နဂါးသစ်ရွက်
Vol. 32 Ch. 441
“အဲဒီသွေးကျောက်တုံးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ရတနာလောင်းကစားပွဲ တစ်ခုကနေ ကျုပ်ဝယ်ထားခဲ့တာပါ။ ဒါပေမယ့် ကျောက်တုံးကို လေ့လာဖို့ အဲဒီအပေါက်တွေ အကုန်တူးကြည့်ပြီးတာတောင် ဘာမှရှာမတွေ့ခဲ့ဘူးလေ။ ခွဲခြေပစ်ရမှာလည်း နှမြောတာနဲ့ နည်းလမ်းတစ်ခုသုံးပြီး ဒီပျံဝဲနေတဲ့ လိပ်ပြာတွေထုတ်ပေးနိုင်တဲ့ အလှဆင်ပစ္စည်း တစ်ခုအဖြစ် ပြောင်းလဲထားလိုက်တာပဲ” အဖြူရောင်ဝတ်ရုံလူက ပြုံးစစဖြင့်ဆိုသည်။ ထို့နောက် သူသည် လက်ထဲရှိ ပုလင်းကို တစ်ဖန်ငုံ့ကြည့်လိုက်ပြီး လွမ်းဆွတ်တမ်းတဟန် အမူအယာမျိုး ပေါ်လာခဲ့သည်။
“ဆေးရနံ့ကိုတော့ ကျုပ်အရင်က ရှူရှိုက်ခဲ့ဖူးရုံတင် မဟုတ်ဘူး။ အဲဒီရတနာကို မြင်တောင်မြင်ခဲ့ဖူးတယ်။ ဒီပုလင်းထဲမှာ ကျန်နေသေးတဲ့ ဆေးရနံ့အရ အရင်က ပုလင်းထဲမှ မြူမှုန်ထိုးခွဲတွေ အများကြီးရှိခဲ့ပုံပဲ။ ပြီးတော့ သူတို့ကို အပြင်ထုတ်လိုက်တာလည်း သုံးရက်တောင် ကြာလောက်သေးမယ့်ပုံ မပေါ်ဘူး” အဖြူရောင်ဝတ်ရုံလူသည် ခေါင်းမော့ကာ စုမင်အား လှမ်းကြည့်လိုက်သည်။
“လူကြီးမင်းမှာ မြူမှုန်ထိုးခွဲ ဘယ်နှလုံးရှိပါသလဲ။ ကျုပ်တို့ ရှာမန်ကိုးပါးမျှော်စင်က အဲဒါတွေ အကုန်လုံးကို ဝယ်ချင်ပါတယ်”
“ခင်ဗျား ဘယ်လောက်ပေးနိုင်လဲ” စုမင် တည်တည်ငြိမ်ငြိမ်ပင် ပြန်မေးလိုက်သည်။
“ရတနာပစ္စည်းတွေ၊ လက်နက်တွေ၊ ရှာမန်သလင်းကျောက်၊ သတင်းအချက်အလက်နဲ့ ဆေးပင်တွေ၊ ဒါမှမဟုတ် တစ်ခြားအရာတွေပဲ ဖြစ်ဖြစ်… လူကြီးမင်း လိုချင်တာကို ပြောလိုက်ပါ။ ကျုပ်ဘက်က စိတ်ကျေနပ်လောက်စရာ အဖြေမျိုးပြန်ပေးပါ့မယ်” အဖြူရောင်ဝတ်ရုံလူသည် လေးလေးနက်နက်ပင် ပြောဆိုလိုက်၏။
“ရှာမန်သလင်းကျောက်” စုမင် အေးအေးဆေးဆေး ပြန်အဖြေပေးလိုက်သည်။
“မြူမှုန်ထိုးခွဲတစ်လုံးအတွက် ထိပ်တန်းအရည်အသွေး ရှာမန်သလင်းကျောက် နှစ်သောင်း။ ပြီးတော့… အရေအတွက်အလိုက် ထပ်တိုးပေးပါ့မယ်” အဖြူရောင်ဝတ်ရုံလူက အပြုံးရေးရေးဖြင့် ဆိုသည်။
စုမင်သာ အခြားအရာတစ်ခုခုကို တောင်းဆိုခဲ့မည်ဆိုလျှင် သူယခုလို သဘောတူညီချက်မျိုး ပေးနိုင်မည်မဟုတ်သော်လည်း စုမင်တောင်းဆိုခဲ့သည်က ရှာမန်သလင်းကျောက်များ ဖြစ်နေခဲ့၏။ ရှာမန်ကိုးပါးမျှော်စင်သည်လည်း ရတနာလောင်းကစားပွဲအတွက် ရှာမန်သလင်းကျောက်များစွာ ပြင်ဆင်ထားခဲ့သဖြင့် ယခုလိုပမာဏက သူတို့အတွက် အရှုံးမရှိပါချေ။
“ကျုပ် သိပ်နားမလည်ဘူး။ ဘာကြောင့်… ဒီမြူမှုန်ထိုးခွဲတွေက အရမ်းတန်ဖိုးကြီးနေရတာလဲ” စုမင် မေးကြည့်လိုက်သည်။
“ဟားဟား… လူကြီးမင်းက အဖြေကိုသိလျက်နဲ့ မေးနေတာပဲ။ ဒီမြူမှုန်ထိုးခွဲတွေက ယင်ကိုးပါးဝိညာဥ်တွေရဲ့ အကူအညီကိုရဖို့ ကျုပ်တို့ကို ကူညီပေးနိုင်တယ်လေ။ ပြီးတော့ အဲဒါတွေက ရှားပါးလွန်းလို့ အရမ်းကံကောင်းထောက်မမှသာ တစ်လုံးတစ်လေ ရနိုင်တာဆိုတော့ ဒီလောက် ဈေးကြီးနေတာ ပုံမှန်ပါပဲ”
အဖြူရောင်ဝတ်ရုံလူသည် အပြုံးတစ်ခုဖြင့် အသာအယာ ခေါင်းယမ်းလိုက်ပြီး “လူကြီးမင်းမှာ သုံးလုံးရှိရင် တစ်လုံးကို ရှာမန်သလင်းကျောက် သုံးသောင်းပေးပါ့မယ်။ ကိုးလုံးရှိရင်၊ တစ်လုံးကို ရှာမန်သလင်းကျောက် ငါးသောင်းပေးမယ်။ ကိုးလုံးထက်ပိုရင်တော့ တစ်လုံးစီတိုင်းအတွက် ရှာမန်သလင်းကျောက် ငါးထောင်ဆီ ထပ်တိုးပေးပါမယ်”
“လူကြီးမင်းမှာ ဘယ်နှလုံး ရှိပါသလဲ”
စုမင် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဝါးခမောက်ကြောင့် တစ်ဖက်လူမှ မမြင်လိုက်ရချေ။ ဤလူကမ်းလှမ်းသော ဈေးနှုန်းတွင် မျှော်လင့်ချက်အပြည့် ပါဝင်နေပြီး ၎င်း၏တုန့်ပြန်ပုံအရ မြူမှုန်ထိုးခွဲများကို ယင်ကိုးပါးဝိညာဥ်များ၏ အကာအကွယ်အတွက်သာ သုံးမှာမဟုတ်ကြောင်း စုမင်သေချာသိနေသည်။ ထိုသူ့တွင် ဆေးလုံးများကို အခြားအသုံးပြုစရာ တစ်ခုခုရှိနေပုံပေါ်၏။
စုမင် ခဏတာ တွေးတောကြည့်လိုက်သော်လည်း ယခုအချိန်တွင် သူ့အတွက် ရှာမန်သလင်းကျောက်များစွာ လိုအပ်နေသဖြင့် သံသယများကို ခဏတာဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး “တစ်လုံးအတွက် ရှာမန်သလင်းကျောက် သုံးသောင်းဆိုတဲ့ဈေးက နည်းနေသေးတယ်။ အဲဒါက ကျုပ်တို့ ဆေးလုံးတွေကို လက်လွှတ်ရဖို့အတွက် မလုံလောက်သေးဘူး”
“အိုး… လူကြီးမင်းလည်း မြူမှုန်ထိုးခွဲတွေရဲ့ တန်ဖိုးကို သိနေတာပဲ။ ကျုပ်တို့ ရှာမန်ကိုးပါးမျှော်စင်က…”
အဖြူရောင်ဝတ်ရုံလူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ခေါင်းထဲတွင်တော့ အတွေးတစ်ခုက ဝုန်းခနဲပေါ်လာလေသည်။ စုမင်စကားထဲရှိ ‘ကျူပ်တို့’ ဆိုသောစကားလုံးမှာ သူ့အာရုံကို ဖမ်းစားသွားခဲ့ပြီး စုမင်သည် တစ်ဦးတည်း လှုပ်ရှားနေခြင်း မဟုတ်ပဲ အဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်သည်ဟု ထင်မှတ်သွားခဲ့သည်။ ထိုအတွေးပေါ်လာသည်နှင့် အဖြူရောင်ဝတ်ရုံလူသည် ခေါင်းယမ်းကာ စကားပြန်ပြောလိုက်စဥ်မှာပင် စုမင်၏ အသံတိုးတိုးက သူ့စကားကို ဖြတ်ချသွားခဲ့၏။
“ပုလင်းထဲမှာ မြူမှုန်ထိုးခွဲ သုံးလုံးပဲရှိခဲ့တာ” စုမင် ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် အဖြူရောင်ဝတ်ရုံလူ၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားပြီး မျက်နှာအမူအယာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် အဖြူရောင်ပုလင်းလေးကို မြှောက်ကာ နောက်တစ်ကြိမ်ရှူကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ စဥ်းစားလိုက်၏။
အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး စုမင်ထံ လှမ်းကြည့်လိုက်လေသည်။
“ကျုပ်တွက်ဆမှုအရဆို ဒီပုလင်းထဲမှာ အနည်းဆုံး ဆေးလုံး ခုနစ်လုံးကနေ ရှစ်လုံးအထိရှိရမှာ။ ဒါပေမယ့် မင်းဘက်က သုံးလုံးဆိုတာ သေချာနေမှတော့ သူတို့အရည်အသွေးက ငါတွေ့ဖူးတာတွေထက် အများကြီး သာလွန်နေတဲ့ပုံပဲ”
အဖြူရောင်ဝတ်ရုံလူသည် ခဏတာငြိမ်ကျသွားပြီးမှ “ဒီပုံဆိုရင်တော့ မင်းရဲ့ မြူမှုန်ထိုးခွဲတွေက တစ်ကယ်ကို အရည်အသွေးကောင်းပုံပဲ။ တစ်လုံးကို ရှာမန်သလင်းကျောက် ငါးသောင်း ပေးပါမယ်။ ဒါပေမယ့် ကျုပ် မဆုံးဖြတ်ခင် တစ်ချက်လောက် စစ်ဆေးကြည့်ပါရစေ”
စုမင် ညာလက်ကိုမြှောက်ကာ လက်ဖြန့်လိုက်ပြီး အဖြူရောင်ဝတ်ရုံလူထံ ဝှေ့ယမ်းလိုက်သည်နှင့် ဆေးလုံးတစ်လုံး ပါဝင်သော အစိမ်းရောင်အလင်းတန်းတစ်ခုမှာ ထိုလူဆီ ချက်ချင်းတိုးဝင်သွားသည်။
အဖြူရောင်ဝတ်ရုံလူသည် လက်မြှောက်ကာ ဆွဲယူလိုက်သော်လည်း ဆေးလုံး၏ အရှိန်မှာ ချက်ချင်းမြန်ဆန်သွားပြီး လေကိုသာဖမ်းမိလိုက်၏။ ထို့နောက် ဆေးလုံးသည် သူ၏ မျက်ခုံးအလယ်သို့ တိုးဝင်လာသဖြင့် ထိတ်လန့်သွားစဥ်မှာပင် သူ့မျက်နှာနှင့် သုံးလက်မအဝေး၌ ချက်ချင်းရပ်တန့်သွားပြီး လေထဲ၌ ငြိမ်သက်စွာလွင့်မျောနေလေသည်။
အဖြူရောင်ဝတ်ရုံလူ၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့သည်။ သူသည် ခဏတာတွေဝေနေပြီးနောက် လက်ကိုဖြည်းညှင်းစွာမြှောက်၍ ထိုမြူမှုန်ထိုးခွဲကို ဆွဲယူလိုက်သည်။ စုမင်ထံသို့လည်း သတိကြီးကြီးထားကာ လှမ်းကြည့်လိုက်ချေသည်။
ဤလူစိမ်းသည် မြူမှုန်ထိုးခွဲကို သူ့ထံသို့ ယုံကြည်ချက်ရှိရှိ ပစ်ပေးလိုက်သဖြင့် ထိုသူ့ရင်ထဲ၌ သူ့စွမ်းအားကိုသူ မည်မျှယုံကြည်ချက်ရှိကြောင်း ပေါ်လွင်နေလေသည်။ ယခုလိုအရာမျိုးကို တွေဝေမှုမရှိ လုပ်ဆောင်လိုက်သဖြင့် သူ့အား မိမိမှ တစ်စုံတစ်ရာ အန္တရာယ်ပေးမည်ကိုလည်း ဂရုစိုက်ဟန် မတူပေ။
သို့သော် စုမင်လုပ်လိုက်သည်က ထိုမျှသာဆိုလျှင် သူ့ဘက်မှ ဆက်လက်တွက်ချက်နိုင်သော်လည်း မြူမှုန်ထိုးခွဲ၏ ရုတ်ခြည်းတိုးမြင့်သွားသော အမြန်နှုန်းက သူ့အား ရှောင်တိမ်းရန်ပင် အခွင့်အရေး မပေးခဲ့ချေ။ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုကြောင့် ဝတ်ရုံဖြူလူတစ်ယောက် သူ့ယူဆချက်များကို ယုံကြည်လက်ခံသွားခဲ့ရသည်။
သူသည် ထိုမြူမှုန်ထိုးခွဲကို အနီးသို့ယူကာ သေချာကြည့်လိုက်ပြီး အနံ့ပါခံကြည့်လိုက်၏။ သူ့အမူအယာသည် ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး ထိတ်လန့်မှု၊ အံ့အားသင့်မှုများမှ တစ်ဆင့် မယုံကြည်နိုင်မှုအဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အဆုံးတွင် သက်ပြင်းဖွဖွချလိုက်ပြီး ဘယ်လက်ဖြင့် အင်္ကျီရင်ဘတ်ကြားမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကြည့်လိုက်သည်။
ထိုဆေးလုံးသည် အရွယ်အစားပင်ဖြစ်စေ၊ အရောင်ပင်ဖြစ်စေ စုမင်၏ မြူမှုန်ထိုးခွဲနှင့် မယုံနိုင်လောက်အောင် တူညီနေသော်လည်း ထိုဆေးလုံးများမှ ပေးစွမ်းနေသော ခံစားချက်မှာမူ… တစ်လုံးက မွဲခြောက်ခြောက် ဖြစ်နေပြီး တစ်လုံးက အသက်ဓာတ်အပြည့်ဖြင့် စိုပြေနေ၏။
ဆေးလုံးနှစ်လုံးကြားရှိ အရည်အသွေး ကွာဟချက်မှာ ချက်ချင်းပင် အဆုံးအဖြတ် ပေးနိုင်လေသည်။
အဖြူရောင်ဝတ်ရုံလူသည် ဆေးနှစ်လုံးကို နှိုင်းယှဥ်ကြည့်ပြီးသည်နှင့် သူ့ဆေးလုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရင်ဘတ်ကြားမှ အခြားပစ္စည်းတစ်ခုကို ထပ်မံထုတ်ယူလိုက်သည်။ ထိုအရာမှာ ပန်းထိုးသေတ္တာလေးတစ်လုံး ဖြစ်သည်။ အဘိုးအိုသည် သေတ္တာလေးကို အနီးရှိ ခရမ်းသစ်သားစားပွဲပေါ် တင်လိုက်ပြီး စုမင်ရှေ့မှာပင် ဂရုတစိုက် ဖွင့်လှစ်လိုက်သည်။
ထိုသေတ္တာဆီ လှမ်းကြည့်လိုက်မိသည်နှင့် စုမင်မျက်လုံးတို့ ကျဥ်းမြောင်းသွားခဲ့ရ၏။ သေတ္တာအတွင်း၌ ရှိနေသည်မှာ ရွက်လွှာသုံးခုပါ ဆေးပင်တစ်ပင်ဖြစ်သည်။
ရွက်လွှာသုံးခုထဲရှိ နှစ်ခုမှာ ခြောက်ကပ်နေပုံပေါ်ပြီး ကျန်တစ်ခုမှာ အဆိပ်ရှိမြွေတစ်ကောင်၏ ဦးခေါင်းသဖွယ် ချွန်ထက်နေသော သစ်ရွက်တစ်ခုဖြစ်သည်။ ၎င်းသည်လည်း ခြောက်ကပ်မသွားသေးသော်ငြား အတွင်း၌ အသက်ဓာတ် များများစားစား မကျန်တော့ဟန်ဖြင့် အတော်လေး ညှိုးနွမ်းနေလေသည်။
အဖြူရောင်ဝတ်ရုံလူသည် စုမင်၏ မြူမှုန်ထိုးခွဲကို လက်နှစ်ချောင်းဖြင့် သေချာညှပ်ကိုင်ကာ အသက်ရှိနေသေးသော သစ်ရွက်အနီးသို့ ကပ်သွားလိုက်သည်။ သစ်ရွက်အနီးသို့ မြူမှုန်ထိုးခွဲကို ကပ်လိုက်သည်နှင့် သစ်ရွက်မြွေမှာ ချက်ချင်းခေါင်းထောင်လာပြီး ခက်ရင်းပုံ လျှာလေးကို ထုတ်၍ တရွှီရွှီ အော်မြည်ကာ မြူမှုန်ထိုးခွဲထံ လှမ်းဟပ်လိုက်လေသည်။
အဖြူရောင်ဝတ်ရုံလူသည် ညာလက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး ဘယ်လက်ဖြင့် သေတ္တာအဖုံးကို ဝုန်းခနဲပိတ်ချလိုက်သည်။ သူ့နှုတ်ခမ်းများမှာလည်း အပြုံးတစ်ခုအဖြစ် ချက်ချင်းကွေးတက်သွားလေသည်။
“မှားစရာ အကြောင်းမရှိဘူး။ နဂါးသစ်ရွက်မြက်ကို ဒီလောက် စိတ်လှုပ်ရှားစေနိုင်တယ်ဆိုတော့ သေချာပေါက် မြူမှုန်ထိုးခွဲပဲ။ မင်းမှာ အရည်အသွေး ပြည့်ဝတဲ့ မြူမှုန်ထိုးခွဲတွေ တစ်ကယ်ကို ရှိနေတာပဲ။ ကျုပ်တို့ ရှာမန်ကိုးပါးမျှော်စင်က မင်းရဲ့ ဆေးသုံးလုံးကို တစ်ခုစီအတွက် ရှာမန်သလင်းကျောက် ခုနစ်သောင်းပေးချေပါမယ်။ မင်းမှာ ပိုရှိဦးမယ်ဆိုရင် ကျုပ်ဒီထက်ပိုပြီး ထပ်တိုးပေးနိုင်ပါတယ်” အဖြူရောင်ဝတ်ရုံလူသည် စုမင်၏ အဖြေကိုမျှော်လင့်နေဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
“ကျုပ်မှာ သုံးလုံးပဲရှိတယ်။ တစ်လုံးကို ခုနစ်သောင်းဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ်… ကျုပ် အဲဒီကျောက်တုံးပါ လိုချင်တယ်” စုမင် ပြတ်ပြတ်သားသားပြောလိုက်ပြီး အမွှေးတိုင်သုံးချောင်း အလယ်ရှိ သွေးကျောက်တုံးကို လက်ညှိုးထိုးပြလိုက်သည်။
အဖြူရောင်ဝတ်ရုံလူသည် ခဏမျှတွေဝေသွားပြီး “ဒါက… အဲဒီကျောက်တုံးက အသုံးမဝင်ဘူးဆိုပေမယ့်လည်း ကျုပ်ဝယ်တုန်းက အဲဒါကိုရဖို့ ရှာမန်သလင်းကျောက် အများကြီး သုံးခဲ့ရတယ်… မင်းသာ မြူမှုန်ထိုးခွဲတစ်လုံးလောက် ထပ်ရောင်းပေးနိုင်မယ်ဆိုရင် ကျုပ်တို့ဘက်က အဲဒါကို အပေးအယူတစ်ခု အနေနဲ့ စဥ်းစားပေးပါ့မယ်”
“ကျုပ်မှာ သုံးလုံးပဲရှိတယ်” ထိုလူ ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေသည်ကို မြင်သောအခါ စုမင် အနောက်သို့ လှည့်ထွက်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံ လျှောက်သွားလိုက်သည်။
“နေ… နေပါဦး ညီနောင်။ ကောင်းပါပြီ… ကောင်းပြီ။ ဒီကျောက်တုံးကို မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်တစ်ခု အနေနဲ့ သဘောထားပြီး ကျုပ်မင်းကို ပေးလိုက်ပါ့မယ်” အဖြူရောင်ဝတ်ရုံဖြင့်လူ၏ အသံက စုမင်အနောက်မှ ချက်ချင်း ထွက်ပေါ်လာခဲ့ချေသည်။