← Chapters

သွေးကျောက်တုံး

Vol. 32 Ch. 438

သွေးကျောက်တုံး

Vol. 32 Ch. 438

ယင်ကိုးပါးလောကထဲရှိ ရှာမန်မြို့တော်ကို တည်ထောင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေပြီ။ ယခုဆိုလျှင် ရှေးကျသည်ဆိုသော အငွေ့အသက်များ ရနေသည်မှအပ မြို့တော်မှာ ဆုတ်ယုတ်သွားသည်ဟု မခံစားရပေ။ ထိုအစား အချိန်ကြာလာသည်နှင့်အမျှ အဆက်မပြတ် တိုးတက်လာပြီး ပိုလို့ပင် စည်ပင်ဝပြောနေသေး၏။

အထူးသဖြင့် ယင်ကိုးပါးလောက ဖွင့်ချိန်တိုင်းတွင် ရှာမန်အများအပြား လာရောက်မှုကြောင့် မြို့တော်သည် စည်ကားသက်ဝင်နေပြီး ညအချိန်အထိပင် ဖွင့်သော ဆိုင်များရှိလေသည်။

မွန်းတည့်ချိန် အနည်းငယ်ကျော်လွန်သွားချိန်တွင်… မြို့တော်အနောက်ပိုင်းရှိ နှစ်ထပ်တည်းခိုဆောင် တစ်ခုအတွင်း စုမင်နှင့် ဝူတုတို့သည် ရှာမန်မြို့တော် တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသော မြစ်တစ်စင်းအား မြင်ရသော စားပွဲတစ်ခုတွင် ထိုင်နေကြ၏။ မြစ်ရေစီးသံ တသွင်သွင်က သူတို့သောက်နေသော ဝိုင်၏အရသာကို တစ်နည်းတစ်ဖုံ ပို၍ ထူးခြားကောင်းမွန်နေစေသည်။

“မနေ့က အရှေ့မြူရွက်မျိုးနွယ်စုရဲ့ နှောင်းပိုင်းရှာမန်နဲ့ တိုက်ခိုက်ခဲ့သူက ညီနောင်မော့ပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ယင်ကိုးပါးဝိညာဥ်တွေရဲ့ နေရာကနေ နန်ကုန်းဟန်နဲ့ အတူလျှောက်ထွက်လာကတည်းက ကျုပ် ခန့်မှန်းမိပါတယ်” ဝူတုသည် ပြုံးကာ စုမင်အား လှမ်းကြည့်လိုက်သည်။ သူ့အကြည့်ထဲတွင်တော့ အဓိပ္ပာယ်မျိုးစုံ ပါဝင်နေလေသည်။

“ကျုပ်တို့မဆုံဖြစ်တဲ့ နှစ်ပိုင်းအတွင်းမှာ မင်းရဲ့ ကျင့်ကြံဆင့်က ဒီလောက်ခုန်တက်သွားလိမ့်မယ်လို့တော့ ထင်မထားခဲ့မိတာ အမှန်ပဲ။ တစ်ကယ်ကို အထင်ကြီးစရာပဲ”

စုမင် ခေါင်းခါယမ်းလျက် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ “စီနီယာတိုင်မူနဲ့ တိုက်ခိုက်နိုင်ခဲ့တာက ကံကောင်းသွားလို့ပါ”

“အိုး… ညီနောင်မော့၊ မင်း အဲလောက် နှိမ့်ချနေစရာမလိုပါဘူးဗျာ။ ကျုပ်ကိုယ်တိုင် မမြင်ခဲ့ရပေမယ့် တစ်ခြားသူတွေဆီက ပြန်ကြားရတဲ့ပုံအရဆိုရင်၊ မင်းက ကံကောင်းရုံသက်သက်နဲ့ အသက်ရှင်နိုင်ခဲ့တာ မဟုတ်မှန်း ကျုပ်သေချာပေါက် ပြောနိုင်ပါတယ်” ဝူတုသည် ပြုံးလိုက်ပြီး ဝိုင်တစ်ငုံ ယူသောက်လိုက်၏။

ဝူတု ထိုမျှ ချီးကျူးနေသောအခါ စုမင် ခပ်ရေးရေးသာ ပြုံးလိုက်ပြီး ထိုအကြောင်းနှင့် ပက်သက်၍ ဆက်မပြောမိတော့ပေ။ ထိုအစား ဝူတုထံ တည်တည်ငြိမ်ငြိမ်ပင် လှမ်းမေးလိုက်သည်။ “ညီနောင်ကျုံး၊ မင်းပြောတဲ့ ရတနာလောင်းကစားပွဲအကြောင်း အသေးစိတ်အချက်တွေဆိုတာ ဘာများလဲ။ ကျုပ်က အဲအကြောင်းနဲ့ ပက်သက်ပြီး သိပ်မသိတော့ မင်း ပြောပြပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ရတနာလောင်းကစားပွဲမစခင် မင်းလက်ထဲမှာ လုံလောက်တဲ့ ရှာမန်သလင်းကျောက် ပမာဏတစ်ခုထိ ရှိထားဖို့လိုတယ် ညီနောင်မော့။ အဲဒါမှ မင်းအနေနဲ့ ရတနာလောင်းကစားပွဲကနေ ဆုလာဘ်တွေ ရိတ်သိမ်းနိုင်မှာ။ ဒါပေမယ့်လည်း မင်းက အဲဒီကို ဝင်မပါဘူး၊ သွားကြည့်ရုံပဲ ဆိုရင်တော့လည်း အဲဒီလို လုပ်စရာမလိုဘူးပေါ့”

ဝူတုသည် ဝိုင်တစ်ငုံသောက်ကာ စုမင်အား လှမ်းကြည့်လိုက်ပြီးမှ အပြုံးတစ်ခုဖြင့် ဆက်ပြောသည်။ “ဒီရတနာလောင်းကစားပွဲက ယင်ကိုးပါးလောကထဲမှာပဲ တွေ့နိုင်တဲ့ ထူးခြားတဲ့အရာတစ်ခုပဲ။ အဲဒါကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်။ ရှာမန်သလင်းကျောက် တစ်သိန်းကျော် ရှိတဲ့သူတိုင်း ပွဲရဲ့ ပထမပိုင်းမှာ ဝင်ကစားနိုင်တယ်”

“ဒုတိယပိုင်းကိုတော့ နှောင်းပိုင်းရှာမန်အဆင့် ရောက်နေသူတွေပဲ ဝင်ကစားနိုင်တယ်။ ကံအရမ်းကြီး ကောင်းနေတာ မဟုတ်သရွေ့၊ ကျင့်ကြံဆင့် လုံလုံလောက်လောက် မမြင့်သေးတဲ့သူအများစုက ဒုတိယပိုင်းမှာ ဝင်ကစားဖို့ကို ရွေးချယ်ကြလိမ့်မှာ မဟုတ်ဘူး။ မဟုတ်ရင် သူတို့အတွက် အဆုံးသတ်က တစ်ကယ်ကို ဆိုးရွားသွားလိမ့်မယ်” ဝူတုသည် သေချာအသေးစိတ် ပြောပြလိုက်သည်။ လောင်းကစားပွဲနှင့် ပက်သက်သည့် အချို့အချက်များကို စုမင်သိထားနိုင်သော်လည်း သူသည် ရှာမန်တစ်ယောက် မဟုတ်သဖြင့် အချို့အရာများကိုတော့ ရှင်းရှင်းလင်းလင်း သိထားလိမ့်မည် မဟုတ်ကြောင်း ဝူတုသေချာသိလေသည်။

“အိုး… ကျေးဇူးပြုပြီး ပြောပြပေးပါဦး” စုမင် ဝိုင်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး စကားထောက်ပေးလိုက်သည်။

ဝူတုသည် ခဏမျှ တွေးတောလိုက်ပြီးနောက် ဘေးဘီဝဲယာကိုကြည့်ကာ အသံတိုးတိုးဖြင့် စကားစလိုက်သည်။ “ညီနောင်မော့၊ ဒီနေရာကို ဘာကြောင့် ယင်ကိုးပါးလောကလို့ ခေါ်တယ်ဆိုတာနဲ့ အဲဒီနာမည် ဘယ်လိုဖြစ်တည်လာရလဲဆိုတာ သိလား”

စုမင် ဝူတုကို လှမ်းကြည့်လိုက်သော်လည်း ပြန်မဖြေမိပေ။ သူ့ထံမှ အဖြေလိုချင်၍ ဝူတုမေးလိုက်ခြင်း မဟုတ်ကြောင်း စုမင် သေချာသိနေသည်။

“အတိတ်အချိန်တုန်းက ရှာမန်ဘိုးဘေးတွေဆီ ယင်ဝိညာဥ်မျိုးနွယ်စုက ဒီနာမည်ကို ပြောပြခဲ့တယ် ဆိုတဲ့အပြင် အဲဒီနာမည်ရဲ့ မူလအစက ဒီလောကထဲက တစ်နေရာရာမှာ စိုက်ထူထားတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြီး တစ်ခုကြောင့်ပဲတဲ့”

“ကျောက်တိုင်ပေါ်မှာ ရေးထားတာက ‘ယင်ကိုးပါး လောက’ ဆိုတဲ့ စာလုံးလေးလုံးပဲ။ ယင်ဝိညာဥ်မျိုးနွယ်စု ဆိုတာကတော့… ဒါတွေပေါ့” စကားဆုံးသည်နှင့် ဝူတုသည် သူ၏ ဘယ်လက်ကိုမြှောက်ကာ လက်ခုံပေါ်ရှိ တောက်ပနေသော အမှတ်အသားတစ်ခုကို လှစ်ဟပြလိုက်သည်။

“အတိတ်တုန်းက ရှာမန်ဘိုးဘေးတွေ ယင်ကိုးပါးလောကဆီ ရောက်လာတဲ့အခါမှာ ယင်ဝိညာဥ်မျိုးနွယ်စုနဲ့ တစ်နည်းတစ်ဖုံ အဆက်အသွယ် ရခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက် သူတို့ရဲ့ အကူအညီနဲ့ ဒီနေရာရဲ့ လီတစ်သန်းဧရိယာကို သိမ်းပိုက်နိုင်ခဲ့ကြတယ်။ ပြီးတော့ သူတို့ရဲ့ အကူအညီနဲ့ပဲ ရှာမန်မြို့တော်ကိုလည်း တည်ထောင်နိုင်ခဲ့ကြတယ်”

“တစ်ကယ်တော့ ရတနာလောင်းကစားပွဲက ရှာမန်မြို့တော် တည်ဆောက်ထားတဲ့ ဒီနေရာနဲ့ အများကြီး ဆက်စပ်နေတယ်” ဝူတု၏အသံသည် အလွန်တရာ တိုးညှင်းလှသဖြင့် စုမင်တစ်ဦးတည်းသာ သေချာကြားနိုင်လေသည်။

“ကျုပ်တို့ ခြေထောက်အောက်က မြေပေါ်မှာပဲ ရှာမန်မြို့တော်ကို တည်ထောင်ဖို့ သူတို့ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက ဒီနေရာမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေလို့ပဲ။ အဲဒီအကြောင်းကို အပြင်လူတွေ သိရဖို့ မလွယ်ကူခဲ့ဘူး။ နောက်နှစ်ပေါင်းများစွာ ကြာတဲ့အခါ၊ မြို့တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ အဆုံးသတ်ရှာမန်တစ်ယောက်က သူမသေခင် ဒီလျှို့ဝှက်ချက်ကို သူ့မျိုးဆက်တွေဆီ ပြောပြခဲ့ရာကနေ အရှုပ်အထွေးတွေ အများကြီးဖြစ်ပြီး နောက်ဆုံး ဒီအကြောင်းကို တစ်ခြားရှာမန်တွေပါ သိခဲ့ရတာပဲ”

“ဟဲဟဲ ညီနောင်မော့အတွက်တော့ ဒါက မှန်းကြည့်ဖို့ သေချာပေါက်ခက်လိမ့်မယ်။ တစ်ကယ်တော့ ကျုပ်တို့ ဒီမြေနေရာပေါ်မှာ ရှာမန်မြို့တော် မတည်ဆောက်ခင်က ဒီနေရာက ကြက်သွေးရောင်ကျောက်တုံးတွေ အများကြီး သိုလှောင်ထားတဲ့ ဧရာမတွင်းကြီးတစ်ခုပဲ။ အဲဒီကျောက်တုံးတွေက ဘာမှသိပ်မထူးဆန်းပေမယ့် သူတို့အထဲကို အာရုံခံလို့မရသလို ကျုပ်တို့ စိတ်အာရုံတွေလည်း ပို့လွှတ်လို့မရဘူး။ သူတို့ကို ငြင်ငြင်သာသာ ခွဲဖွင့်လိုက်တဲ့ အခါမှာတော့ အထဲမှာ ထူးဆန်းတဲ့ ဆေးပင်အချို့ကို တွေ့ခဲ့ရတယ်”

“နာမည်ကျော်ကြားတဲ့ သူရာကိုးပါးပန်းပွင့်ကလည်း သူတို့အထဲက တစ်ခုပဲ။ တစ်ကယ်တော့ ရှာမန်တွေ မှတ်တမ်းတင်မထားနိုင်ခဲ့တဲ့ ဆေးပင်တွေတောင် အများကြီးရှိတယ်တဲ့။ နိုင်းလီမျိုးနွယ်စုကြီး ကိုယ်တိုင်တောင် ဘာမှန်းမသိခဲ့တာတွေပေါ့။ သူတို့က မျိုးတုန်းသွားတာ ကြာပြီဖြစ်တဲ့ ရှေးခေတ်ဟောင်းအချိန်တုန်းကတောင် ရှားပါးတဲ့ တန်ဖိုးကြီးရတနာတွေ ဆိုပဲ”

“ဒါပေမယ့်လည်း…” ဝူတု၏ မျက်လုံးများမှာ ဖြတ်ခနဲ တောက်ပသွားသည်။

“သွေးကျောက်တုံး အများစုကတော့ အထဲမှာ ဗလာတွေပဲ။ တစ်ကယ်တော့ သူတို့အထဲမှာလည်း အရင်က တစ်ခုခု ရှိခဲ့ဖူးလောက်ပေမယ့် အချိန်ကြာလာတော့ အထဲက ပစ္စည်းတွေက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကြတာပေါ့”

“အခုဆို သွေးကျောက်တုံး အနည်းငယ်လောက်ပဲ အထဲမှာ ဆေးပင်တွေပါတော့တယ်။ ဒါတောင် ပါတဲ့ဆေးပင် အများစုက ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်ကုန်ကြပြီး ဘာဆေးဖက်ဝင် ဂုဏ်သတ္တိမှ မရှိကြတော့ဘူး။ တစ်ချို့ဆေးပင်တွေမှာ သူတို့ဂုဏ်သတ္တိတွေ ရှိနေသေးရင်တောင် အဲဒါက များများစားစား မဟုတ်တော့ဘူး”

“ဒါပေမယ့်လည်း လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ရှိမှမရှိတာ။ အရင်က ခွဲဖူးတဲ့ သွေးကျောက်တုံးတစ်ချို့မှာ ဆေးဂုဏ်သတ္တိ ဆယ်ပုံပုံ ခုနစ်ပုံလောက် ကျန်နေသေးတဲ့ ဆေးပင်တွေ ပါတဲ့ သွေးကျောက်တုံးမျိုး တွေ့ခဲ့ရဖူးတယ်။ တစ်ကယ်တော့… ကျုပ်သိထားသလောက်ဆိုရင်၊ နှစ်ပေါင်းတောက်လျှောက်မှာ မပျက်စီး၊ မထိခိုက်သေးပဲ ဆေးဂုဏ်သတ္တိ အလုံးစုံ ကျန်နေသေးတဲ့ ဆေးပင်တွေပါတဲ့ သွေးကျောက်တုံးမျိုး ကိုးကြိမ်ပေါ်လာခဲ့ဖူးတယ်”

“အဲဒီဆေးပင်တွေ အားလုံးက အလွန်ရှေးကျပြီး တစ်ခုချင်းစီတိုင်းက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။ ဒါပေမယ့် အဲဒါကလည်း ကံတရားအပေါ် မူတည်သေးတယ်။ မင်းသာ ကံကောင်းမယ်ဆိုရင် မူလတည်းကကို တန်ဖိုးမြင့်တဲ့ ဆေးပင်တစ်ခု ဖြစ်နိုင်သလို၊ ကံမကောင်းရင်တော့ သာမန်သစ်ရွက်တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ အဲဒါက လတ်ဆတ်နေတုန်းပဲ ဆိုရင်တောင်မှ…” ဝူတုတစ်ယောက် ခံစားချက်မျိုးစုံဖြင့် သက်ပြင်းချလိုက်မိချေသည်။

ဝူတု၏ စကားများကို နားထောင်ရင်း စုမင်မျက်လုံးတို့ တောက်ပလာခဲ့သည်။

“ကျုပ်တို့က ဆေးပင်တွေရဲ့ တန်ဖိုးကို အရာနှစ်ခုပေါ်မှာ မူတည်ပြီး တွက်ချက်တယ်။ တစ်ခုက ဆေးပင်ရဲ့ အရည်အသွေးပဲ။ နောက်တစ်ခုကတော့ သက်ရောက်မှုတူတဲ့ အခြားဆေးပင်တွေနဲ့ ယှဥ်ရင် သူ့အထဲမှာပါတဲ့ ဆေးဂုဏ်သတ္တိတွေ အရပဲ”

“သွေးကျောက်တုံးတွေထဲမှာ ပါတာက ဆေးပင်တွေချည်းပဲတော့ မဟုတ်ဘူး။ ရှေးဟောင်း ရတနာလက်နက်တွေနဲ့ ကျင့်စဥ် တစ်ချို့တစ်လေလည်း ပါတတ်တယ်။ အဲဒါအားလုံးက သွေးကျောက်တုံးတွေထဲမှာ မင်းရှာတွေ့နိုင်တဲ့ အရာတွေပဲ။ မင်း ရှာတွေ့နိုင်မလား၊ တွေ့တဲ့ ပစ္စည်းက အသုံးဝင်သေးလား ဆိုတာပေါ်ပဲ မူတည်တာ…”

“ကျောက်တုံးတွေရဲ့ ထူးခြားဆန်းကြယ်မှုနဲ့ အဆုံးသတ်ရှာမန်တွေတောင် သဲလွန်စရှာနိုင်ဖို့ ခဲယဥ်းတာတွေကြောင့် ဒီကံတရားပေါ် မူတည်ပြီး သွေးကျောက်တုံးခွဲတဲ့ ဖြစ်စဥ်ကနေ တစ်ဖြည်းဖြည်းနဲ့ ရတနာလောင်းကစားပွဲ အဖြစ် ကူးပြောင်းလာခဲ့တော့တာပဲ”

“ဒီလို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စမျိုးက လူပေါင်းစွာတဲ့ တောင့်မခံနိုင်တဲ့ အရာမျိုးပဲလေ… ရှာမန်သလင်းကျောက်တွေ အများကြီးပေးဝယ်ရတဲ့ သွေးကျောက်တုံးတွေက လူတစ်ယောက်ရဲ့ အနေအထားကို ချက်ချင်းမြင့်တက်သွားစေနိုင်တယ်လို့‌ ပြောကြသလို တစ်ချိန်တည်းမှာပဲ လူတစ်ယောက်ကို အရာအားလုံးလည်း ဆုံးရှုံးသွားစေနိုင်တယ်” ဝူတုသည် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။ သူသည် ရတနာလောင်းကစားပွဲနှင့် ပက်သက်၍ အလွန်ပင် စိတ်ပြင်းပြနေကြောင်း သိသာနေလေသည်။

“အဲဒီ ရှာမန်သလင်းကျောက်တွေက အရမ်းတန်ဖိုးကြီးလွန်းတယ်။ သူတို့အထဲမှာ မယုံနိုင်လောက်အောင် ရှားပါးတဲ့ဆေးပင်တွေ၊ ရတနာတွေ ပေါ်လာနိုင်တယ်ဆိုရင်တောင် ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ စွမ်းအားရယ်၊ လွှမ်းမိုးနိုင်မှုရယ်နဲ့သာဆိုရင် သူတို့အတွက် ဒီရတနာလောင်းကစားပွဲကို ကျင်းပပေးနေစရာမှ မလိုတာ။ သူတို့ဘာသာပဲ ကျောက်တုံးတွေကို ခွဲဖွင့်လိုက်လို့ရတယ်မလား။ အဲဒီလိုသာဆို သူတို့အတွက်လည်း ဘာဆုံးရှုံးစရာမှ ရှိမှာမဟုတ်ဘူး” စုမင် မျက်မှောင်ကြုတ်မိ၏။

“ညီနောင်မော့ မသိလို့ပါ။ တစ်ကယ်တော့ အဲဒါက ရှာမ်နတ်ဘုရားကျောင်းတော် အစက လုပ်ခဲ့တဲ့ပုံစံပဲ။ ဒါပေမယ့် တစ်ဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ဒီနေရာရဲ့ လျှို့ဝှက်ချက်ကြီး ရှာမန်မျိုးနွယ်စု တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့တော့… ဟဲဟဲ၊ ရှာမန်နတ်ဘုရားကျောင်းတော်က လွှမ်းမိုးနိုင်စွမ်းရှိတာ မှန်ပေမယ့်လည်း ရှာမန်နယ်မြေထဲက မျိုးနွယ်စုကြီးတွေကလည်း အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေရနိုင်မယဘ့် အခွင့်အရေးကို ဘယ်လက်လွှတ်ခံနိုင်ကြပါ့မလဲ”

“အလယ်အလတ် မျိုးနွယ်စုတွေကလည်း ဒီဖြစ်ရပ်ကို မျက်စိကျခဲ့ကြတယ်။ ရှာမန်နယ်မြေထဲမှာ ရှိတဲ့ မျိုးနွယ်စုတွေအားလုံးရဲ့ ဖိအားအောက်မှာတော့ ရှာမန်နတ်ဘုရားကျောင်းတော်လည်း ဒီနေရာဖွင့်တဲ့ အချိန်တိုင်း သွေးကျောက်တုံး ပမာဏတစ်ခု ထုတ်ယူပြီး ရတနာလောင်းကစားပွဲကို ဦးဆောင်ကျင်းပပေးခဲ့ရတော့တာပဲ” ဝူတုက ပြန်ရှင်းပြလိုက်သည်။

စုမင် ခဏတာ တွေးတောကြည့်ပြီးမှ အတွေးများကို ထုတ်မေးလိုက်သည်။ “အဲဒီလိုဆိုရင်တောင် ဒီနေရာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့တဲ့ လူတွေထဲမှာ မျိုးနွယ်စုကြီးတွက လူတွေလည်း ပါခဲ့ဖူးမှာပဲလေ။ ဒီအကြောင်းကို သူတို့မသိစရာ အကြောင်းမှမရှိတာ။ အဲဒီလိုဆိုရင် မင်းပြောတဲ့အချက်က နည်းနည်းလွဲမနေဘူးလား”

“ဒါ့အပြင် အချိန်တွေဒီလောက် ကြာလာတာတောင် ဒီနေရာမှာ သွေးကျောက်တုံးတွေ ရှိနေသေးတုန်းပဲပေါ့။ ပြီးတော့ ပုံစံအရဆိုရင် ကျန်တဲ့သွေးကျောက်တုံးတွေကလည်း တော်တော် များဦးမယ့်ပုံပဲ။ ဒါက ကျုပ်အစတည်းက နားမလည်နိုင်ဖြစ်နေရတဲ့ အရာပဲ”

ဝူတုသည် ခဏတာတွေဝေနေပြီးမှ ပိုင်ပိုင်နိုင်နိုင်မရှိစွာ ပြန်ဖြေလာသည်။ “မင်းပြောတဲ့ ပထမအကြောင်းအရာနဲ့ ပက်သက်လို့တော့ ကျုပ်မသိသေးတဲ့ တစ်ချို့အချက်တွေ ရှိနေသေးတဲ့ ပုံပဲ။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို မျိုးနွယ်စုအားလုံး ပါတဲ့ ဒီရတနာလောင်းကစားပွဲကို ရှာမန်နတ်ဘုရားကျောင်းတော်က လက်ခံကျင်းပပေးနေတာတော့ တစ်ကယ်ကို နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးပြီ…”

“သူတို့အနေနဲ့ ဒီပွဲကို အတုလုပ်နိုင်စရာအကြောင်းလည်း မရှိဘူးလေ။ တစ်ကယ်လည်း အဲဒီကျောက်တုံးတွေထဲကနေ တန်ဖိုးကြီးဆေးပင်တွေ ရှာတွေ့ခဲ့တဲ့သူတွေ ရှိခဲ့ဖူးတာပဲ။ ဥပမာဆို ကျုပ်ပြောခဲ့တဲ့ ကိုးကြိမ်လိုပေါ့”

“ဒုတိယအချက်အတွက်ကတော့ ညီနောင်မော့ရေ  ဒီယင်ကိုးပါးလောကနဲ့ ပက်သက်ပြီး မင်းသေချာသိပ်နားမလည်သေးတာ ဖြစ်လိမ့်မယ်။ ဒီလောကမှာရှိတဲ့ သွေးကျောက်တုံးတွေက အရမ်းများလွန်းပေမယ့် ကျုပ်တို့က တစ်ပြိုင်တည်း အများကြီး တူးထုတ်လို့မရဘူး။ ဖြည်းဖြည်းချင်းပဲ ထုတ်ယူရတာ။ အဲဒါက ဒီနေရာဖွင့်တဲ့အချိန်တိုင်း ရှာမန်နတ်ဘုရားကျောင်းတော်က သွေးကျောက်တုံးတွေ ဘယ်လို ထုတ်ယူလာနိုင်တာလည်း ဆိုတာပဲ”

“ဒဏ္ဍာရီတွေအရတော့ ရှာမန်မြို့တော်ရဲ့ အောက်မှာ ဧရာမဥမင်လှိုဏ်ခေါင်းကြီးတွေ အများကြီးရှိတယ်လို့ ပြောကြတယ်။ ဒီနှစ်ပေါင်းတစ်လျှောက် သွေးကျောက်တုံးတွေကို တူးဖော်ရင်း အဲဒီလှိုဏ်ခေါင်းကြီးတွေ ဖြစ်ပေါ်လာခဲ့တာတဲ့လေ”

“ဒါပေမယ့် သူတို့ထုတ်ထုတ်လာတဲ့ သွေးကျောက်တုံးပမာဏက တစ်ကြိမ်ပြီးတစ်ကြိမ် နည်းနည်းသွားတယ်ဆိုတာတော့ အမှန်ပဲ။ နောက်ဆုံးအကြိမ် ဒီနေရာဖွင့်တုန်းက ကျုပ်မလာဖြစ်ခဲ့ပေမယ့် ပြန်ကြားခဲ့တာအရဆို သူတို့ သွေးကျောက်တုံးတစ်သောင်း ထုတ်ရောင်းခဲ့တယ်တဲ့။ အဲဒါက အရင်အကြိမ်တွေထက် နည်းနည်း ပိုနည်းသွားတယ်”

အချိန်အတော်ကြာသည်အထိ စုမင် တိတ်တဆိတ် တွေးကြည့်လိုက်သည်။ ဤအကြောင်းနှင့် ပက်သက်၍ သူနားမလည်နိုင်သေးသော အချက်များရှိသော်ငြား ဝူတုသည်လည်း အရာအားလုံး သိပုံမပေါ်သဖြင့် ထိုအရာများသည် အလယ်အလတ်ရှာမန် တစ်ဦး သိရန် မလွယ်ကူကြောင်း ဆိုလိုနေသည်။

“ညီနောင်ကျုံး၊ မင်းပြောသွားတဲ့ ကန့်သတ်ထားတဲ့ ကျင့်ကြံဆင့်တစ်ခု ရှိတဲ့သူတွေသာ ဝင်ကစားနိုင်တဲ့ ရတနာလောင်းကစားပွဲရဲ့ ဒုတိယပိုင်းကိုက တစ်ခြား ကုန်သွယ်ရေးလို နေရာတစ်ခုမှာ လေလံပွဲတစ်ခုလို ပုံစံမျိုး ကျင်းပမှာများလား”

“မဟုတ်ဘူး။ ရတနာလောင်းကစားပွဲ ကာလအတွင်းမှာ တစ်ကယ်ကို အဲဒီလို လေလံပွဲအသေးစားလေးတွေ ရှိတယ်ဆိုပေမယ့် အဲဒါတွေက ကိုယ့်ဘာသာ ကျင်းပကြတာတွေပဲ။ လောင်းကစားပွဲရဲ့ ဒုတိယပိုင်းလို့ မယူဆဘူး။ လောင်းကစားပွဲရဲ့ ဒုတိယပိုင်းက အရမ်းကို သွေးလွှမ်းပြီး လူတွေအများကြီး သေဆုံးကြတယ်။ သူ့နာမည်ကိုတောင်မှ ကျောက်တုံးလုပွဲလို့ ခေါ်ကြတာလေ”

“ရှာမန်မြို့တော်ကို ကာကွယ်နေတဲ့ အဆုံးသတ်ရှာမန်ကလည်း လှုပ်ရှားမှာမဟုတ်ဘူး။ ဒါက နှောင်းပိုင်းရှာမန်တွေကြားက ပြိုင်ပွဲတစ်ခုပဲ။ ကျင်းပမယ့်နေရာကတော့ များသောအားဖြင့် ပိတ်ထားတတ်တဲ့ သွေးကျောက်တုံးကြော အသေးသုံးခုထဲက တစ်ခုမှာပဲ။ အဲဒီကျောက်ကြောတွေ အကုန်လုံးကလည်း ဒီလီတစ်သန်း အတွင်းမှာပဲ ရှိတယ်”

“အဲဒီကျောက်ကြောတွေကနေ သွေးကျောက်တုံးတွေ ခဏကြာတိုင်း တစ်ခု ထွက်လာလိမ့်မယ်။ ရှာမန်နတ်ဘုရားကျောင်းတော်က ပြင်ဆင်မှုတစ်ချို့ လုပ်ထားပြီး အဲဒီကျောက်ကြောတွေကနေ အချိန်တိုအတွင်း သွေးကျောက်တုံးတွေ အများကြီး ထုတ်ပေးလိမ့်မယ်။ ဘယ်လောက်များများ လုယက်နိုင်မလဲဆိုတာကတော့ လူတစ်ယောက်ရဲ့ စွမ်းရည်ပေါ်မှာပဲ မူတည်တယ်”

“အချိန်ကျလာတဲ့အခါ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အသက်ဝင်လာလိမ့်မယ်။ စည်းမျဥ်းအရ ဘယ်လိုကျင့်ကြံဆင့်မျိုးကမဆို ဝင်ရောက်နိုင်တယ် ဆိုပေမယ့် အလယ်အလတ်ရှာမန် အနည်းစုလောက်ပဲ သွားရဲကြတယ်။ ဒါပေမယ့် အရှေ့မြေရိုင်းကုန်းမြေရဲ့ ကပ်ဘေးကြီးလည်း ရှိနေတော့ သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုက အသက်ရှင်ကျန်ရစ်ချင်တဲ့သူတွေကို ရူးသွပ်သွားစေလိမ့်မယ်။ အရင်အကြိမ်တွေထက်စာရင် ဒီတစ်ကြိမ် အသက်ကိုတောင် စတေးပြီး လောင်းမယ့်လူတွေ ပိုများလိမ့်မယ်”

“ကျုပ် မင်းနဲ့ ဆွေးနွေးချင်တာက ဒုတိယပိုင်းအတွက်ပဲ… မင်း ကူညီမယ်ဆိုရင် ကျုပ်ရတဲ့အထဲက သွေးကျောက်တုံးတစ်ချို့ ပေးပါ့မယ်။ အရာရာတိုင်းသာ ချောချောမွေ့မွေ့ ဖြစ်သွားမယ်ဆိုရင် ကျုပ်တို့ သွေးကျောက်တုံး အများကြီး ရိတ်သိမ်းနိုင်လိမ့်မယ်လို့ အာမခံတယ်” ဝူတုသည် မျှော်လင့်နေဟန်ဖြင့် စုမင်အား လှမ်းကြည့်လိုက်လေသည်။

All Chapters