← Chapters

သန့်စင်မွန်မြတ်ခြင်းကိုးပါး လောက

Vol. 32 Ch. 443

သန့်စင်မွန်မြတ်ခြင်းကိုးပါး လောက

Vol. 32 Ch. 443

အနက်ရောင် လူတူသတ္တဝါငယ်လေးပါသော ကျောက်တုံးနှင့် သူ့လက်ထဲရှိ ကျောက်တုံးတို့ကိုသာ စုမင်ယှဥ်ကြည့်လိုက်မည်ဆိုလျှင် ကျောက်တုံးနှစ်တုံး၏ ထွင်းဖောက်မြင်နေရမှု၊ ပုံပန်းသဏ္ဍာန်တို့မှာ အတူတူပင်ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ ကွာခြားချက်ဟူ၍ ကြီးမားသောကျောက်တုံးထဲတွင် အနက်ရောင် လူတူသတ္တဝါငယ်လေး ပါပြီး သေးငယ်သောကျောက်တုံးထဲတွင် ရှိနေသည်က ဆေးပင်တစ်ပင် ဖြစ်နေခြင်းပင်။

‘အနက်ရောင် လူတူသတ္တဝါက ဒီနေရာကနေ လာခဲ့တာပဲ။ နတ်မင်းကြိုဆို ဖော်စပ်ဖို့လိုတဲ့ ပစ္စည်းတွေက ဘာကြောင့်များ ရှာရခက်ပါလိမ့်လို့ ငါတွေးနေခဲ့တာ။ ဟန်တောင်တန်းမြို့တော်ကနေ ကံကောင်းထောက်မပြီးရခဲ့တဲ့ ပင့်ကူရဲ့ နဝမခြေချောင်းကလွဲလို့ အနက်ရောင်လူတူသတ္တဝါက ဒီနေရာကနေ ပေါ်ထွက်လာပြီ’

‘ဒီလိုသာဆိုရင် စပါးအုံးမြွေရဲ့ အမြီးကြေးခွံကိုလည်း ဒီနေရာမှာ ရှာတွေ့နိုင်လောက်တယ်။ ကြည့်ရတာတော့ နတ်မင်းကြိုဆို ဖော်စပ်ဖို့လိုတဲ့ ပစ္စည်းအကုန်လုံးကို ယင်ကိုးပါးလောကမှာတင် စုဆောင်းသွားနိုင်မယ်ထင်တယ်’

စုမင်သည် လက်ထဲရှိ ထွင်းဖောက်မြင်နေရသော ကျောက်တုံးထဲမှ ရွက်လွှာခုနစ်ခုပါ ဆေးပင်ကို ငုံ့ကြည့်လိုက်သည်။ ထိုဆေးပင်၏ ပုံစံသည် ယနေ့အစောပိုင်းက ရှာမန်ကိုးပါးမျှော်စင်ထဲတွင် သူမြင်ခဲ့သော ဆေးပင်နှင့် ပုံစံချင်း အလွန်တူနေ၏။ တစ်ခုတည်းသော ကွာခြားချက်ဟူ၍ ဤဆေးပင်တွင် ရွက်လွှာခုနစ်ခု ရှိနေပြီး အဖြူရောင်ဝတ်ရုံလူ၏ ဆေးပင်တွင်မူ ရွက်လွှာသုံးခုသာ ရှိနေခဲ့ခြင်းဖြစ်သည်။

အသက်ရှိနေသေးသော အရွက်ချင်း ယှဥ်ကြည့်လိုက်လျှင်ပင် အဖြူရောင်ဝတ်ရုံလူထံမှ ဆေးရွက်မှာ သိသိသာသာပင် ညှိုးနွမ်းခြောက်သွေ့နေခဲ့ပြီဖြစ်သော်ငြား စုမင်လက်ထဲရှိ ဆေးပင်မှာမူ အသက်ဓာတ်အပြည့်ဖြင့် လတ်ဆတ်နေလေသည်။ ဆေးပင်ကို ဆက်လက်လေ့လာကြည့်ရင်း တစ်စုံတစ်ရာက စုမင်အာရုံကို ဖမ်းစားသွားခဲ့သည်။ သူ့လက်ထဲရှိဆေးပင်မှ ရွက်လွှာခြောက်ခုပေါ်တွင် ကိုက်ဖြတ်ဆုတ်ဖြဲခံထားရသော လက္ခဏာရပ်များကို ထင်ထင်ရှားရှား မြင်နေရလေသည်။

ထိုကိုက်ရာများမှာ အဆိပ်ပြင်းမြွေတစ်ကောင်၏ ကိုက်ရာများလိုပင်…

လန်းဆန်းတက်ကြွနေသော ရွက်လွှာကို ကြည့်လိုက်မိချိန်တွင် စုမင်ခေါင်းထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းထဲတွင် ဤနဂါးသစ်ရွက်မြက်သည် သွေးကျောက်တုံးထဲ၌ ချိပ်ပိတ်ခံထားရ၏။ ၎င်းသည် အဆုံးမရှိသော အချိန်ကာလရှည်ကြီးကို ဖြတ်ကျော်နိုင်ရန်အတွက် နံဘေးရှိ သစ်ရွက်များထဲမှ တစ်ခုကို ကိုက်ချလိုက်ပြီး ၎င်းထံမှ အသက်ဓာတ်များကို စုပ်ယူလိုက်၏။ အချိန်တစ်ချို့ ကုန်လွန်သွားပြီးနောက် ၎င်းသည် နောက်ရွက်လွှာတစ်ခုကို ထပ်ကိုက်ချလိုက်ပြန်သည်။ ဤသို့ဖြင့် တစ်ရွက်ပြီးတစ်ရွက် ကိုက်ဖြတ်ရင်း တစ်ဖြည်းဖြည်း ရှင်သန် အသက်ဆက်နိုင်ခဲ့လေသည်။

“အဲဒီလိုဆိုရင်တော့ သူဘယ်လိုအသက်ရှင်နိုင်ခဲ့လဲ ငါနားလည်ပေမယ့်… ပုံစံကြည့်ရတာတော့ အဲဒီလိုမဟုတ်သလိုပဲ” စုမင် တီးတိုးရေရွတ်လိုက်သည်။ နဂါးသစ်ရွက်မြက်သည် ထွင်းဖောက်မြင်နေရသော ကျောက်တုံးအတွင်း ရှိနေသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ အရှိန်အဝါကို စုမင်ခံစားမိနေသည်။

သို့သော် ဤသည်က ဆေးပင်တစ်ခုသာပင်…

ဖြစ်နိုင်သည်မှာ စုမင်ခံစားနေရသော သားရဲတစ်ကောင်သဖွယ် ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါသည် ဤဆေးပင်ကို ပိတ်လှောင်ထားစဥ်အတွင်း ထိုအသက်ရှင်နေသော သစ်ရွက်မှ အခြားအရွက်များကို အလျင်အမြန် သတ်ဖြတ်ကာ ၎င်းတို့ထံမှ အဆီအနှစ်များကို စုပ်ယူခဲ့ခြင်းကြောင့် ဖြစ်နိုင်လောက်၏။ ထိုသို့ သတ်ဖြတ်လိုက်ခြင်းဖြင့် ရေသောက်မြစ်ထံမှ အာဟာရများကိုလည်း အခြားအရွက်များနှင့် ခွဲဝေနေစရာ မလိုတော့ပေ။ ဤသို့ဖြင့် ၎င်းအတွက် အသက်ရှင်နိုင်ရန် အခွင့်အလမ်းမှာလည်း ပိုမိုများပြားလာလေသည်။

စုမင်တစ်ယောက် သူ့လက်ထဲရှိ ဆေးပင်တန်ဖိုးကို မသိသလို ဤဆေးပင်၏ အသုံးဝင်ပုံကိုလည်း သူမသိချေ။ သူသိတာဟူ၍ အဖြူရောင်ဝတ်ရုံလူသည် သူ့မြူမှုန်ထိုးခွဲများ အစစ်ဟုတ်မဟုတ် စစ်ဆေးရန် ဤဆေးပင်ကို အသုံးပြုခဲ့ခြင်းပင်။

အဖြူရောင်ဝတ်ရုံလူ၏ ဤဆေးပင်ကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပုံအရ ဤအရာမှာ အလွန်အဖိုးတန်လောက်ပေသည်။ ထိုအရာကသာ အမှန်ဆိုလျှင်တော့ သူ့လက်ထဲရှိ ဆေးပင်မှာ ပို၍ပင် ရှားပါးလိမ့်ဦးမည်ဟု စုမင်ယုံကြည်၏။

ခဏမျှ စဥ်းစားလိုက်ပြီးနောက် လက်ထဲရှိကျောက်တုံးအကြည်ကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်ပြီး ပစ္စည်းတစ်ခုမျှမရှိတော့သော အခန်းလွတ်ထဲမှာပင် တင်ပျဥ်ခွေပြန်ထိုင်ချလိုက်သည်။ ထို့နောက် အကြောင်းအရာများကို ပြန်လည်စဥ်းစားရင်း စုမင်မျက်လုံးများမှာ စူးရှတောက်ပနေခဲ့သည်။

‘မူလက ရတနာလောင်းကစားပွဲကို စိတ်မဝင်စားမိပေမယ့်… ခုပုံစံအရဆိုရင်တော့၊ ငါလည်း ဝင်ကစားရတော့မယ့်ပုံပဲ။ အနက်ရောင် လူတူသတ္တဝါလေးရဲ့ ထူးခြားတဲ့စွမ်းရည်နဲ့သာဆို ဆုလာဒ်တွေ အများကြီး ရိတ်သိမ်းနိုင်လိမ့်မယ်’

‘ငါ့အပေါ် အာရုံစိုက်ခံရပြီး ဒုက္ခရောက်လာရင်တောင်… အခုငါ့မှာ ယင်စစ်သည်တော်ရဲ့ ကာကွယ်မှုနဲ့ အဆုံးသတ်ရှာမန်အဆင့်နဲ့ ညီတဲ့ ယင်ဝိညာဥ်ရဲ့ တိုက်ကွက်သုံးကွက်ရှိတယ်။ ငါတော့ ယင်ကိုးပါးလောကထဲမှာ တောက်ပဦးမယ်ထင်တယ်’ စုမင်အကြည့်များက စူးရှသွားသည်။ သူသည် သတိကြီးကြီးထားတတ်သူတစ်ဦး ဖြစ်သော်လည်း ထိုသတိကြီးသော ကိုယ်အတွင်း စိတ်ဓာတ်ပြတ်သားမှုများလည်း ရှိနေပေသည်။

သူ့အတွက် အကျိုးရှိမည်ထင်သရွေ့ တွေဝေတွန့်ဆုတ်ခြင်းမရှိ လှုပ်ရှားမှာဖြစ်သည်။ ရတနာလောင်းကစားပွဲအတွက် ကံကိုသာ မှီခိုရမည်ဆိုလျှင်တော့ သူဝင်ပါမည်မဟုတ်ပေ။ အောင်မြင်နိုင်မည်ဟု မသေချာသော အရာများအတွက် သူအချိန်မဖြုန်းနိုင်ပေ။

သို့သော် ယခုအခြေအနေမှာမူ လုံးလုံးမတူညီတော့ချေ။ အနက်ရောင် လူတူသတ္တဝါလေး၏ ထူးခြားဆန်းကြယ်မှုကို သိလာရပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် စုမင်၏ နှလုံးခုန်သံများပင် လျင်မြန်နေခဲ့ချေပြီ။ ဆေးပင်များ၏ တန်ဖိုးကို ဘေးဖယ်ထားလျှင်တောင် သွေးကျောက်တုံးများထဲတွင် အခြားအရာများလည်း ရှိနေသေး၏။ သူသာ ထိုအရာများကို ရရှိနိုင်ခဲ့လျှင် ဤသည်က ‘စိုင်ကော်လို့ ချုံပေါ်ရောက်’ခြင်းပင်။ စုမင်အတွက် ယခုလို အခွင့်အရေးမျိုးကို လက်လွှတ်ခံစရာ အကြောင်းမရှိပေ။

‘ကြည့်ရတာတော့ ဝူတုရဲ့ ကမ်းလှမ်းချက်နဲ့ ပက်သက်ပြီး ငါ့ဆုံးဖြတ်ချက်ကို ပြောင်းရတော့မယ့်ပုံပဲ။ အရင်က ဝင်မပါချင်လို့ တွေဝေနေမိပေမယ့် အခုကတော့… ရတနာလောင်းကစားပွဲမှာ ဝင်ပါဖို့က ငါ့အတွက် ပြဿနာမဟုတ်တော့ဘူး’

စုမင် မျက်လုံးများအတွင်း အေးစက်စက် အကြည့်တစ်ခုပေါ်လာသည်။ သူ၏ ဤကံကောင်းမှုကြောင့် ဖြစ်ပေါ်လာတော့မည့် မုန်တိုင်းအကြောင်း တွေးမိသောအခါ မျက်လုံးများကိုမှိတ်၍ ကျင့်ကြံခြင်းကို စတင်လိုက်တော့၏။ သူသည် ရတနာလောင်းကစားပွဲတွင် ပါဝင်ပြီး အာရုံအစိုက်ခံရဆုံး ဖြစ်လာရန် သေချာသလောက်ရှိနေပြီဖြစ်၍ သွေးထွက်သံယိုကိစ္စရပ်များနှင့်လည်း မလွဲမသေ ကြုံရတော့မှာဖြစ်သည်။

ရတနာလောင်းကစားပွဲ စတင်ရန် အချိန်နှစ်ပတ်ခန့်လိုသေး၏။ ထိုအချိန်အတွင်း တံခါးပိတ်ကျင့်ကြံကာ သူ့ကိုယ်သူ အခြေအနေအထွတ်အထိပ်တွင် ရှိနေရန် ပြင်ဆင်ထားရပေမည်။ သို့မှသာ… ထိုလူများထံ သူဆောင်ကျဥ်းလာမည့် အံ့ဩဖွယ်ရာများအတွက် အဆင်သင့်ဖြစ်နေမှာဖြစ်သည်။

ရတနာလောင်းကစားပွဲ နီးကပ်လာလေလေ၊ ရှာမန်မြို့တော်ဆီသို့ အရပ်မျက်နှာအနှံ့မှ ရှာမန်များ ပိုမိုရောက်ရှိလာလေလေ ဖြစ်သည်။ ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသော ထိုလူများသည် ကံကောင်းထောက်မစွာဖြင့် ရှာမန်မြို့တော်နှင့် အလှမ်းမဝေးသော နေရာသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသူများနှင့် အလှမ်းဝေးသော်လည်း ထူးခြားသာလွန်သော စွမ်းအားရှိသဖြင့် အရောက်လာနိုင်ခဲ့သူများဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရှာမန်မြို့တော်မှာ အလွန်ပင် စည်ကားသက်ဝင်နေသည်။ နေ့စဥ်နှင့်အမျှ မရေမတွက်နိုင်သော အရောင်းအဝယ်၊ အလဲအလှယ်များ ရှိနေပြီး ထိုရောင်းဝယ်လဲလှယ်မှုများက ညအချိန်မှာပင် လျော့နည်းသွားခြင်းမရှိပေ။

ထိုသို့ဆိုလျှင်တောင် ယင်ကိုးပါးဝိညာဥ်များထံ သွားရောက်သူမှာ အလွန်နည်းပါးနေဆဲဖြစ်သည်။ အဆုံးတွင်မတော့ ထိုယင်ကိုးပါးဝိညာဥ်များ၏ ငှားရမ်းခမှာ ကြောက်ခမန်းလိလိ ဖြစ်နေသေးသည် မဟုတ်ပါလား… အလယ်အလတ်မျိုးနွယ်စုများနှင့် မျိုးနွယ်စုကြီးများ၏ လူများမှအပ ကျန်လူများမှာမူ မနာလိုအားကျစွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်လေသည်။

မြို့တော်အတွင်းရှိ နေ့စဥ်နှင့်အမျှ ပျားပန်းခပ်လှုပ်ရှားမှုများနှင့်ပင် လဝက်ဆိုသောအချိန်မှာ တစ်ဖြည်းဖြည်း ကုန်လွန်သွားသည်။ လန်လန်နှင့် အားဟူတို့သည် ပထမဆုံးရက်များတွင်သာ ရှာမန်မြို့တော်အတွင်း လျှောက်လည်ပတ်ခဲ့ကြပြီး နောက်ပိုင်းတွင်တော့ တည်းခိုဆောင်ထဲတွင်သာ နေရန် ရွေးချယ်ခဲ့ကြ၏။ ရှာမန်မြို့တော်အတွင်းရှိ အခြေအနေများမှာ တစ်ဖြည်းဖြည်း ရှုပ်ထွေးလာနေပြီ ဖြစ်သည်။ မြို့တော်အတွင်းရှိ လူဦးရေမှာ ပိုမိုများပြားလာနေပြီး ထိုလူများအတွက်တော့ မျိုးနွယ်စုငယ်လေးတစ်ခုမှလာသည့် ရှာမန်ငယ်များပင် မဟုတ်သေးသော ထိုကလေးနှစ်ဦးမှာ ပုရွက်ဆိတ်သာသာပင် ဖြစ်သည်။

စုမင်၏ ကာကွယ်ပေးမှုသာ မရှိခဲ့လျှင် ရှာမန်မြို့တော်အတွင်း ရှင်သန်နိုင်ဖို့အပထား မြို့တော်နံရံများကိုပင် မြင်လိုက်ရမည်မဟုတ်ပဲ လာရာလမ်းတွင်သာ သေဆုံးသွားရပေလိမ့်မည်။

ရတနာလောင်းကစားပွဲ မစတင်မီ နောက်ဆုံးညမှာမူ ရှာမန်မြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မြို့တော်အတွင်းရှိ  ဆိုင်တိုင်းလိုလိုမှာ နေ့အချိန်တည်းကပင် လုပ်ငန်းဆောင်တာများကို ရပ်လျက် ပိတ်သိမ်းထားခဲ့ကြချေပြီ။ ရှာမန်အများစုသည် လောင်းကစားပွဲအတွင်း အကောင်းဆုံးအနေအထား ဖြစ်နေစေရန် တည်းခိုရာနေရာများဆီပြန်၍ တိတ်တဆိတ် လေ့ကျင့်နေကြ၏။

ဤအရာသည် သူတို့ကြားရှိ ပွဲတော်တစ်ခု သို့တည်းမဟုတ် ကြွယ်ဝချမ်းသာမှုနှင့် ကံတရား ပြိုင်ပွဲတစ်ခု ဖြစ်ပြီး… တစ်နည်းဆိုရလျှင် သွေးစွန်းသော စမ်းသပ်ချက်တစ်ခု ဖြစ်သည်။

ရှာမန်မြို့တော်၏ အရှေ့မြောက်ဘက်တွင် မျှော်စင်တစ်ခုရှိသည်။ ဤနေရာသည် တည်းခိုဆောင်တစ်ခု မဟုတ်သလို ဈေးဆိုင်တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား ယင်ကိုးပါးလောကထဲရှိ ဆောင်းဦးပင်လယ်မျိုးနွယ်စုပိုင်ဆိုင်သော တည်းခိုရာနေရာများ ဖြစ်သည်။

ထိုအချိန်တွင် မျှော်စင်ထိပ်ဆုံးရှိ အခန်းတစ်ခုထဲတွင် လရောင်အောက်၌ အမျိုးသမီးတစ်ယောက် ရပ်နေ၏။ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ ဆံပင်ရှည်များမှာ လေနှင့်အတူ လွင့်မျောနေသည်။ သူမ၏ မျက်နှာထက်သို့ လရောင်ဖြာကျလာသောအခါ လူတို့၏ နှလုံးခုန်သံများကိုပင် လျင်မြန်သွားစေနိုင်သည့် ပြစ်မျိုးမှဲ့မထင် လှပချောမောသော မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။ သူမသည် တစ်စုံတစ်ရာကို စိတ်အလိုမကျဖြစ်နေဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ငြိမ်သက်နေလေသည်။

လေတိုက်နှုန်းမှာ မပြင်းထန်သော်လည်း သူမ၏ အနက်ရောင်ဆံနွယ်များကိုတော့ လွင့်မျောနေစေခဲ့သည်။ သူမ ထိုနေရာတွင် ရပ်နေသည်မှာ အချိန်အတော်ကြာခဲ့ချေပြီ။ တစ်ဖြည်းဖြည်း လေပြင်းလာသောအခါ သူမသည် လေဖြင့်လွင့်မျောနေသော ဆံပင်များကို ညာလက်ဖြင့် ပြန်ဆွဲသိမ်းလိုက်၏။ သူမ လက်မောင်းကို မြှောက်လိုက်ချိန်တွင် နှင်းလိုဖြူဖွေးသော အသားအရည်ထက်၌ သွေးနဂါးတစ်ကောင်ပုံ အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ မြင့်မြတ်သောမိန်းမပျို၊ ဝမ်ချိုး…

ရှာမန်မြို့တော် အခြားတစ်ဖက်ရှိ သေသပ်လှပစွာ အလှဆင်ထားသော ဆိုင်တစ်ခုအတွင်း… လူပေါင်းများစွာသည် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးရှေ့တွင် လေးလေးစားစား ရပ်လျက် အလွန်တရာ စိတ်လှုပ်ရှားနေဟန်ဖြင့် သူမအား တတွတ်တွတ် ပြောပြနေကြ၏။

သို့သော်လည်း ၎င်းတို့၏ စကားများကို နားထောင်ရင်း သူမမျက်နှာထက်တွင် ရံဖန်ရံခါပေါ်လာတတ်သော မိန်းမောနွမ်းလျဟန် အမူအယာက သူမအာရုံမစိုက်နိုင် ဖြစ်နေကြောင်း ဖော်ပြနေ၏။

ထိုအမျိုးသမီး၏ အလှသည် ဝမ်ချိုးနှင့် မယှဥ်သာသော်လည်း သူမထံတွင် သိမ်မွေ့နူးညံ့မှု တစ်ခုရှိနေသည်။ သူမ၏ နက်နဲသောအကြည့်များနှင့် နူးညံ့သိမ်မွေ့မှုတို့ကြောင့် ဤအမျိုးသမီးသည် ရှာမန်မျိုးနွယ်စုမှ မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်လေသည်။

သူမသည် အင်မော်တယ် မျိုးနွယ်စုမှ ကြယ်တာရာ နတ်သမီးဖြစ်သည်။

ရှာမန်မြို့တော် အခြားတစ်ဖက်ရှိ စုမင်နေရာနှင့် သိပ်မဝေးသောနေရာရှိ မျှော်စင်တစ်ခုထဲတွင် တင်ပျဥ်ခွေထိုင်နေသော လူလတ်ပိုင်းတစ်ဦး ရှိသည်။ ထိုလူသည် ပိန်ပါးပါး လူတစ်ဦးဖြစ်ပြီး ၎င်း၏မျက်နှာထက်တွင် ဒေါမာန်စိုးစဥ်းမျှ မရှိပဲ ကျက်သရေရှိသော အရှိန်အဝါတစ်ခု ရှိနေသည်။ သူ့ရှေ့တွင်တော့ အမျိုးသမီးနှစ်ဦး ရှိနေ၏။

ထိုနှစ်ဦး၏ ပုံပန်းသွင်ပြင်များမှာ တစ်ထပ်တည်းနီးပါး တူညီနေသော်လည်း တစ်ဦးမှာ သိမ်မွေ့နူးညံ့သူဖြစ်ပြီး ကျန်တစ်ဦးမှာမူ အေးစက်တည်ငြိမ်နေလေသည်။ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း မတူညီကြပေ။ ၎င်းတို့နှစ်ဦးသည်လည်း မျက်လုံးများမှိတ်၍ ငြိမ်သက်စွာ ကျင့်ကြံနေခဲ့ကြသည်။

“မုန်အာ၊ ယို့အာ၊ ဒီခရီးစဥ်မှာ မင်းတို့နှစ်ယောက်လုံးကို အတူခေါ်လာတယ်ဆိုပေမယ့်… ငါ့အမွေအနှစ်ကို လက်ဆင့်ကမ်းသင်ကြားပေးဖို့ ဘယ်သူရွေးချယ်ခံရမလဲဆိုတာတော့ ဒီတစ်ကြိမ် မင်းတို့ကံကောင်းမှုပေါ်မှာပဲ မူတည်တယ်” အချိန်အတော်ကြာပြီးနောက် လူလတ်ပိုင်းကြီး၏ မျက်လုံးများမှာ ပွင့်လာပြီး ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။

စုမင်သာ ထိုနေရာတွင်ရှိနေလျှင် ၎င်း၏အသံကို ရင်းနှီးနေကြောင်း ခံစားရမည်ဖြစ်ပြီး သူသာ ဂရုတစိုက်နားထောင်၍ စဥ်းစားကြည့်မည်ဆိုလျှင်တော့ ထိုအသံသည် ကောင်းကင်မြူခိုးဘိုးဘေးဆိုသူ၏ အသံနှင့် များစွာတူညီနေကြောင်း မှတ်မိသွားပေလိမ့်မည်။

အမျိုးသမီးနှစ်ဦးမှာ ထျန်းလန်မုန်နှင့် ထျန်းလန်ယို့ပင် ဖြစ်သည်။ ကောင်းကင်မြူခိုးဘိုးဘေး၏ အသံကိုကြားသည်နှင့် သူမတို့နှစ်ဦး၏ မျက်ဝန်းများမှာ တစ်ပြိုင်တည်းလိုလိုပင် ပွင့်လာကြသည်။

ထျန်းလန်ယို့၏ မျက်ဝန်းထဲတွင် စိတ်ပိုင်းဖြတ်လိုက်ဟန် အကြည့်တစ်ခု ပေါ်လာပြီး ထျန်းလန်မုန်ကမူ ခေါင်းငုံ့၍သာ တိတ်တဆိတ် သက်ပြင်းချလိုက်ချေသည်။

အချိန်များ တစ်ဖြည်းဖြည်း ကုန်လွန်သွားသည်။ ကောင်းကင်ရှိ လကိုးစင်းမှာ မှိန်ဖျော့သွားပြီး အရုဏ်တက်ချိန် နီးကပ်လာသည်နှင့်အမျှ တစ်လောကလုံး အမှောင်ထုက တစ်ဖန်ကြီးစိုးလာလေသည်…

အမှောင်ထုထဲတွင် ရှာမန်မြို့တော်၏ ပုံစံမှာ အရိပ်ကြီးတစ်ခုသဖွယ် ဖြစ်နေပြီး အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုလျှင် မှောင်ရိပ်ထဲမှ ချောင်းမြောင်းနေသော သားရဲကြီးတစ်ကောင်လိုပင်…

ထိုအချိန်တွင် မြို့တော်အနီးရှိ တောင်တစ်လုံးပေါ်၌ အနက်ရောင်ဝတ်ရုံဖြင့် လူတစ်ဦးရပ်နေ၏။ သူသည် ရှာမန်မြို့တော်ရှိရာဘက်ဆီ လှမ်းကြည့်လိုက်ပြီး မျက်လုံးထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

“ဟုန်လော့နဲ့ တိုက်ပွဲအပြီးမှာ ဆရာ့ကိုယ်ပွား ဘာကြောင့်ပျောက်ကွယ်သွားမှန်း ငါမသိခဲ့ရဘူး။ အခုလောလောဆယ်တော့ ငါသူနဲ့ အချိန်အတိုင်းအတာ တစ်ခုလောက်အထိ ဆက်သွယ်လို့ရနိုင်ဦးမှာ မဟုတ်ဘူး… ဒါပေမယ့် ငါဒီမှာပဲ ဆက်ရှိနေရသေးတယ်ဆိုတော့၊ ဟုန်လော့ သေဆုံးသွားတဲ့ပုံပဲ။ ‘ကံကြမ္မာ’ တစ်ဦးတည်းဆိုရင်တော့ ကြောက်စရာမရှိပါဘူး”

“ကံကြမ္မာ မင်းကိုယ်မင်း ငါ့မျက်စိအောက်က လွတ်နိုင်မယ်ထင်နေတယ်ပေါ… သခင့်ရဲ့ ဒုတိယကိုယ်ပွား ဆင်းသက်မလာခင် ကိစ္စတွေကို အစီအစဥ်တကျ ပြန်ဖြစ်အောင်လုပ်ပြီး ဒီအခွင့်အရေးနဲ့ ဆုလာဒ်ကြီးကြီး အရယူရမယ်”

ထိုလူ့ပါးစပ်မှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုလူသည် တိထျန်း၏ လက်အောက်ငယ်သား တစ်ဦးဖြစ်ပြီး ဤမာန်စွမ်းအားရှင်ကုန်းမြေသို့ စုမင်တစ်ဦးတည်းအတွက်သာ ရောက်နေသော အင်မော်တယ်တစ်ဦး ဖြစ်သည်။

“ငါဂရုစိုက်ရမှာဆိုလို့ ဒီနေရာမှာရှိနေတဲ့ အဆုံးသတ်ရှာမန်နဲ့… သန့်စင်မွန်မြတ်ခြင်းကိုးပါး လောကထဲက ကြောက်ဖို့ကောင်းတဲ့ ဒဏ္ဍာရီတွေလောက်ပါပဲ..” ထိုလူသည် တီးတိုးရေရွတ်ကာ ရှာမန်မြို့တော်ဆီ လျှောက်သွားလိုက်သည်။

ကောင်းကင်တစ်ခွင် အရုဏ်ဦးအလင်းတန်းတို့ စတင်ထွက်ပေါ်လာသည်။ ကုန်းမြေတစ်ခွင် လွှမ်းခြုံထားသော အမှောင်ထုကန့်လန့်ကာကြီးမှာ မမြင်ရသော လက်တစ်စုံ၏ ပင့်တင်ခံလိုက်ရဟန်ဖြင့် တစ်ဖြည်းဖြည်း လင်းချင်းလာခဲ့သည်။

နေ့သစ်တစ်ခုနှင့် အတူ ရတနာလောင်းကစားပွဲ စတင်တော့မည့် အချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။

All Chapters