← Chapters

လူအိုကြီး

Vol. 32 Ch. 436

လူအိုကြီး

Vol. 32 Ch. 436

နတ်ဘုရားစိတ်အာရုံဖြင့် စုမင် ပို့လွှတ်လိုက်သော အသံအား ယင်ကိုးပါးဝိညာဥ်တစ်ဦးတည်းသာ ကြားနိုင်ခြင်းဖြစ်သည်။ အသက်ဝင်လာသော ဧရာမရုပ်တုကြီးသည် စုမင်၏ စကားသံကို ကြားသောအခါ သူ့ဘက်သို့ အလျင်အမြန် လှည့်ကြည့်လာ၏။

တစ်ချိန်တည်းမှာပင် ပြန်လည်အသက်ဝင်လာနေသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း ရပ်တန့်သွားသည်။

သူတို့အနားရှိ အဘိုးအိုမှာမူ ဆွံ့အမင်သက်သွားခဲ့၏။

“မင်းမှာ မြူမှုန်ထိုးခွဲတွေ ရှိတယ်လား”

ရုပ်တု၏ အသံသည် စုမင်ခေါင်းထဲတွင် မိုးခြိမ်းသံသဖွယ် မြည်ဟီးသွားပြီး စုမင်တစ်ယောက် အလိုလိုပင် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။

“လူကြီးမင်းရဲ့ ကာကွယ်မှုကို ရဖို့ဆိုရင် မြူမှုန်ထိုးခွဲ ဘယ်လောက်လိုပါသလဲ” စုမင် တည်ငြိမ်စွာပင် အတွေးတစ်စ ထပ်မံပို့လွှတ်လိုက်သည်။

အဘိုးအိုမှာ တုံးအသူတစ်ဦး မဟုတ်ပါချေ။ ထိုအခိုက်အတန့်တွင် စုမင်အားကြည့်နေသော ရုပ်တု၏အကြည့်ကြောင့် ယခုလို မျှော်လင့်မထားသော ဖြစ်ရပ်သည် စုမင်ကြောင့် ဖြစ်လာခြင်း ဖြစ်ကြောင်း ချက်ချင်းသတိပြုမိသွားခဲ့၏။ သို့သော် ဤနေရာတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည့်အပြင် ယင်ကိုးပါးဝိညာဥ်များကို ရွေးချယ်သူကလည်း သူတို့ ဟုတ်မနေချေ။ သူတို့ကသာ ထိုယင်ကိုးပါးဝိညာဥ်များ၏ သဘောဆန္ဒအတိုင်း ရွေးချယ်ခံကြရခြင်းဖြစ်သည်။ သူသည် စုမင်အား အထင်အမြင်သေးစွာပင် အေးစက်စက် စိုက်ကြည့်လိုက်၏။

မည်သို့ပင်ဆိုစေ ဤယင်ကိုးပါးဝိညာဥ်၏ ကာကွယ်မှုကိုရရန် လိုအပ်သော ရှာမန်သလင်းကျောက် ပမာဏက အလွန်များပြားလွန်းလေသည်။ ဤမျှများပြားသော ပမာဏကို စုမင် ထုတ်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။

“ခုနစ်ရက်တစ်ကြိမ် မြူမှုန်ထိုးခွဲ ဆယ်လုံးလိုချင်တယ်။ မင်းမှာ ဆယ်လုံးရှိရင် ငါ ခုနစ်ရက် ကာကွယ်ပေးမယ်။ မင်းမှာ ငါးလုံးရှိရင်၊ ငါ မင်းကို သုံးရက်နဲ့ နေ့တစ်ပိုင်း ကာကွယ်ပေးမယ်။ မင်းမှာ တစ်လုံးပဲ ရှိရင်တောင် ငါမင်းကို တစ်ရက် ကာကွယ်ပေးမယ်”

ခေါင်းထဲ၌ ယင်ကိုးပါးဝိညာဥ်၏ အသံ ပဲ့တင်ထပ်နေစဥ်မှာပင် စုမင် သူ့လက်ထဲတွင် မြူမှုန်ထိုးခွဲ မည်မျှကျန်နေသေးကြောင်း ရေတွက်ကြည့်လိုက်သည်။ ယခုလောလောဆယ်တွင် သူ့လက်ထဲ၌ မြူမှုန်ထိုးခွဲ အလုံးရေ နှစ်ရာနီးပါးသော ကျန်တော့သော်လည်း သူ့တွင်သာ လိုအပ်သော ပစ္စည်းများ အလုံအလောက် ရှိနေသရွေ့ ချက်ချင်း စတင်ဖော်စပ်နိုင်လေသည်။ ဤဆေးလုံးဖော်စပ်သည့် လုပ်ငန်းစဥ်နှင့် အလွန်တရာပင် အကျွမ်းတဝင် ရှိခဲ့ဖူးသဖြင့် အနည်းငယ် ဖြုန်းတီးမိလျှင်တောင် ထိုသည်က ပစ္စည်းများ၏ ဆယ်ပုံတစ်ပုံခန့်သာ ဖြစ်ပေလိမ့်မည်။

“တောင်အရပ်ခွဲခွာဆေးလုံးတွေရော လက်ခံလား” စုမင် ခဏတာ‌တွေးကြည့်ပြီး တစ်ခုခုကို စမ်းသပ်ရန်အတွက် ရုပ်တုထံ နတ်ဘုရားစိတ်အာရုံ အတွေးတစ်စ ထပ်မံပို့လွှတ်လိုက်သည်။

“တောင်အရပ်ခွဲခွာ၊ မင်းမှာ တောင်အရပ်ခွဲခွာ ရှိတယ်လား” ရုပ်တု၏ မျက်လုံးများအတွင်း စူးရှသောအလင်းတို့ ချက်ချင်းတောက်ပလာသည်။ စုမင်ခေါင်းထဲ၌ ပေါ်လာသောအသံသည်ပင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖြစ်နေ၏။

ရုပ်တု၏ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ခါလာပြီး ရပ်တန့်နေသော အသက်ဝင်ခြင်းမှာလည်း ပြန်လည်ကာ စတင်ဖြစ်ပေါ်လာသည်။ သို့သော် ၎င်း၏ မျက်လုံးများကမူ စုမင်ကိုသာ စိုက်ကြည့်နေဆဲဖြစ်ပြီး နံဘေးရှိ အဘိုးအိုကို လုံးလုံးလျားလျား လျစ်လျူရှုထားလေသည်။

“ဒီက မိတ်ဆွေ၊ မင်းက နည်းနည်းလွန်လာပြီထင်တယ်။ ဒီနေရာက ချက်ချင်းထွက်သွားပေးပါ။ ဒီရုပ်တုအတွက် မင်းသာ ငါနဲ့ ဆက်တိုက်ခိုက်နေဦးမယ်ဆိုရင်…” အဘိုးအိုသည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာပြီး စုမင်အား အော်ဟစ်ခြိမ်းခြောက်လိုက်သည်။ သို့သော် ၎င်း၏ စကားမဆုံးခင်မှာပင် ရုပ်တုကြီးသည် ဘယ်လက်ဖြင့် အဘိုးအိုအား လှမ်း၍ ဆုပ်ကိုင်လိုက်ပြီး အဘိုးအို၏ ထိတ်လန့်တကြား အော်ဟစ်သံများကြားမှာပင် တောင်အောက်သို့ ပစ်ချလိုက်လေသည်။

“ထွက်သွားစမ်း။ ငါ အပေးအယူလုပ်နေတာကို လာမနှောင့်ယှက်နဲ့” အဘိုးအိုသည် အလင်းတန်းတစ်ခုအသွင်ဖြင့် စတုတ္ထတောင်ပေါ်မှ လွှင့်ပစ်ခံလိုက်ရ၏။

“တောင်အရပ်ခွဲခွာနဲ့ တောင်တန်းဝိညာဥ်ဆိုရင် ငါးလုံးပေးတာနဲ့ ငါမင်းကို ခုနစ်ရက်ကာကွယ်ပေးမယ်”

ရုပ်တု၏ အသံက စုမင်ခေါင်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ၎င်း၏ ပုံစံသည် တောင်အရပ်ခွဲခွာဟူသော စကားလုံးကြောင့် အလွန်စိတ်လှုပ်ရှားသွားပုံပေါ်၏။ အဆုံးတွင်မတော့ သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ယခင်က မြူမှုန်ထိုးခွဲဖြင့် ကမ်းလှမ်းသူများကို ကြုံဖူးခဲ့သော်လည်း ထိုဆေးလုံးများ၏ အရေအတွက်မှာ မဖြစ်စလောက်သာဖြစ်ပြီး အကျိုးသက်ရောက်မှုမှာလည်း အလွန်အားပျော့လှ၏။ ၎င်းတို့အနေဖြင့် ထိုဆေးလုံးများကို ယင်ကိုးပါးလောက၏ အချို့နေရာများမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလို့နေသည်။

သို့သော်ငြား စုမင်ထံတွင်မူ မြူမှုန်ထိုးခွဲများစွာ ရှိနေနိုင်သည်ဟု ခံစားနေရပြီး သူသည် တောင်အရပ်ခွဲခွာ အကြောင်းကိုလည်း ထုတ်ပြောခဲ့သေးသဖြင့် ဤသည်က ယင်ကိုးပါးဝိညာဥ်ကို စိတ်လှုပ်ရှားတက်ကြွလာစေ၏။

“ကြည့်ရတာတော့ မင်းက ဆေးသိုလှောင်အိတ်တစ်ခု ရှာတွေ့လာတဲ့ပုံပဲ။ ဒီလိုဆိုရင်ရော၊ မင်းမှာ ဝိညာဥ်လုယက်လို ပိုကောင်းတဲ့ ဆေးလုံးမျိုးရှိရင်၊ တစ်လုံးပေးတာနဲ့ ငါမင်းကို ရက်ပေါင်းခြောက်ဆယ် ကာကွယ်ပေးမယ်။ ဘယ်လိုလဲ”

“ငါ့စွမ်းအားက မင်းကို စိတ်ကျေနပ်မှု မပေးနိုင်သေးဘူးလို့ ထင်နေသေးရင် ငါ ပဥ္စမတောင်က လူအိုကြီးတစ်ယောက်နဲ့ ရင်းနှီးတယ်။ သူက တစ်ကယ်တော့ အရင်က ဆဌမအလွှာကပဲ။ ဒါပေမယ့် မင်းတို့ရှာမန်တွေအနေနဲ့ ဆဌမအလွှာကို သွားချင်တယ်ဆိုရင် အနည်းဆုံးတော့ နှောင်းပိုင်းရှာမန်ဖြစ်နေဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် ဆဌမအလွှာကို ရောက်ဖို့က မဖြစ်နိုင်သလောက်ပဲ”

“ဒီလိုနဲ့ အဲဒီလူအိုကြီးက ပဥ္စမအလွှာကို ဆင်းလာတာပဲ… ဝိညာဥ်လုယက် တစ်လုံးပေးတာနဲ့ သူမင်းကို ဆယ်ရက် ကာကွယ်ပေးလိမ့်မယ်။ မင်းကို သူကာကွယ်မယ့် အချိန်တိုးပေးအောင် ငါသွားညှိနှိုင်းပေးလို့ရတယ်။ ဒါပေမယ့်… မင်း ငါ့ကို တောင်အရပ်ခွဲခွာနဲ့ မြူမှုန်ထိုးခွဲတစ်ခုခု ပေးရမယ်”

စုမင်မျက်လုံးတို့ တောက်ပသွားပြီး ချက်ချင်း ပြန်မေးလိုက်သည်။ “ခင်ဗျားပြောတဲ့ အဲဒီအဘိုးအိုက ဘယ်ကျင့်ကြံဆင့်မှာလဲ”

“မင်းတို့ သတ်မှတ်ချက်တွေအရဆိုရင်တော့၊ သူက အဆုံးသတ်ရှာမန်ပေါ့” ဧရာမရုပ်တုသည် မျှော်လင့်တကြီး ချက်ချင်းပြန်ဖြေလိုက်၏။

စုမင်တစ်ယောက် နှလုံးခုန်သံများပင် လျင်မြန်လာသည်။ ဤယင်ကိုးပါးလောကထဲတွင် သူသွားချင်သော နေရာများစွာရှိ၏။ မီးနဂါး၏ အလောင်းရှိရာ နယ်မြေအပြင် ဝိညာဥ်နတ်ဆရာတို့၏ သင်္ချိုင်းမြေသည်လည်း ‘ကောင်းကင်ဘုံဝါးမြိုသော ဝိညာဥ်သန်းပေါင်းတစ်ရာ’ ကျင့်စဥ်အတွက် ဟန်တောင်တန်းခေါင်းလောင်း၏ သတ္တမဦးခေါင်းကို နိုးထစေနိုင်ရန် အကူအညီ ဖြစ်စေနိုင်လောက်သည်။

ထို့အပြင် ရှေ့ဖြစ်ဟောသူများ၏ ယဇ်ပလ္လင်လည်းရှိသေး၏။ ထိုယဇ်ပလ္လင်မှ ရှေ့ဖြစ်ဟောသူများကို မွေးထုတ်ပေးလိုက်သည်ဆိုလျှင် ရှေ့ဖြစ်ဟောသူတို့၏ မွေးဖွားရာ ထိုနေရာကိုလည်း စုမင် သွားကြည့်ချင်မိသေး၏။

သူ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အသူရာကိုးပါးပန်းပွင့်လည်း ကျန်သေးသည်။ ထိုပန်းပွင့်သည် ရိုးရေစတေးနယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်မှ မာန်ဝိညာဥ်နယ်ပယ်သို့ ဝင်ရောက်ရာတွင် ကြုံရသော သေခြင်း၊ရှင်ခြင်း အတားအဆီးတွင် ရှင်သန်နိုင်မည့် အခွင့်အလမ်းကို တိုးမြှင့်ပေးနိုင်သည်ဟု ဆိုကြသည်။ ဤသည်က စုမင် သေချာပေါက် အရယူရမည့် ပစ္စည်းဖြစ်သည်။

ထို့အပြင် သူ၏ သရုပ်မှန်ပေါ်သွားနိုင်သည့် ပြဿနာအတွက်လည်း ကြိုတွေးထားရသေး၏။ တစ်ကယ်သာ ထိုသို့ဖြစ်လာလျှင်၊ အဆုံးသတ်ရှာမန်အဆင့်ရှိ ယင်ကိုးပါးဝိညာဥ်တစ်ကောင်၏ ကာကွယ်မှုကို ရထားပါက သူသည် ဤနေရာတွင် ရေထဲမှ ငါးတစ်ကောင်သဖွယ် ဖြစ်သွားပေလိမ့်မည်။ အမှန်စင်စစ်၊ လီတစ်သန်းဧရိယာအပြင်ကိုပင် သွားရောက်စူးစမ်းနိုင်ရန် ဖြစ်နိုင်ချေရှိလာလိမ့်မှာ ဖြစ်သည်။

“ကောင်းပြီလေ”

ခဏမျှ တွေးတောကြည့်ပြီးနောက် စုမင်ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်ကြားမှ ပုလင်းငယ် တစ်ခုကို ထုတ်ယူကာ လုံးလုံးလျားလျား အသက်ဝင်နေပြီဖြစ်သော ယင်ကိုးပါးဝိညာဥ်ထံ ပစ်ပေးလိုက်သည်။ ယင်ဝိညာဥ်သည် စုမင်၏ နတ်ဘုရားစိတ်အာရုံပင် မခံစားမိသော နည်းလမ်းတစ်မျိုးဖြင့် ပုလင်းလေးကို ဆွဲယူလိုက်ပြီး ခေါင်းစွပ်အောက်မှ ၎င်း၏ ရယ်မောသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ငါ့နာမည်က လီဟော်။ ငါ့မျိုးနွယ်စုနဲ့ ရှာမန်မျိုးနွယ်စုကြား သဘောတူညီချက်ကြောင့် မင်းကို အမှုထမ်းဖို့ အသင့်ပါပဲ” လီဟော်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ စုမင်အရှေ့တွင် လာရပ်လိုက်သည်။ ထို့နောက် သူ၏ ဧရာမ တိုက်ပွဲပုဆိန်ကြီးကို မြှောက်လိုက်သည်နှင့် လေထဲတွင် မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ထိုနေရာတစ်ဝိုက် လေပြင်းများပင် ဖြစ်ပေါ်လာ၏။

လီဟော်၏ ဧရာမခန္ဓာကိုယ်ကြီးသည် အလျင်အမြန်ပင် ကျုံ့ဝင်သွားပြီး နက်မှောင်တောက်ပနေသော ငွေရောင်အလင်းတန်းတစ်ခု အသွင်ဖြင့် စုမင်၏ ဘယ်ဘက်လက်ထံ တိုးဝင်လာသည်။ သို့သော် စုမင်သည် ညာလက်ကို ရုတ်တရက်မြှောက်၍ ထိုအနက်ရောင်အလင်းကို ညာလက်ဖြင့်သာ လက်ခံယူလိုက်ချေသည်။ အနက်ရောင်အလင်းသည် ခဏတာတွေဝေသွားပြီးမှ စုမင်၏ ညာဘက်လက်ခုံပေါ်တွင် အမှတ်အသားတစ်ခုအဖြစ် တိုးဝင်ပြောင်းလဲသွားပြီး အကြိမ်အနည်းငယ်ခန့် တောက်ပသွားလေသည်။

“ပဥ္စမအလွှာကို သွားစို့ ကောင်လေး။ ငါမင်းကို အဲဒီ လူအိုကြီးနေရာ ပြောပြမယ်။ မင်းဘာသာမင်းဆို သူ့ကို ရှာဖို့လွယ်မှာမဟုတ်ဘူး”

လီဟော်၏ အသံက စုမင်နားထဲသို့ တိုးဝင်လာသည်။ စုမင် သူ့လက်ခုံပေါ်ရှိ အမှတ်အသားကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် စတုတ္ထအလွှာ၏ တောင်ထိပ်ဆီသို့ သွက်သွက်လက်လက်ပင် ဦးတည်လိုက်တော့သည်။

ဤလီဟော်ဆိုသူ ဒုက္ခပေးလာမည်ကို သူမကြောက်ပါချေ။ သူ့တွင် မာန်နတ်ဘုရား၏ စွမ်းအားကို ထုတ်သုံးနိုင်မည့် အခွင့်အရေး တစ်ကြိမ်ရှိနေသေး၏။ ထိုအရာကို လုံးလုံးလျားလျား အသုံးမပြုလျင်တောင် အတားအဆီး တစ်ခုအဖြစ် ဟန်ဆောင်လို့ရနေဆဲ ဖြစ်သည်။

အဆုံးသတ်ရှာမန်တစ်ဦးနှင့် တူညီသော စွမ်းအားရှိသူ မဟုတ်သရွေ့ စုမင် ၎င်းတို့ကို ခြိမ်းခြောက်နိုင်ပေသည်။

တစ်ခဏကြာပြီးနောက် စုမင် တောင်ထိပ်သို့ ရောက်ရှိလာပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ အလင်းနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ ပဥ္စမတောင်ပေါ်သို့ ရောက်ရှိနေခဲ့ချေပြီ။

ပဥ္စမတောင်ပေါ်တွင် သူနှင့် နန်ကုန်းဟန် နှစ်ဦးတည်းသာ ရှိ၏။

နန်ကုန်းဟန်သည် တောင်ထဲတွင် လှည့်ပတ်သွားလာကာ အဆင်ပြေမည်ထင်သော ငွေရောင်ရုပ်တုကို ရှာဖွေနေခြင်း ဖြစ်သည်။ သူသည် စတုတ္ထတောင်ပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ အလင်းကို မြင်လိုက်သော်လည်း များစွာ အာရုံမရှိပဲ တောင်ထဲရှိ အနည်းငယ်သော ရုပ်တုများကိုသာ လှည့်ပတ်လေ့လာကြည့်နေခဲ့၏။

တောင်စောင်းသို့ ရောက်လာသောအခါမှသာ နန်ကုန်းဟန်၏ ခြေလှမ်းများမှာ ရုတ်ခြည်းရပ်တန့်သွားပြီး အဝေးရှိ လှေကားထစ်များထံ လှမ်းကြည့်ရင်း မျက်နှာထက်၌ ထူးဆန်းသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ ထိုလှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ တက်လာနေသူမှာ စုမင် ဖြစ်နေလေသည်။

နန်ကုန်းဟန်တစ်ယောက် မယုံကြည်နိုင်စွာပင် မျက်တောင်ခတ်လိုက်မိပြီး အသာအယာ ချောင်းဟန့်ကာ စုမင်အား ပြုံးပြလိုက်သည်။

“စတုတ္ထတောင်ရဲ့ အစီအရင်က အလင်းကိုမြင်တော့ ဘယ်သူလဲလို့ သိချင်နေတာ။ ညီလေးမော့ ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒီကို ရောက်လက်စနဲ့ အတူတူ လျှောက်ကြည့်ကြတာပေါ့”

နန်ကုန်းဟန်အား မြင်သောအခါ စုမင်တစ်ယောက် လက်သီးဆုပ်လျက် ပြန်လည်ကာ ပြုံးပြနှုတ်ဆက်လိုက်၏။

“ကျုပ်ကတော့ အစ်ကိုနန်ကုန်းနဲ့ ဒီမှာ တွေ့လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒီအလွှာမှာ ယင်ဝိညာဥ် သွားရွေးမယ်လို့ အစ်ကို ပြောခဲ့တာလေ”

“ညီလေးမော့ရေ ကြည့်ရတာတော့ ငါ့ကိုယ်ငါ မင်းရှေ့မှာ အရူးတစ်ယောက်လို ဖြစ်စေခဲ့မိပြီ ထင်ပါရဲ့။ ဒီနေရာမှာရှိတဲ့ ယင်ဝိညာဥ်တွေ အကုန်လုံးက ရှာမန်သလင်းကျောက် သန်းချီလိုချင်ကြတာလေ။ ငါသာ အများကြီး ကြိုမပြင်ထားခဲ့မိဘူးဆိုရင်၊ ဒီနေရာက တစ်ယောက်တစ်လေ ငှားနိုင်ဖို့တောင် မဖြစ်နိုင်ပါဘူးကွာ” အပြုံးတစ်ခုဖြင့် ပြန်ဖြေလာသော နန်ကုန်းဟန်၏ မျက်နှာထက်တွင် အနည်းငယ် ကျေနပ်နေသော အမူအယာတစ်ခု ရှိနေသည်။ မည်သို့ပင်ဆိုစေ ပဥ္စမအလွှာရှိ ယင်ဝိညာဥ်တစ်ကောင်ကို ရွေးချယ်ရန် သူသုံးမည့် ရှာမန်သလင်းကျောက် ပမာဏမှာ မည်သူ့ကိုမဆို ဆွံ့အသွားစေနိုင်သော အရာဖြစ်သည်။

နန်ကုန်းဟန်သည် ရုပ်တုတစ်ခုကို ညွှန်ပြကာ စုမင်အား စတင် ရှင်းပြလိုက်သည်။ “လာ လာ… ညီလေးမော့။ ငါမင်းကို ဒီနေရာအကြောင်း မိတ်ဆက်ပေးမယ်။ ဒီယင်ကိုးပါးဝိညာဥ်ကို ကြည့်လိုက်၊ သူ့ချပ်ဝတ်ကနေ ဖိအားတစ်ခု ထွက်ပေါ်နေပြီး သူကိုင်ဆောင်ထားတဲ့ လက်နက်က ဓားမောက်တစ်ချောင်းပဲ။ ဒီဝိညာဥ်က ခုခံကာကွယ်မှုကို အားပြုတဲ့ ဝိညာဥ်ပဲ။ ဒါပေမယ့် သူ့ရဲ့ တိုက်ပွဲစွမ်းရည်ကတော့ ဒီနေရာမှာရှိတဲ့ တစ်ခြားယင်ကိုးပါးဝိညာဥ်တွေထက် နည်းနည်းပိုအားနည်းတယ်”

စုမင် ထိုနေရာသို့ လှမ်းကြည့်လိုက်သောအခါ လီဟော်၏ လှောင်ပြောင်နေသော အေးစက်စက်အသံကို နားထဲတွင် ကြားလိုက်ရ၏။

“မင်း အဖော်က သေချာ ပြောမပြဘူးပဲ။ ထာခါရဲ့ ဓားမောက်က ထက်မြိလွန်းလို့ ငါတောင် သူ့နဲ့ ရင်ဆိုင်ရမယ်ဆို နည်းနည်း လန့်မိမှာ။ ဒါပေမယ့်လည်း… သူ့ချပ်ဝတ်ကတော့ သာမန်ပါပဲ”

နန်ကုန်းဟန်သည် ရုပ်တုများအကြောင်း ဆက်လက်မိတ်ဆက်ပေးနေပြီး ရံဖန်ရံခါဆိုသလို ရုပ်တုပေါ် လက်တင်၍ ဈေးနှုန်းကိုလည်း စစ်ဆေးကြည့်လိုက်သေး၏။ စုမင်သည် အပြုံးဖြင့်သာ နားထောင်နေပြီး စကားတစ်ခွန်းမျှ ပြန်မပြောမိခဲ့ပေ။ သူသည် ဤတစ်လျှောက်လုံး နန်ကုန်းဟန်၏ အမြင်နှင့် ပက်သက်၍ လီဟော်၏ ပြန်လည်ချေပချက်များကို နားထောင်နေခဲ့ခြင်းဖြစ်ပြီး နန်ကုန်းဟန်အား ပို၍ အထင်သေးမိလာလေသည်။

“ညီလေးမော့ မင်းအနေနဲ့ ဒီပဥ္စမအလွှာမှာ ဘာငှားရမ်းမှုမှ မလုပ်နိုင်လောက်ဘူး ဆိုပေမယ့် အတွေးအမြင်ကျယ်သွားအောင် လျှောက်ပတ်ကြည့်သင့်တယ်။ ငါ့တုန်းကလည်း အရင်က ဒီပဥ္စမအလွှာထိ တက်လာကြည့်ဖူးတယ်လေ” နန်ကုန်းဟန် စကားဆုံးသည်နှင့် သူတို့သည် တောင်တစ်ဖက်ခြမ်းတွင် မားမားမတ်မတ် ရပ်တည်နေသော ရုပ်တုနှစ်ခု ရှိရာဆီ ရောက်လာကြသည်။

ရုပ်တုတစ်ခုမှာ အလွန်ကြီးမားပြီး အခြားတစ်ခုက သေးငယ်လေသည်။ ရုပ်တုအကြီးမှာ ပေလေးရာကျော် မြင့်မားပြီး ရုပ်တုအသေးလေးမှာမူ ပေနှစ်ရာကျော်ခန့်သာ ရှိလေသည်။ ရုပ်တုအသေး၏ ပုံစံမှာ အလွန်တရာပင် သာမန်ဆန်လှပြီး လက်ထဲတွင်လည်း မည်သည့်လက်နက်မျှ ကိုင်ဆောင်ထားခြင်း မရှိပေ။ အခြားတစ်ဖက်ရှိ ရုပ်တုကြီးသည် လက်ထဲတွင် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး အလွန်ပင် ရဲစွမ်းသတ္တိရှိကာ ထူးခြားပုံပေါ်နေလေသည်။

နန်ကုန်းဟန်သည် ရုပ်တုနှစ်ခုလုံးပေါ်သို့ လက်တင်ကြည့်လိုက်ပြီး တစ်ခဏအကြာတွင် မျက်လုံးတို့ တောက်ပလာခဲ့သည်။ သူသည် ပေးလေးရာကျော်မြင့်သော ရုပ်တုကြီးကို ကြည့်လိုက်ပြီး မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာခဲ့သည်။

“ညီလေးမော့၊ ဒီဝိညာဥ်ကို ကြည့်လိုက်။ သူ့ဈေးနှုန်းက တစ်ရက်ကို ရှာမန်သလင်းကျောက် သုံးသောင်းနှစ်ထောင်တဲ့။ သူက ဒီနေရာမှာ ဈေးအကြီးဆုံး ရုပ်တုပဲ ဒါပေမယ့် ဈေးကြီးတာတစ်ခုတည်းနဲ့ မဆုံးဖြတ်လိုက်မိစေနဲ့။ ဒီဝိညာဥ်က သေချာပေါက်ကို ဒီနေရာမှာ အသန်မာဆုံးပဲ”

“သူ့နံဘေးက ဝိညာဥ်ဆိုရင် တစ်ရက်ကို တစ်ရက်ကို ရှာမန်သလင်းကျောက် နှစ်သောင်းပဲဆိုပေမယ့်… ငါသာဆို သေချာပေါက် သူ့ကိုရွေးမှာ မဟုတ်ဘူး” နန်ကုန်းဟန်သည် မူလက ဆုံးဖြတ်ရခက်နေခဲ့သော်လည်း သူ့နံဘေးတွင် လာရပ်လိုက်သော စုမင်ကြောင့် မျက်နှာထက်၌ စိတ်ပိုင်းဖြတ်လိုက်ဟန် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

“ကျုပ်တော့ ဒါကိုပဲ ရွေးလိုက်တော့မယ်” စကားဆုံးသည်နှင့် နန်ကုန်းဟန်သည် ရုပ်တုအကြီးပေါ် လက်ပြန်တင်လိုက်၏။

“ငတုံးကောင်၊ စုဟန်က ပဥ္စမအလွှာမှာ ရှိတဲ့သူဆိုပေမယ့် လုံးဝကို အသန်မာဆုံး မဟုတ်ဘူး။ မင်းမိတ်ဆွေက တစ်ကယ့်ငတုံးပဲ။ သူ့နံဘေးက အဘိုးကြီးကမှ ဒီအလွှာမှာရှိတဲ့ ကြောက်ဖို့အကောင်းဆုံး မွန်းစတားအိုကြီးကို။ အဲဒါမျိုးက ဒီအဘိုးကြီး အကြိုက်လေ။ သူက သူ့ကိုယ်သူ စုဟန်နဲ့ နှိုင်းယှဥ်လို့ရအောင်ထားပြီး စုဟန်ကို ခြောက်ပေးလိုက်တော့ ဟိုက သူ့ကိုယ်သူ ဈေးမြှင့်လိုက်ရတော့တာပဲ။ မင်း စောင့်ကြည့်နေလိုက်၊ စုဟန် ရတဲ့ ပစ္စည်းတွေရဲ့ ဝေစုအများစုက အဲဒီလူအိုကြီးဆီ ပေးရမှာ”

“ကောင်လေး၊ ငါမင်းကို ပြောတဲ့တစ်ယောက်က သူပဲ။ မင်းလက်ကို သူ့အပေါ်တင်လိုက်၊ ငါ အဲဒီလူအိုကြီးနဲ့ စကားပြောပေးမယ်” လီဟော်၏ အသံက စုမင်နားထဲသို့ တိုးဝင်လာသည်။

စုမင်တစ်ယောက် ခြောက်ကပ်ကပ် အပြုံးတစ်ခုဖြင့်သာ နန်ကုန်းဟန်ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်မိ၏။ သူ အကြံပေးလျှင်လည်း နန်ကုန်းဟန် နားထောင်လိမ့်မည် မဟုတ်ကြောင်း သေချာသိနေသဖြင့် နံဘေးရှိ ပေနှစ်ရာကျော်မြင့်သော ရုပ်တုဆီသို့သာ လျှောက်သွားလိုက်တော့သည်။

All Chapters