← Chapters

စုမင် ထိတ်လန့်ရခြင်း

Vol. 32 Ch. 440

စုမင် ထိတ်လန့်ရခြင်း

Vol. 32 Ch. 440

ဝါးခမောက်အောက်ရှိ စုမင်၏ မျက်နှာအမူအယာမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် အဘိုးအိုကို သေချာအာရုံစိုက်ကာ လေ့လာကြည့်လိုက်သည်။ အဘိုးအိုသည်လည်း အလယ်အလတ်ရှာမန်တစ်ယောက်ပင် ဖြစ်သော်ငြား စုမင်၏ ပုလင်းကိုယူသွားသော သက်လတ်ပိုင်းလူသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲမှ ထွက်သည်နှင့် အလိုလိုပင် ခြေလှမ်းကို အရှိန်လျှော့ကာ အဘိုးအိုကို ရှေ့မှဦးဆောင်စေ၍ ၎င်းကမူ အနောက်မှ လိုက်ပါလာကြောင်း စုမင် သတိပြုမိလိုက်လေသည်။

ဤအသေးစိတ် အချက်လေးကပင် စုမင်မျက်စိထဲမှ လွတ်မသွားခဲ့ပဲ သဲလွန်စအချို့ ရှာတွေ့သွားစေခဲ့၏။

သက်လတ်ပိုင်းလူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုတို့ ရှိနေဆဲဖြစ်သည်။ အဘိုးအိုသည် စုမင်အား လှမ်းကြည့်လိုက်ပြီး အနီးသို့ အမြန်လျှောက်လာကာ စုမင်နှင့် ဆယ်ပေခန့်အဝေးတွင် ရပ်တန့်လိုက်သည်။

“ကျုပ်က ကျိုတောက်မင်ပါ။ လူကြီးမင်း ကြွပါ” အဘိုးအိုသည် စုမင်အား အပြည့်အဝ အာရုံစိုက်ထားပြီး အလွန်ပင် ယဥ်ယဥ်ကျေးကျေး ရှိလှသည်။ သူသည် လက်သီးဆုပ်ကာ ဦးညွှတ်၍ပင် နှုတ်ဆက်လိုက်သေး၏။

စုမင် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အရှေ့မှ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ အဘိုးအိုသည် အနောက်မှ တလေးတစားပင် လိုက်ပါလာ၏။ သက်လတ်ပိုင်းလူ ရပ်နေသောနေရာသို့ သူတို့နှစ်ဦး ဖြတ်သန်းသွားသောအခါ ထိုလူသည် ချက်ချင်းပင် တလေးတစား ခေါင်းငုံ့ဦးညွှတ်လိုက်လေသည်။

စုမင် ထိုလူကို ဂရုစိုက်မနေတော့ပေ။ သူသည် အဘိုးအိုနှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီ လျှောက်သွားလိုက်ပြီး အစီအရင်မှ အလင်းနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

စုမင် ထွက်ခွာသွားသောအခါမှသာ သက်လတ်ပိုင်းလူခမျာ အသက်ဝဝ ရှူရဲတော့၏။ အဖြူရောင်ပုလင်းလေးကို ပထမထပ်ဆီ ယူသွားစဥ်က ဖြစ်ရပ်များက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ မူလကမူ ပထမထပ်ရှိ မန်နေဂျာသည် ထိုအကြောင်းနှင့် ပက်သက်၍ သိပ်မကြည်လင်သော်လည်း ပုလင်းလေးကို ယူကာ အနံ့ခံကြည့်လိုက်ပြီးသည်နှင့် သူ့အမူအယာမှာ ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားပြီး ဒုတိယထပ်သို့ အပြေးတက်သွားခဲ့သည်။ ယခုအချိန်တွင် မည်သည့်အထပ်ရှိ မန်နေဂျာ၏ လက်ထဲ၌ ထိုပုလင်းလေးရှိနေကြောင်း သူမသိတော့ပေ။

၎င်း၏ပုံစံအရ ထိုပုလင်းလေးမှာ သာမန်ပစ္စည်းတစ်ခု ဟုတ်ဟန်မတူသော်လည်း အဘယ်ကြောင့် ထိုမျှထူးခြားနေရကြောင်းကိုတော့ သူယခုအချိန်ထိ စဥ်းစားမရသေးပါချေ။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ အလင်းကြောင့် စုမင်၏ အမြင်အာရုံမှာ အနည်းငယ်ဝေဝါးသွားခဲ့ပြီး ဆေးရနံ့ဖျော့ဖျော့က သူ့နှာခေါင်းဝဆီ တိုးဝင်လာသည်။ ထိုအနံ့သည် အလွန်ထူးဆန်းပြီး သူသေချာရှူရှိုက်ရန် ကြိုးစားလိုက်ချိန်တွင် ပျောက်ကွယ်သွားခဲ့ချေပြီ။

ဆေးရနံ့အပြင် စုမင် ပထမဆုံးမြင်လိုက်သောအရာမှာ သူ့အရှေ့နားရှိ ခရမ်းရောင်သစ်ဖြင့် ပြုလုပ်ထားသော စားပွဲတစ်ခုတွင်ထိုင်နေသည့် လူတစ်ဦးဖြစ်သည်။ ထိုလူသည် အဖြူရောင်ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ကျောက်စိမ်းသဖွယ် ချောမွတ်ဖြူစင်နေသည်။ ထိုလူသည် အနည်းငယ် အသက်ကြီးရင့်နေပြီဖြစ်သော်လည်း အလွန်တရာ ချောမောခန့်ညားနေဆဲဖြစ်ပြီး မျက်နှာပေါ်ရှိ မုတ်ဆိတ်ပါးပါးက သူ့ပုံစံကို ပို၍ သိသာထင်ရှားသွားစေသည်။

ထိုသူသည် သူ့လက်ထဲရှိ စုမင်၏ ပုလင်းလေးကို ငုံ့ကြည့်နေပြီး စိတ်ရှုပ်ထွေးနေဟန်ဖြင့် မျက်ခုံးများက အနည်းငယ် တွန့်ချိုးလို့နေသည်။ သူသည် ရံဖန်ရံခါဆိုသလို ပုလင်းထဲမှ ဆေးရနံ့ကို အနံ့ခံကြည့်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ တစ်စုံတစ်ရာကို စဥ်းစားနေဟန် တူ၏။

“သူ့ကို ခေါ်လာပါပြီ ဂရန်းမာစတာယွီ” စုမင်နံဘေးရှိ အဘိုးအိုသည် အဖြူရောင်ဝတ်ရုံဖြင့်လူကို လေးလေးစားစား ဦးညွှတ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ အဘိုးအိုသည် ထိုလူ့ထံမှ အာရုံစိုက်မှု အနည်းငယ်ပင် မရရှိခဲ့သော်လည်း ထိုအရာကို စိတ်ထဲရှိဟန်မပေါ်ပေ။ သူသည် အစီအရင်ထံမှ အလင်းနှင့်အတူ ထိုနေရာမှ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

မျှော်စင်၏ ဤအထပ်တွင် စုမင်နှင့် အဖြူရောင်ဝတ်ရုံလူတို့သာ ကျန်ရစ်ခဲ့လေသည်။

စုမင်ပုံစံက တည်ငြိမ်နေဆဲဖြစ်သည်။ ဤလူ၏ ကျင့်ကြံဆင့် အစစ်အမှန်ကို သူမခန့်မှန်းနိုင်ပေ။ ထိုလူ့ကိုယ်ပေါ်သို့ စုမင်၏ နတ်ဘုရားစိတ်အာရုံ ကျရောက်သွားသည်နှင့် သိမ်မွေ့သော စွမ်းအားတစ်ခုက ပြန်လည်တွန်းထုတ်လိုက်၏။ သို့သော် ထိုစွမ်းအားမှာ အသက်ရှိမနေပဲ ခံစားရသည်မှာ အတော်လေး ထူးဆန်းနေလေသည်။ သိသိသာသာပင် ထိုလူ့ထံ၌ စုမင်၏ နတ်ဘုရားစိတ်အာရုံထက် သာလွန်သော စိတ်အာရုံမျိုး ရှိနေခြင်းမဟုတ်ပဲ သူ့ကိုယ်ပေါ်တွင် အခြားသူများ၏ စိတ်အာရုံဖြင့် စစ်ဆေးခြင်းကို ကာကွယ်ပေးနိုင်သည့် ရတနာတစ်ချို့ ရှိနေခြင်းဖြစ်သည်။

စုမင်သာ ထိုလူ၏စွမ်းအားကို စစ်ဆေးလိုလျှင် သူ့အနေဖြင့် အနည်းငယ် အားထုတ်လိုက်ရန်သာ လို၏။ နတ်ဘုရားစိတ်အာရုံကို တွန်းထုတ်နေသည့် စွမ်းအားကို ချိုးဖျက်နိုင်လိမ့်မည်ဟု စုမင် ယုံကြည်ချက်ရှိသော်လည်း ထိုသို့လုပ်စရာမလိုပေ။

အဖြူရောင်ဝတ်ရုံလူဘက်မှ စကားစမပြောသလို စုမင်ဘက်မှလည်း စကားမပြောခဲ့ပေ။ စုမင် အထပ် တစ်ထပ်လုံးကို ဝေ့ကြည့်လိုက်သည်။ ဤနေရာသည် မြေညီထပ်နှင့် အရွယ်အစားချင်းပင် မယှဥ်နိုင်သော သုံးပုံတစ်ပုံသာရှိသည့် အခန်းတစ်ခုဖြစ်သည်။ အနီးတစ်ဝိုက်တွင် လွင့်မျောနေသော တောက်တောက်ပပ ပုံရိပ်ယောင် အရာဝတ္ထု တစ်ဒါဇင်ခန့်ကြောင့် ဤအထပ်အား တောက်ပလင်းထိန်နေစေသည်။

ကြမ်းခင်းပေါ်တွင် အနက်ရောင်ကျောက်ပြားချပ်များ ခင်းထားပြီး သူတို့အနီးတစ်ဝိုက်ရှိ နံရံများပေါ်တွင် ပန်းပုရုပ်အချို့ ဖောင်းကြွတည်ရှိနေသည်။ ထိုပန်းပုများသည် ငှက်များမဟုတ်ပဲ အသက်ဝင်နေဟန်တူသော အဆုံးမရှိသည့် သစ်ပင်၊ပန်းမန်များ ဖြစ်သည်။ ၎င်းတို့တွင် အရောင်အသွေး ရှိမနေသည်ကတော့ နှမြောစရာပင်… သို့မဟုတ်လျှင် လူတစ်ဦးအနေဖြင့် သူရောက်နေသော နေရာမှာ အခန်းတစ်ခု ဟုတ်၊မဟုတ် စိတ်ရှုပ်ထွေးသွားရပေလိမ့်မည်။

အဖြူရောင်ဝတ်ရုံလူကို ကျော်၍ စုမင်မြင်နေရသော နေရာတွင် ပြူတင်းပေါက်တစ်ခု ရှိနေသည်။ ထိုပြူတင်းပေါက်မှ နေရောင်ခြည်တို့ ဖြာကျနေပြီး အခန်း၏ပုံစံကို စိတ်ကူးယဥ်ကမ္ဘာတစ်ခုသဖွယ် ဖြစ်နေစေသည်။

ပြူတင်းပေါက်မှတစ်ဆင့် အဝေးသို့ လှမ်းကြည့်လိုက်သောအခါ စုမင်အကြည့်များမှာ လေးနက်သွားပြီး ပြူတင်းပေါက်အပြင်ရှိ သူမြင်နေရသော ကောင်းကင်ကြောင့် စိတ်ထဲတွင် တုန်လှုပ်သွားရ၏။

သူမြင်နေရသည်မှာ အဆုံးမရှိကျယ်ပြောလှသော ကောင်းကင်ပြင်ကြီးဖြစ်ပြီး မြေပြင်ကို မမြင်ရပါချေ။

‘ဒါက ပထမထပ်မဟုတ်တော့ဘူး… ပထမထပ်သာဆိုရင်၊ မြေပြင်ကို မြင်ရလိမ့်မယ်။ ဒီအမြင့်အရဆို အနည်းဆုံးတော့ သုံးလွှာလောက်မှာ ရောက်နေတာပဲ’ စုမင်သည် ပြူတင်းပေါက်မှ အကြည့်ပြန်လွှဲလိုက်ပြီး အခန်း၏ အလယ်သို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် အရွယ်တူ အမွှေးတိုင်သုံးချောင်း ရှိနေသည်။ ၎င်းတို့သည် လူတစ်ဦး၏ ထက်ဝက်ခန့်မြင့်ပြီး သုံးခုပေါင်းလျှင် လူနှစ်ယောက်ဖက်စာခန့် ကြီးမားလေသည်။ ထိုအမွှေးတိုင်များမှ အစိမ်းရောင် အခိုးအငွေ့များ လွင့်မျောလာပြီး မီးခိုးကွင်း အလွှာများအဖြစ်ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသည်။

အမွှေးတိုင်များ၏အရောင်မှာ တစ်ရောင်တည်းမဟုတ်ပဲ အမျိုးမျိုးကွဲပြားနေလေသည်။ ၎င်းတို့သည် အလွန်လှပသော်လည်း စုမင်အကြည့်သည် ၎င်းတို့အပေါ်တွင် ခဏသာကြာမြင့်ခဲ့ပြီး ထိုအမွှေးတိုင်သုံးချောင်း၏ အလယ်ဗဟိုတွင် ထားထားသော ပစ္စည်းဆီသို့သာ ရောက်ရှိသွားခဲ့၏။

ထိုအရာသည် ဘဲဥပုံရှိသော ကြက်သွေးရောင် အကြမ်းထည်ကျောက်တုံးတစ်တုံး ဖြစ်ပြီး အမှန်တစ်ကယ်ပင် အလွန်အရုပ်ဆိုးလေသည်။ ၎င်း၏ ကိုယ်ထည်ပေါ်တွင် အပေါက်များစွာရှိပြီး ထိုအပေါက်များ၏ပုံစံမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း မဟုတ်ပဲ လူလုပ်ထားသလိုပင်ဖြစ်သည်။

ထိုကျောက်တုံးကြီး၏ အရွယ်အစားမှာ အလွန်ကြီးမားပြီး အမွှေးတိုင်များထက်ပင် ပိုမိုမြင့်မားနေသေး၏။ ၎င်းသည် ပေနှစ်ဆယ်ကျော်မြင့်ပြီး အမွှေးတိုင်ပေါင်းများစွာ၏ အရွယ်အစားလောက် ရှိလေသည်။ အခန်း၏ အလယ်ဗဟိုတွင် ရှိနေသော ၎င်း၏ပုံစံက ပုပ်နေသောလက်မကြီးတစ်ချောင်း ထိုးထောင်ထွက်နေသလိုပင်…

အမွှေးတိုင်သုံးချောင်းမှ ထွက်ပေါ်လာသော မီးခိုးကွင်းများကို ထိုကျောက်တုံး၏ အပေါက်ငယ်များမှ စုပ်ယူသွားပြီး ခဏကြာလျှင် အခြားအပေါက်တစ်ခုမှ ပြန်လည် စိမ့်ထွက်လာလေသည်။ ကျောက်တုံးထဲတွင် ထူးခြားသော ပြောင်းလဲမှုမျိုးရှိနေဟန်ဖြင့် ပြန်လည်စိမ့်ထွက်လာသော အခိုးအငွေ့များသည် မြူခိုးလိပ်ပြာများအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်မျောပျံဝဲနေကြ၏။

၎င်းတို့သည် အလျင်အမြန်ပင် ပျောက်ကွယ်သွားပြီး အသစ်အသစ်သော လိပ်ပြာများ ထပ်မံဖြစ်ပေါ်လာလေသည်။ အဖန်တလဲလဲ သံသရာလည်နေသော ထိုမြင်ကွင်းအား လောကတွင်ယှဥ်နိုင်သော အရာမရှိဟူ၍ပင် ပြောဆိုနိုင်ချေသည်။

ထိုကျောက်တုံးအနီးသို့ စုမင် လျှောက်သွားလိုက်ပြီး လိပ်ပြာများအဖြစ် ပြောင်းလဲမသွားမီ မီးခိုးမြူများကို ဂရုတစိုက် ကြည့်လိုက်မိသည်။ ရုတ်တရက်ဆိုသလိုပင် ယခင်က သူခံစားမိခဲ့သော ဆေးရနံ့ဖျော့ဖျော့မှာ နောက်တစ်ကြိမ် ပျံ့လွင့်လာပြန်၏။ ထိုဆေးရနံ့ ထွက်ပေါ်ရာရင်းမြစ်မှာ အမွှေးတိုင်သုံးချောင်းနှင့် ထိုကျောက်တုံးတို့ထဲမှ တစ်ခုခုပင် ဖြစ်သည်။ ထိုဆေးရနံ့ကိုရသည်နှင့် တစ်ပြိုင်နက် စုမင်ရှာဖွေရန် ကြိုးစားလိုက်သော်လည်း ၎င်းက နောက်တစ်ကြိမ် ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်ချေပြီ။

ကျောက်တုံးအား လှမ်းကြည့်လိုက်ပြီး စုမင်မျက်လုံးများက တောက်ပသွားခဲ့သည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို ကျောက်တုံးထံ ပို့လွှတ်ကြည့်လိုက်သော်လည်း ၎င်းကိုထိမိသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားစိတ်အာရုံကို ပြင်းထန်သောစုပ်အားတစ်ခုမှ ချက်ချင်းစုပ်ယူသွားခဲ့သည်။ ၎င်းက သမုဒ္ဒရာအတွင်း နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးလိုပင်။ သူသာ နတ်ဘုရားစိတ်အာရုံကို ချက်ချင်းပြန်မရုတ်သိမ်းလိုက်မိလျှင် ထိုနေရာမှာပင် များစွာဝါးမြိုခံလိုက်ရပေလိမ့်မည်။

ဝါးခမောက်အောက်ရှိ စုမင်၏ အမူအယာမှာ ပြောင်းလဲသွားသည်။ သူသည် ကျောက်တုံးကို သေချာစိုက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အံ့အားသင့်နေဟန် အကြည့်တစ်ခုပေါ်လာခဲ့၏။

ထိုအခိုက်အတန့်မှာပင် ဆေးရနံ့ဖျော့ဖျော့မှာ နောက်တစ်ကြိမ် ပျံ့လွင့်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ၎င်း၏ ရနံ့မှာ ယခင်ထက် အနည်းငယ် ပိုသိပ်သည်းလာလေသည်။ ထိုဆေးနံ့ကို ရှူရှိုက်လိုက်မိချိန်တွင် ဝါးခမောက်အောက်ရှိ စုမင်၏ အမူအယာမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း စိတ်ထဲတွင်တော့ အလွန်အမင်း ထိတ်လန့်နေခဲ့ချေပြီ။

အကြောင်းမှာ ထိုဆေးနံ့ကို ရှူရှိုက်လိုက်မိသော တစ်ခဏအတွင်း သူ့ရင်ဘတ်ကြားရှိ သိုလှောင်အိတ်ထဲမှ အားပျော့သော အားလှိုင်းတစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်မိခြင်းကြောင့် ဖြစ်သည်။ ထိုအားလှိုင်းသည် တစ်ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသော်လည်း စုမင်မှာမူ သူစိတ်ထင်နေခြင်း မဟုတ်ကြောင်း သေချာသိနေ၏။

သူ၏ သိုလှောင်အိတ်ထဲတွင် ကိုယ်ပွားနှင့် အဆိပ်အလောင်းတို့မှ အပ ယခုလို အားလှိုင်းပို့လွှတ်နိုင်သော အရာများမရှိပေ။ သို့သော် စုမင်ကို ထိတ်လန့်သွားစေသည့်အရာမှာ ကိုယ်ပွား၊ အဆိပ်အလောင်းနှင့် ထူးဆန်းသော မြွေငယ်လေးတို့မဟုတ်ပဲ ထိုအစား စုမင်လက်ထဲသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော ဆေးဖော်ရန် ပါဝင်ပစ္စည်း တစ်ခုထံမှ ဖြစ်နေ၏။

ထိုအရာသည် ဧရာမကျောက်တုံးကြီးအတွင်း ချိပ်ပိတ်ခံထားရဟန်တူသော အနက်ရောင် လူတူသတ္တဝါငယ်လေး ဖြစ်သည်။ စုမင်သည် ထိုကျောက်တုံးကို အနောက်ပင်လယ်ကလန်မှ ကျင်းပသော လေလံပွဲတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအရာက ‘နတ်မင်းကြိုဆို’ ဖော်စပ်ရန် လိုအပ်သော အဓိက ပါဝင်ပစ္စည်းတစ်မျိုးလည်း ဖြစ်သည်။

စုမင် ခံစားမိလိုက်သော အားလှိုင်းများသည်  ထိုကျောက်တုံးထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အတိအကျဆိုရလျှင် ကျောက်တုံးထဲရှိ သေဆုံးနေပုံပေါ်သော အနက်ရောင် လူတူသတ္တဝါလေးထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခင်တစ်ကြိမ်က ဤပစ္စည်းကြောင့် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး နောက်ပိုင်းတွင် ကောင်းကင်မြူခိုး တိုက်ပွဲကြောင့် ဥာဏ်အလင်းစုဝေးရာ မျိုးနွယ်စုမှလူ ဘာဖြစ်သွားလဲဆိုသည်ကို စုမင် စုံစမ်းချိန်မရခဲ့ပေ။ တစ်ကယ်တမ်းတွင်တော့ သူထိုအကြောင်းကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားခဲ့ခြင်းပင်။

ယခု ထိုကျောက်တုံးမှ အားလှိုင်းများကို မြင်သောအခါမှ စုမင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။

သူသည် ဤကျောက်တုံးမျိုးကို တစ်ကြိမ်သာမြင်ဖူးသော်လည်း ဝူတုပြောခဲ့ပုံအရ ၎င်းမှာ ရတနာလောင်းကစားပွဲတွင် အသုံးပြုသော သွေးကျောက်တုံးဖြစ်ကြောင်း မရိပ်မိသေးလျှင် သူသည် စုမင် မဟုတ်တော့ပေ။

‘ရတနာလောင်းကစားပွဲထဲက ဒီလိုသေးကျောက်တုံး အနည်းငယ်ထဲမှာပဲ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ တစ်စိတ်တစ်ပိုင်းပဲ ကျောက်ဖြစ်သေးတာတွေနဲ့… လုံးလုံးလျားလျား ကျောက်မဖြစ်သေးတဲ့ ပစ္စည်းတွေပါတတ်တယ်။ ဒါက… ငါ့လက်ထဲမှာရှိတဲ့ ကျောက်တုံးထဲက အနက်ရောင် လူတူသတ္တဝါလေးရဲ့ ပုံစံနဲ့ တော်တော်လေးတူတယ်။ ဒါပေမယ့် တစ်ခုမှာက ဆေးပင်တွေပါပြီး တစ်ခြားတစ်ခုထဲမှာတော့ အဲဒီ လူတူသတ္တဝါပဲ’

‘သွေးကျောက်တုံးတွေထဲမှာ ဆေးပင်တွေတင်မကပဲ တစ်ခြားပစ္စည်းတွေလည်း ပါလာတတ်တယ်လို့ ဝူတု ပြောခဲ့ဖူးတယ်’ စုမင်ခေါင်းထဲတွင် ဆူညံသံများ မြည်ဟည်းသွားသည်။ သူသည် ယခင်က ဤပစ္စည်းနှစ်မျိုးအကြောင်း ချိတ်ဆက်မတွေးမိခဲ့သော်လည်း ကျောက်တုံးထံမှ အားလှိုင်းများက ထူးခြားဆန်းကြယ်မှုကို ရှင်းလင်းပေးသွားလေသည်။

‘အဲဒီ အနက်ရောင် လူတူသတ္တဝါလေးပါတဲ့ ကျောက်တုံးက တစ်ကယ်ပဲ ဒီနေရာက လာခဲ့တာများလား’ စုမင်တစ်ယောက် သူ့ရှေ့ရှိ ကျောက်တုံးကြီးကို အထိတ်တလန့် ကြည့်လိုက်မိသည်။ သူရလိုက်သော ဆေးရနံ့သည်လည်း အမွှေးတိုင်ငွေ့များထံမှ ထွက်ပေါ်လာနေခြင်း မဟုတ်ကြောင်း သေချာသွားခဲ့ချေပြီ။

မည်သို့ပင်ဖြစ်စေ ထိုအမွှေးတိုင်အငွေ့များသည် ပတ်ပတ်လည်တွင် တစ်ချိန်လုံး ရှိနေခြင်းဖြစ်ပြီး တစ်ချက်တစ်ချက်မှသာ ထွက်ပေါ်လာသည့် ဆေးရနံ့ဖျော့ဖျော့လို မဟုတ်ပါချေ။

စုမင်သည် ထိုနေရာတွင် ခဏမျှ ရပ်နေလိုက်ပြီးနောက် ကျောက်တုံးအနီးသို့ တိုးသွားလိုက်သည်။ သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး အချိန်အတော်ကြာသောအခါ ဆေးရနံ့မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။ သူသည် ၎င်းကို တစ်ဝကြီးရှူရှိုက်လိုက်ပြီး ဆေးရနံ့များက နှာခေါင်းမှတစ်ဆင့် ကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။ ထို့အပြင် ကျောက်တုံးထဲရှိ အနက်ရောင် လူတူသတ္တဝါကို စူးစမ်းရန်အတွက်လည်း သူ၏ နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်ပေါ် ပို့လွှတ်ထားလိုက်၏။

ထိုတစ်ခဏမှာပင် အနက်ရောင် လူတူသတ္တဝါလေးမှာ အနည်းငယ် တုန်ယင်သွားပြီး ထွက်ပေါ်လာသော အားလှိုင်းများကို စုမင် ရှင်းရှင်းလင်းလင်းပင် ခံစားလိုက်မိချေသည်။ အားလှိုင်းများမှာ ပိုမိုများပြားလာပြီး စုမင်သာ သိုလှောင်အိတ်ကို နတ်ဘုရားစိတ်အာရုံဖြင့် ဖုံးကွယ်မထားမိလျှင် အနီးရှိ လူအားလုံး ထိုအရာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်မိပေလိမ့်မည်။

တစ်ဆက်တည်းမှာပင် သိုလှောင်အိတ်ထဲရှိ ကျောက်တုံးထံမှ အနက်ရောင် အလင်းတစ်ဖြာ ဖျတ်ခနဲ တောက်ပသွားပြီး အနက်ရောင် လူတူသတ္တဝါလေးမှာ တုန်ယင်လာသည်ကို နတ်ဘုရားစိတ်အာရုံမှ တစ်ဆင့် စုမင်မြင်တွေ့လိုက်ရသည်။ ထို့နောက် အနက်ရောင်လူတူသတ္တဝါလေး၏ နံဖူးပေါ်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာလေသည်။

ထိုပုံရိပ်သည် အရွက်ခုနစ်ရွက်ပါသော ဆေးပင်တစ်ပင်၏ ပုံရိပ်ဖြစ်ပြီး အရွက်များ၏ ထိပ်ဖျားမှာ ချွန်ထက်နေကာ အဆိပ်ရှိမြွေတစ်ကောင်၏ ဦးခေါင်းနှင့် တူနေခဲ့သည်။ ထိုမြွေခေါင်းပုံ သစ်ရွက်များထဲမှ တစ်ရွက်ဆိုလျှင် အသက်ရှိနေဟန်တူပြီး ရံဖန်ရံခါဆိုသလို ၎င်း၏ ခက်ရင်းခွသဏ္ဍာန် လျှာကိုထုတ်၍ တရွှီးရွှီး အော်မြည်နေလေသည်။

သို့သော် ထိုတစ်ရွက်တည်းသာ ၎င်းပုံစံအတိုင်း ပြုမူနေခြင်းဖြစ်သည်။ အခြားအရွက်များမှာမူ မြွေခေါင်းပုံရှိသည်မှအပ အသက်ဓာတ်ကင်းမဲ့နေဟန်ဖြင့် မှုန်မှိုင်း ခြောက်သွေ့နေလေသည်။

“ဒီက လူကြီးမင်းက အဲဒီသွေးကျောက်တုံးကို အတော်ကြာကြာ စိုက်ကြည့်နေတာပဲ။ အရင်က မြင်ဖူးလို့များလား” စုမင် ထိတ်လန့်တုန်လှုပ်နေစဥ်မှာပင် သိမ်မွေ့သော အသံတစ်သံက သူ့နားထဲသို့ တိုးဝင်လာသည်။

“လူကြီးမင်းလည်း အဲဒီပုလင်းလေးကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့တာဆိုတော့ အထဲက ဆေးရနံ့မျိုး အရင်က ရဖူးလို့များလား” စုမင် အေးအေးဆေးဆေးပင် ပြန်မေးလိုက်ပြီး စိတ်ထဲမှ ထိတ်လန့်မှုများကို ချိုးနှိမ်ကာ နောက်သို့ ပြန်လှည့်လိုက်သည်။

All Chapters