေဘူးဆိုရင်တော့… သူတို့ ဒီနေရာကို ဘယ်တော့မှ ရောက်လာနိုင်တော့မှာ မဟုတ်ဘူး”
“အချိန်တစ်လလောက် လိုသေးပေမယ့်၊ ညီလေးမော့ကို ကြည့်ရတာ ယင်ကိုးပါးဝိညာဥ်ကို အရင်က တစ်ခါမှ မငှားဖူးဘူးထင်တယ်။ ယင်ကိုးပါးဝိညာဥ်ကိုရဖို့ ငါတို့ ငွေတွေအများကြီး သုံးရမှာဆိုပေမယ့် အဲဒါနဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်ဖို့ အချိန်လည်း တစ်လလောက် ရသေးတာပဲ။ ယင်ကိုးပါးဝိညာဥ်က နောက်ဆို ကျုပ်တို့အတွက် အကူအညီကောင်းကောင်း ဖြစ်စေလိမ့်မယ်”
ဤနေရာရှိ ရှာမန်နတ်ဘုရားကျောင်းတော် ဌာနခွဲဆီသို့ လျှောက်လာရင်း နန်ကုန်းဟန်က စုမင်အား အပြုံးဖြင့် ရှင်းပြလာ၏။ “ရတနာလောင်းကစားပွဲက ရက်ပေါင်းများစွာကြာလိမ့်မယ်။ အဲဒါပြီးတာနဲ့ လူစုပြန်ခွဲပြီး ကိုယ့်မျိုးနွယ်စုရဲ့ ဆယ်ကျော်သက်တွေကို ကျင့်စဥ်ဆက်ခံဖို့ ခေါ်သွားပေးရတယ်။ အဲဒီအချိန်ကျရင်တော့ ကျုပ်တို့ တစ်လမ်းစီ ခွဲသွားရလိမ့်မယ်”
“ညီလေးမော့ မင်း ဒီတစ်လအတွင်း ရှာမန်မြို့တော်ထဲမှာ လှည့်ပတ်ကြည့်သင့်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီနေရာက ယင်ကိုးပါးလောကပဲလေ။ အပြင်မှာ မရနိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတယ်။ ရတနာလောင်းကစားပွဲ အရှိန်ကြောင့် ရှားပါးပစ္စည်းတွေတောင် တွေ့ရင် တွေ့ရဦးမယ်” နန်ကုန်းဟန်သည် လမ်းတစ်လျှောက် ဆုံခဲ့သော သူ့မိတ်ဆွေများကို ပြုံးပြနှုတ်ဆက်ရင်း စုမင်အား ဆက်ရှင်းပြနေသည်။
နန်ကုန်းဟန်တွင် မည်မျှ အဆက်အသွယ် ပေါများကြောင်း ထပ်မံမြင်တွေ့ရပြန်လေသည်။ နတ်ဘုရားကျောင်းတော်ဆီ သွားရာလမ်းတစ်လျှောက်၌ နန်ကုန်းဟန်အား တရင်းတနှီး နှုတ်ဆက်သူများမှာ အနည်းဆုံး တစ်ဒါဇင်ထက်မနည်းရှိကြောင်း စုမင် မြင်တွေ့ခဲ့ရ၏။ ၎င်းတို့အများစုသည် နန်ကုန်းဟန်အား နှုတ်ဆက်ပြီးသည်နှင့် လေးစားအားကျသော မျက်ဝန်းများဖြင့် သူ့ထံ လှမ်းကြည့်အကဲခတ်နေကြသည်ကို စုမင်တွေ့ခဲ့လေသည်။
“ညီလေးမော့ရေ မင်းကတော့ တိုက်ပွဲတစ်ပွဲတည်းနဲ့ နာမည်ကြီးသွားပြီပဲဟေ့။ အလယ်အလတ်ရှာမန် စွမ်းအားနဲ့ နှောင်းပိုင်းရှာမန်တစ်ယောက်ကို လက်ရည်တူတိုက်ခိုက်နိုင်ခဲ့တဲ့ အကြောင်းက မြို့တော်ထဲမှာ ပျံ့နေပြီထင်တယ်။ ငါတို့ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်နဲ့တင် သိသာနေပြီနော်…” နန်ကုန်းဟန်က မြူးမြူးကြွကြွ ပြောလာ၏။
စုမင် တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် နန်ကုန်းဟန်က အလျင်အမြန် ထပ်ပြောလိုက်သည်။ “ညီလေးမော့… မင်းထပ်ပြီး နှိမ့်ချမနေပါနဲ့တော့ကွာ”
စုမင် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောမိတော့ပေ။
သူတို့နှစ်ဦးသည် ရှာမန်မြို့တော် အလယ်ဗဟိုရှိ ဧရာမနန်းတော်ကြီး အရှေ့သို့ ရောက်သည်အထိ ကြာကြာမလျှောက်လိုက်ရပေ။ ခမ်းနားထည်ဝါသော အငွေ့အသက် အပြည့်ဖြင့် ထိုနန်းတော်ကြီးဆီ ရောက်နိုင်ရန် ပေတစ်သောင်းခန့် ရှည်လျားသော လှေကားထစ်များအား ဖြတ်သန်းရပေမည်။ ထိုနေရာတစ်ဝိုက်တွင် ရှာမန်နတ်ဘုရားကျောင်းတော်မှ အစောင့်စစ်သည်များစွာ စောင့်ကြပ်နေကြပြီး နန်းတော်ဆီ လာရောက်သူအများစုမှာလည်း တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ၎င်းတို့သည် ဟိုဟိုဒီဒီ လျှောက်သွားနေခြင်း မရှိပဲ နန်းတော်ထဲသို့ ဝင်သူဝင်၊ ထွက်သူထွက်ဖြင့် တိတ်တဆိတ်သာ သွားလာနေကြလေသည်။
နန်းတော်အနောက်ထဲရှိ လေထုတွင် တွန့်လိမ်ပုံပျက်မှုများ ရှိနေ၏။ ထိုနေရာတွင် တိတ်တဆိတ်လှည့်ပတ်နေသော လေဝဲတစ်ခု ရှိပုံပေါ်ပြီး ၎င်းလေဝဲထဲတွင် အခြားလောကတစ်ခု ရှိနေသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေလေသည်။
အတော်ဝေးဝေးတွင်တော့ မြေပြင်မှ မြင့်မားစွာ စိုက်ထူထားသော ကျောက်တိုင်ကြီးတစ်ခု ရှိနေသည်။ ကျောက်တိုင်ပေါ်တွင် အရောင်အသွေးမျိုးစုံ တောက်ပနေသော အစီအရင်သင်္ကေတများစွာ ရှိနေပြီး ကျောက်တိုင်ထိပ်တွင်တော့ စုမင် မြို့ပြင်မှ လှမ်းမြင်ခဲ့သော ခြောက်သွေ့နေသည့် သစ်သားတုံးသဖွယ် ဧရာမဦးခေါင်းကြီး ရှိနေသည်။
စုမင် ထိုနန်းတော်အနီးသို့ ရောက်လာသောအခါ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံထားသော သန်မာသည့် ဖိအားတစ်ခုကို ခံစားလိုက်မိသည်။ ဤနေရာသည် ရှာမန်မြို့တော်၏ ဗဟိုချက်မဟုတ်လျှင်တောင် အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း ထင်ရှားနေလေသည်။
“ငါဒီကို မလာခင်က၊ ကမ်းလှမ်းမယ့်ပစ္စည်းတွေအတွက် အချိန်အတော်ပေးပြီး ပြင်ဆင်ထားခဲ့ရတာ။ ပဥ္စမအလွှာက ယင်ကိုးပါးဝိညာဥ်တွေကိုတော့ လှုပ်ရှားစေနိုင်လောက်မှာပါ” နန်ကုန်းဟန်သည် စုမင်ကို လှေကားထစ်များဆီ ဦးဆောင်ခေါ်သွားရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုအရာကို ကြားသောအခါ စုမင်မျက်လုံးများက တောက်ပသွားသော်လည်း အသေးစိတ် မေးမနေတော့ချေ။ နှစ်ဦးသား လှေကားထစ်များအတိုင်း တက်လာရင်း နန်းတော်တံခါးဝဆီ ရောက်သောအခါ စုမင်မျက်လုံးတို့ ကျဥ်းမြောင်းသွားခဲ့ရသည်။
တံခါးရှေ့တွင် မြေပြင်မှ အမြင့်ခုနစ်လက်မခန့်၌ လွင့်မြောနေသော ဧရာမ ဘဲဥပုံစုပ်ဝဲတစ်ခု ရှိနေသည်။ ထိုစုပ်ဝဲကို မြင်သည်နှင့် စုမင်တစ်ယောက် ဟင်းလင်းပြင်တံခါးဝကို ချက်ချင်း အမှတ်ရလိုက်မိသည်။
‘ဒါ… ဒါကရော ဟင်းလင်းပြင်တံခါးဝများ ဖြစ်နေမလား’ ထိုစုပ်ဝဲကို အနည်းငယ် ဂရုတစိုက် ကြည့်လိုက်ပြီးသည်နှင့် စုမင် အကြည့်လွှဲကာ စုပ်ဝဲအနောက်ရှိ ခန်းမထံ လှမ်းကြည့်လိုက်သည်။
နန်းတော်တံခါးမှာ ပွင့်နေပြီး ခန်းမအလယ်တွင် အရိုးစုတစ်ခု ရှိနေ၏။ တင်ပျဥ်ခွေထိုင်နေသော ထိုအရိုးစု၏ ခြေထောက်များကို သံခြေကျင်းခတ်ကာ ချုပ်နှောင်ထားလေသည်။ ထိုအရိုးစု၏ အရွယ်အစားမှာ သာမန်လူတစ်ဦး အရွယ်ခန့်သာဖြစ်သော်လည်း ၎င်း၏ ဦးခေါင်းခွံပေါ်ရှိ နံဖူးနေရာတွင် ဒေါင်လိုက်အက်ကြောင်းတစ်ခု ရှိနေလေသည်။ ၎င်း၏ပုံစံအရ ဤလူအသက်ရှိစဥ်က ထိုနေရာတွင် မျက်လုံးတစ်လုံး ရှိနေခဲ့ပုံပင်။
ထိုအရိုးစုပတ်လည်တွင် ကြီးမားသော အဝိုင်းပုံမြက်ခင်းလွှာ ရှစ်ခုရှိနေသည်။ ယခုအချိန်တွင် ထိုမြက်ခင်းလွှာများပေါ်၌ လူနှစ်ဦး တင်ပျဥ်ခွေထိုင်နေလေသည်။ ၎င်းတို့အထဲမှ တစ်ဦးသည် တောက်ပနေသော ရွှေချည်မျှင် အချို့ပါသည့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။ ထိုသူ၏ အနီရောင်ဆံပင်ရှည်များကို ခပ်မြင့်မြင့်မြှောက်ကာ စည်းနှောင်ထားလေသည်။
ထိုလူ၏ လက်များမှာ အတော်ပင် ရှုံ့တွခြောက်ကပ်နေ၏။ သို့သော်လည်း သူ၏ သက်လတ်ပိုင်းအရွယ် ပုံပန်းသွင်ပြင်ကြောင့် ထိုအရာက အနည်းငယ် ထူးဆန်းနေလေသည်။
အခြားတစ်ဦးမှာ အတော်လေး သာမန်ဆန်သော အဘိုးအိုတစ်ဦးဖြစ်သည်။ ချည်ကြမ်းထည်ကို ဝတ်ဆင်ထားသော အဘိုးအို၏ မျက်နှာထက်တွင် အရေးအကြောင်းတို့ ဖုံးလွှမ်းနေသည်။ အဘိုးအိုပုံစံက မျက်စိမှိတ်ကာ အတွေးထဲ၌ နစ်မြောရင်း တစ်ခုခုကို သောကရောက်နေပုံ ပေါ်လေသည်။
နန်းတော်၏ အတွင်းနှင့် အပြင်မှာ မတူကွဲပြားသော လေကနှစ်ခုသဖွယ် ဖြစ်နေပြီး နန်းတော်အတွင်းမှ အရှိန်အဝါ တစ်စွန်းတစ်စပင် ထွက်ပေါ်မနေချေ။ အပြင်ရှိ လူများသည် မြင်သာ မြင်နေရသော်လည်း မည်သည်ကိုမှ မခံစားမိပဲ ပိုင်းခြားခံထားရ၏။
“ကျုပ်တို့က အဲဒီနေရာကို ဝင်လို့မရဘူး… အဲ... မင်းကတော့ ဝင်လို့ရလောက်တယ်၊ ညီလေးမော့။ နှောင်းပိုင်းရှာမန်တွေသာ အဲဒီအထဲကိုဝင်ပြီး အရိုးစုရှေ့မှာ ဥာဏ်အလင်းပွင့်မှု ရနိုင်တာဆိုတော့…”
“အရိုးစုရှေ့က အဘိုးအိုကို တွေ့လား။ အဲဒါက ဆောင်းဟေမန်ပညာရှိ မျိုးနွယ်စုက နှောင်းပိုင်းရှာမန် ချန်းဟွမ်ပဲ။ ခရမ်းရောင်ဝတ်စုံနဲ့ နောက်တစ်ယောက်က ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ ကျောင်းတော်အကြီးအကဲပဲ။ သူ့နာမည်က ‘မူ’ တစ်လုံးတည်းပဲ”
စုမင်သည် သံကြိုးခတ်ခံထားရသော အရိုးစုကို ကြည့်လိုက်ပြီး တည်ငြိမ်စွာမေးလိုက်သည်။ “အဲဒီ အရိုးစုက ဘာလဲ”
နန်ကုန်းဟန်သည် ခဏတာ တုန့်ဆိုင်းသွားပြီးမှ စုမင်ကို လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ “အဲဒါက ဟိုးအရင် ဒီနေရာကို တည်ထောင်ခဲ့စဥ်က အသတ်ခံခဲ့ရတဲ့ ယင်ကိုးပါးနတ်ဆိုးဝိညာဥ်တစ်ကောင် ဆိုတာပဲ ကျုပ်လည်းသိတယ်… ကြားဖူးတာတော့ အတိတ်တုန်းက ရှာမန်မျိုးနွယ်စုဟာ အများကြီး ပေးဆပ်ပြီးမှ ဒီလူကို သတ်ဖြတ်နိုင်ခဲ့တာတဲ့…”
“ထားပါတော့၊ ညီလေးမော့ ကျုပ်တို့ ဒီနေရာမှာ ခဏ လမ်းခွဲကြတာပေါ့။ မင်း ဒီစုပ်ဝဲကို ဖြတ်လျှောက်လိုက်တာနဲ့ ယင်ကိုးပါးခန်းမဆီ ရောက်သွားလိမ့်မယ်။ ကျုပ်ကတော့ ပဥ္စမအလွှာမှာ ယင်ကိုးပါးဝိညာဥ် သွားရွေးလိုက်ဦးမယ်”
“ရှာမန်သလင်းကျောက်လို သာမန်ရတနာတွေနဲ့ဆို မင်းရဲ့ ယင်ကိုးပါးဝိညာဥ်ကို ပထမအလွှာထဲကပဲ ရွေးလို့ရလိမ့်မယ်။ အသေးစိတ်ကို အဲဒီရောက်တာနဲ့ သိရပါလိမ့်မယ်။ ညီလေးမော့ မင်း ယင်ကိုးပါးလောကထဲမှာ ဘယ်လောက်ကြာကြာနေမလဲ ဆိုတာပေါ်မူတည်ပြီး တတ်နိုင်တဲ့ အတိုင်းအတာထဲက ရွေးချယ်ပေါ့။ ကျုပ်ပြန်ထွက်လာတာနဲ့ အပြင်က စောင့်နေပါ့မယ်” နန်ကုန်းဟန်သည် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး အနောက်သို့လှည့်ကာ စုပ်ဝဲအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
စုမင် ထိုစုပ်ဝဲကို အနည်းငယ် စောင့်ကြည့်လေ့လာလိုက်ပြီး ဝင်ရောက်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက်ဆိုသလို စုပ်ဝဲအတွင်းမှ အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ စုပ်ဝဲအတွင်းမှ လူတစ်ဦး ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သိမ်မွေ့သော အားတစ်ခု ပျံ့နှံ့လာပြီး စုမင်အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ပေးလိုက်ရသည်။ စုပ်ဝဲအတွင်းရှိ လူသည် အလျင်အမြန်ပင် ပုံပေါ်လာပြီး အပြင်သို့ လျှောက်လှမ်းထွက်လာခဲ့သည်။
ထိုလူသည် အရပ်ရှည်ရှည်၊ ပိန်ပါးပါးဖြင့် လူငယ်လေးတစ်ဦး ဖြစ်သည်။ အေးတိအေးစက် မျက်နှာထားဖြင့် ထိုလူငယ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးသေးသေးလေးများ ကျစ်ကာ အလှဆင်ထား၏။
ထိုလူငယ်ကို မြင်သည်နှင့် စုမင်၏ မျက်လုံးများမှာ တောက်ပသွားပြီး မျက်နှာဖုံးအောက်ရှိ သူ့နှုတ်ခမ်းထက်တွင် အပြုံးရေးရေး ပေါ်လာခဲ့သည်။
ထိုလူသည် စုမင်အား တစ်ချက်ကြည့်လိုက်ပြီး ဖြတ်လျှောက်သွားခဲ့၏။ ထိုနေရာမှ ထွက်ခွာသွားတော့မည့် အချိန်မှာပင် သူ့ခြေလှမ်းများက ရုတ်ခြည်းရပ်တန့်သွားပြီး ခေါင်းငဲ့ကာ စုမင်ကို သေချာ ဂရုတစိုက်ကြည့်လိုက်ပြီးနောက် ထိုနေရာမှ တည်တည်ငြိမ်ငြိမ်ပင် ထွက်ခွာသွားခဲ့သည်။
စုမင်သည် တွေဝေမနေတော့ပဲ စုပ်ဝဲအတွင်းသို့ တိုးဝင်လိုက်သည်။ စုပ်ဝဲထံမှ အလင်းတစ်ဖြာ တောက်ပလာပြီး စုမင်တစ်ယောက် ထိုနေရာမှ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
စုမင် စုပ်ဝဲအတွင်းသို့ ဝင်ရောက်သွားသည်နှင့် လှေကားထစ်များပေါ်မှ လူငယ်သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာထက်၌ ဝေခွဲမရဖြစ်မှုများ ပေါ်လာခဲ့သည်။
“အဲဒီလူကို တွေ့ဖူးသလိုပဲ…” လူငယ်သည် ညာလက်ကိုမြှောက်ကာ နံဖူးအလယ်သို့ ထိကပ်လိုက်သည်။ သူသည် ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေပြီးမှ မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင်တော့ ဇဝေဇဝါဖြစ်ဟန် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေလေသည်။