← Chapters

အရိပ်

Vol. 32 Ch. 446

အရိပ်

Vol. 32 Ch. 446

နန်ကုန်းဟန်ပြီးနောက် အခြားသူများသည်လည်း အလင်းကွင်းများကိုသုံး၍ သူတို့သွေးကျောက်တုံးများကို စတင်ခွဲဖြတ်လိုက်ကြသည်။ ရံဖန်ရံခါဆိုသလို ပုံမှန်မဟုတ်သော အလင်းများ ထွက်ပေါ်လာတတ်ပြီး ထွက်ပေါ်လာချိန်တိုင်းတွင်လည်း လူအုပ်၏ အာရုံကို ချက်ချင်းဖမ်းစားသွားတတ်၏။

ကျောက်တုံးခွဲဖြတ်သူတိုင်းသည် သိုလှောင်အိတ်တစ်လုံးကိုထုတ်ကာ အလင်းကွင်းပေါ်တွင် ထားတတ်လေသည်။ သို့မှသာ ၎င်းတို့အနေဖြင့် ထိုအလင်းကွင်းများကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်မှာ ဖြစ်သည်။

စုမင်သည် ထိုလူများ ကျောက်တုံးခွဲခြင်းကို စောင့်ကြည့်နေရာမှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဆင်းလာသော နန်ကုန်းဟန်ဘက်သို့ ပြန်ကြည့်လိုက်သည်။

“ဒီတစ်ကြိမ် ယင်ကိုးပါးလောကခရီးစဥ်မှာ ကျုပ်ကံက တော်တော်ကိုဆိုးနေတယ်မလား ညီလေးမော့ရေ။ ယင်ဝိညာဥ်သွားငှားတုန်းကလည်း အဲဒီအဘိုးကြီးရဲ့ လှောင်ပြောင်ခံခဲ့ရတယ်။ ကျုပ်ဝယ်ယူခဲ့တဲ့ သွေးကျောက်တုံးကျပြန်တော့လည်း အထဲမှာ တစ်စုံတစ်ရာ ရှိနေခဲ့ပေမယ့် ကျုပ်ကြောင့်ပဲ ကွဲကြေသွားစေမိပြန်တယ်…”

နန်ကုန်းဟန်သည် သွေးကျောက်တုံးခွဲနေသော ကောင်းကင်ရှိရှာမန်များထံ လှမ်းကြည့်လိုက်ရင်း အနီးရှိလူများ၏ ဆွေးနွေးဝေဖန်သံများအကြား သက်ပြင်းချလိုက်မိချေသည်။

စုမင်သည် သူ့ကို နှစ်သိမ့်ပေးချင်သော်လည်း ပါးစပ်ဟလိုက်ပြီးနောက် သူကိုယ်တိုင်ပင် မည်သို့နှစ်သိမ့်ပေးရမည်မသိကြောင်း သိလိုက်ရ၏။ တစ်ကယ်တမ်းတွင်တော့ နန်ကုန်းဟန်တစ်ယောက် အမှန်တစ်ကယ်ပင် ကံဆိုးနေသည်ဟု သူကိုယ်တိုင်လည်း ခံစားနေရခြင်း ဖြစ်သည်။

“ဘာမှမဖြစ်ပါဘူး၊ ဦးလေးနန်ကုန်းရဲ့။ အဲဒါက ကျောက်တုံးစုတ်တစ်လုံးပါပဲ။ ဒါပြီးရင် ထပ်ဝယ်လို့ရသေးတာပဲကို။ ဦးလေး သေချာပေါက် ရတနာရှာတွေ့မှာပါ” လန်လန်သည် တောက်ပစွာပြုံးလိုက်ပြီး နန်ကုန်းဟန်အား ဖြောင်းဖျလိုက်သည်။

“အဲဒါက ၅၀၀,၀၀၀ တောင်လေ။ ၅၀၀,၀၀၀ တောင်မှ” နန်ကုန်းဟန်သည် ကောင်းကင်ရှိ သွေးကျောက်တုံးများကို မော့ကြည့်လိုက်ပြီး မျက်ဝန်းထဲ၌ ဆုံးရှုံးမှုကို လက်မခံလိုသော အကြည့်မျိုး ပေါ်လာခဲ့သည်။

“အဟမ်း၊ ငါတို့မှာသာ ယုံကြည်မှုသိပ်မရှိရင် ဒီလိုလောင်းကစားမျိုးကို ဆက်မလုပ်သင့်ဘူးလို့ ထင်တယ်။ ငါတော့ အခုလေးတင်ပဲ လူတွေပြောကြတဲ့ ‘စိတ်လှုပ်ရှားတက်ကြွလွန်နေရာက ခဏအတွင်း စိတ်ဓာတ်အောက်ဆုံးထိ ထိုးကျသွားတယ်’ဆိုတဲ့ အခြေအနေမျိုးကို တစ်ကယ်ကြီး ကြုံလိုက်ရတာလေ”

စုမင်သည် နန်ကုန်းဟန်၏ မျက်ဝန်းထဲမှ အရှုံးကိုလက်မခံနိုင်သော အကြည့်ကို မြင်သောအခါ သူတွေးထားမိသမျှ နှစ်သိမ့်ဖြောင်းဖျသော စကားလုံးများမှာ အသုံးမဝင်နိုင်တော့ကြောင်း နားလည်လိုက်မိ၏။ သူသည် တိတ်တဆိတ်ပင် သက်ပြင်းချလိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောမိတော့ချေ။

ထိုလူများသည် ကံကိုသာယုံကိုးရသော ဤလိုလောင်းကစားပွဲမျိုးအား စိတ်အားထက်သန်နေကြရသည့် အကြောင်းအရင်းကိုသာ သူနားမလည်နိုင် ဖြစ်နေသေးခြင်းဖြစ်သည်။

သူအတွေးထဲ နစ်မြောနေစဥ်မှာပင် အနီးရှိလူများထံမှ တစ်ခဲနက်အော်ဟစ်သံများ ရုတ်တရက်ထွက်ပေါ်လာသည်။

“နှစ်ရောင်ခြယ် အလင်း။ အဲဒါ… အဲဒါ နှစ်ရောင်ခြယ်အလင်းပဲ”

“မမှားနိုင်ဘူး။ တစ်ကယ်ကြီး နှစ်ရောင်ခြယ်အလင်း ပေါ်လာတာပဲ။ သေစမ်းကွာ၊ ငါ အဲဒီ နံပါတ် (၈၇) ကျောက်တုံးကို မှတ်မိတယ်။ အဲဒီကျောက်တုံးထဲမှာ တစ်ခုခု ရှိနေခဲ့တယ်ဆိုတာ ငါ အစတည်းက သိခဲ့လိုက်သားနဲ့ကွာ”

“အဲဒီလူကတော့ ကောင်းကောင်းလုပ်နိုင်လိုက်တာပဲ။ သူ အဲဒီကျောက်တုံအတွက် သလင်းကျောက် ၂၀၀,၀၀၀ တောင် သုံးခဲ့တာမဟုတ်ဘူး၊ ပုံမှန်မဟုတ်တဲ့အလင်းမျိုး ပေါ်လာပြီဆိုရင်တောင် အဲဒီကျောက်တုံးရဲ့ ဈေးနှုန်းက အဆပေါင်းများစွာ ထိုးတက်သွားတော့မှာ။ အခုက နှစ်ရောင်ခြယ်အလင်းတောင် ပေါ်လာတာဆိုတော့ ကျောက်တုံးရဲ့ဈေးနှုန်းက သလင်းကျောက် ၁,၀၀၀,၀၀၀ လောက်အထိ ခုန်တက်သွားမှာပဲ”

ဆူညံသံများကြောင့် စုမင် အပေါ်သို့ မော့ကြည့်လိုက်ရာ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အလင်းကွင်းများကြားရှိ သွေးကျောက်တုံးတစ်တုံးမှာ အနီနှင့် အပြာအလင်းများ တောက်ပနေသည်ကို မြင်လိုက်ရလေသည်။ ထိုအလင်းတန်းနှစ်ခုသည် အချင်းချင်းဖြတ်သန်းတောက်ပနေပြီး ပေတစ်ရာကျော် ဧရိယာတစ်ခုလုံးကိုပင် လင်းထိန်နေစေခဲ့သည်။

ထိုသွေးကျောက်တုံးကို ဖြတ်နေသော အလင်းကွင်းနံဘေး၌ ရပ်နေသူမှာ အဘိုးအိုတစ်ဦး ဖြစ်သည်။ အဘိုးအိုသည် အလင်းတန်းများကိုကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်လုံးများမှာ တောက်ပနေပြီး ညာလက်ကိုမြှောက်၍ အလင်းကွင်းအား ညွှန်ပြလိုက်သည်။ အလင်းကွင်း၏ အရှိန်နှုန်းမှာ တစ်ဖြည်းဖြည်းနှေးကျသွားပြီး လုံးလုံးလျားလျား ရပ်တန့်သွားချိန်တွင် နှစ်ရောင်ခြယ်အလင်းမှာလည်း ပိုမိုစူးရှတောက်ပလာခဲ့၏။

“ဆက်ဖြတ်… ဆက်ဖြတ်။ အပေါက်လေး တစ်ပေါက် ဖောက်လိုက်ရုံနဲ့ အရိပ်တောင် ပေါ်လာနိုင်တယ်နော်။ အရိပ်ပေါ်လာတာနဲ့ ကျောက်တုံးရဲ့ဈေးက ပိုမြင့်သွားလိမ့်မယ်”

“ငါတော့ မထင်ဘူး။ နှစ်ရောင်ခြယ်အလင်းကတောင် တော်တော်လေး ရှားပါးနေပြီ။ အရိပ်ပါ ပေါ်လာဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ…”

အဘိုးအိုသည် ကျောက်တုံးအား ဖြတ်တောက်နေခြင်းကို ရပ်တန့်လိုက်သည်နှင့် လူအုပ်ကြီးထံမှ ဆွေးနွေးဝေဖန်သံများ ထွက်ပေါ်လာပြီး အချို့ဆိုလျှင် သူကြားအောင်ပင် အော်ဟစ်နေကြ၏။ ထိုစကားလုံးများထဲတွင်တော့ မနာလိုဝန်တိုခြင်းအစရှိသည့် စိတ်ခံစားချက် အမျိုးမျိုး ရောပြွမ်းနေလေသည်။

“နံပါတ် (၈၇) သွေးကျောက်တုံးပိုင်ရှင်၊ မင်း ဆက်ဖြတ်စရာ မလိုပါဘူး။ ငါတို့ နတ်ဘုရားထောင်ချောက် မျိုးနွယ်စုက အဲဒီသွေးကျောက်တုံးကို ရှာမန်သလင်းကျောက် ၁,၀၀၀,၀၀၀ ပေးဝယ်ပါမယ်” ကောင်းကင်ရှိခန်းမထဲမှ တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းက နှစ်ရောင်ခြယ်အလင်း ကျောက်တုံးတစ်ခုကို သလင်းကျောက် ၁,၀၀၀,၀၀၀ ထဲနဲ့ ဝယ်ချင်တယ်ပေါ့။ အဲဒီကျောက်တုံးက နှစ်ရောင်တောင်နော်။ အထဲမှာ သေချာပေါက်ကို တစ်ခုခုရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နံပါတ် (၈၇) သွေးကျောက်တုံးပိုင်ရှင်၊ ငါ… အရှေ့မြူရွက်မျိုးနွယ်စုရဲ့ တိုင်မူက မင်းကို ရှာမန်သလင်းကျောက် ၁,၃၀၀,၀၀၀ ပေးမယ်။ အဲဒီကျောက်တုံးကို ငါ့ဆီရောင်းပါ” အခြားခန်းမတစ်ခုအတွင်းမှ စုမင်နှင့် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် သူနှင့်တိုက်ခိုက်ခဲ့သော နှောင်းပိုင်းရှာမန် တိုင်မူ၏အသံပင် ဖြစ်သည်။

သွေးကျောက်တုံးပိုင်ရှင်၏ မျက်နှာထက်တွင် တွေဝေတွန့်ဆုတ်သော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ သူသည် သွေးကျောက်တုံးကို တစ်လှည့်၊ အသံထွက်ပေါ်လာရာ ခန်းမနှစ်ခုကို တစ်လှည့် ကြည့်လိုက်မိ၏။ နန်ကုန်းဟန် ရခဲ့သော သင်ခန်းစာသည် သူ့အား ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေစေကြောင်း သိသာပေါ်လွင်နေချေသည်။

“ဖြတ်လိုက်။ ဆက်ဖြတ်လိုက်။ သေလိုက်ပါတော့ကွာ၊ ဘာတွေများ နားယောင်နေတာလဲ။ ငါဆို ၅၀၀,၀၀၀ ကုန်ခဲ့တာတောင် အဆုံးထိ ဆက်ဖြတ်ခဲ့သေးတာ” စုမင်နံဘေးရှိ နန်ကုန်းဟန်သည် အံတင်းတင်းကြိတ်ကာ ကောင်းကင်သို့ စူးစူးရဲရဲ စိုက်ကြည့်နေပြီး မျက်လုံးများပင် နီရဲလာခဲ့၏။

“အစ်ကိုနန်ကုန်း၊ နှစ်ရောင်ခြယ်အလင်းဆိုတာ ဘာများလဲ” စုမင်သည် ရတနာလောင်းကစားပွဲနှင့် ပက်သက်၍ အနည်းငယ်သိထားသော်လည်း အကြိမ်တိုင်းလာရောက်ဖူးသူများနှင့် ယှဥ်လျှင်မူ သူမသိသော အရာများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့်ပင် အနီနှင့် အပြာအလင်းများကို မြင်သောအခါ နန်ကုန်းဟန်အား ထုတ်မေးလိုက်မိခြင်း ဖြစ်သည်။

နန်ကုန်းဟန်သည် သက်ပြင်းချလိုက်ပြီး စုမင်ကို သေချာစရှင်းပြလိုက်သည်။

“ညီလေးမော့က မသိတဲ့ပုံပဲ။ အဲဒီကျောက်တုံးတွေကို မဖြတ်ခင်မှာ ကျုပ်တို့အနေနဲ့ ဘယ်လိုနည်းလမ်းမျိုးကိုပဲသုံးသုံး အထဲမှာရှိတာကို သိဖို့ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် သူတို့ကို ဖြတ်ဖွင့်ချိန်မှာတော့ အဲဒါကိုသိနိုင်တဲ့ ပုံစံတွေ ရှိတယ်”

“ပုံမှန်မဟုတ်တဲ့ အလင်းဆိုတာ အဲဒီပုံစံတွေထဲက တစ်မျိုးပဲ။ အလင်းတန်းတစ်ခုဆိုရင် ကျောက်တုံးက ဗလာမဟုတ်ဘူးလို့ ဆိုလိုတာ။ အထဲမှာ ရတနာရှိရင်လည်း ရှိနိုင်သလို ကျောက်ဖြစ်ပြီး အသုံးမဝင်တဲ့ ပစ္စည်းလည်း ဖြစ်နိုင်တယ်”

“ဒါပေမယ့် အလင်းတန်းနှစ်ခု ပေါ်လာရင်ကျ အထဲက ပစ္စည်းဟာ ကျောက်ဖြစ်နေပြီဆိုရင်တောင် သုံးလို့ရသေးတယ်လို့ ဆိုလိုတာပဲ… ကျုပ်တို့အရင်က အတွေ့အကြုံတွေ အရပေါ့။ ရတနာလောင်းကစားပွဲ သမိုင်းမှာ တစ်ပြိုင်တည်းနဲ့ အများဆုံးတောက်ပခဲ့ဖူးတဲ့ အလင်းအရေအတွက်က ခုနစ်ရောင်အထိပဲ။ ပြီးတော့ အဲဒီကနေ ရှားပါးတဲ့ ရတနာပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ကြတယ်”

“သူတို့ပြောတဲ့ အရိပ်ဆိုတာကတော့ အဲဒါလည်း ကျုပ်တို့ရှာတွေ့ထားတဲ့ ပုံစံတွေထဲက တစ်မျိုးပဲ။ ဒါပေမယ့် အရိပ်ပေါ်လာနိုင်ချေက အဲဒီပုံမှန်မဟုတ်တဲ့ အလင်းတွေထက်တောင် ပိုနည်းပါးသးတယ်။ သဘောတရားအရဆိုရင်တော့ သွေးကျောက်တုံးထဲက ပစ္စည်းက လောကကနေ ချိပ်ပိတ်ခံထားရတာတဲ့။ အဲဒါက အပြင်လောကနဲ့ ထိတွေ့မိချိန်မှာ ချက်ချင်းဆိုသလို ထူးဆန်းတဲ့ အရိပ်တစ်ခု ပေါ်လာတာလို့ ပြောကြတာပဲ”

“ပုံမှန်မဟုတ်တဲ့ အလင်းတွေပေါ်လာရင် ကျောက်တုံးထဲမှာ ပစ္စည်းရှိတယ်လို့ ရည်ညွှန်းနေတာဖြစ်ပြီး အရိပ်တစ်ခု ပေါ်လာရင်တော့ အထဲက ပစ္စည်းဟာ ကျိန်းသေပေါက် သာမန်မဟုတ်ဘူးလို့ ဖော်ပြနေတာပဲ။ ဒါပေမယ့် အမြဲတမ်းတော့လည်း အဲဒီလိုမဟုတ်ပြန်ဘူး။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျုပ်ကျောက်တုံးကိုဖြတ်တုန်းက ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ အလင်းကြောင့် တုန့်ဆိုင်းသွားရမှာကို မဟုတ်ဘူးလေ”

“အတိတ်တုန်းက ပစ္စည်းပါမှာ သေချာနေတဲ့ ကျောက်တုံးတွေ ရှိခဲ့ဖူးတယ်။ သူတို့က ပုံမှန်မဟုတ်တဲ့ အလင်းတွေ တောက်ပခဲ့ပြီး တစ်ချို့ဆို အရိပ်တွေတောင် ပါခဲ့သေးတယ်။ ဒါပေမယ့် နောက်ဆုံးခွဲလိုက်တဲ့ အခါကျတော့လည်း ဗလာဖြစ်နေခဲ့တာပဲလေ”

“ရတနာလောင်းကစားပွဲရဲ့ ပုံစံဆိုတာတွေကလည်း ပါဝင်သူတွေ လေ့လာဆန်းစစ်ရင်း တစ်ဖြည်းဖြည်း ဆွေးနွေးဖော်ထုတ်ခဲ့ကြတာတွေမို့ အဲဒါတွေဟာ မှန်တယ်လို့ ပြောလို့ရသလို မှားတယ်လို့လည်း ယူဆနိုင်တယ်…”

စုမင်တို့နှစ်ဦး စကားပြောနေစဥ်မှာပင် နံပါတ် (၈၇) သွေးကျောက်တုံးပိုင်ရှင် အဘိုးအိုမှာ ဆုံးဖြတ်ချက်ချပြီးသွားပုံ ပေါ်သည်။ သူသည် ညာလက်ကိုမြှောက်၍ တစ်စုံတစ်ခုလုပ်ရန် ပြင်လိုက်စဥ်မှာပင် ခန်းမတစ်ခုထဲမှ အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။

“ရှင်အဲဒါကိုဆက်ဖြတ်မယ်ဆိုရင် အရိပ်တစ်ခု ပေါ်လာကောင်း ပေါ်လာနိုင်သလို တစ်တုံးလုံး ဖြတ်ပြီးတဲ့အထိ နှစ်ရောင်ခြယ်အလင်းပဲလည်း ဖြစ်ရင်ဖြစ်သွားနိုင်တယ်။ ကျောက်တုံးရဲ့ ဈေးနှုန်းက ထပ်တိုးလာတော့မှာ မဟုတ်ဘူး။ ပြန်ကျသွားနိုင်ချေ ရှိတဲ့အပြင် အထဲမှာ ရှိနေတဲ့အရာကိုတောင် ရှင်ဖျက်ဆီးမိသွားနိုင်တယ်”

“ကျွန်မသာ ရှင့်နေရာမှာဆိုရင် အဲဒါကို ခုအချိန် ရောင်းလိုက်မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ဘက်က အရှုံးရှိတာမှ မဟုတ်တာ။ ကျွန်မတို့ ဆောင်းဦးပင်လယ်မျိုးနွယ်စုက အဲဒီကျောက်တုံးအတွက် ၁,၅၀၀,၀၀၀ ပေးမယ်”

ထိုအသံပေါ်လာသည်နှင့် စုမင်မျက်လုံးထဲတွင် သတိပြုမိရန် ခဲယဥ်းသောအကြည့်တစ်ခု ပေါ်လာသော်လည်း မျက်နှာအမူအယာမှာမူ စိုးစဥ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ထိုအသံပိုင်ရှင်သည် ဆောင်းဦးပင်လယ်မျိုးနွယ်စု၏ မြင့်မြတ်သောမိန်းမပျို ဝမ်ချိုးဖြစ်ကြောင်း သူသေချာပြောနိုင်လေသည်။

“ဆောင်းဦးပင်လယ်မျိုးနွယ်စုကြီးကသာ ဒီကျောက်တုံးကို လိုချင်တယ်ဆိုရင်၊ ကျုပ်ဘက်ကလည်း လိုလိုလားလားနဲ့ ရောင်းချဖို့ဆန္ဒရှိပါတယ်”

အဘိုးအိုထံမှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ဝမ်ချိုးတို့၏ ခန်းမထံမှ အလင်းတန်းတစ်ခု ချက်ချင်းပျံသန်းလာသည်။ အလင်းတန်းထဲရှိလူမှာ မီးခိုးရောင်ဆံပင်များဖြင့် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုအဘိုးအိုထံမှ စွမ်းအင်လှိုင်း ခပ်ဖျော့ဖျော့ ထွက်ပေါ်နေ၏။ ထိုသူမှာ ဆောင်းဦးပင်လယ်မျိုးနွယ်စု၏ အစွမ်းထက်နှောင်းပိုင်းရှာမန်တစ်ဦး ဖြစ်သည်။

သူသည် ကျောက်တုံးပိုင်ရှင်အဘိုးအိုထံ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး သိုလှောင်အိတ်တစ်လုံးကို ပစ်ပေးလိုက်သည်။ သူသည် အဘိုးအိုအား တစ်ချက်ပင် လှည့်မကြည့်ပဲ အလင်းကွင်းထဲရှိ သွေးကျောက်တုံးကိုသာ စိုက်ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့၏။

“မင်းက ထွက်မသွားသေးဘူးလား”

ကျောက်တုံးပိုင်ရှင် အဘိုးအိုသည် အလျင်အမြန်ပင် နောက်ဆုတ်လိုက်ပြီး သွေးကျောက်တုံးအား လည်ပြန်ကြည့်ရင်း မြေပြင်ထက်သို့ ပြန်ဆင်းလာလေသည်။

သို့သော် သူအောက်မရောက်သေးမီမှာပင် အလင်းကွင်းမှာ ချက်ချင်းအသက်ဝင်လာပြီး တရွှီးရွှီးမြည်သံများနှင့်အတူ သွေးကျောက်တုံး၏ အရွယ်က ချက်ချင်းကျုံ့သွားခဲ့သည်။ ဆောင်းဦးပင်လယ်မျိုးနွယ်စုမှ နှောင်းပိုင်းရှာမန်အဘိုးအိုသည် အလင်းကွင်းကိုထိန်းချုပ်ကာ ကျောက်တုံးအား အကြိမ်ကြိမ် ဆက်လက်ဖြတ်တောက်လိုက်သည်။ ထို့နောက် သူသည် ရှေ့တစ်လှမ်းတက်လိုက်ပြီး ခပ်တိုးတိုးဟိန်းဟောက်ကာ ကျောက်တုံးကို ရိုက်ချလိုက်သည်။

ထိုရိုက်ချက်ကြောင့် ကျောက်တုံးပေါ်ရှိ အပေါက်ငယ်များမှာ အချင်းချင်း ချိတ်ဆက်သွားသည်။ ဝုန်းခနဲပေါက်ကွဲသံ တစ်ချက်နှင့်အတူ ကျောက်တုံးမှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး ခေါင်းတစ်လုံးစာခန့်ရှိသော ကျောက်တုံးအကြည်လေး တစ်လုံးက အဘိုးအိုလက်ထဲသို့ ပျံဝဲရောက်ရှိလာလေသည်။

ထိုကျောက်တုံးသည် သလင်းကျောက်သဖွယ် ကြည်လင်နေပြီး အတွင်းထဲတွင် သံထည်အပိုင်းအစ တစ်ခု ရှိနေသည်။ သံချေးတက်နေသော ထိုသံထည်၏ပုံစံမှာ တစ်စုံတစ်ရာ ထူးခြားခြင်းမရှိသော်လည်း အတွင်းမှ အားပျော့သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်နေခဲ့သည်။

“အဲဒါက ရတနာပစ္စည်းတစ်ခုပဲ။ သေချာတယ် မှားစရာအကြောင်း မရှိဘူး”

“အဲဒါက ရှေးနှစ်ပေါင်းများစွာတည်းက ရှိနေခဲ့တဲ့ ယင်ကိုးပါးလောကရဲ့ ရတနာပစ္စည်းတစ်ခုပဲ”

“ဒီတစ်ကြိမ်တော့ ဆောင်းဦးပင်လယ်မျိုးနွယ်စုက တစ်ကယ်ကံကောင်းသွားတာပဲ။ သူတို့က စွန့်စားစရာတောင် မလိုလိုက်ပဲ ရတနာပစ္စည်းတစ်ခုကို ရှာမန်သလင်းကျောက် ၁,၅၀၀,၀၀၀ ထဲနဲ့ ရသွားတယ်။ ဟဟ၊ ဒီပစ္စည်းရဲ့ တန်ဖိုးကဖြင့် သတ်မှတ်ဖို့တောင် ခဲယဥ်းတာကို”

စုမင်သည် နှောင်းပိုင်းရှာမန်အဘိုးအိုလက်ထဲရှိ ကျောက်တုံးအကြည်ကို လှမ်းကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ့နံဘေးရှိ နန်ကုန်းဟန်မှာမူ သူ့တွင်ဖြစ်ပျက်ခဲ့သော အရာများကို ပြန်လည်တွေးတောရင်း အလွန်တရာမှ စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။

ထိုကျောက်တုံးကို ရှာမန်သလင်းကျောက် ၁,၅၀၀,၀၀၀ ဖြင့်ရောင်းခဲ့သော အဘိုးအိုမှာ ဆွံ့အမင်သက်နေ၏။ သူ့မျက်နှာထက်တွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေပြီး သူ့နှလုံးသားထဲရှိ ရှုပ်ထွေးသော ခံစားချက်မှာလည်း နန်ကုန်းဟန်အောက် လျော့မည်မဟုတ်ပေ။ သူသည် လက်ထဲရောက်နေသော ရှာမန်သလင်းကျောက် ၁,၅၀၀,၀၀၀ကို အဆုံးရှုံးမခံနိုင်သဖြင့် ထိုကျောက်တုံးကို ထုတ်ရောင်းလိုက်ခြင်းဖြစ်သည်။

ဆောင်းဦးပင်လယ်မျိုးနွယ်စုမှ နှောင်းပိုင်းရှာမန်အဘိုးအိုသည် ကျေနပ်စွာပြုံးလိုက်ပြီး လက်ကို တစ်ချက်လှုတ်ခတ်လိုက်ရာ သူ့လက်ထဲရှိ ကျောက်တုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ဆောင်းဦးပင်လယ်မျိုးနွယ်စု၏ ခန်းမဆီ ပြန်လျှောက်သွားလေသည်။ အခြားခန်းမတစ်ခု၏ ခေါင်မိုးပေါ်မှ စောင့်ကြည့်နေသော ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲသည် အမူအယာ ပြောင်းလဲသွားခြင်းမရှိဟု ထင်ရသော်လည်း တစ်စုံတစ်ယောက်သာ ဂရုတစိုက် စောင့်ကြည့်ထားလျှင် ကျောက်တုံးအကြည် ပေါ်လာချိန်၌ သူ့မျက်ဝန်းများ ကျဥ်းမြောင်းသွားကြောင်း တွေ့လိုက်ရပေလိမ့်မည်။

“အခု ကျောက်တုံး နံပါတ် (၁၀၁) ကနေ (၂၀၀) အထိ လေလံပွဲစမယ်”

ပထမကျောက်တုံး တစ်ရာကိုဖွင့်ပြီးသည်နှင့် ထိုနေရာရှိ လေထုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပုံပေါ်ပြီး လူအုပ်ကြီးမှာ ဒုတိယအသုတ်အတွက် ပိုမို စိတ်အားထက်သန်လာကြလေသည်။

“၂၀၀,၀၀၀”

“၃၀၀,၀၀၀”

“၃၅၀,၀၀၀”

“၅၀၀,၀၀၀”

“၆၀၀,၀၀၀”

လေလံဈေးများမှာ တစ်တုံးပြီးတစ်တုံး ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ မကြာမီမှာပင် ကျောက်တုံးအားလုံးကို လူပေါင်းများစွာမှ အလုအယက် ဝယ်ယူသွားခဲ့ကြသည်။

နန်ကုန်းဟန်သည် အကြိမ်ပေါင်းများစွာ လေလံဝင်ဆွဲချင်ခဲ့သော်လည်း သူ့စိတ်ကိုသူ ထိန်းချုပ်ထားခဲ့ရ၏။ အခြားတစ်ဖက်ရှိ စုမင်မှာမူ မည်သည့်ဈေးမျှ ဝင်မပေးပဲ အေးအေးဆေးဆေးပင် စောင့်ကြည့်နေလေသည်။ သူသည် နံပါတ် (၆၉၇)၊ (၉၀၁) နှင့် (၉၄၉) ကျောက်တုံးများကို စောင့်နေခြင်းဖြစ်သည်။

ထိုကျောက်တုံး သုံးခုနှင့် ပက်သက်၍ စုမင် သေချာသော်လည်း မသေချာသော အခြားကျောက်တုံးများကိုမူ ဝင်ရောက်ကံစမ်းမည် မဟုတ်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး ဒုတိယအသုတ်ကျောက်တုံးများကိုပင် ဖြတ်တောက်ပြီးသွားချေပြီ။ ထိုအထဲမှ နှစ်တုံးသည်သာ ပုံမှန်မဟုတ်သော အလင်း တောက်ပခဲ့သော်လည်း အဆုံးတွင်တော့ တစ်တုံးမှာ အတွင်း၌ ဗလာဖြစ်နေပြီး သိန်းပေါင်းမြောက်များစွာသော ရှာမန်သလင်းကျောက်များမှာ ထိုအတိုင်းရေစုန်မျောသွားခဲ့သည်။

အခြားတစ်ခုထဲတွင်မူ ပစ္စည်းတစ်ခုရှိသော်လည်း ၎င်းက လုံးလုံးလျားလျား ကျောက်ဖြစ်နေခဲ့ပြီး အနည်းငယ်ထိလိုက်ရုံဖြင့် ဖုန်မှုန့်ဖြစ်ကာ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားခဲ့လေသည်။

All Chapters