မင်းမှာ အမြင်ကောင်းရှိတယ်
Vol. 32 Ch. 437
နန်ကုန်းဟန်၏ ရုပ်တုထံမှ စူးရှသောအလင်းတန်းများ တောက်ပလာပြီး အလျင်အမြန်ပင် စတင်အသက်ဝင်လာ၏။ ထိုအခိုက်အတန့်မှာပင် စုမင်သည် ပေနှစ်ရာကျော်မြင့်သော ရုပ်တုပေါ်သို့ ညာလက်ဖြင့် ကပ်လိုက်လေသည်။
နန်ကုန်းဟန်သည် စုမင်လုပ်ရပ်ကို မြင်သော်လည်း များစွာဂရုမစိုက်ခဲ့ပေ။ သူ့အမြင်တွင်တော့ စုမင်သည် ရုပ်တုဈေးနှုန်းကို သိချင်သဖြင့် စူးစမ်းလိုက်ခြင်းသာဖြစ်၏။ ထိုရုပ်တုသည် အလွန်ဈေးမကြီးသော်လည်း လူတိုင်း ငှားရမ်းခေါ်ဆောင်သွားနိုင်ခြင်းမျိုးတော့ မဟုတ်ခေျ။
‘ငါ တောင်တစ်ခုလုံး ပတ်ကြည့်ပြီးသွားပြီ။ ဒီရုပ်တုတောင်းတဲ့ဈေးက အမြင့်ဆုံးပဲ။ ယင်ဝိညာဥ်တွေက သူတို့စွမ်းရည်တွေပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်ကြတယ်။ သူ့ဘက်က ဒီဈေး တောင်းရဲတယ်ဆိုရင် ငါ့ဘက်ကလည်း ပေးရမှာပေါ့’
‘ကြည့်ရတာတော့ သူက ဒီပဥ္စမအလွှာမှာ အစွမ်းအထက်ဆုံးဖြစ်မယ့် ပုံပဲ’
နန်ကုန်းဟန်သည် ရှာမန်သလင်းကျောက်များနှင့် ခွဲခွာရခြင်းကြောင့် နာကျင်နေမိသော်လည်း သူ့ကိုယ်ပိုင် အကဲဖြတ်မှုအပေါ် ယုံကြည်မှုရှိလေသည်။ သူစောင့်ကြည့်နေစဥ်မှာပင် အလွန်ကြီးကျယ်ခမ်းနားလှသော ရုပ်တုကြီးထံမှ အလင်းများသည် ပေတစ်သိန်းခန့်အထိ ပျံ့နှံ့သွားပြီး လုံးလုံးလျားလျား အသက်ဝင်လာတော့မည့်ပုံ ပေါ်လာခဲ့သည်။ နန်ကုန်းဟန်၏ မျက်လုံးများမှာလည်း ပိုမိုတောက်ပလာပြီး အသက်ရှူသံများပင် လျင်မြန်လာခဲ့၏။
ရုပ်တုသည် အပြည့်အဝ ပြန်လည်အသက်ဝင်လာသည်နှင့် လှံရှည်ကိုမြှောက်ကာ မြေပြင်ကို ရိုက်ချလိုက်ပြီး ကောင်းကင်သို့ ဝှီးခနဲ ခုန်တက်သွားသည်။ ရုပ်တု၏ မျက်နှာမှာ ခေါင်းစွပ်ဖြင့်ဖုံးအုပ်ထားပြီး စူးရှတောက်ပနေသော မျက်လုံးတစ်စုံသာ ပေါ်နေလေသည်။ ၎င်းသည် အောက်ဘက်ရှိ နန်ကုန်းဟန်အား တစ်ချက်ငုံ့ကြည့်လိုက်၏။
ထိုအကြည့်သည် အနည်းငယ်ထူးဆန်းနေပြီး ရှုပ်ထွေးလေးနက်သော ခံစားချက်များ ပါဝင်နေသလိုပင်…
“ကျုပ်တို့ မျိုးနွယ်စုနဲ့ ရှာမန်မျိုးနွယ်စုကြား သဘောတူညီချက်အရ၊ ကျူပ်တောင်းဆိုတဲ့ နှုန်းထားကို ပေးနေနိုင်သရွေ့ မင်းကို အမှုထမ်းဖို့ အသင့်ပါပဲ” လေထဲရှိ ယင်ဝိညာဥ်၏ စကားသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ဧရိယာတစ်ဝိုက် ပဲ့တင်ထပ်သွားခဲ့သည်။
နန်ကုန်းဟန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် လေထဲသို့ ခုန်တက်တော့မည့် အချိန်မှာပင် သူ့နံဘေးရှိ စုမင်လက်တင်ထားသော ရုပ်တုထံမှ အလင်းတန်းများ ရုတ်ခြည်း တောက်ပလာသည်။ ထိုအလင်းသည် မယုံနိုင်လောက်အောင်ပင် မှိန်ဖျော့နေသော်လည်း ရုပ်တုမှာမူ အလျင်အမြန်ပင် အသက်ဝင်လာခဲ့ပြီး ရုပ်တု၏ မျက်လုံးများအတွင်း အိုမင်းရှေးကျသော အကြည့်တစ်ခုလည်း တစ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။
နန်ကုန်းဟန်တစ်ယောက် ဆွံ့အမင်သက်သွားပြီး မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရသည်။
“ညီ… ညီလေးမော့၊ မင်း သူ့ကို ငှားရမ်းလိုက်တာလား”
နန်ကုန်းဟန် မယုံကြည်နိုင်စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ မေးလိုက်မိသည်။ စုမင် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ နန်ကုန်းဟန်၏ အမူအယာမှာ ချက်ချင်းဆိုသလို ထူးဆန်းသွားပြီး တစ်စုံတစ်ရာ ပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း တစ်ခဏမျှ တွေဝေနေပြီးနောက် စုမင်အား ကရုဏာသက်သော အကြည့်တစ်ခုသာ ပေးလာလေသည်။
နန်ကုန်းဟန်တစ်ယောက် စုမင်၏ ငွေကြေးကြွယ်ဝမှုနှင့် ပက်သက်၍ မယုံကြည်နိုင် ဖြစ်နေသေးသော်လည်း တစ်ဖက်သားတွင် မည်သူမျှမသိသော ငွေရပေါက် နည်းလမ်းများ ရှိနေသည်ဆိုသော အမှန်တရားကမူ သူ့ရှေ့တည့်တည့်တွင် ရှိနေခဲ့ချေပြီ။
သို့သော် စုမင်၏ ရွေးချယ်မှုမှာ… အနည်းငယ် မထိုက်တန်ဟု နန်ကုန်းဟန် ခံစားနေရလေသည်။ အတိအကျဆိုရလျှင် အလွန်ကို မထိုက်တန်ပဲ နှမြောစရာကောင်းနေခြင်း ဖြစ်သည်။
‘ဟာ… ညီလေးမော့… မင်း ငါ့ကို စောစောက ပြောခဲ့သင့်တယ်။ ဒီနေရာမှာ ယင်ဝိညာဥ်တွေ ဒီလောက်များတာ။ အရမ်းကို… ထားပါတော့၊ မင်း ရွေးချယ်ပြီးပြီ ဆိုမှတော့ ငါလည်း ဘာမှပြောမနေတော့ပါဘူး” နန်ကုန်းဟန်သည် စိတ်မကောင်းဖြစ်နေဟန် အပြုံးတစ်ခုဖြင့် ခေါင်းခါယမ်းလိုက်ပြီး စုမင်အား ပို၍ပင် သနားကရုဏာ သက်နေလေသည်။
မျက်နှာဖုံးအောက်ရှိ စုမင်၏ မျက်နှာအမူအယာမှာ ထူးဆန်းလို့နေ၏။ နန်ကုန်းဟန် မျက်နှာထက်ရှိ သနားကရုဏာသက်သော အမူအယာကို မြင်သောအခါ စုမင်မျက်ဝန်းထဲတွင်လည်း အလားတူအကြည့်မျိုး ပေါ်လာခဲ့လေသည်။
စုမင်နံဘေးရှိ ရုပ်တုမှာ လုံးလုံးလျားလျား အသက်ဝင်လာခဲ့ချေပြီ။ ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းမှ တဖျောက်ဖျောက် မြည်သံများပင် ပေါ်လာခဲ့ပြီး ၎င်း၏ပုံစံက လှုပ်ရှားရန်ပင် အနိုင်နိုင်ဖြစ်နေသကဲ့သို့ပင်။ ဤသည်က နန်ကုန်းဟန်၏ စုမင်အပေါ် သနားကရုဏာသက်နေမှုကို ပို၍ပင်တိုးမြင့်သွားစေ၏။
အထူးသဖြင့် ထိုယင်ဝိညာဥ်မှာ ခါးကုန်းကုန်းဖြင့် သာမန်လူတစ်ဦးအရွယ်သို့ ရောက်သည်အထိ တစ်ဖြည်းဖြည်း ထပ်မံကျုံ့ဝင်သွားပြန်လေသည်။ ဤသည်က သိသိသာသာပင် ခါးကုန်းနေသော ယင်ကိုးပါးဝိညာဥ်အိုကြီး တစ်ကောင်ဖြစ်သည်။ ၎င်း၏ ငွေရောင်ချပ်ဝတ်မှာလည်း တောက်တောက်ပပမရှိပဲ နက်မှောင်မှုန်မှိုင်းနေ၏။ ထိုချပ်ဝတ်မျိုးကို ဝတ်ဆင်ထားသော အဘိုးအို၏ ပုံစံက အတော်ပင် စုတ်စုတ်ပြတ်ပြတ် နိုင်လှချေသည်။
နန်ကုန်းဟန်တစ်ယောက် ဤသည်ကိုမြင်သောအခါ စိတ်ထဲမှ သက်ပြင်းခိုးချလိုက်မိ၏။ စုမင် မည်မျှအကဲဖြတ်တော်ကြောင်း သူနားလည်နိုင်နေခဲ့ချေပြီ။ သူ့စိတ်ထဲတွင်တော့ ဤသည်မှာ အကဲဖြတ်မှုညံ့ခြင်းမျိုးပင် မဟုတ်တော့ပဲ ဆိုးဆိုးရွားရွားပင် ဥာဏ်မရှိလွန်းခြင်း ဖြစ်သည်။
“လူငယ်လေး၊ ငါ့ကို ရွေးလိုက်တာ မင်း ကံကောင်းတာနော်။ ကောင်းပြီလေ၊ မင်းရဲ့ ဝိညာဥ်လုယက်တွေအတွက် ငါမင်းကို ကာကွယ်ပေးမယ်။ ဒါပေမယ့်… ငါတို့ကြားက သဘောတူညီချက်အတိုင်းပဲနော်။ ငါက ဈေးနှုန်းကို ရက်နဲ့ မတွက်ဘူး။ ငါ့တိုက်ခိုက်မှုသုံးကြိမ်အတွက် မင်းငါ့ကို ဝိညာဥ်လုယက်တစ်လုံး ပေးရမယ်”
အဘိုးအို၏ အသံက စုမင်ခေါင်းထဲသို့ တိုးဝင်လာသည်။ စုမင် သူ့ရှေ့ရှိ ခါးကုန်းကုန်းအဘိုးအိုကို ကြည့်လိုက်မိ၏။ ဤအဘိုးအိုသည် အခြားသူများလိုပင် ခေါင်းစွပ်နှင့် ချပ်ဝတ်များ ဝတ်ဆင်ထားသော်လည်း ဤကဲ့သို့ အသွင်အပြင်မျိုးဖြင့် သူ့ပုံစံက အတော်လေးထူးဆန်းနေ၏။
သို့သော် စုမင် တလေးတစားပင် လက်သီးဆုပ်ကာ အဘိုးအိုအား အရိုအသေပေးလိုက်သည်။
“စီနီယာရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ် စီနီယာ”
အဘိုးအိုသည် စုမင်၏ တလေးတစား အပြုအမူကြောင့် အနည်းငယ် စိတ်ကျေနပ်သွားပုံပေါ်ပြီး ခေါင်းစွပ်ကိုချွတ်ကာ ချိုင်းအောက်တွင် ညှပ်လျက် ထူးခြားသော သဘောတူလက်ခံဟန် အမူအယာမျိုး ပြုလုပ်လိုက်သည်။
သူ၏ သစ်သားတုံးသဖွယ် နက်မှောင်နေသော အသားအရေအား ငွေဖြူရောင်ဆံပင်ရှည်များနှင့် တွဲစပ်လိုက်သောအခါ အဘိုးအို၏ ပုံစံက အလွန်ပင် မျက်စိကိုဖမ်းစားနိုင်စွမ်း ရှိနေတော့သည်။ အဘိုးအို၏ မျက်နှာကိုမြင်သောအခါ စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားခဲ့ရသည်။ ဤအဘိုးအို၏ ပုံစံသည် ရှာမန်မြို့တော်ထဲမှ ကျောက်တိုင်ထိပ်တွင်ရှိသော ဧရာမဦးခေါင်းကြီးနှင့် မယုံနိုင်လောက်အောင်ပင် တူညီနေပြီး မျိုးနွယ်စုတစ်ခုတည်းမှ ဖြစ်ကြောင်း သိသာထင်ရှားလို့နေ၏။
အဘိုးအို၏ မျက်နှာထက်တွင် အရေးအကြောင်းများစွာ ရှိနေပြီး မျက်လုံးများမှာလည်း မှုန်ဝါးဝါး ဖြစ်နေလေသည်။ အဘိုးအိုသည် တစ်ချက်မျှ သမ်းဝေလိုက်ပြီးနောက် နန်ကုန်းဟန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့သည်။
စုမင် မျက်လုံးထဲတွင်တော့ ထိုအပြုံးမှာ အတော်လေး ညစ်တီးညစ်ပတ်နိုင်သော အပြုံးမျိုးဖြစ်သည်။
အဘိုးအိုသည် စပ်ဖြီးဖြီးအမူအယာဖြင့် “မင်း… ကောင်လေး။ အဲဒီတစ်ယောက်က တစ်ကယ့်ကို သူရဲကောင်းဆန်ပြီး ထူးခြားတဲ့လူ တစ်ယောက်နော်။ မင်းက ငါ့မျိုးနွယ်စုထဲမှာရှိတဲ့ အကောင်းဆုံး လူငယ်ကို ရွေးမိလိုက်တာပဲ။ မဆိုးဘူး… မဆိုးဘူး။ မင်းမှာ အမြင်ကောင်းရှိတယ်”
နန်ကုန်းဟန်၏ စုမင်အပေါ် သနားမှုမှာ ထပ်မံတိုးမြင့်သွားပြန်သည်။ သူ ပါးစပ်ဟကာ တစ်ခုခု ပြန်ပြောတော့မည့် အချိန်မှာပင် သူငှားရမ်းထားသော ယင်ဝိညာဥ်ထံ အဘိုးအို လှမ်းပြောလိုက်သော စကားကြောင့် နန်ကုန်းဟန်တစ်ယောက် နေရာမှာပင် မျက်လုံးအပြူးသားဖြင့် ဆွံ့အမင်သက်သွားရတော့သည်။
“ဟေး ငတုံးကောင်၊ ငါ့ဝေစုရော ဘယ်မှာလဲ” အဘိုးအိုသည် လေထဲတွင်ရပ်နေသော နန်ကုန်းဟန်၏ ယင်ဝိညာဥ်အား စိုက်ကြည့်လိုက်သည်။ အဘိုးအို၏ စကားကိုကြားသည်နှင့် လေထဲရှိ စုဟန်သည် နာခံစွာပင် တလက်လက်တောက်ပနေသော အလင်းလုံးတစ်ခုကို ရင်ဘတ်ကြားမှ ထုတ်ယူလိုက်ပြီး အဘိုးအိုအား ရိုရိုသေသေပင် ကမ်းပေးလိုက်သည်။
အဘိုးအိုသည် အလင်းလုံးကို လှုပ်ကြည့်လိုက်ပြီး ကျေနပ်သွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။ ထို့နောက် အလျင်အမြန်ပင် သိမ်းဆည်းလိုက်ပြီး ဆွံ့အမင်သက်နေသော နန်ကုန်းဟန်ဘက်သို့ လှည့်ပြောရန်လည်း မမေ့ခဲ့ပါချေ။
“ကောင်လေး မင်းမှာ တစ်ကယ်ကို အမြင်ကောင်းရှိတာပဲ။ စိတ်မပူနဲ့၊ အဲဒီ ငတုံးကောင်သာ မနာခံဘူးဆိုရင် ပြီးတာနဲ့ ငါသူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်မယ်။ စိတ်မပူနဲ့… ငါမိတ်ဆက်ပေးတဲ့ မျိုးနွယ်ဝင်တွေ အကုန်လုံးက ပြဿနာ မရှိတဲ့သူတွေချည်းပဲ”
“ဟေး သွားကြမယ်လေ။ ငါ အပြင်မထွက်ရတာ တော်တော်ကြာပြီ။ အပြင်လောကမှာ ဘယ်လောက်တောင် ပြောင်းလဲသွားလည်း သိချင်နေပြီ” အဘိုးအိုသည် စုမင်ဘက်သို့ လှည့်ကြည့်ကာ လောဆော်လိုက်သည်။
စုမင်သည် နန်ကုန်းဟန်ဘက်သို့ အားနာစွာ လှည့်ကြည့်လိုက်ပြီး ချောင်းဟန့်ကာ ထိုနေရာမှ အရင်ထွက်လာခဲ့လိုက်သည်။ အဘိုးအိုသည် လက်များကို နောက်ပစ်လျက် စုမင်နောက်မှ လိုက်ပါလာပြီး အလွန်တရာ ကျေနပ်ပီတိဖြစ်နေဟန်ဖြင့် ခပ်တိုးတိုးပင် သီချင်းညည်းနေလိုက်သေး၏။
နန်ကုန်းဟန်တစ်ယောက် အချိန်အတော်ကြာမှသာ ပြန်လည်သတိဝင်လာခဲ့သည်။ သူသည် ထွက်ခွာသွားသော အဘိုးအိုကို တစ်လှည့်၊ စုဟန်ဟုခေါ်သော ယင်ဝိညာဥ်ကို တစ်လှည့် ကြည့်လိုက်မိ၏။ မူလက သူရဲကောင်းဆန်ကာ ထူးခြားပုံပေါ်သော သူ၏ယင်ဝိညာဥ်သည် ယခုတော့ အတော်လေး ထူးဆန်းနေလေသည်။ အမှန်စင်စစ် ၎င်း၏ ပုံစံက အနည်းငယ်ပင် တုံးအပုံပေါ်နေခြင်း ဖြစ်သည်။
အဘိုးအို၏ ဝေစုတောင်းသွားပုံနှင့် သူ့အား ချီးကျူးသွားပုံများကို ပြန်တွေးလိုက်မိသောအခါ နန်ကုန်းဟန်တစ်ယောက် တုန်ယင်သွားပြီး သူ့ခေါင်းသူ ပြန်ရိုက်လိုက်မိကာ ခြောက်ကပ်ကပ်နိုင်စွာ ရယ်မောလိုက်မိတော့၏။
‘ဒါက… လူတွေကို ယင်ဝိညာဥ်တွေ နှစ်ပေါက်တစ်ပေါက် ရိုက်သွားတာ ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးတာပဲ’
ထိုသို့ဖြင့် နန်ကုန်းဟန်တစ်ယောက် နောင်တရမှု၊ စိတ်ဓာတ်ကျမှုများကို ရင်ဝယ်ပိုက်ကာ သူ့လက်ခုံပေါ်ရှိ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသော ယင်ဝိညာဥ်နှင့်အတူ လေထဲရှိ စုပ်ဝဲမှတစ်ဆင့် စုမင်၊ အဘိုးအိုတို့နှင့်အတူ ထိုနယ်မြေထဲမှ လိုက်ပါထွက်လာခဲ့ရလေသည်။
အပြင်သို့ ရောက်သည်နှင့် အဘိုးအိုသည် ကျောက်တိုင်ထိပ်ရှိ ဧရာမဦးခေါင်းကြီးကို မော့ကြည့်လိုက်ပြီး မျက်ဝန်းထဲ၌ ရှုပ်ထွေးမှု၊ လွမ်းဆွေးမှုများ ရောယှက်နေသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။ ထိုရှုပ်ထွေးသော အကြည့်သည် အလျင်အမြန်ပင် ပြန်လည်ပျောက်ကွယ်သွားပြီး စုပ်ဝဲအနောက်ရှိ နန်းတော်ထဲမှ သံကြိုးတပ်ချုပ်နှောင်ခံထားရသော အရိုးစုအား လှည့်ကြည့်လိုက်သည်။
အရိုးစုကို မြင်သည်နှင့် အဘိုးအိုမှာ သက်ပြင်းဖွဖွ ချလိုက်လေသည်။
“လူငယ်လေး၊ ငါ မိတ်ဆွေဟောင်းကြီး တစ်ယောက်နဲ့ သွားတွေ့လိုက်ဦးမယ်။ မင်း မြို့တော်ထဲမှာ ရှိနေသရွေ့ ငါမင်းကို ခံစားမိတယ်။ မင်းထွက်သွားချင်တာနဲ့ အချိန်မရွေး ငါပေါ်လာခဲ့မယ်”
“ငါ တိုက်ခိုက်ပေးဖို့ လိုလာရင်၊ ငါပြောထားတဲ့ နာမည်ကို ခေါ်လိုက်တာနဲ့ ငါချက်ချင်း တိုက်ခိုက်ပေးမယ်” အဘိုးအိုသည် ခပ်ပြတ်ပြတ်ပင် ပြောလိုက်ပြီး ရှေ့တစ်လှမ်းလှမ်းကာ နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
အဘိုးအို ထွက်ခွာသွားသည်နှင့် နန်ကုန်းဟန်သည် ကသိကအောက်နိုင်သော အပြုံးတစ်ခုဖြင့် စုမင်အား လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
“ဟူး… ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့ ညီလေးမော့ရေ။ ကျူပ်တော့ တည်းခိုခန်းကိုပြန်ပြီး စိတ်ရှင်းအောင် လုပ်လိုက်ဦးမယ်။ ပြီးရင်… ကျုပ်ရဲ့ ယင်ဝိညာဥ်နဲ့လည်း ဆက်သွယ်ဖို့ ကြိုးစားရဦးမှာဆိုတော့၊ ရတနာလောင်းကစားပွဲ စတင်တာနဲ့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်ခဲ့ပါ့မယ်။ မင်းရော ငါနဲ့ ပြန်လိုက်မလား။ ဒါမှမဟုတ် ရှာမန်မြို့တော်ထဲမှာ လျှောက်ပတ်ကြည့်ဦးမလား”
စုမင် နန်ကုန်းဟန်အပေါ် အနည်းငယ် အားနာ၊ သနားစိတ် ဖြစ်မိနေ၏။ သူ စကားပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် နန်းတော်လှေကားထစ် အောက်ခြေတွင်ရပ်လျက် သူ့ဘက်သို့ လှမ်းကြည့်နေသော လူတစ်ယောက်ကို မြင်လိုက်သဖြင့် စုမင်မျက်လုံးတို့ ရုတ်ခြည်း တောက်ပသွားတော့သည်။
“အစ်ကို နန်ကုန်း အရင်ပြန်နှင့်ပါ။ ကျုပ် ဒီနားတစ်ဝိုက် လျှောက်ကြည့်လိုက်ဦးမယ်” စုမင် လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
အလွန်တရာ စိတ်ဓာတ်ကျနေသော နန်ကုန်းဟန်တွင် မည်သည့်စကားမျှ ပြန်ပြောလိုစိတ် ရှိမနေပေ။ သူသည် ခေါင်းခါယမ်းလျက် နန်းတော်မှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
နန်ကုန်းဟန် ထွက်ခွာသွားသည်နှင့် လှေကားထစ်အောက်ခြေရှိ လူဘက်သို့ စုမင်ပြန်လှည့်ကြည့်ရာ အကြည့်ချင်းဆုံသွားခဲ့သည်။ မျက်နှာဖုံးအောက်ရှိ စုမင်၏နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး လှေကားထစ်များအတိုင်း ဆင်းသွားလိုက်သည်။
သူ့ကို မျက်မှောင်ကြုတ်လျက် စောင့်ကြည့်နေခဲ့သူမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးသေးသေးလေးများ များစွာဖြင့် အလှဆင်ထားသည့် ပိန်ပါးပါး လူငယ်တစ်ဦးဖြစ်သည်။
စုမင် လှေကားထစ်များအတိုင်းဆင်းလာပြီး အရှေ့တည့်တည့်သို့ ရောက်သောအခါ လူငယ်လေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ မျက်မှောင်ကြုတ်ထားခြင်းမှာလည်း ချက်ချင်းပြေလျော့သွားပြီး လက်သီးဆုပ်ကာ စုမင်အား အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“နယ်မြေစိမ်းတစ်ခုမှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတာ တစ်ကယ်ကို ဝမ်းမြောက်စရာပါပဲ။ ဘာကြောင့်များ တရင်းတနှီးဖြစ်နေပါလိမ့်လို့ စဥ်းစားနေတာ။ အခုမှပဲ မှတ်မိတော့တယ်။ အစ်ကိုစု၊ ခင်ဗျားက ကျုပ်တို့ခွဲခွာခဲ့စဥ်ကအတိုင်း ချောမောခန့်ညားနေဆဲပဲနော်” လူငယ်က အပြုံးဖြင့်ဆိုသည်။
ထိုသူသည် ကောင်းကင်မြူခိုးမြို့တော်ဆီ သွားရာလမ်း၌ စုမင်ဆုံခဲ့ရသော ရှာမန်တို့၏ ရှေ့ဖြစ်ဟောတစ်ယောက် ဖြစ်ဟန်တူသည့် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံဖြင့် ဝူတုပင်ဖြစ်သည်။
“အစ်ကိုစု၊ မင်း ငြင်းမနေပါနဲ့တော့။ မင်းမှန်း ကျုပ်သေချာကို သိပါတယ်ဗျာ။ ကျုပ်တို့က သူစိမ်းတွေမှ မဟုတ်တာ။ ကျုပ်က မင်းဘယ်သူမှန်းသိတာတောင် ဒီမှာပဲ ရပ်စောင့်နေတယ်ဆိုမှတော့၊ အထင်သေးစရာကောင်းတဲ့ လူတစ်ယောက်မဟုတ်မှန်း သိသာနေပြီပဲကို။ အဲလိုမှမဟုတ်ရင် ကျုပ်အတွက် အခုလိုလုပ်နေစရာမှ မလိုတာ”
“အစ်ကိုစု၊ ခင်ဗျားက တစ်ကယ်ကို ရုပ်ဖျက်တော်တာပဲ။ အရှိန်အဝါဖြစ်စေ၊ လေထုဖြစ်စေ ဘယ်သူမှ သဲလွန်စ အရိပ်အမြွက်တောင် ရှာနိုင်မှာမဟုတ်ဘူး။ ခင်ဗျားကိုကြည့်ဖို့ ကျုပ်ရဲ့ရှေးဖြစ်ဟော မန္တာန်တစ်ချို့ သုံးခဲ့တာတောင်မှ အဖြေမရှာနိုင်ခဲ့ဘူး”
“ဒါပေမယ့် ကျုပ်မှာက ငယ်ငယ်လေးတည်းက သူများတွေမှာမရှိတဲ့ စွမ်းရည်တစ်မျိုး ပိုင်ဆိုင်ထားခဲ့တာဆိုတော့… အရမ်းကို အနံ့ခံကောင်းတယ်လေ။ အစ်ကိုစု၊ မင်း ကျန်တာတွေအားလုံး ပြောင်းနိုင်ပေမယ့်၊ မင်းအနံ့ကိုတော့ ပြောင်းဖို့မေ့ခဲ့တယ်” ဝူတုသည် ခပ်ရေးရေးပြုံးလျက် ရိုးသားမှုအပြည့်ဖြင့် ပြောလိုက်၏။
“ငါ့နာမည်က မော့စု” စုမင် ဝူတုကိုကြည့်ကာ ပြောလိုက်သည်။
“ကျုပ်နာမည်က ကျုံးယိပါ။ ပထမဆုံးအကြိမ် တွေ့ခွင့်ရတာ ဝမ်းသာပါတယ် ညီနောင်မော့။ ကျုပ်တို့ တစ်နေရာရာမှာ ထိုင်ပြီး စကားပြောကြမလား” ဝူတုသည် စုမင်၏ ညာဘက်လက်ခုံပေါ်ရှိ ယင်ဝိညာဥ်အမှတ်အသားကို တစ်ချက်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။ “မင်းလည်း ဒီကို ရတနာလောင်းကစားပွဲအတွက် လာတာထင်တယ်။ ကျုပ်ကလည်း ဒီအကြောင်းနဲ့ ပက်သက်ပြီး အတော်လေး သိထားတာဆိုတော့… ကျုပ်တို့ အတူတူတွဲလုပ်လို့ရမယ် ထင်တယ်”
စုမင် အနည်းငယ် တွေးကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။