ပစ္စည်းများ ရောင်းချခြင်း
Vol. 32 Ch. 439
စုမင် ချက်ချင်းပြန်အဖြေမပေးသေးပဲ အလေးအနက် စဥ်းစားလိုက်သည်။
အချိန်တစ်ချို့ကြာပြီးနောက်…. စုမင် အေးအေးဆေးဆေးပင် မေးလိုက်သည်။ “ညီနောင်ကျုံး၊ ရတနာလောင်းကစားပွဲ ဒုတိယပိုင်းကျ အဲဒီနှောင်းပိုင်းရှာမန် အများကြီးရဲ့ မျက်စိအောက်ကနေ သွေးကျောက်တုံး အများကြီးရနိုင်ဖို့ မင်းမှာ ဘယ်လိုနည်းလမ်း ရှိလို့လဲ”
“ဒါက…” ဝူတုသည် ခဏတာ တွေဝေသွားပြီးနောက် ခေါင်းခါပြလိုက်ပြီး “ပြောမပြနိုင်တာ ခွင့်လွှတ်ပါ၊ ညီနောင်မော့။ မင်းသာ ကျုပ်နဲ့ တွဲလုပ်မယ်ဆိုရင် အသေးစိတ်ပြောပြမှာပါ။ အခုပြောပြနိုင်တာကတော့ ဒီအလုပ်အတွက် အကူအညီအနေနဲ့ ကျုပ်မှာ ရှာမန်မိတ်ဆွေ သုံးယောက် ရှိနေပြီဆိုတာပဲ။ ကျုပ်တို့ အောင်မြင်နိုင်ချေက ဆယ်ပုံပုံ ခြောက်ပုံလောက်ရှိတယ်။ ဒါပေမယ့် မင်းပါလာမယ်ဆိုရင်တော့ ခုနစ်ပုံ၊ ဒါမှမဟုတ် ရှစ်ပုံလောက် ဖြစ်သွားနိုင်တယ်” စကားဆုံးသည်နှင့် ဝူတုသည် စုမင်အား ရိုးသားမှုအပြည့် အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်၏။
တစ်ခဏကြာပြီးနောက် စုမင် ခေါင်းခါယမ်းလိုက်ရင်း “ကျုပ် စဥ်းစားဦးမယ်။ ခုချက်ချင်းတော့ အဖြေပြန်မပေးနိုင်သေးဘူး”
အဘယ်ကြောင့် ဝူတု သူ့ကို အသေးစိတ် မပြောပြနိုင်မှန်း သူနားလည်ပေသည်။ သူသာ ဝူတုနေရာတွင် ဆိုလျှင်လည်း များသောအားဖြင့် ယခုလိုသာ တုန့်ပြန်မိမှာဖြစ်သည်။ သို့သော်လည်း ဤအရာက ပြန်ရမည့် ဆုလာဘ်များနှင့်စာလျှင် အန္တရာယ်များလွန်းနေ၏။ စုမင်သည် မသေချာသော အရာများအတွက် စွန့်စားတတ်သူမျိုး မဟုတ်သည့်အပြင် ဤသွေးကျောက်တုံးများကိုယ်တိုင်ကပင် ကံကို ပုံအပ်ရမည့် လောင်းကစားမျိုး ဖြစ်နေခဲ့ပြီးချေပြီ။
“ကောင်းပြီလေ၊ မင်း သေချာစဥ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်။ မင်းနဲ့ ထပ်ပြီး အလုပ်တွဲလုပ်ချင်ပါသေးတယ် ညီနောင်မော့” ဝူတုသည်လည်း စုမင်ချက်ချင်း သဘောတူလိမ့်မည် မဟုတ်ကြောင်း မှန်ထားပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နှောင်းပိုင်းရှာမန်များနှင့် သွေးကျောက်တုံးလုရမည့် အရေးတွင် သူတို့ သတိတစ်ချက် လွတ်သွားသည်နှင့် သေခြင်းတရားက စောင့်ကြိုနေပေလိမ့်မည်။ ဝူတု၏ အတွေ့အကြုံအရ စုမင် ချက်ချင်း မငြင်းလိုက်သည်ကပင် အခြေအနေကောင်းနေပြီ ဖြစ်သည်။
စုမင်သည် သတိကြီးသော လူမျိုးဖြစ်ကြောင်း သူသေချာသိ၏။ ထိုအရာကို သူတို့နှစ်ဦး ပထမအကြိမ် အလုပ်တွဲလုပ်စဥ်ကတည်းက သိခဲ့ရခြင်းပင်။ စုမင်သာ စဥ်းစားဦးမည်ဟုဆိုလျှင် ထိုအရာက ဆင်ခြေပေးခြင်း မဟုတ်ပဲ ကျိန်းသေပေါက် စဥ်းစားပေးလိမ့်မှာ ဖြစ်သည်။ ထို့ကြောင့်ပင် သူထပ်ပြီး ဆွဲဆောင်ရန် မကြိုးစားတော့ခြင်းပင်။ သူသာ စုမင်ကို အမှန်တစ်ကယ် ပါစေချင်လျှင် လိုသည်ထက်ပို၍ စကားများများ ပြောမိပါက ပို၍ပင် နောက်ဆုတ်သွားစေနိုင်သေး၏။
ဝူတုသည် ယင်ကိုးပါးလောက၏ ဒဏ္ဍာရီများအကြောင်း စုမင်အား အနည်းငယ်ထပ်ပြောပြလိုက်ပြီး နေစောင်းသည်နှင့် သူတို့နှစ်ဦးလုံး ထိုနေရာမှ ပြန်လည် ထွက်ခွာသွားကြတော့သည်။
စုမင်သည် တည်းခိုဆောင်သို့ ချက်ချင်းမပြန်သေးပဲ ရှာမန်မြို့တော် တစ်ဝိုက် လျှောက်ပတ်ကြည့်လိုက်သည်။ ဤနေရာတွင် စုမင် တစ်ခါမျှ မမြင်ဖူးသော ပစ္စည်းများကို ရောင်းချနေကြသော ဈေးဆိုင်ပေါင်းများစွာ ရှိ၏။ အမှန်စင်စစ် အပြင်လောကတွင် ရှားပါးသော ဆေးပင်အချို့ကိုပင် ဤနေရာ၌ ပေါပေါများများ တွေ့ရလေသည်။
သူ့တွင်ရှိသော ဆေးပင်များစွာကို စာရင်းပြုစုထားသည့် ဝါးစာလိပ်ပေါ်မှ ဆေးပင် ခုနစ်မျိုး၊ ရှစ်မျိုးခန့်ကိုပင် ဤရှာမန်မြို့တော် တစ်နေရာတည်း၌ တွေ့ခဲ့ရသဖြင့် ၎င်းက စုမင်ကို အလွန်စိတ်လှုပ်ရှားလာစေ၏။ ထိုထူးဆန်းသောလောကထဲရှိ နောက်ထပ်တံခါးပေါက်ကို ဖွင့်နိုင်ရန် ဝိညာဥ်လုယက်များအား အသုံးပြုရမည့်အရေးကို စုမင်တွေဝေနေမိသေးသော်လည်း တစ်ချိန်ကျလျှင်တော့ ဝိညာဥ်လုယက်နောက်ရှိ ဆေးများကို ဖော်စပ်ရမည့်နေ့သို့ ရောက်ရှိလာဦးမှာ ဖြစ်သည်။
နောက်ဆေးလုံး၏ အမည်နှင့် လိုအပ်သော ဆေးပင်များကို သူမသိသော်လည်း သူရှာတွေ့သမျှ ဆေးပင်များကိုသာ စုဆောင်းထားနိုင်မည်ဆိုလျှင် တစ်ချိန်ကျ အသုံးဝင်လာပေလိမ့်မည်။
စုမင်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ရှာမန်မြို့တော်အတွင်း ဆေးပင်များ လိုက်လံရှာဖွေရင်း နောက်ထပ်ရက်ပိုင်းခန့် ကုန်ဆုံးသွားခဲ့သည်။ ဝါးစာလိပ်ထဲရှိ စာရင်းထဲမှ ဆေးပင်များစွာကို ရှာတွေ့ခဲ့ရုံသာမက မြူမှုန်ထိုးခွဲ၊ တောင်အရပ်ခွဲခွာ၊ တောင်တန်းဝိညာဥ်နှင့် ဝိညာဥ်လုယက် လုပ်ရန် လိုအပ်သော ပစ္စည်းများကိုပင် ရှာတွေ့ခဲ့သေး၏။
ထိုပစ္စည်းများမှာ အရေအတွက်နည်းနည်းဖြင့် တစ်သီးတစ်ခြားစီ ရောင်းချနေကြခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အချို့ဆေးပင်များအား အခြားအသုံးပြုပုံ နည်းလမ်းများ ရှိသေးသော်လည်း စုမင်မျက်လုံးထဲတွင်တော့ ထိုဆေးပင်များမှာ ရတနာပစ္စည်းများပင် ဖြစ်သည်။
သို့သော် စုမင်တွင်ရှိသော ရှာမန်သလင်းကျောက် ပမာဏမှာ အလွန်ပင် နည်းပါးလှသည်။ ထိုဆေးပင်များ၏ ဈေးနှုန်းမှာ အလွန်မြင့်မားခြင်း မရှိသော်လည်း စုမင်သာ ၎င်းတို့အားလုံးကို ဝယ်ချင်လျှင် ရှာမန်သလင်းကျောက်များစွာ လိုအပ်လိမ့်မှာဖြစ်သည်။ ထို့အပြင် ဝူတုပြောခဲ့ပုံအရ သူသာ ရတနာလောင်းကစားပွဲအတွင်း ဝင်ကံစမ်းချင်လျှင် ရှာမန်သလင်းကျောက်များစွာ ပြင်ဆင်ထားဖို့ လိုအပ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ၊ ထိုရတနာလောင်းကစားပွဲကိုတော့ စုမင် သိပ်စိတ်မဝင်စားမိချေ။ သူ့အမြင်တွင်တော့ ယခုလိုရတနာလောင်းကစားပွဲမျိုးတွင် အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းမှာ အလွန်နည်းပါးလှသည်။ သူ့တွင်လည်း လောင်းကစားလုပ်ပစ်ရန် ရှာမန်သလင်းကျောက် များများစားစား ရှိမနေချေ။ ကြိုးစားအားထုတ်ရမည်နှင့် ပြန်ရနိုင်မည့် ဆုလာဘ်ကြား ကွာဟချက် အရမ်းများလွန်းနေ၏။
‘အဲဒီ ရတနာလောင်းကစားပွဲမှာ ဝင်မပါဖို့ ရွေးချယ်လို့ရပေမယ့် ဆေးပင်တွေဝယ်ဖို့လည်း ရှာမန်သလင်းကျောက် ကုန်တော့မယ်။ ဒါက နည်းနည်း အကြပ်ရိုက်တာပဲ…”
လဝက်ခန့်ကြာပြီးနောက်… စုမင်သည် တည်းခိုဆောင်ရှိ သူ့အခန်းပြူတင်းပေါက်တွက်ရပ်လျက် ပျော်ရွှင်မှုနှင့် စိတ်ဓာတ်ကျမှုကို တစ်ပြိုင်တည်း ခံစားနေရလေသည်။ သူ ပျော်နေရသည့်အကြောင်းမှာ ရှာမန်မြို့တော်ထဲရှိ ဈေးဆိုင်အားလုံးကို လှည့်ပတ်ကြည့်ပြီးနောက် ဆေးပင်များစွာ ဝယ်ယူနိုင်ခဲ့ပြီး နောက်ထပ်ဆေးလုံးများ ဖော်စပ်နိုင်တော့မည်ဟု ယုံကြည်ချက်ရှိလာခြင်းကြောင့် ဖြစ်သည်။ သူ့လက်ထဲရှိ ဆေးပင်များနှင့်ဆိုလျှင် နောက်ထပ် ဝိညာဥ်လုယက် ဆယ်လုံးခန့်ပင် ဖော်စပ်နိုင်ပြီဖြစ်သော်လည်း သူ့အတွက် ပြဿနာရှိသည်က သက်ရှိအလောင်းများ ရရန် ခဲယဥ်းခြင်းပင်။
သူစိတ်ဓာတ်ကျနေရသည့် အကြောင်းမှာမူ လက်ထဲတွင် ရှာမန်သလင်းကျောက် ကုန်ခါနီးဖြစ်လာခြင်း ဖြစ်သည်။ သူမတတ်နိုင်သော ဆေးပင်အချို့ ရှိနေသေးပြီး ဤတစ်ကြိမ် အခွင့်အရေးကို လွဲသွားသည်နှင့် ယင်ကိုးပါးလောကသို့ နောက်တစ်ကြိမ်ပြန်လာရန် မည်မျှ ကြာလိမ့်ဦးမည်မှန်း စိုးရိမ်နေမိလေသည်။
‘ကောင်းပြီလေ၊ ဆေးလုံးတွေပဲ သွားရောင်းလိုက်တာပေါ့။ တော်သေးတယ်၊ ဆေးပင်တွေဝယ်ရင်း ဒီအကြောင်း တိတ်တဆိတ် စုံစမ်းထားမိလို့ပဲ။ ဒီနေရာမှာ ဆေးပင်တွေ ရောင်းချတာ၊ အလဲအလှယ် လုပ်တာ ရှားတယ်ဆိုပေမယ့် လုပ်တဲ့လူတစ်ချို့တော့ ရှိသေးတယ်”
ဆုံးဖြတ်ချက်ချလိုက်ပြီး စုမင်မျက်လုံးတို့ တောက်ပသွားသည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း သူသည် မြူမှုန်ထိုးခွဲလို ဆေးလုံးများ ရောင်းချနိုင်သည့် နေရာအား ခြုံကိုရိုက်၍ မြွေကိုခြောက်သောနည်းဖြင့် လိုက်လံစုံစမ်းထားခဲ့၏။
ရှာမန်မြို့တော်တစ်ခွင် လျှောက်သွားပြီးချိန်တွင်တော့ မြူမှုန်ထိုးခွဲဆေးလုံး နှစ်လုံးရှိသော ဆိုင်တစ်ခုကို အမှန်ပင် ရှာတွေ့နိုင်ခဲ့လေသည်။ ထိုဆေးလုံးများထဲရှိ ဆေးဂုဏ်သတ္တိမှာ မကျန်တော့သလောက် နည်းပါးနေပြီဖြစ်သော်လည်း ဆေးလုံး၏ ရနံ့ကြောင့် ၎င်းကိုဖော်စပ်ထားသော် နည်းလမ်းသည် အသေးစိတ်အချက်လေး တစ်ချို့မှအပ သူ့နည်းလမ်းနှင့် တူညီနေနိုင်ကြောင်း သတိပြုမိခဲ့လေသည်။
စုမင် ညာလက်ကိုမြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးပေါ်တွင် မြူမှုန်ထိုးခွဲသုံးလုံး ချက်ချင်း ပေါ်လာခဲ့သည်။ ထိုမြူမှုန်ထိုးခွဲများ၏ အရောင်မှာ တောက်ပနေပြီး လတ်ဆတ်သော ဆေးရနံ့များ ထုတ်လွှတ်နေသဖြင့် ၎င်းတို့ပုံစံကို အလွန်အမင်း ထူးခြားနေစေသည်။
စုမင်သည် လက်ထဲရှိ မြူမှုန်ထိုးခွဲသုံးလုံးကို စိုက်ကြည့်လိုက်ပြီး ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် ခုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများကိုမှိတ်၍ စတင်ကျင့်ကြံလိုက်သည်။ လွန်ခဲ့သော လဝက်အတွင်း သူ့တွင် လန်လန်နှင့် အားဟူတို့ကို ဂရုစိုက်ချိန် မရခဲ့သော်လည်း ထိုကလေးနှစ်ဦးအပေါ်တွင် အမှတ်အသား ချန်ထားသဖြင့် တစ်စုံတစ်ရာ အန္တရာယ်ကြုံပါက ယခင်တစ်ကြိမ်လိုပင် စုမင် အမြန်သွားလိုက်လို့ ရပေသည်။
စုမင် ကတိပေးထားခဲ့၏။ သူသာ နွားသိုးဖြူမျိုးနွယ်စု ဘိုးဘေး၏ တောင်းဆိုချက်ကို လက်မခံခဲ့လျှင် ထိုကလေးနှစ်ဦးကို လျစ်လျူရှုထားနိုင်သော်ငြား ယခုတော့ ကတိပေးထားပြီးပြီဖြစ်၍ ကတိတည်နိုင်ရန် အကောင်းဆုံး ကြိုးစားပေးမှာဖြစ်သည်။ အခြားသူများအမြင်တွင် ကတိစကားထက် ဆုလာဒ်များကသာ စုမင်အတွက် ပိုအရေးပါသည်ဟု ထင်ရနိုင်သော်လည်း တစ်ကယ်တမ်းတွင်တော့ စုမင် နှလုံးသားထဲ၌ ရှိနေသည်မှာ မည်သူ့ကိုမှ ပေးထားသောကတိကို မဖောက်ဖျက်လိုတော့ခြင်း ဖြစ်သည်…
ထို့ကြောင့်ပင် စုမင်သည် လန်လန်နှင့် အားဟူတို့အပေါ် ဂရုမစိုက်ပုံပေါ်သော်လည်း အမှန်တရားမှာ ထိုသို့ဟုတ်မနေခြင်း ဖြစ်သည်။
တစ်ညတာ ကုန်လွန်သွားပြီး နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ… စုမင် မျက်လုံးဖွင့်လိုက်ပြီး ထရပ်ကာ အခန်းထဲမှ ထွက်ခွာလာလိုက်သည်။ နန်ကုန်းဟန်သည် လွန်ခဲ့သော လဝက်တာကာလလုံး တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အခန်းထဲမှ ထွက်ခွာခြင်း မရှိခဲ့ပေ။ စုမင်သည် နန်ကုန်းဟန်၏ အခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တည်းခိုဆောင်မှ ထွက်ခွာလာခဲ့၏။
ရှာမန်မြို့တော်ထဲတွင် ခဏမျှ လျှောက်သွားပြီးနောက် မည်သူမျှ သတိမထားမိစဥ်မှာပင် သူ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲလိုက်လေသည်။ မျက်နှာဖုံးကိုချွတ်ကာ ခေါင်းထက်တွင် ဝါးခမောက်တစ်လုံးကို ဆောင်းလိုက်ပြီး မူလပုံစံထက် အနည်းငယ် ထောင်ထောင်မောင်းမောင်း ပုံစံပြောင်းသွား၏။ အခြားလူများ မမြင်ရသော်လည်း ကျိယွင်ဟိုင်၏ အနက်ရောင်ပိုးကောင်များသည် ကိုယ်ပွား၏ ခိုင်းစေချက်ဖြင့် စုမင်ကိုယ်ပေါ်တွင် တွယ်ကပ်နေကြပြီး သူ့ခန္ဓာကိုယ်ကို ယခင်ထက် တစ်ဆခန့်ပိုကြီးသော အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းပုံ ဖြစ်သွားစေသည်။
ပုံပန်းသွင်ပြင်ကို ပြောင်းလဲပြီးသည်နှင့် အတော်ပင် သက်ဝင်လှုပ်ရှားနေသော လမ်းတစ်ခုပေါ်ရှိ ဈေးဆိုင်ကြီးတစ်ဆိုင်၏ အပြင်ဘက်တွင် စုမင်ပေါ်လာခဲ့သည်။ ထိုဈေးဆိုင်သည် ခြောက်ထပ် အဆောက်အဦးတစ်ခု ဖြစ်ပြီး ရှာမန်မြို့တော် တစ်ခုလုံးတွင်မှ ထိုကဲ့သို့ဆိုင်မျိုး ဆယ်ဆိုင်သာ ရှိလေသည်။
ဆိုင်ရှေ့တွင် ကျောက်တိုင်တစ်ခုရှိပြီး စာလုံးကြီးသုံးလုံးကို ထင်ထင်ရှားရှား ထွင်းထုထားသည်… ရှာမန်ကိုးပါး မျှော်စင်။
လွန်ခဲ့သောလဝက်အတွင်း ဤရှာမန်ကိုးပါးမျှော်စင်သို့ စုမင်နှစ်ကြိမ် လာ၍ ဆေးပင်များစွာ ဝယ်ယူခဲ့ဖူး၏။ ဤနေရာသည် ဆေးပင်အမျိုးအစား အားလုံးနီးပါးအပြင် အခြားအရာများကိုပါ ရောင်းချသော နေရာတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရသည်။ ရတနာပစ္စည်းများ၊ လက်နက်များ၊ ယင်ကိုးပါးလောကတွင်သာရှိသည့် ထူးခြားသောပစ္စည်းများနှင့် သတင်းအချက်အလက်များ… ထိုအရာများမှာ သူတို့ရောင်းချသောအရာများဖြစ်သည်။
ကျောက်တိုင်ထံမှ စုမင် အကြည့်ပြန်လွှဲလိုက်သည်။ ထိုအချိန်တွင် သူသည် ဝါးခမောက်ဆောင်းထားပြီး အခြေတည်စိတ်ဝိညာဥ်၏ စွမ်းအားပါသည့် နတ်ဘုရားစိတ်အာရုံဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး သူ့အရှိန်အဝါမှာ အလွန်ရှုပ်ထွေးသော်လည်း အချိုးတကျဖြစ်နေခဲ့သည်။ စုမင်သည် ရှာမန်ကိုးပါးမျှော်စင်ထဲသို့ တည်တည်ငြိမ်ငြိမ်ပင် လှမ်းဝင်သွားလိုက်သည်။
မြေညီထပ်မှာ အလွန်ကြီးမားကျယ်ဝန်းလှသည်။ အဆောက်အဦး အလယ်တွင် ပေဒါဇင်ပေါင်းများစွာမြင့်သော ကြီးမားကျယ်ပြန့်သည့် ကျောက်နံရံကြီး သုံးခုရှိသည်။ ထိုကျောက်နံရံကြီးမျးပေါ်တွင် တောက်ပနေသော စာလုံးများရှိပြီး စုမင်ဝင်သွားချိန်တွင် ထိုစာလုံးများကို ဖတ်နေသော ရှာမန်အချို့ ရှိနေလေသည်။
ရံဖန်ရံခါတွင် ဖတ်ပြီးသူများသည် ကျောက်နံရံ တစ်ဖက်တစ်ချက်စီ၌ ရပ်စောင့်နေကြသော ဆိုင်ဝန်ထမ်းဝတ်စုံဖြင့် ဝန်ထမ်းများထံ အလျင်အမြန် လျှောက်သွားကြ၏။ ထို့နောက် ခဏတာမျှ တိတ်တဆိတ် လဲလှယ်မှု လုပ်ပြီးသည်နှင့် ဆိုင်ဝန်ထမ်းများသည် ၎င်းတို့အား မြေညီထပ်ပတ်ပတ်လည်ရှိ ဒါဇင်ချီသော အလုံပိတ်ခန်းများထဲမှ တစ်ခုစီ ဦးဆောင်ခေါ်သွားလေသည်။
စုမင်သည် ဤနေရာသို့ နှစ်ကြိမ်လာဖူးသဖြင့် ယခုက တတိယအကြိမ်မြောက်ဖြစ်ပြီး ဤနေရာနှင့် အတော်လေး ရင်းနှီးနေလေပြီ။ ကျောက်နံရံသုံးခုပေါ်ရှိ တောက်ပနေသော စာလုံးများမှာ ရောင်းချမည့်ပစ္စည်းများ ဖြစ်ပြီး စိတ်ဝင်စားသူများ အနေဖြင့် ဆိုင်ဝန်ထမ်းများထံသွားရောက်ကာ အလဲအလှယ် လုပ်နိုင်လေသည်။
မြေညီထပ်၏ ခန်းမအနောက်ဘက်တွင်တော့ ဒါဇင်ပေါင်းများစွာ အရွယ်ရှိသော ကြီးမားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိ၏။ ဤအစီအရင်သည် လူတစ်ဦးကို ပထမထပ်ဆီသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ပြီး ဤအစီအရင်မှအပ ပထမထပ်သို့ သွားရောက်နိုင်မည့် နည်းလမ်းမရှိပေ။
စုမင် ခန်းမကို ဝေ့ကြည့်လိုက်သည်။ ဝါးခမောက်ဖြင့် ဖုံးကွယ်ထားသော အသွင်အပြင်၊ ရှုပ်ထွေးသော်လည်း အချိုးကျနေသော အရှိန်အဝါတို့က ဆိုင်ဝန်ထမ်းများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ၎င်းတို့အထဲမှ သက်လတ်ပိုင်းလူတစ်ဦးသည် စုမင်ရှေ့သို့ အလျင်အမြန် လျှောက်လာပြီး လက်သီးဆုပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ဒီကမိတ်ဆွေ၊ ဘယ်လိုဝန်ဆောင်မှုမျိုး လိုအပ်ပါသလဲ” သက်လတ်ပိုင်းလူသည် အာနည်းပုံမပေါ်သော အလယ်အလတ်ရှာမန်တစ်ဦး ဖြစ်သည်။ သူသည် စုမင်အား ဖော်ဖော်ရွေရွေပင် မေးမြန်းလိုက်သည်။
“ငါ ဒီကို ပစ္စည်းရောင်းဖို့လာတာ” စုမင် ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။
“အိုး… လူကြီးမင်းက ဘာများ ရောင်းချင်လို့ပါလဲ။ ဘယ်လိုရတနာမျိုးကိုမဆို ရှာမန်ကိုးပါးမျှော်စင်က သူတို့ပေါက်ဈေးအတိုင်း ကျေနပ်လောက်စရာ ဈေးနှုန်းမျိုး ပေးမှာပါ” ထိုလူသည် ပြုံးလျက်မှ စုမင်အပေါ် စိတ်အာရုံကိုဖြန့်ကျက်ကာ စစ်ဆေးလိုက်သည်နှင့် ပြင်းထန်သော တွန်းကန်အားတစ်ခုကို ခံစားလိုက်မိပြီး ချက်ချင်းဆိုသလို အမူအယာပြောင်းလဲသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်သွားခဲ့သည်။
“ဘယ်အချိန်ကစပြီးတော့များ ရှာမန်ကိုးပါးမျှော်စင်က စည်းမျဥ်းတွေ မေ့ပျောက်သွားကြတာလဲ” စုမင်၏ ကြမ်းတမ်းသောအသံက ဝါးခမောက်အောက်မှ ထွက်ပေါ်လာသည်။ သူ့အသံမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင်ပင် အေးစိမ့်နေခဲ့သည်။
စုမင်၏ နတ်ဘုရားစိတ်အာရုံထဲမှ တွန်းအားကြောင့် သက်လတ်ပိုင်းလူ၏ ခေါင်းထဲတွင် မိုးခြိမ်းသံများ မြည်ဟည်းသွားခဲ့သလိုပင်… ထိုနတ်ဘုရားစိတ်အာရုံ၏ ခွန်အားသည် နှောင်းပိုင်းရှာမန်များပင် ထိတ်လန့်ရသည့် အရာမျိုးဖြစ်နေသဖြင့် ယခုလို အလယ်အလတ်ရှာမန်လေး တစ်ယောက်အတွက်တော့ ပြောနေစရာပင် မလိုတော့ချေ။ သက်လတ်ပိုင်းလူ၏ မျက်နှာမှာ ချက်ချင်းဖြူရော်သွားပြီး စကားပြန်ပြောတော့မည့် အချိန်မှာပင် စုမင်သည် အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး ညာလက်ကိုဆန့်၍ အဖြူရောင်ပုလင်းလေးတစ်လုံးကို ပစ်ပေးလိုက်သည်။
“ဒါကို မင်းတို့မန်နေဂျာဆီ ယူသွားလိုက်။ မင်းတို့ လက်ခံ၊မခံ ဆုံးဖြတ်ဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်” စုမင်၏ အေးစက်စက်စကားသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။
သက်လတ်ပိုင်းလူသည် အဖြူရောင်ပုလင်းကို အယောင်ယောင်အမှားမှား ဖမ်းယူလိုက်ပြီး ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပုလင်းဖုံးကိုဖွင့်ကာ ခေါင်းငုံ့၍ အနံ့ခံကြည့်လိုက်သည်။ ပုလင်းထဲတွင် အတော်ထူးခြားသော ဆေးရနံ့တစ်မျိုးမှအပ ဘာမှရှိမနေပေ။
သက်လတ်ပိုင်းလူသည် သေချာသတိမကပ်နိုင်သေးပဲ စုမင်အား လက်သီးဆုပ် ဦးညွှတ်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီ လျှောက်သွားကာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
စုမင်သည် ခန်းမထဲတွင် ရပ်စောင့်နေလိုက်ပြီး ဝါးခမောက်အောက်ရှိ မျက်နှာအမူအယာမှာ ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။ သို့သော် ထိုလူပျောက်ကွယ်သွားပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာပင် မကြာလိုက်ပဲ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ နောက်တစ်ကြိမ် တောက်ပလာပြီး သက်လတ်ပိုင်းလူမှာ ထိတ်လန့်တုန်လှုပ်နေသော အမူအယာဖြင့် ပြန်ပေါ်လာခဲ့၏။ သူ့အနောက်တွင်တော့ အဘိုးအိုတစ်ဦး လိုက်ပါလာခဲ့လေသည်။