ကြီးကျယ်ခမ်းနားသော ရတနာလောင်းကစားပွဲ
Vol. 32 Ch. 444
အခန်းထဲသို့ နေရောင်ဖြာကျလာသောအခါ လဝက်ခန့် တံခါးပိတ်ကျင့်ကြံနေရာမှ စုမင် မျက်လုံးများကို ပထမဆုံးအကြိမ် ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။ သူ့အခြေအနေ အထွတ်အထိပ်သို့ ပြန်ရောက်သွားချေပြီ။
စုမင် သိုလှောင်အိတ်ထဲမှ အပြာရောင်ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး အဖုံးဖွင့်ကာ နှာခေါင်းနားကပ်၍ အနည်းငယ်ရှူကြည့်လိုက်၏။
‘ပင်လယ်အဆီအနှစ်… ဒီပစ္စည်းကြောင့် ငါမြန်မြန်ပြန်ကောင်းလာခဲ့တာပဲ။ ဒီနေရာမှာလည်း သုံးရလိမ့်ဦးမယ်ထင်တယ်’ စုမင် အပြာရောင်ပုလင်းလေးကို ပြန်သိမ်းကာ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ဝတ်ရုံကို ပြန့်ပြန့်ပြူးပြူးဖြစ်အောင် ပြင်ဆင်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ အပြင်ထွက်သွားလိုက်၏။
သူ အပြင်ရောက်ချိန်မှာပင် အနီးရှိ တံခါးတစ်ချပ်မှာပွင့်သွားပြီး နန်ကုန်းဟန်တစ်ယောက် ယုံကြည်မှုအပြည့်ဖြင့် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် စုမင်ကိုမြင်သည်နှင့် လက်သီးဆုပ်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်။
“ညီလေးမော့၊ မတွေ့ဖြစ်တဲ့ တစ်လအတွင်းမှာ မင်းက ပိုကြည့်ကောင်းလာတာပဲနော်”
စုမင် ခပ်ဖျော့ဖျော့ ပြန်ပြုံးပြလိုက်ပြီး နန်ကုန်းဟန်ကို သေချာကြည့်မိချိန်တွင် သူအနည်းငယ် ထိတ်လန့်အံ့ဩသွားရ၏။
“အစ်ကိုနန်ကုန်းရဲ့ စွမ်းအားလည်း သိသိသာသာကို တိုးတက်လာခဲ့ပုံပဲ။ ကြည့်ရတာတော့ ယင်ကိုးပါးဝိညာဥ်နဲ့ ပေါင်းစည်းခဲ့ရုံတင်မကပဲ ဥာဏ်အလင်းပွင့်မှုပါ ရခဲ့တယ်ထင်တယ်”
“ဟားဟား၊ ဒီတိုးတက်မှုလောက်လေးက မပြောပလောက်စရာပါ… မပြောပလောက်စရာ။ ဒါပေမယ့် ကျုပ်နဲ့ ဆရာဟန်ကြား ချိတ်ဆက်မှုကတော့ အတော်လေးကို အောင်မြင်ခဲ့တယ်လို့ပြောရမယ်” နန်ကုန်းဟန်သည် ရွှင်မြူးစွာပြောလိုက်ပြီး စုမင်နှင့်အတူ အောက်သို့ လိုက်ဆင်းလိုက်၏။
သူတို့နှစ်ဦး အောက်ဆင်းလာသည်နှင့် လန်လန်၊ အားဟူနှင့် ချီဒုံတို့သည် ကိုယ်စီအခန်းများထဲမှ ထွက်လာပြီး လေးလေးစားစားပင် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
စုမင် အားဟူနှင့် လန်လန်ကို လှမ်းကြည့်လိုက်သည်။ ထိုကလေးနှစ်ဦးမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တက်ကြွနေကြ၏။ သူတို့သည်လည်း ယနေ့သည် ရှာမန်မျိုးနွယ်စု၏ ကြီးကျယ်ခမ်းနားသော ရတနာလောင်းကစားပွဲနေ့ ဖြစ်ကြောင်း သိထားကြဟန်ပင်။
စုမင် ခဏမျှ စဥ်းစားလိုက်ပြီး နန်ကုန်းဟန်အား လှည့်ကြည့်လိုက်သည်။
“အစ်ကိုနန်ကုန်းကို တောင်းဆိုချင်တာ တစ်ခုရှိတယ်”
နန်ကုန်းဟန်သည် လန်လန်နှင့် အားဟူတို့နှစ်ဦးထံ လှမ်းကြည့်လိုက်ပြီး ဖော်ဖော်ရွေရွေပင် ပြန်မေးလိုက်သည်။ “ဒီကလေးနှစ်ဦးနဲ့ ပက်သက်လို့လား”
“ဟုတ်တယ်။ ကြည့်ရတာ သူတို့လည်း ဒီရတနာလောင်းကစားပွဲကို လိုက်ကြည့်ချင်နေပုံပဲ။ အဲဒီကိုရောက်တဲ့အခါကျ သူတို့ကို ကျုပ်အစား ဂရုစိုက်ပေးပြီး ဘေးကင်းကင်း ပြန်ခေါ်လာပေးဖို့ တောင်းဆိုချင်တယ်။ ကျုပ်ဘက်က အပြောင်းအလဲအချို့ ရှိနိုင်လို့ အချိန်ကြန့်ကြာကောင်း ကြန့်ကြာသွားနိုင်တယ်” စုမင် သေချာစဥ်းစားလိုက်ပြီး နန်ကုန်းဟန်အား လက်သီးဆုပ် အရိုအသေပေးကာ တောင်းဆိုလိုက်သည်။
“အဲဒါက မခက်ပါဘူး။ ညီလေးမော့ စိတ်မပူပါနဲ့။ ကလေးနှစ်ယောက်လောက်ကိုမှ ကာကွယ်မပေးနိုင်ရင် ကျုပ်မင်းကို မျက်နှာမပြရဲလောက်အောင် ဖြစ်သွားမှာပေါ့” နန်ကုန်းဟန်သည် လေးလေးနက်နက်ပင် ပြန်ပြောလိုက်သည်။
“ကျေးဇူးပါ” စုမင် ခေါင်းညိတ်ပြလိုက်၏။
“ကဲ… စကားပြောမနေနဲ့တော့ ညီလေးမော့။ ကျုပ်တို့ ရတနာလောင်းကစားပွဲဆီ သွားသင့်ပြီ။ ဆုလာဒ်တွေ ရိတ်သိမ်းနိုင်မလားဆိုတာကတော့ ကျုပ်တို့ကံပေါ့” နန်ကုန်းဟန်သည် အလျင်စလိုပြောလိုက်ပြီး ကလေးနှစ်ဦးနှင့် စုမင်ကိုခေါ်ကာ တည်းခိုဆောင်မှ ထွက်ခွာလာခဲ့ကြသည်။
ရှာမန်မြို့တော်ထဲရှိ လူတိုင်းလိုလိုသည် တည်းခိုရာနေရာများမှ ခွာ၍ ရတနာလောင်းကစားပွဲ ကျင်းပမည့် မြို့တော်အလယ်သို့ အမြန်ဆုံးနှုန်းဖြင့် ဦးတည်နေကြ၏။
ထိုအချိန်တွင် ရှာမန်မြို့တော် အလယ်ဗဟိုရှိ အထက်ကောင်းကင်ယံ၌ အရွယ်အစား အမျိုးမျိုးရှိသော သွေးကျောက်တုံးထောင်ကျော် လွင့်မျောနေသည်။ ကျောက်တုံးအကြီးများမှာ ပေတစ်ရာခန့်မြင့်ပြီး အသေးများမှာမူ လူဦးခေါင်း အရွယ်အစားခန့်ရှိ၏။ သိပ်သည်းစွာ လွင့်မျောနေသော သွေးကျောက်တုံး တစ်ထောင်ကျော်၏ ပုံစံမှာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သလိုပင်။
ထိုနေရာရှိ မြင်ကွင်းသည် ကြည့်မိသူတိုင်းကို ထိတ်လန့်အံ့ဩစေပြီး ပြင်းထန်သော ဖိအားတစ်ရပ်အား ခံစားမိစေသည်။
ကျောက်တုံးများထံမှ တဖျတ်ဖျတ်တောက်ပနေသော သွေးနီရောင်အလင်းတို့ကြောင့် ကောင်းကင်တစ်ခွင် ရဲရဲနီစွေးနေသည်။ သွေးကျောက်တုံးများ အောက်ဘက်ရှိ ဧရိယာကို အပိုင်းရှစ်ပိုင်း ပိုင်းခြားထားပြီး မြေပြင်ထက်မှ ပိုမြင့်သော စင်မြင့်တစ်ခုလည်း ရှိသည်။ ယခုအချိန်တွင် ထိုစင်မြင့်ပေါ်၌ လူပေါင်းများစွာ ရောက်ရှိနေခဲ့ချေပြီ။
စင်မြင့်အနီးတစ်ဝိုက်ရှိ လူအုပ်ကြီးမှာလည်း ပြွတ်ကျပ်သိပ်နေ၏။ ထိုသူများသည် စင်မြင့်ပေါ် တက်ခွင့်မရှိသော်လည်း သွေးကျောက်တုံးများကိုမူ ဝယ်ယူခွင့်ရှိလေသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် မြေပြင်ထက်၌ မတ်တပ်ရပ်နေရသော်လည်း အလွန်တရာပင် စိတ်လှုပ်ရှားနေကြ၏။
ကောင်းကင်ရှိ သွေးကျောက်တုံးများနှင့် မြေပြင်ထက်မှ စင်မြင့်တို့ကြားတွင် လွင့်မျောနေသော ခန်းမကျယ်ကြီး ရှစ်ခုရှိသည်။ ထိုခန်းမတစ်ခုစီတိုင်းသည် အလင်းတို့ တဖျက်ဖျတ်တောက်ပနေပြီး အတွင်း၌ ရှိနေသူများ၏ မြင့်မားလှသော နောက်ခံအဆင့်အတန်းကို ဖော်ပြနေသည်။
ခန်းမကြီးရှစ်ခုအနီးတွင် ထူးဆန်းသော ရတနာပစ္စည်း တစ်ရာခန့်လွင့်မျောနေသည်။ တလက်လက် တောက်ပနေသော ထိုရတနာများသည် အလင်းကွင်းသဏ္ဍာန်ရှိပြီး အတွင်း၌ အချင်းချင်း ဖြတ်တောက်နေသော မရေမတွက်နိုင်သည့် အလင်းတန်းများစွာ ရှိ၏။
ထိုအလင်းကွင်းများသည် ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး အလင်းကွင်းနှစ်ခု လမ်းကြောင်းဆုံသွားချိန်တိုင်း နားအူဖွယ် တဝီဝီမြည်သံကြီး ထွက်ပေါ်လာတတ်သည်။
ရှာမန်မြို့တော် နေရအနှံ့ရှိ လူပေါင်းများစွာမှာ ထိုနေရာသို့ တဖွဲဖွဲ ရောက်ရှိလာနေကြဆဲ ဖြစ်ပြီး စုမင်သည်လည်း ၎င်းတို့အထဲမှ တစ်ယောက်အပါအဝင်ပင် ဖြစ်သည်။ နန်ကုန်းဟန်သာ မပါလျှင် သူတို့သည်လည်း စင်မြင့်ပတ်လည်ရှိ အပြင်စည်းဝိုင်းတွင်ရပ်နေရသော လူအုပ်ကြီးနှင့် အတူဆင်နွှဲရပေလိမ့်မည်။ သို့သော် နန်ကုန်းဟန်၏ အဆင့်အတန်းဖြင့် သူသည် စုမင်တို့အားလုံးကို လူအုပ်ကြားမှ ဖြတ်သန်းခေါ်ဆောင်သွားပြီး စင်မြင့်ထက်ရှိ ရှေ့ဆုံးနားတွင် အမှန်တစ်ကယ်ပင် နေရာရလိုက်လေသည်။
သူတို့ အနီးရှိလူများသည် စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း ပြောဆိုနေကြပြီး သူတို့အသံများမှာ ကျွက်ကျွက်ညံနေခဲ့သည်။ လူတိုင်း၏ အကြည့်များသည် ကောင်းကင်ထက်တွင် လွင့်မျောနေသော သွေးကျောက်တုံးများဆီသို့သာ ရောက်ရှိနေကြ၏။ ထိုအကြည့်များထဲတွင်တော့ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များသာ ရှိနေခဲ့သည်။
“စတော့မယ်။ ညီလေးမော့၊ အဲဒီသွေးကျောက်တုံးတွေက ပထမဆုံး ရောင်းချမယ့်အသုတ်ပဲ။ ပွဲစတာနဲ့ လူတိုင်းလေထဲကိုတက်ပြီး အဲဒီကျောက်တုံးတွေကို လေ့လာလို့ရတယ်။ အဲဒီကျောက်တုံးတွေရဲ့ အရှေ့မှာ နံပါတ်တွေရှိတယ်။ မင်းကြိုက်တာ တစ်ခုခုတွေ့ရင်၊ နံပါတ်ကိုသာ မှတ်ထားလိုက်။ ပြီးတာနဲ့ အဲအတွက် သူတို့လေလံဆွဲခိုင်းလိမ့်မယ်”
“အမြင့်ဆုံး ဈေးပေးနိုင်တဲ့သူက ကျောက်တုံးကိုရမှာပဲ” နန်ကုန်းဟန်၏ မျက်လုံးများမှာ လိုချင်တပ်မက်စိတ်တို့ဖြင့် တောက်ပနေပြီး စုမင်ကို သေချာရှင်းပြလိုက်သည်။
စုမင်သည် ထိုင်ခုံတွင် ထိုင်နေရင်းမှ ကောင်းကင်ရှိ သွေးကျောက်တုံးများကို မော့ကြည့်လိုက်ပြီး မျက်လုံးများ စူးရှတောက်ပလာခဲ့သည်။ ဤနေရာတွင် လူပေါင်းများစွာရှိနေပြီး အစွမ်းထက်စစ်သည်တော်များလည်း များပြားလှ၏။ စုမင်အတွက် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ရန် မလွယ်ကူသဖြင့် ဝူတု၏ တည်နေရာကို မရှာဖွေနိုင်သေးချေ။
သို့သော်ငြား သူ့အထင်အရဆိုလျှင်တော့ သူ့ဘက်မှ သွားမရှာလျှင်ပင် ဝူတုဘက်မှ နည်းလမ်းရှာကာ လာရောက်ဆက်သွယ်လာပေလိမ့်မည်။
နေရာအနှံ့မှ စကားပြောသံများကို စုမင်နားထောင်ကြည့်လိုက်သည်။ အသံများသည် တစ်ခုနှင့် တစ်ခု ရောထွေးနေပြီး ထိုဧရိယာတစ်ဝိုက် ဆူညံကျယ်လောင်နေ၏။ ရတနာလောင်းကစားပွဲမှာ စပင်မစသေးသော်လည်း အလွန်တရာ လှုပ်ရှားသက်ဝင်နေခဲ့ချေပြီ။
“ဒီတစ်ကြိမ်တော့ ကျုပ်သေချာပေါက်ကို ဆေးပင်ရအောင်ရှာမှာ။ မလာခင်တည်းက ဒီရတနာလောင်းကစားပွဲအတွက် ရှာမန်သလင်းကျောက်တွေ အများကြီး ပြင်လာခဲ့တယ်”
“ဒီရတနာလောင်းကစားပွဲက ကျုပ်တို့အတွက်တော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တစ်ခု ရဖို့အတွက် အရာအားလုံးကို ရင်းနှီးရတဲ့ လောင်းကစားတစ်ခုပါပဲဗျ။ ဒီတစ်ချီ ကျောက်တုံးဆယ်တုံး ဝယ်မှာမို့ တစ်ခုခုတော့ သေချာပေါက်ရမှာပဲ”
“ဟဲဟဲ… ကျူပ်ကတော့ သွေးကျောက်တုံး ဝယ်တာထက်စာရင် ဝယ်ပြီးလို့ တစ်ခြားသူတွေ ကျောက်တုံးဖွင့်မှာကိုပဲ ပိုစိတ်ဝင်စားတယ်။ ရှာမန်သလင်းကျောက်တွေ အများကြီး အကုန်အကျခံပြီး ဝယ်ထားရတဲ့ သူတို့ကျောက်တုံးတွေက တန်ဖိုးတစ်စက်မှ မရှိမှန်းသိသွားတဲ့ အချိန်ကျ ဖြစ်သွားတဲ့ မျက်နှာတွေကို ကြည့်ရတာ တစ်ကယ် စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်”
ဆူညံပွက်လောရိုက်သံများကြားမှပင် အချိန်များ ကုန်လွန်သွားသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာမြင့်ပြီးနောက် ကောင်းကင်တွင် လွင့်မျောနေသော သွေးကျောက်တုံးတစ်ထောင်ကျော်ထံမှ အလင်းတန်းများ ရုတ်ခြည်းဆိုသလို စတင်တောက်ပလာသည်။ ထိုအလင်းတို့ကြောင့် ကောင်းကင်တစ်ခွင် ရဲရဲနီလာစဥ်မှာပင် အိုမင်းသော အသံတစ်သံ ဖြည်းဖြည်းချင်း ပျံ့လွင့်လာခဲ့သည်။
“အားလုံးပဲ… မင်းတို့ အများစုဟာ ရတနာလောင်းကစားအတွက် ဒီနေရာကို ရောက်ရှိလာကြတယ်” ထိုအသံထွက်ပေါ်လာသည်နှင့် အသံဗလံများ တဖြည်းဖြည်း ငြိမ်ကျသွားပြီး သူတို့မျက်စိအောက်မှာပင် ကောင်းကင်ထက်ရှိလေဟာနယ်မှာ ပုံပျက်သွားပြီး လူတစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။
ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပဲ သူတို့ မြင်နေရသည့်အရာဟူ၍ တစ်ခေါင်းလုံးအပြည့် ဆံပင်ဖြူများသာ ဖြစ်သည်။ ထိုသူသည် အဘိုးအိုတစ်ဦးနှင့် တူသော်လည်း သူ့ကိုယ်မှ ထုတ်လွှတ်နေသာ ဖိအားသည် သွေးကျောက်တုံး တစ်ထောင်ကျော်ထံမှ ဖိအားနှင့်ပင် နှိုင်းယှဥ်နိုင်ပြီး လူထု၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
“အဲဒါ ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ မဟာအကြီးအကဲပဲ။ သူက အဆုံးသတ်ရှာမန်ဖြစ်ဖို့ လမ်းတစ်ဝက်မှာ ရောက်နေပြီလို့ ပြောကြတယ်” နန်ကုန်းဟန်သည် စုမင်အား အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။ စုမင်သည် ကောင်းကင်ရှိ ဝိုးတဝါးလူကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်မိ၏။
“မင်းတို့အများစုက ရတနာလောင်းကစားပွဲအတွက် လာခဲ့တာဆိုမှတော့ ငါလည်း အချိန်ဖြုန်းမနေတော့ပါဘူး။ ဒီတစ်ကြိမ် ရတနာလောင်းကစားပွဲအတွက် ရှာမန်နတ်ဘုရားကျောင်းတော်က သွေးကျောက်တုံး ဆယ်သုတ် ပြင်ဆင်ထားတယ်။ တစ်သုတ်မှာ သွေးကျောက်တုံး တစ်ထောင်ပါမယ်။ စည်းမျဥ်းတွေအတိုင်း သွေးကျောက်တုံးတွေကို အမှတ်စဥ်တပ်ထားပြီးပြီမို့ မင်းတို့အားလုံး အခုသွားရွေးလို့ ရပါပြီ”
“အဲဒီသွေးကျောက်တုံးတွေကို ဖွင့်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ရတနာပစ္စည်းတွေလည်း ပြင်ဆင်ပေးထားပါတယ်။ မင်းတို့ကျောက်တုံးကို ခွဲဖွင့်ဖို့ အဲဒီရတနာပစ္စည်းတွေကို သုံးမယ်ဆိုရင်၊ ကျောက်တုံးထဲမှာ ဘာရှိတယ်ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့” အဘိုးအိုသည် လက်မြှောက်ကာ လေထဲတွင် လွင့်မျောနေသော အလင်းကွင်းသဏ္ဍာန် ရတနာပစ္စည်းများကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါပေမယ့် နောက်တစ်ကြိမ်ထပ်ပြီး သတိပေးပါရစေ။ တစ်ခြားသူတွေဆီက ရထားတဲ့ သွေးကျောက်တုံးတွေကို ကျုပ်တို့ ဂရုမစိုက်ဘူး။ ဒါပေမယ့်… ရတနာလောင်းကစားပွဲကနေ ဝယ်တဲ့ သွေးကျောက်တုံးတိုင်းကိုတော့ ဒီနေရာမှာပဲ ခွဲဖွင့်ပေးရမယ်။ ဒါ့အပြင် နည်းနည်းဟရုံလောက် လှီးဖြတ်တာမျိုး မဟုတ်ပဲ ဒီရတနာပစ္စည်းကို သုံးပြီးတော့ လုံးလုံးခွဲခြမ်းပြရမယ်”
“အထဲမှာ ဘာဆေးပင်၊ ဘာပစ္စည်းမှ မပါဘူးဆိုတာ သေချာတာနဲ့ အဲဒီကျောက်တုံးကို ခွဲဖွင့်တဲ့ လုပ်ငန်းစဥ်ကို ပြီးဆုံးပြီလို့ ယူဆတယ်။ စည်းမျဥ်းတွေကို မလိုက်နာဘူးဆိုရင်တော့ ငါ့ကိုအပြစ်မတင်နဲ့” နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် အဘိုးအို၏ အသံမှာ အလွန်ခက်ထန်သွား၏။
“အခု… ရတနာလောင်းကစားပွဲ စတင်ပါပြီ” စကားဆုံးသည်နှင့် အဘိုးအိုသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး လွင့်မျောနေသော ခန်းမတစ်ခုဆီ ပျံသန်းသွားကာ ခန်းမအမိုးပေါ်၌ တင်ပျဥ်ခွေ ထိုင်ချလိုက်၏။ ထို့နောက် စူးရှတောက်ပသော အကြည့်များဖြင့် အောက်ဘက်သို့ စောင့်ကြည့်နေလေသည်။
အဘိုးအို၏ စကားများကို ကြားသောအခါ စုမင်အလိုလို မျက်မှောင်ကြုတ်သွားမိသော်လည်း အလျင်အမြန်ပင် သဘောပေါက်သွားခဲ့သည်။ ဤရှာမန်နတ်ဘုရားကျောင်းတော်သည် သူတို့မသိလိုက်ပါဘဲနှင့် အချို့လူများ ရတနာရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် ယခုလိုစည်းမျဥ်းများ ချမှတ်ကျင့်သုံးရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် အရာရာတိုင်းကို သူတို့လက်ထဲတွင်သာ ထိန်းချုပ်နိုင်သွားလေသည်။
သူ့အနားရှိ လူများသည်လည်း ထိုစည်းမျဥ်းကို ကျေနပ်ပုံမရသော်ငြား အများစုမှာ လက်ခံထားပြီး ဖြစ်ပုံပေါ်လေသည်။ ယခုပုံစံအရ ထိုစည်းမျဥ်းသည် ဤတစ်ကြိမ် ရတနာပွဲတွင်မှ ပေါ်ပေါက်လာခြင်း ဟုတ်ဟန်မတူပေ။
‘ရတနာလောင်းကစားပွဲတွေကနေ ရှာတွေ့ခဲ့တဲ့ ရှားပါးဆေးပင် အရေအတွက်ကို နန်ကုန်းဟန်သိနေတာ အံ့ဩစရာမရှိတော့ဘူးပဲ။ ဒီလို ရတနာလောင်းကစားပွဲမျိုးက ရတနာလောင်းကစားပွဲရယ်လို့တောင် ယူဆလို့မရတော့ဘူး’
စုမင် တွေးတောနေစဥ်မှာပင် အချို့လူများသည် ကောင်းကင်ရှိ သွေးကျောက်တုံးများထံ ပျံတက်သွားကြလေပြီ။ ထို့နောက် လူပေါင်းများစွာ ထပ်မံပျံတက်သွားကြပြန်၏။ အလင်းတန်းများသည် ကောင်းကင်သို့ ဦးတည်နေပြီး တစ်ခဏအတွင်းမှာပင် ကောင်းကင်ရှိ သွေးကျောက်တုံးများ အနီး၌ လူပေါင်းများစွာ ရောက်ရှိနေခဲ့ကြချေပြီ။
တိတ်ဆိတ်မှုကို ဖြိုခွဲကာ ဆူညံသောဆွေးနွေးသံများ တစ်ဖန်ထွက်ပေါ်လာပြီး လေထုမှာ ပြန်လည်ကာ သက်ဝင်လှုပ်ရှားလာသည်။
နန်ကုန်းဟန်သည် စုမင်ကို လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီး မတ်တပ်ထရပ်ကာ ကောင်းကင်သို့ ပျံတက်သွား၏။ စုမင်သည် နေရာမှာပင် ခဏထိုင်နေလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ကောင်းကင်သို့ လှမ်းသွားလိုက်သည်။ ပျံသန်းနိုင်ခြင်းမရှိသော လူငယ်လေးများမှာမူ မြေပြင်ထက်မှသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရလေသည်။
ကောင်းကင်ရှိ သွေးကျောက်တုံး အများစုနံဘေးတွင် လူပေါင်းများစွာ ဝန်းရံနေသည်။ အချို့သည် စူးရှတောက်ပသော အကြည့်များဖြင့် သွေးကျောက်တုံးများကို စိုက်ကြည့်ကာ အချင်းချင်း အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး အချို့မှာမူ ကျောက်တုံးများကို လှည့်ပတ်ကာ စစ်ဆေးကြည့်ရှုနေကြ၏။ သို့သော်လည်း ထိုသွေးကျောက်တုံးများအနီးတွင် ချိပ်စည်းများချထားသဖြင့် လူများသည် ၎င်းတို့ကို မျက်စိဖြင့်သာကြည့်နိုင်ပြီး လက်ဖြင့် ထိကိုင်မကြည့်နိုင်ပါချေ။ ချိပ်စည်းများသာ မရှိလျှင် ကျောက်တုံးထဲ၌ ရတနာပါမပါ ထိကိုင်စစ်ဆေးကြည့်သူများမှာ အလွန်များပြားသွားပေလိမ့်မည်။
စုမင်သည် ထိုနေရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး လူအုပ်ကြီးကို ဖြတ်သွားလိုက်၏။ သူသည် ကျောက်တုံးတစ်တုံးစီတိုင်းကို သေချာလိုက်ကြည့်နေပြီး သိုလှောင်အိတ်ထဲရှိ အနက်ရောင်လူတူသတ္တဝါလေးကိုလည်း နတ်ဘုရားစိတ်အာရုံဖြင့် သေချာ စောင့်ကြည့်ထားလိုက်ချေသည်။