အတူတူပဲ
Vol. 32 Ch. 442
စုမင် ခြေလှမ်းများကိုရပ်ကာ ဝတ်ရုံဖြူလူဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ထိူလူသည် ဘယ်လက်ဖြင့် သိုလှောင်အိတ်တစ်ခုကို ရင်ဘတ်ကြားမှ ထုတ်ယူလိုက်သည်။ ထို့နောက် အတွင်းရှိ ပစ္စည်းများကို အလျင်အမြန် ရေတွက်လိုက်ပြီး ထိုအိတ်ကို စုမင်ထံ ပစ်ပေးလိုက်သည်။ စုမင် ထိုအရာကို ဖမ်းယူလိုက်ပြီး အိတ်ထဲသို့ စိတ်အာရုံကို ပို့လွှတ်လိုက်သည်။
သိုလှောင်အိတ်ထဲတွင် ရှာမန်သလင်းကျောက် နှစ်သိန်းတစ်သောင်း ကွက်တိရှိနေ၏။ ဤမျှများပြားသော ငွေကြေးပမာဏသည် ယင်ကိုးပါးလောကထဲရှိ လူများအတွက်မူ ပြောပလောက်စရာ မဟုတ်သော်လည်း စုမင်အတွက်တော့ ဤသည်က သူပိုင်ဆိုင်ဖူးသမျှထဲတွင် ပမာဏအများဆုံး ဖြစ်သည်။
သို့သော် ထိုရှာမန်သလင်းကျောက်များထက်စာလျှင် စုမင်သည် အခန်းအလယ်ရှိ သွေးကျောက်တုံးကြီးကို ပိုစိတ်ဝင်စားနေမိ၏။ သူသည် အဖြူရောင်ဝတ်ရုံလူ၏ မျက်စိရှေ့မှာပင် သွေးကျောက်တုံးထံ လျှောက်သွားလိုက်ပြီး ညာလက်ကိုဝှေ့ယမ်းကာ ဧရာမသွေးကျောက်တုံးကြီးကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။ သို့သော် စုမင်သည် သတိကြီးကြီးထားလျက် ထိုကျောက်တုံးကို အနက်ရောင်လူတူသတ္တဝါ ရှိသော သိုလှောင်အိတ်ထဲသို့ မထည့်ခဲ့ပါချေ။
သွေးကျောက်တုံးကို သိမ်းဆည်းပြီးသည်နှင့် စုမင်သည် ကျန်မြူမှုန်ထိုးခွဲများကို ရင်ဘတ်ကြားမှ ထုတ်ယူလိုက်ပြီး လက်ကောက်ဝတ်ကို ဆတ်ခနဲလှည့်လိုက်သည်နှင့် မြူမှုန်ထိုးခွဲများမှာ ဝတ်ရုံဖြူလူထံ ချက်ချင်းပျံသန်းသွားခဲ့သည်။ ဆေးလုံးများကို ထိုလူဖမ်းယူလိုက်သည်နှင့် စုမင် အနောက်သို့လှည့်ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီ လျှောက်သွားလိုက်သည်။
အစီအရင်ထံမှ အလင်းတစ်ချက် တောက်ပသွားပြီး စုမင် ပျောက်ကွယ်သွားသည်နှင့် အဖြူရောင်ဝတ်ရုံဖြင့်လူ၏ မျက်နှာအမူအယာမှာ မည်းမှောင်သွားခဲ့သည်။ သူ့ပုံစံသည် တစ်စုံတစ်ရာကိုလုပ်ရန် တွေဝေနေစဥ်မှာပင် သူ့နောက်ရှိ လေထုမှာပုံပျက်သွားပြီး မြွေခေါင်းပုံ တောင်ဝှေးတစ်ချောင်း ကိုင်ထားသော အနက်ရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ဦး ပေါ်လာခဲ့သည်။
အဖြူရောင်ဝတ်ရုံလူသည် တလေးတစားဖြင့် အဘိုးအိုအား ချက်ချင်း ခေါင်းငုံ့ကာ ဦးညွှတ်လိုက်သည်။
အဘိုးအိုသည် စုမင်ထွက်ခွာသွားရာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီ လှမ်းကြည့်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။ “ဒီလူရဲ့ စွမ်းအားက အရမ်းထူးခြားတယ်။ ငါတောင် သူ့ဆီက ခြိမ်းခြောက်မှုမျိုး ခံစားလိုက်ရတယ်။ တစ်ခုခုလုပ်ဖို့ မစဥ်းစားနဲ့”
အဖြူရောင်ဝတ်ရုံလူသည် ခေါင်းမော့ကာ စိတ်ရှုပ်ထွေးစွာဖြင့် “သူက အရှင့်အတွက်တောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ ခံစားရတာလား။ ဒါ… ဒါဆို သူက အဆုံးသတ်ရှာမန် တစ်ယောက်များ ဖြစ်နေမလား”
အဘိုးအိုသည် ခဏတာ စဥ်းစားလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်မေးလိုက်သည်။ “ဖြစ်နိုင်ပါတယ်။ ဒါနဲ့ မင်းရဲ့ သွေးကျောက်တုံးကိစ္စက ဘယ်လိုဖြစ်သွားတာလဲ။ ပြီးတော့… ငါတို့ မြူမှုန်ထိုးခွဲ ဘယ်နှလုံးလောက် လိုသေးလဲ”
“အဲဒီ သွေးကျောက်တုံးကို အရင်က ကံကောင်းပြီး ရရှိခဲ့တာပါ အရှင်။ အဲဒါက အရင် ရတနာလောင်းကစားပွဲတစ်ခုက သွေးကျောက်တုံးတစ်တုံးပါ။ ပထမတော့ အဲဒါကို စစ်ဆေးခွဲဖြာကြည့်ချင်ခဲ့ပေမယ် အထဲမှာ ဘာမှရှိမနေပါဘူး။ အဲဒါက အသုံးမဝင်တဲ့ ကျောက်တုံးတစ်ခု သက်သက်ပါပဲ”
“မြူမှုန်ထိုးခွဲကတော့ ဒီနေ့ ရလိုက်တဲ့ သုံးလုံးနဲ့ဆိုရင် နောက်နှစ်လုံးထပ်ရလိုက်တာနဲ့ ကျုပ်တို့ အဆင်သင့်ဖြစ်ပါပြီ” ဝတ်ရုံဖြူလူမှ ချက်ချင်းပြန်ဖြေလိုက်သည်။
“နောက်နှစ်လုံးလား…” အဘိုးအိုသည် ခဏမျှ ငြိမ်သက်နေပြီးနောက် နောက်လှည့်ကာ ပုံပျက်နေသော လေထုထဲသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
အခြားတစ်ဖက်ရှိ စုမင်သည် ရှာမန်ကိုးပါးမျှော်စင်မှ ထွက်ခွာလာပြီးနောက် တည်းခိုဆောင်ရှိရာသို့ ချက်ချင်းမပြန်ပဲ ရှာမန်မြို့တော်အနှံ့ လျှောက်ပတ်ကြည့်နေလိုက်သည်။ နတ်ဘုရားစိတ်အာရုံကိုလည်း ဖြန့်ကျက်ထားပြီး သူ့နောက်သို့ လိုက်ပါလာသူမရှိကြောင်း သေချာမှသာ နဂိုမူလ အသွင်အပြင်သို့ ပြောင်းလဲလိုက်ပြီး အနက်ရောင်မျက်နှာဖုံးကို ပြန်လည်တပ်ဆင်လိုက်သည်။ ထို့နောက် သူသည် ရှာမန်မြို့တော်ထဲရှိ ဆိုင်ပေါင်းများစွာသို့ဝင်၍ ရှာမန်သလင်းကျောက် တစ်သိန်းခန့်အကုန်ခံကာ လိုအပ်သောဆေးပင်များကို ဝယ်ယူလိုက်ပြီး ညနေစောင်းသောအခါမှ တည်းခိုဆောင်သို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။
သူ အခန်းထဲသို့ ပြန်ရောက်ချိန်တွင် အပြင်မှာ အနည်းငယ်ပင် မှောင်နေခဲ့ချေပြီ။ စုမင်သည် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ထိုဧရိယာတစ်ဝိုက်သို့ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားလိုက်သည်။ ထို့နောက် အသက်ဝဝရှူလိုက်ကာ အေးခဲကောင်းကင်အပြင်ရှိ လေလံပွဲမှရခဲ့သော ကျောက်တုံးကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။ ကျောက်တုံးထဲရှိ တင်ပျဥ်ခွေထိုင်နေသော အနက်ရောင် လူတူသတ္တဝါလေးကို စုမင် သေချာစိုက်ကြည့်လိုက်မိသည်။
“ဒီအရာက ဘာများဖြစ်နေမလဲ… သူ့လက်ချောင်းက ‘နတ်မင်းကြိုဆို’ ဖော်စပ်ဖို့ လိုအပ်တဲ့ အဓိက ပါဝင်ပစ္စည်းတွေထဲက တစ်ခုဆိုတာပဲ ငါသိထားတာ” စုမင် တီးတိုးရေရွတ်လိုက်ပြီး အနက်ရောင်သတ္တဝါလေးကို သေချာအနီးကပ်လေ့လာကြည့်လိုက်၏။
ဤကျောက်တုံးတွင် သွေးကျောက်တုံးကဲ့သို့ ဂုဏ်သတ္တိတစ်ချို့ ရှိနေပုံရပြီး သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် သေချာစစ်ဆေးကြည့်ရန် မလွယ်ချေ။ ယခင်က ဤကျောက်တုံးနှင့် သွေးကျောက်တုံးအကြား မဆက်စပ်မိခဲ့သော်လည်း ယခုကြည့်သောအခါတွင်မှ ၎င်းတို့နှစ်ခုမှာ ပိုပိုတူလာချေသည်။
တစ်ခဏကြာပြီးနောက် ကျောက်တုံးထံမှ စုမင် အကြည့်ပြန်လွှဲလိုက်ပြီး ညာလက်ဖြင့် အခြားသိုလှောင်အိတ်တစ်ခုကို ပုတ်လိုက်ရာ သူ့ရှေ့တွင် တောက်ပသော အနီရောင်အလင်းနှင့်အတူ ရှာမန်ကိုးပါးမျှော်စင်မှ ယူလာသော ဧရာမသွေးကျောက်တုံးကြီး ထွက်ပေါ်လာခဲ့သည်။
သွေးကျောက်တုံးပေါ်လာသည်နှင့် အခြားကျောက်တုံးထဲရှိ အနက်ရောင်လူတူသတ္တဝါသည် မျက်လုံးများဖွင့်ရန် ကြိုးစားနေဟန်ဖြင့် တဆတ်ဆတ် တုန်ယင်လာကြောင်း စုမင်ချက်ချင်း သတိပြုလိုက်မိ၏။ ၎င်း၏ နံဖူးအလယ်ရှိရုပ်ပုံမှာ စတင်တောက်ပလာပြီး အဆိပ်ပြင်း မြွေခေါင်းပုံ ရွက်လွှာခုနစ်ခု၏ ပုံက တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
အနက်ရောင် လူတူသတ္တဝါသည် အချိန်နှင့်အမျှ ပိုမိုပြင်းထန်စွာ တုန်ခါလာပြီး ရေထဲသို့ ကျသွားသော မှင်တစ်စက်သဖွယ် ၎င်း၏ ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များပင် အပြင်သို့ စိမ့်ထွက်ပျံ့နှံ့လာခဲ့သည်။
ထိုအချိန်တွင် စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားပြီး အန္တရာယ်ဟူသော အသိက သူ့နှလုံးသားထဲတွင် ရုတ်ခြည်းဖြစ်ပေါ်လာခဲ့သည်။
“ငါ့ကို ပေးစမ်း… ငါ့ကိုပေး…” ရုတ်ခြည်းဆိုသလိုပင် မုန်းတီးမှုအပြည့်ဖြင့် ခြောက်ခြားဖွယ်အသံတစ်ခု စုမင်ခေါင်းထဲ၌ ချက်ချင်းပေါ်လာခဲ့သည်။ ထိုအသံပေါ်လာသည်နှင့် အခန်းထဲသို့ စုမင်ဖြန့်ကျက်ထားသော နတ်ဘုရားစိတ်အာရုံမှာ ကြောက်မက်ဖွယ်အေးစက်မှုတစ်ခုကို ချက်ချင်းခံစားလိုက်မိ၏။ ထိုအသံသည် ရှေးကျသော အချိန်တစ်ခုမှ ပျံ့လွင့်လာပုံပေါ်ပြီး အသံထဲတွင် အချိန်နှင့် ကာလတရားတို့၏ အငွေ့အသက်များ အပြည့်ပါဝင်နေသည်။ ထိုအသံသည် ကြားလိုက်ရသူတိုင်းကိုပင် တစ်ဖြည်းဖြည်း ပုပ်သိုးဆွေးမြေ့သွားစေသလို ခံစားရစေ၏။
“ငါ့ကို… ပေးပါ… ငါ မင်းကို ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုပေးမယ်လို့ ကတိပေးတယ်… ငါမင်းကို အရိုသေလေးစားခံရဆုံး ဘဝတစ်ခုလည်း ပေးနိုင်တယ်… ငါ့ကို… ပေးပါ…”
အသံထဲတွင် ထူးခြားဆန်းကြယ်သော စွမ်းအားတစ်မျိုး ပါဝင်နေ၏။ ထိုအသံပျံ့လွင့်လာသည်နှင့် စုမင်၏ နတ်ဘုရားစိတ်အာရုံကို လှိုင်းထသွားစေပြီး အခန်းတွင်းရှိ ပစ္စည်းအားလုံး၏ မူရင်းပုံစံမှာ ပျောက်ဆုံးဝေဝါးလာခဲ့သည်။
စုမင် အကြည့်များက စူးရှသွားသည်။ နတ်ဘုရားစိတ်အာရုံထံမှ တုန်လှုပ်ခြောက်ခြားမှုကို ခံစားမိသည်နှင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထိုအသံ အပြင်သို့ပျံ့လွင့်လာမည့် အရေးမှ တားဆီးလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် လူတူသတ္တဝါပါသော ကျောက်တုံးကို သိုလှောင်အိတ်ထဲသို့ ချက်ချင်းပြန်ထည့်ကာ အိတ်အပြင်မှ နတ်ဘုရားစိတ်အာရုံဖြင့် ထပ်မံစည်းချလိုက်သည်။
“ငါ့ကို ပေးပါ… ငါ့ကို… ပေးပါ… ငါ့ကို… ပေး…” သိုလှောင်အိတ်ထဲမှ အသံသည် အချိန်အတော်ကြာပြီးနောက် တစ်ဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ စုမင်၏ စောင့်ကြည့်မှုအောက်မှာပင် အနက်ရောင် လူတူသတ္တဝါလေးမှာလည်း တစ်ဖြည်းဖြည်း ငြိမ်ကျသွားခဲ့၏။ အပြင်သို့ ပျံ့နှံ့လာသော အနက်ရောင်အခိုးအငွေ့များမှာလည်း နောက်သို့ ဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာသွားပြီး လူတူသတ္တဝါလေး၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။
အနက်ရောင် အခိုးအငွေ့များ ပျောက်ကွယ်သွားသည်နှင့် စုမင်ခံစားနေရသော အန္တရာယ်အသိမှာလည်း ပြန်လည်ပျောက်ကွယ်သွားသည်။ စုမင် မျက်ဝန်းတို့ တောက်ပသွားပြီး ဘေးဘီဝဲယာသို့ ပြန်ကြည့်လိုက်မိသည်နှင့် စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားရတော့သည်။ အခန်းထဲရှိ အရာအားလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ စုမင် မျက်စိရှေ့မှာပင် ထိုဖုန်မှုန့်များသည် မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။
အခန်းတစ်ခုလုံး ဗလာဖြစ်လျက်…
စုမင်ရှေ့ရှိ သွေးကျောက်တုံးတစ်ခုတည်းသာ မားမားမတ်မတ် ကျန်ရစ်ခဲ့၏။ ၎င်းအပေါ်တွင်တော့ ပြောင်းလဲမှုတစ်စုံတစ်ရာပင် မတွေ့ရချေ။
စုမင်တစ်ယောက် မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာ ငြိမ်ကျသွားခဲ့သည်။ ဤသည်မှာ ထိုအနက်ရောင် လူတူသတ္တဝါလေး၏ အသံကို စုမင် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ မူလက ထိုအရာတွင် အသက်မရှိတော့ဟု သူထင်ခဲ့မိသော်လည်း ယခုတော့ ထိုသို့ ဟုတ်ဟန်မတူပေ…
‘အဲဒီ အနက်ရောင် လူတူသတ္တဝါက ဘာများလဲ… ဘာလို့ ဒီသွေးကျောက်တုံးကို မြင်တဲ့အချိန်မှာ အရမ်းပြောင်းလဲသွားရတာလဲ… သူ့နံဖူးအလယ်မှာ ပေါ်လာတဲ့ တောက်ပနေတဲ့ရုပ်ပုံက ဒီသွေးကျောက်တုံးထဲမှာ ရှိနေတဲ့ဟာများ ဖြစ်နေမလား’ စုမင် သွေးကျောက်တုံးကို ကြည့်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်ဟန် အမူအယာမျိုး ပေါ်လာခဲ့သည်။
‘အခုလောလောဆယ်တော့ အဲဒီ အနက်ရောင်လူတူသတ္တဝါက ဘာလဲ မစဥ်းစားလို့ရသေးတယ်။ သွေးကျောက်တုံးကိုတော့… အဲဒါသာ ဗလာဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့်… အဲဒီအထဲမှာသာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ဆေးပင်တစ်ပင် ရှိနေပြီး၊ အဲဒါက လူတူသတ္တဝါရဲ့ နံဖူးအလယ်က ရုပ်ပုံထဲမှာရှိတဲ့ ဆေးပင်သာဖြစ်နေမယ်ဆိုရင်…”
စုမင် မတ်တပ်ထရပ်ကာ သွေးကျောက်တုံးအနီးသို့ ကပ်သွားလိုက်သည်။ ၎င်းကို အနည်းငယ်ခန့် လေ့လာကြည့်လိုက်ပြီး ညာလက်ဖြင့် ရိုက်ချလိုက်ရာ သွေးကျောက်တုံးမှာ ချက်ချင်းတုန်ခါလာပြီး အချပ်အချပ်များ ပဲ့ကျလာသည်။
စုမင် မျက်မှောင်ကြုတ်သွားမိသည်။ ထိုလက်ဝါးရိုက်ချက်၏ ခွန်အားသည် တောင်များကိုဖြိုကာ ကျောက်တုံးများကိုခွဲရန် လုံလောက်နေပြီ ဖြစ်သော်လည်း ထိုသွေးကျောက်တုံး၏ အပြင်လွှာမှ အပိုင်းငယ်လေးကိုသာ ကွာကျသွားစေခဲ့သည်။
သွေးကျောက်တုံးပေါ်ရှိ များပြားလှသော အပေါက်ငယ်များကို ကြည့်လိုက်ပြီး စုမင် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။ သူ့နံဖူးမှ အစိမ်းရောင်အလင်းတစ်ချက် တောက်ပသွားပြီး ကျောက်စိမ်းဓားရှည်မှာ ချက်ချင်းပျံထွက်လာသည်။ ထို့နောက် ၎င်းထံမှ အစိမ်းရောင်အလင်းတို့ တောက်ပလာပြီး လေထုကို ထိုးခွင်းသံနှင့်အတူ ရှေ့သို့တိုးဝင်သွားကာ သွေးကျောက်တုံးကို ခုတ်ချလိုက်သည်။
ထိုခုတ်ချက်ကြောင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ချက်ချင်းထွက်ပေါ်လာသည်။ စုမင်သာ သူ့ပတ်ပတ်လည်ကို နတ်ဘုရားစိတ်အာရုံဖြင့် ပိတ်လှောင်မထားမိလျှင် ထိုအသံများကို တည်းခိုဆောင်တစ်ခုလုံး ချက်ချင်း ကြားလိုက်ရပေလိမ့်မည်။
ပေါက်ကွဲသံများ ငြိမ်ကျသွားသည်နှင့် စုမင် ကျောက်စိမ်းဓားရှည်ကို ပြန်မြှောက်လိုက်သည်။ သူ့ရှေ့ရှိ သွေးကျောက်တုံး၏ အပြင်လွှာတွင် သုံးလက်မခန့်နက်သော အက်ကြောင်းတစ်ခု ရှိနေလေသည်။ ထိုအခြင်းအရာကို မြင်သောအခါ စုမင်၏ မျက်နှာအမူအယာပင် ပြောင်းလဲသွားခဲ့ရသည်။
‘မာလိုက်တဲ့ ကျောက်တုံး’ စုမင် ခဏမျှ ငြိမ်သက်သွားပြီးနောက် ညာလက်ကိုမြှောက်ကာ ကျောက်စိမ်းဓားရှည်ကို ညွှန်ပြလိုက်သည်။ ၎င်းသည် သွေးကျောက်တုံးအနီးသို့ ထပ်မံချဥ်းကပ်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဓားရှည်သည် ကျောက်တုံးကိုခုတ်မချတော့ပဲ ထိုအစား ကျောက်တုံးကို ထိုးဖောက်ချင်ဟန်ဖြင့် ကျောက်တုံးထဲသို့ စိုက်ဝင်သွားလေသည်။
ဝုန်းခနဲမြည်သံနှင့်အတူ ဓားရှည်သည် ဓားရိုးသာကျန်သည်အထိ ကျောက်တုံးထဲသို့ နက်ရှိုင်းစွာ ဖောက်ဝင်သွားသည်။ ဤမြင်ကွင်းသည် စုမင်မျက်လုံးများကို တောက်ပသွားစေ၏။ တစ်ခဏကြာပြီးနောက် ဓားရှည်သည် ပျံထွက်လာပြီး နေရာပြောင်းကာ ကျောက်တုံးကို ထပ်မံထိုးစိုက်ချလိုက်ပြန်၏။
စုမင်သည် ထိုအပေါက်ဖောက်သော လုပ်ငန်းစဥ်ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ၎င်းအပေါက်ငယ်များသည် သွေးကျောက်တုံး၏ အလယ်တည့်တည့်မှ ထက်ခြမ်းခွဲပစ်နိုင်သည့် မျဥ်းတစ်ကြောင်းသဖွယ် ဖြစ်ပေါ်လာမှသာ ရပ်တန့်သွားခဲ့၏။
‘ဒီကျောက်တုံးက တစ်ကယ်ကို ထူးဆန်းတာပဲ။ ခုတ်ချဖို့ ကြိုးစားရင်ကျ၊ သုံးလက်မပဲ ခုတ်နိုင်ပေမယ့် ဓားရှည်ထိပ်နဲ့ အပေါက်ဖောက်ဖို့ ကြိုးစားတဲ့အခါကျ အများကြီး ပိုလွယ်သွားတယ်…’
စုမင်သည် ညာလက်ဖြင့် အစီအရင်တစ်ခု ပြုလုပ်လိုက်ပြီး ဓားရှည်ကို ညွှန်ပြလိုက်သည်။ ဓားရှည်သည် လေထဲသို့မြောက်တက်လာပြီး အလင်းတို့နှင့်အတူ အလျင်အမြန်ပင် ကြီးမားလာသည်။ ထို့နောက် ဆယ်ပေခန့်ရှည်လျားသော ဓားရှည်ကြီးတစ်ချောင်း ဖြစ်လာသည်နှင့် အပေါက်ငယ်များ စီတန်းနေသော မျဥ်းကြောင်းရှိရာ သွေးကျောက်တုံး၏ အလယ်တည့်တည့်သို့ ခုတ်ချလိုက်တော့သည်။
ထိုဓားချက်ကြောင့် တဝုန်းဝုန်းပေါက်ကွဲသံများနှင့်အတူ အက်ကွဲသံများ ထွက်ပေါ်လာသည်။ အပေါက်ငယ်များကြားရှိ နေရာလွတ်များမှာ အက်ကြောင်းထလာပြီး အပေါက်များ ဆက်စပ်သွားကြသည်။ ပေါက်ကွဲသံများ ငြိမ်သက်သွားပြီးနောက်၊ ကျောက်စိမ်းဓားရှည်၏ အသွားထက်ထက်ကြောင့် စုမင် ၎င်းကို ပြန်ဆွဲနှုတ်လိုက်သည်နှင့် သွေးကျောက်တုံးမှာ တုန်ခါလာပြီး အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲကျသွားခဲ့သည်။
အပိုင်းနှစ်ခုလုံး၏ အလယ်ဗဟိုမှာ လွတ်နေ၏။ ထိုအပိုင်းနှစ်ခုကိုသာ ဆက်ထားမည်ဆိုလျှင် အလယ်ဗဟို၌ လုံးဝန်းသောနေရာလွတ်တစ်ခု ပေါ်လာပေလိမ့်မည်။ ယခုပုံစံအရ တစ်စုံတစ်ယောက်သည် နည်းလမ်းတစ်မျိုးမျိုးသုံး၍ ကျောက်တုံး၏ ထိုနေရာကို ထုတ်ယူထားခဲ့ပုံပင်…
စုမင် ရှေ့တိုးကာ သွေးကျောက်တုံး၏ အခြမ်းနှစ်ခြမ်းကို စိုက်ကြည့်လိုက်သည်။ အဆုံးတွင် သူ့အကြည့်များသည် ကျောက်တုံး၏ ညာဘက်ခြမ်းပေါ် ကျရောက်သွားခဲ့၏။ သူရရှိခဲ့သော ဆေးရနံ့ဖျော့ဖျော့သည် ထိုအခြမ်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ခဏမျှ လေးလေးနက်နက် စဥ်းစားပြီးနောက် စုမင် ကျောက်စိမ်းဓားရှည်ကို ထိန်းချုပ်ကာ ကျောက်တုံး၏ ညာဘက်ခြမ်းကို ယခင်တစ်ကြိမ်လိုပင် ခုတ်ချလိုက်သည်။ ကျောက်တုံး၏ ညာဘက်ခြမ်းကို အစိတ်အပိုင်း ရှစ်ခု ပိုင်းချပြီးသည်နှင့် စုမင် ၎င်းတို့အထဲမှ တစ်ခုကို ကောက်ယူလိုက်သည်။
ဤသည်မှာ လက်ဖဝါးနှစ်ဖက်စာ အရွယ်ရှိသော မညီမညာအပိုင်းတစ်ခု ဖြစ်သည်။ စုမင် ၎င်းကို ကောက်ကိုင်မိသည်နှင့် ဆေးရနံ့ဖျော့ဖျာ့က နှာခေါင်းဝသို့ တိုးဝင်လာသည်။ ထိုရနံ့၏ အရင်းအမြစ်သည် အမှန်တစ်ကယ်ပင် ဤအပိုင်းထဲ၌ ရှိနေခြင်းဖြစ်သည်။
အမှန်စင်စစ် စုမင် ကြည့်နေသောနေရာတွင် ပဲ့နေသော သစ်ရွက်တစ်ရွက်ကိုပင် မြင်နေရ၏။ ကျောက်ဖြစ်နေပြီးဖြစ်သော ထိုသစ်ရွက်နှင့် ကျောက်တုံးမှာ တစ်သားတည်းဖြစ်နေပြီဖြစ်သော်ငြား သေချာဂရုစိုက်ကြည့်လျှင်မူ သစ်ရွက်ပုံကို မြင်နေရဆဲ ဖြစ်သည်…
စုမင် ကျောက်တုံးကို ခုတ်ချလိုက်စဥ်က ထိုသစ်ရွက်၏ ထောင့်စွန်းကို ခုတ်ဖြတ်မိခဲ့ပုံပင်…
စုမင် လက်တစ်ဖက်ဖြင့် ထိုကျောက်တုံးကိုကိုင်ကာ ကျန်တစ်ဖက်ဖြင့် အကြိမ်ကြိမ် ရိုက်ချလိုက်သည်။ သူ့ရိုက်ချက်များမှာ အလွန်တရာ သိမ်မွေ့ညင်သာလှသည်။ ကျောက်တုံးမှ အချပ်အချပ်များ ကွာကျလာပြီး တစ်ဖြည်းဖြည်းဖြင့် ထိုကျောက်တုံးအပိုင်းမှာ ပိုမိုသေးငယ်လာလေသည်။ နှစ်နာရီခန့် ကြာပြီးနောက်၊ စုမင်လက်ထဲတွင် ယခင်ရှိခဲ့သော ကျောက်တုံးအပိုင်း၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။
စုမင်သည် ထိုအရာကို ငေးစိုက်ကြည့်နေမိပြီး သူ့မျက်လုံးများမှာ တစ်ဖြည်းဖြည်း စူးရှတောက်ပလာခဲ့သည်။ သူ့လက်ထဲရှိ ကျောက်တုံးအပိုင်းမှာ ယခင်လို နီစွေးစွေးအရောင် မဟုတ်တော့ပဲ ထွင်းဖောက်မြင်ရသည်အထိ ကြည်လင်နေခဲ့ချေပြီ…
ထိုထွင်းဖာက်မြင်နေရသော ပုံစံသည် အနက်ရောင် လူတူသတ္တဝါလေးပါသော ကျောက်တုံးနှင့် တစ်ပုံစံတည်းပင်…
ထွင်းဖောက်မြင်နေရသော ကျောက်တုံးထဲတွင် ရှိနေသည်မှာ ရွက်လွှာခုနစ်ခုပါ ဆေးပင်တစ်ပင် ဖြစ်သည်။ ရွက်လွှာခြောက်ခုမှာ အသက်ဓာတ်ကင်းမဲ့နေပြီဖြစ်ပြီး ကျောက်တုံးမျက်နှာပြင်နှင့် ထိစပ်နေသော တစ်ခုဆိုလျှင် အရွက်ထောင့်စွန်းလေးပင် မရှိတော့ချေ။
သို့သော် မြွေတစ်ကောင်နှင့်တူသော ထိပ်ဖျားရှိသည့် ကျန်အရွက်ရှည်တစ်ခုမှာမူ ကျောက်တုံးထဲတွင် ပိတ်လှောင်ခံထားရလင့်ကစား အသက်ရှင်နေသေးသော ပုံစံမျိုး ဖြစ်နေလေသည်။