ယင်ဝိညာဥ်
Vol. 32 Ch. 434
စုပ်ဝဲအတွင်းသို့ ခြေချမိသည်နှင့် နန်ကုန်းဟန် နောက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်။ သူ့ကိုယ်ပိုင်စွမ်းရည်သည် နှောင်းပိုင်းရှာမန်တစ်ယောက်၏ စွမ်းရည်နှင့် တူညီသော တိုက်ပွဲဝင်စွမ်းအားရှိသည့် မော့စုအား မယှဥ်နိုင်ကြောင်း နားလည်လက်ခံထားသော်လည်း သူသာ ယင်ကိုးပါးဝိညာဥ်တစ်ကောင်ကို ငှားရမ်းနိုင်ခဲ့မည်ဆိုလျှင်တော့ သူ့စွမ်းအားမှာ မော့စုထက် အဆပေါင်းများစွာ သာလွန်သွားလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။
အဆုံးတွင်တော့ သူသည် ယင်ကိုးပါးလောကသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးသူဖြစ်ပြီး ယခုလို အရှေ့မြေရိုင်းဒေသ၏ ကပ်ဘေးကြီး ကျရောက်လာတော့မည့် အချိန်တွင် ဤတစ်ကြိမ်က သူ့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သွားနိုင်ကြောင်း သိနေလေသည်။
ထို့ကြောင့်ပင် ဤအထဲသို့ မလာမီက သူ၏ ယင်ကိုးပါးဝိညာဥ်များအပေါ် နားလည်မှုကို အခြေခံ၍ ပဥ္စမအလွှာမှ ဝိညာဥ်များအား ကမ်းလှမ်းရမည့် အရာများကို အင်အားစိုက်ထုတ်ကာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ပဥ္စမအလွှာမှ ယင်ကိုးပါးဝိညာဥ်များကို ငှားရမ်းဖို့ မလွယ်ကူလျှင်တောင် စတုတ္ထအလွှာမှ ဝိညာဥ်များကိုတော့ ငှားရမ်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိလေသည်။
ထို့ကြောင့်ပင် သူသည် ပထမအလွှာသို့ ဝင်လာသည်နှင့် တစ်ခဏပင် ရပ်တန့်ခြင်းမပြုပဲ တံခါးသုံးခုကို ဆက်တိုက်ဖြတ်သန်းကာ စတုတ္ထအလွှာရှိ ယင်ကိုးပါးဝိညာဥ်များထံ ဦးတည်လိုက်၏။
‘မော့စုက သန်မာကောင်း သန်မာလိမ့်မယ်။ ဒါပေမယ့် ငါသာ စတုတ္ထအလွှာနဲ့ ပဥ္စမအလွှာက ယင်ကိုးပါးဝိညာဥ်တစ်ကောင်ကို ငှားရမ်းလိုက်နိုင်တာနဲ့ ငါသူနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်သွားမှာပဲ… သူ့ထက်တောင် သာရင် သာသွားလိမ့်ဦးမယ်’ နန်ကုန်းဟန်သည် ယုံကြည်ချက်အပြည့်ဖြင့် မကြာခင် ရတော့မည့်အရာအတွက် အလွန်ကျေနပ်နေလေသည်။
အခြားတစ်ဖက်တွင်တော့ စုမင်သည် နန်းတော်အပြင်ရှိ စုပ်ဝဲအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည်နှင့် သူ့အနီးတစ်ဝိုက်သို့ ဝေ့ဝဲကြည့်လိုက်ရာ မြင်ရသောအရာကြောင့် ထိတ်လန့်သွားခဲ့ရသည်။
ဤနေရာသည် မြူခိုးများနှင့် ပြည့်နေသော နယ်မြေတစ်ခုဖြစ်သည်။ သာမန်မျက်စိဖြင့် အဆုံးကိုပင် မြင်နိုင်ရန်ခဲယဥ်းလေသည်။ ဤနေရာမှာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့အရှေ့ရှိ ဧရာမတောင်ကြီးတစ်လုံးမှအပ အခြားနေရာများမှာ မြေပြင်ကျယ်ကြီးသာ ဖြစ်သည်။
စုမင် ပေါ်လာသည်နှင့် မိုးထိအောင်မြင့်မားလှသော ထိုကျောက်တောင်ကြီးထံမှ သန်မာသောဖိအားလှိုင်းတစ်ခု ကျရောက်လာသည်။ ထိုမျှသာဆိုလျှင် စုမင် ထိတ်လန့်သွားဦးမည် မဟုတ်သေးသော်လည်း သူ့ကို အသက်ရှူမှားသွားစေခဲ့သော အရာက ထိုဧရာမတောင်ကြီးပေါ်တွင် ရှိနေသည့် များပြားလှသော ရုပ်တုများပင် ဖြစ်သည်။
ရုပ်တုတစ်ခုချင်းစီတိုင်းသည် သာမန်လူတစ်ဦး အရွယ်ခန့်ရှိပြီး ရိုးရှင်းသောချပ်ဝတ်တန်ဆာနှင့် မျက်နှာအဖုံးပါသော ခေါင်းစွပ်များကို ဝတ်ဆင်ထားကြသည်။ ဆံပင်များကို ကျစ်ဆံမြီးကျစ်ထားကြပြီး ၎င်းတို့ပုံစံသည် ကြမ်းတမ်းသော်လည်း တစ်ချိန်တည်းမှာပင် သန်မာကြံ့ခိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။
ထိုအရာက အစွမ်းထက်စစ်သည်တော်များတွင်သာ ရှိတတ်သော အရှိန်အဝါမျိုးဖြစ်သည်။
၎င်းတို့အားလုံး၏ လက်ထဲတွင် လှံရှည်များ၊ ဓားမောက်များ၊ တိုက်ပွဲပုဆိန်များနှင့် အခြားလက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြသည်။ အချို့ဆိုလျှင် ဧရာမဒိုင်းကြီးများကိုပင် ကိုင်ထားကြသေး၏။
တောင်ထဲတွင် ထိုကဲ့သို့ရုပ်တုများ ရာပေါင်းများစွာရှိနေပြီး နေရာအနှံ့တွင် တိတ်တဆိတ် ငြိမ်သက်စွာရပ်နေကြသည်။
ထိုနေရာတွင် စုမင်အပြင် ဒါဇင်ပေါင်းများစွာသော အခြားရှာမန်များလည်း ရှိနေ၏။ ထိုရှာမန်များသည်လည်း အလွန်ပင် တိတ်တဆိတ် လှုပ်ရှားနေကြပြီး တစ်ဦးနှင့် တစ်ဦး အနှောင့်အယှက် မပေးကြပေ။ အချို့သည် သူတို့အတွက် ရုပ်တုကို ရွေးချယ်နေဟန်ဖြင့် ဟိုဟိုသည်သည် လျှောက်ကြည့်နေကြ၏။ အချို့သည် ရုပ်တုတစ်ခုချင်းစီ၏ နံဘေးတွင်ရပ်ကာ ရုပ်တုပေါ်သို့ ညာလက်တင်၍ တစ်စုံတစ်ရာကို အာရုံခံနေကြ၏။
စုမင် ရောက်လာသည်ကို မည်သူမှ စိတ်မဝင်စားကြပေ။ ထိုအချိန်တွင် စုမင်မျက်လုံးတို့က တောက်ပသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ ဤတောင်၏ အထက်တွင် အခြားမြင့်မားသော တောင်ကြီးတစ်ခုရှိနေ၏။ ထိုဒုတိယတောင်သည် ကောင်းကင်တွင် လွင့်မျောနေပြီး အနက်ရောင်အလင်းတစ်ဖြာ တောက်ပနေသည်။ ၎င်း၏ ပုံစံကိုမူ ထင်ထင်ရှားရှား မမြင်ရချေ။
သို့သော် ထိုဒုတိယတောင်ပေါ်တွင်လည်း ယခုလိုပင် ရုပ်တုများရှိကြောင်း စုမင်ဝိုးတဝါး လှမ်းမြင်နေရလေသည်။
ထို့ထက်ပို၍ ဝေးဝေးသို့ မော့ကြည့်လိုက်သောအခါ တတိယတောင်၊ စတုတ္ထတောင်၊ ပဥ္စမတောင် အစရှိသဖြင့်… မြင့်မားလွန်းသောကြောင့် သူရှင်းရှင်းလင်းလင်း မမြင်ရတော့သည်အထိ တောင်များတည်ရှိနေလေသည့်။
ဤနေရာ၏ အမြင့်ကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်ရန် ခဲယဥ်းလှသည်။ ကောင်းကင်သည် အဆုံးမရှိသည့်သဖွယ် မြင့်မားလှပြီး တောင်တစ်လုံးနှင့် တစ်လုံးကြား အလွန်ကွာဝေးလှသည်။
‘ဒီနေရာမှာ အလွှာကိုးလွှာရှိတယ်လို့ နန်ကုန်းဟန် ပြောဖူးတယ်။ ပြီးတော့ ငါ အမြင့်ကို ပိုသွားလေလေ၊ ယင်ကိုးပါးဝိညာဥ်တွေကလည်း ပိုသန်မာလာလေလေပဲဆိုတော့… အဲဒီတောင်တွေက သူပြောသွားတဲ့ အလွှာကိုးလွှာပဲ ဖြစ်လိမ့်မယ်… ဒီလိုဆိုရင် တောင်လည်း ကိုးလုံး ရှိလိမ့်မှာပဲ’
စုမင်သည် ခေါင်းမော့ကာ ထိုတောင်များကို အချိန်အတော်ကြာ လေ့လာလိုက်ပြီးနောက် အကြည့်လွှဲကာ သူ့အရှေ့ရှိ တောင်ဆီလျှောက်သွားလိုက်သည်။
တောင်ထိပ်သို့တက်ရန် လှေကားထစ်တစ်ခု ရှိပြီး လမ်းတစ်လျှောက် လမ်းကြောင်းခွဲတစ်ချို့ပင် ရှိနေ၏။ ထိုလမ်းခွဲတစ်ခုဆီတိုင်းသည် ရုပ်တုများဆီ ဦးတည်နေပြီး အကယ်၍သာ လူတစ်ဦးသည် ထိုလမ်းခွဲများကို ကျော်၍ ပင်မလှေကားထစ်များအတိုင်း တက်သွားမည်ဆိုလျှင် ထိုလူသည် ဤတောင်ထဲရှိ ရုပ်တုအားလုံးကို ဖြတ်သွားနိုင်လိမ့်မှာဖြစ်သည်။
လှေကားထစ်အောက်ခြေတွင် ရုပ်တုနှစ်ခု ရှိနေသည်။ ထိုရုပ်တုနှစ်ခုသည် တောင်ထဲရှိ ရုပ်တုများထက် သိသိသာသာပင် ကောင်းမွန်နေပြီး ချပ်ဝတ်အနည်းငယ်သာ ဝတ်ဆင်ထားလေသည်။ ၎င်းတို့လက်ထဲတွင် ပေနှစ်ဆယ်ကျော် ရှည်လျားသော လှံရှည်တစ်ချောင်းဆီ ဆုပ်ကိုင်ထားပြီး အောက်သို့ ညွှန်ပြထားကြ၏။ ထိုလှံဖျားမှာ မြေပြင်နှင့် ဆယ်ပေခန့်သာ ကွာဝေးပြီး တောင်ပေါ်တက်ချင်သူတိုင်း ထိုလှံဖျားများကို ဖြတ်လျှောက်သွားဖို့ လိုလေသည်။
စုမင် ထိုရုပ်တုနှစ်ခုအနီးသို့ လျှောက်သွားလိုက်ပြီး အကဲခတ်လိုက်ပြီးသည်နှင့် လှံဖျားများကို ဖြတ်လျှောက်ကာ တောင်ထိပ်ဆီဦးတည်သော လှေကားထစ်ပေါ် ခြေချလိုက်လေသည်။ သူသည် တောင်ထိပ်သို့ တောက်လျှောက်တက်မသွားပဲ ထိုအစား ပထမလမ်းခွဲသို့ ရောက်သည်နှင့် ညာဘက်သို့ ဦးတည်နေသော ထိုလမ်းကြောင်းအတိုင်း လျှောက်သွားလိုက်ပြီး ထိုနေရာရှိ ပထမဆုံးရုပ်တုရှေ့တွင် ရပ်တန့်လိုက်သည်။
ဤရုပ်တုသည် လက်ထဲတွင် တိုက်ပွဲပုဆိန်တစ်ခု ကိုင်ဆောင်ထားသော ပုံသဏ္ဍာန်ရှင်းရှင်းလင်းလင်း မမြင်ရသည့် ရုပ်တုတစ်ခုဖြစ်သည်။ စုမင်အရပ်ခန့်သာရှိသော ထိုရုပ်တုထံမှ ရှေးကျသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာပင် ထိုရုပ်တုအား အစွမ်းထက်စစ်သည်တော်တစ်ဦး၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုလည်း လွှမ်းခြုံထားသည်။
တစ်ခဏမျှ တွေးတောကြည့်ပြီးနောက် စုမင် ညာလက်ကိုမြှောက်ကာ အခြားသူများလုပ်သလို ရုပ်တုပေါ်တင်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်ခြည်းဆိုသလို တောင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
လမ်းကြောင်းမှ စူးရှသော အလင်းတို့တောက်ပလာပြီး တောင်တစ်ခုလုံး တုန်ခါသွားသဖြင့် တောင်ထဲရှိ လူအများစုမှာ ထိုနေရာဆီ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာသို့ လှမ်းကြည့်လိုက်သည်နှင့် အလင်းတန်းများသည် ရုပ်တုတစ်ခုထံမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း စုမင် တွေ့လိုက်ရသည်။ ထိုအလင်းများသည် ပေတစ်သိန်းဝန်းကျင်အထိ ဖြန့်ကျက်သွားပြီး ရုပ်တု၏ ခန္ဓာကိုယ်ပေါ်မှ လှိုင်းဂယက်များနှင့် တွန့်လိမ်ပုံပျက်မှုများ ပေါ်လာခဲ့သည်။ ထိုရုပ်တုထံမှ တစ်ဖြည်းဖြည်း အရည်ပျော်လာနေသော ရေခဲတုံးတစ်ခုသဖွယ် ခံစားချက်မျိုး ထွက်ပေါ်လာပြီး ပြန်လည်အသက်ဝင်လာလေသည်။
၎င်း၏ ချပ်ဝတ်ပေါ်တွင် အစိမ်းရောင်အလင်းများ တောက်ပလာပြီး သံခေါင်းစွပ်ဦးခေါင်းကြီးက တစ်ဖြည်းဖြည်း မော့လာခဲ့သည်။ ရုပ်တု၏ မျက်လုံးထဲတွင်လည်း အစိမ်းရောင်အလင်းတို့ တောက်ပနေလေသည်။
ရုပ်တုရှေ့တွင် ရပ်နေသူမှာ အလွန်ပင် စိတ်လှုပ်ရှားနေဟန်တူသော အမျိုးသမီးရှာမန်တစ်ဦး ဖြစ်သည်။ သူမသည် ရုပ်တုထံ လက်သီးဆုပ် ဦးညွှတ်လိုက်သည်နှင့် သူမအရှေ့ရှိ စစ်သည်တော်ရုပ်တုသည် ညာခြေကိုဆောင့်နင်းကာ ကောင်းကင်သို့ခုန်တက်သွားပြီး သူ့လက်ထဲရှိ ဓားမောက်ဖြင့် ရှာမန်အမျိုးသမီးကို ညွှန်ပြလိုက်သည်။
သူမသည် လေပေါ်သို့ အလျင်အမြန် ပျံတက်ကာ အသက်ဝင်လာသော ရုပ်တုနံဘေးတွင် ရပ်တန့်လိုက်သည်။ ရုပ်တုသည် အကြိမ်ရေအနည်းငယ်ခန့် တောက်ပသွားပြီး ၎င်း၏ ခန္ဓာကိုယ်က အလျင်အမြန်ကျုံ့ဝင်သွားကာ အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်း၍ အမျိုးသမီးထံ တိုးဝင်သွားသည်။ အဆုံး၌ ၎င်းသည် အမျိုးသမီး၏ ညာဘက်လက်ခုံပေါ်သို့ ဆင်းသက်လိုက်ပြီး ရွှေရောင်အမှတ်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
အမျိုးသမီးသည် ထိုနေရာတွင် ဆက်မနေတော့ပဲ စိတ်လှုပ်ရှားနေသော အမူအယာဖြင့် အနောက်သို့လှည့်၍ တောင်ခြေရှိ စုပ်ဝဲထံ ဦးတည်ပျံသန်းသွားခဲ့သည်။
သူမ ထွက်ခွာသွားသည်နှင့် တောင်၏ တုန်ခါနေမှုမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ လူတို့၏ အားကျမှုအပြည့်ဖြင့် ရှုပ်ထွေးသောအကြည့်များသည်လည်း ပြန်လည်ပျောက်ကွယ်သွားပြီး တောင်အတွင်း တစ်ဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထိုအမျိုးသမီး ထွက်ခွာသွားရာဘက်ဆီသို့ လိုက်ကြည့်ရင်း စုမင် သက်ပြင်းချလိုက်ပြီးနောက် သူ့နံဘေးရှိ ရုပ်တုအား ပြန်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း မျှော်လင့်ခြင်းအရိပ်အယောင်များ ပေါ်လာခဲ့သည်။ ထိုအမျိုးသမီး၏ အသက်ဝင်လာသော ရုပ်တုထံမှ တိုင်မူနှင့် ညီမျှသော အရှိန်အဝါတစ်ခုကို သူရှင်းရှင်းလင်းလင်းပင် ခံစားမိခဲ့၏။ အရှိန်အဝါအရဆိုလျှင် ထိုရုပ်တုသည် သေချာပေါက်ပင် နှောင်းပိုင်းရှာမန်တစ်ဦးဖြစ်ပြီး မာန်မျိုးနွယ်စု၏ သတ်မှတ်ချက်များအရ ဆိုလျှင်တော့ မာန်ဝိညာဥ်နယ်ပယ်မှ အစွမ်းထက် စစ်သည်တော်တစ်ဦးဟု ပြောနိုင်လေသည်။
‘ဒီတော့… ဒါက ယင်ကိုးပါးဝိညာဥ် ဆိုတာပေါ့… ဒါပေမယ့် ယင်ကိုးပါးဝိညာဥ်တွေဟာ ဒီလောကကနေ မထွက်ခွာနိုင်ကြဘူးလို့ နန်ကုန်းဟန်ပြောခဲ့ဖူးတယ်။ အဲဒီလိုသာမဟုတ်ရင်၊ ဒီနေရာမှာရှိတဲ့ ဝိညာဥ်တွေရဲ့ အရေအတွက်နဲ့တင်… ရှာမန်တွေရော၊ မာန်စွမ်းအားရှင်တွေရော ဘယ်သူမှ သူတို့ကို ခုခံနိုင်လောက်မှာ မဟုတ်ဘူး’ စုမင် ထိတ်လန့်စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
‘တစ်ကယ်ပဲ ဒီယင်ကိုးပါးလောကမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေတာပါလိမ့်။ ဒီနေရာမှာ မီးတောက်နဂါးရဲ့ အကြွင်းအကျန်၊ ဝိညာဥ်နတ်ဆရာတွေရဲ့ သင်္ချိုင်းမြေနဲ့ ရှေ့ဖြစ်ဟောသူတွေရဲ့ ယဇ်ပလ္လင်လည်း ရှိသေးတယ်…’
‘ပြီးတော့ ဒါတွေက လီတစ်သန်းဧရိယာအတွင်းပဲ ရှိသေးတာ။ အပြင်က နယ်မြေထဲမှာလည်း အဆုံးမရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီး ရှိနေလိမ့်ဦးမှာပဲ… ဒီယင်ကိုးပါးလောကက ဘယ်လိုတည်ရှိမှုမျိုးပါလိမ့်။ တစ်ကယ်ပဲ ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုပဲလား…’
စုမင် ခဏတာ ငြိမ်သက်နေပြီးနောက် သူ့အရှေ့ရှိ ရုပ်တုပေါ်သို့ ညာလက်တင်ကြည့်လိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် သူ့ခေါင်းထဲသို့ တိုးဝင်လာသော အားလှိုင်းများကို ချက်ချင်းဆိုသလို ခံစားလိုက်မိပြီး တစ်ဆက်တည်းလိုလိုပင် အေးစက်စက်အသံတစ်ခုကို ကြားလိုက်ရသည်။
“ငါလက်ခံတဲ့ ပစ္စည်းနှစ်မျိုးရှိတယ်။ ပထမတစ်ခု၊ တစ်ရက်ကို အခြေတည်ကျောက်တုံးတစ်ထောင် လိုချင်တယ်။ အဲဒါက ရှာမန်သလင်းကျောက်၊ မာန်စွမ်းအင်ကျောက်တုံးနဲ့ ဝိညာဥ်ကျောက်တုံးလို့ ခေါ်တဲ့ဟာတွေပဲ။ ငါ အရည်အသွေးမြင့်ကျောက်တုံးတွေပဲ လိုချင်တယ်။ အဆင့်နိမ့်တာတွေ မလိုချင်ဘူး”
“ဒုတိယတစ်ခု၊ ခုနစ်ရက်တစ်ကြိမ် မြူမှုန်ထိုးခွဲတစ်လုံး လိုချင်တယ်”
ထိုအသံသည် စုမင်ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီး တစ်ဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်။ စုမင် ညာလက်ကို ပြန်ရုတ်လိုက်သည်။ သူ့မျက်လုံးများမျာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ မုန်တိုင်းထန်နေခဲ့ချေပြီ။
‘မြူမှုန်ထိုးခွဲလား’ စုမင်၏ အသက်ရှူသံများပင် လျင်မြန်လာပြီး အချိန်အတော်ကြာမှ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သူသည် ထိုရုပ်တုကို စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်.
မြူမှုန်ထိုးခွဲသည် ကျောက်တုံးနက်လေး၏ ထိုထူးဆန်းသောလောကထဲ၌ သူပထမဆုံးဖော်ခဲ့သော ဆေးလုံးဖြစ်သည်။ ယခင်က ထိုဆေးလုံးအကြောင်း မည်သူတစ်ဦးတစ်ယောက်ဆီကမျှ မကြားဖူးပဲ ဝိညာဥ်လုယက် ဖော်သောအခါမှသာ သူ၏ ဆေးဖော်နည်းများသည် ရှာမန်များနှင့် တစ်စုံတစ်ရာ ဆက်စပ်မှုရှိနေကြောင်း နားလည်ခဲ့ရခြင်း ဖြစ်သည်။
အမှန်စင်စစ် သူ၏ ဝိညာဥ်လုယက်ကို စိတ်ဝိညာဥ်ကျောက်တုံးဟု သိရှိကြပြီး အဆုံးသတ် စိတ်ဝိညာဥ်ဖမ်းစားသူများ အလွန်ကြိုးစားမှသာ ဖန်တီးနိုင်သော အရာတစ်ခုဖြစ်သည့်။ ထိုအဆုံးသတ် စိတ်ဝိညာဥ်ဖမ်းစားသူများ၏ ဝိညာဥ်လုယက်ဖော်သော နည်းသည်လည်း သူ့နည်းနှင့် လုံးလုံးလျားလျား ကွဲပြားလိမ့်မည်ဟု စုမင် ယုံကြည်လေသည်။
‘စိတ်ဝိညာဥ်ဖမ်းစားသူတွေရဲ့ ဇာစ်မြစ်က ယင်ကိုးပါးလောကဆိုတော့ ဖြစ်နိုင်တာက… အဆုံးသတ် စိတ်ဝိညာဥ်ဖမ်းစားသူတွေရဲ့ ဝိညာဥ်လုယက်ဖော်တဲ့နည်းကို ဒီနေရာက ရခဲ့တာများလား… ဒါဆို… ငါ့ဆေးဖော်နည်းတွေကရော ဒီနေရာက လာတာပဲလား’
စုမင်တစ်ယောက် ထိတ်လန့်တုန်လှုပ်နေမိသည်။ ကျောက်တုံးနက်လေး၏ ဇာစ်မြစ်အကြောင်း သူတစ်ခါမှ အဖြေမရှာနိုင်ခဲ့ချေ။ တစ်ကယ်တမ်းတွင်တော့ ဤပစ္စည်းသည်လည်း တိထျန်းအစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဟုပင် ယူဆခဲ့ဖူးခြင်း ဖြစ်သည်။
သူသည် ထိုရုပ်တုကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေခဲ့ပြီး နောက်ရုပ်တုတစ်ခုထံ ရွှေ့လိုက်သည်။ နောက်ရုပ်တုတစ်ခုပေါ် လက်တင်လိုက်သည်နှင့် သူ့ခေါင်းထဲတွင် အသံတစ်ခု ပေါ်လာပြန်သည်။ တောင်းဆိုသော ပထမပစ္စည်းသာ ကွဲပြားသွားသော်လည်း ဒုတိယတစ်ခုအဖြစ် မြူမှုန်ထိုးခွဲကိုသာ တောင်းဆိုမြဲဖြစ်သည်။
ဒါဇင်ပေါင်းများစွာသော ရုပ်တုများကို စမ်းသပ်ကြည့်ပြီးသည်နှင့် ပထမတောင်အတွင်းရှိ ရုပ်တုအားလုံးမှာ အတူတူပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။ ၎င်းတို့အားလုံးသည် ပထမပစ္စည်းအဖြစ် မတူညီသောအရာများကို တောင်းဆိုကြသော်လည်း ဒုတိယပစ္စည်းမှာမူ အမြဲတမ်းအတူတူသာ ဖြစ်သည်။
‘ပထမပစ္စည်းအတွက် တောင်းဆိုချက်အများစုက ရုပ်တုတစ်ခုနဲ့တစ်ခု မတူတဲ့အပြင် တစ်ချို့ဆို တစ်ကယ်ကို ထူးဆန်းသေးတယ်။ ကြည့်ရတာတော့ နန်ကုန်းဟန်ပြောတဲ့ ယင်ကိုးပါးဝိညာဥ်တွေက ဒီလောကရဲ့ နယ်ခံတွေဖြစ်ပြီး ရှာမန်တွေ ဒီနေရာမှာ အခြေချနိုင်ဖို့ ကူညီပေးခဲ့တယ်ဆိုတာ မှန်တဲ့ပုံပဲ’
‘ဒီလိုသာဆို ရုပ်တုတွေအားလုံးက ငါ့အတွက် အတူတူပဲဖြစ်လိမ့်မယ်။ သူတို့အားလုံးက အသက်ရှင်နေကြသေးတာပဲ။ မသေဆုံးသေးဘူး… ငါသာ သူတို့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်နေသရွေ့ သူတို့က ငါ့အစောင့်အကြပ်တွေ ဖြစ်လာလိမ့်မယ်… ဒီလိုသာဆိုရင် ဒီနေရာမှာ အခြေချနိုင်ဖို့ ရှာမန်တွေလည်း တန်ဖိုးကြီးကြီး ပေးခဲ့ရမှာပဲ’
‘ဒါပေမယ့်… ဒီယင်ကိုးပါးဝိညာဥ်တွေက တစ်ကယ်ပဲ ဘာတွေများလဲ…’ စုမင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ ထိုရုပ်တုများကို ဆက်လေ့လာနေစဥ်မှာပင် အခြားရုပ်တုနှစ်ခု ထပ်မံအသက်ဝင်လာပြီး လေထဲသို့ခုန်တက်ကာ တစ်ယောက်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့ကြသည်။
စုမင်မျက်နှာထက်တွင် ခံစားချက်အမျိုးမျိုး ရောထွေးနေ၏။ တစ်ခဏကြာပြီးနောက် သူ့အကြည့်သည် အဝေးရှိ ဒုတိယ၊ တတိယ၊ စတုတ္ထတောင်များနှင့် ကောင်းကင်အဆုံး မှုန်ပျပျနေရာဆီ ရောက်ရှိသွားတော့သည်။
‘ဒီလိုဆိုမှတော့ အရင်ဆုံး ယင်ကိုးပါးဝိညာဥ်တွေရဲ့ ဇာစ်မြစ်အကြောင်း ခဏဖယ်ထားလိုက်တာပေါ့။ ကြည့်ရတာ… ဒီနေရာမှာရှိတဲ့ အသန်မာဆုံး အစောင့်အကြပ်ကိုတောင် ငါငှားရမ်းနိုင်လိမ့်မယ် ထင်တယ်’ စုမင်မျက်လုံးများက တဖျတ်ဖျတ် တောက်ပလာတော့သည်။