ဓားကို ဓားစံအိမ်သို့ ကြိုဆိုခြင်း
Vol. 2 Ch. 18
အခန်းထဲတွင် တိတ်ဆိတ်ခြင်း ကြီးစိုးသွား၏။
ရှေ့တွင် ရပ်နေသော ရှုဟောင်ရှန်သည် တစ်စုံတစ်ခုကို အလေးအနက် တွေးတောနေဟန်ရ၏။
တပည့်များအားလုံး ခေါင်းငုံ့ထားကာ မျက်နှာတွင် အထိတ်တလန့်ဖြစ်သော အမူအရာများ ရှိနေကြသည်။
ယန်ရှောက်က မှန်ကန်သော အလောင်းအစားကို ပြုမိသလား မသေချာသေးပါ။
“ကောင်းပြီ…”
ရှုဟောင်ရှန့်က ပြောလိုက်သည်။
သူက ယန်ရှောက်၏ပုခုံးကို ပုတ်ကာ ရယ်မောလျှက်ပြောသည်။
“အခုကစပြီး မင်းက ငါ့ရဲ့ တတိယမြောက်တိုက်ရိုက်တပည့်ပဲ”
တိုက်ရိုက်တပည့်…
ခန်းမထဲတွင် အဖြူရောင်ဝတ်လူငယ်များအားလုံး မျက်လုံးများ ပြူးသွားကြ၏။
သုံးမျက်နှာရေကန်စံအိမ်၌ များစွာသော တပည့်များ ရှိသော်လည်း တိုက်ရိုက်တပည့်မှာ ၂ ယောက်တည်းသာ ရှိသည်။
အတွင်းစည်းတပည့် ၇၂ ယောက်ထဲမှ စုချန်ယွင်သည်ပင် သုံးမျက်နှာရေကန်၏တိုက်ရိုက်ပည့်မဟုတ်ပါ။
သုံးမျက်နှာရေကန်မှ တိုက်ရိုက်တပည့်နှစ်ဦးမှာ ဂိုဏ်း၏ပင်မတပည့်များ ဖြစ်ကြသည်။
ထိုအခိုက်တွင် သူ၏ဆရာသည် ယန်ရှောက်အား တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်လိုက်၏။
တွန့်ဆုတ်ခြင်းမရှိဘဲ ယန်ရှောက်က မြေပြင်တွင် ဒူးထောက်ကာ ဦးညွှတ်သည်။
“တပည့်ယန်ရှောက်… ဆရာကို ဂါရဝပြုပါတယ်”
ဆရာဟူသည် အဖေနှင့်မခြား…
သူက သည်အတိုင်း တိုက်ရိုက်တပည့် ဖြစ်လာသည်။
တိုက်ရိုက်တပည့်ဖြစ်လာခြင်းက သူသည် မျိုးဆက်ခံတပည့် ဖြစ်ခြင်းနှင့် မခြားပါ။
သူ ရရှိမည့် အခွင့်အလမ်းနှင့်အရင်းအမြစ်များမှာ သာမန်လူများ အိပ်မက်ပင် မမက်ရဲသော အရာများ ဖြစ်သည်။
ရှုဟောင်ရှန့်က သူ၏လက်ကို ပြန်ရုတ်သိမ်းကာ လေးနက်စွာ ပြောသည်။
“ယန်ရှောက်… တကယ်လို့ မင်းသာ ရေပြာလှိုင်းဓားသိုင်းရဲ့ တတိယအဆင့်ကို နားလည်ရင် ငါမင်းကို အမွေအနှစ်ရဲ့ တစိတ်တစ်ပိုင်းအဖြစ် သတ်မှတ်မယ်”
အမွေအနှစ်…
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထောင်သောင်းများစွာသော တပည့်များရှိသော်လည်း တပည့် မည်မျှမှာ အမွေအနှစ်ကို ပိုင်ဆိုင်နိုင်သနည်း။
ထိုအမွေအနှစ်ကို ပိုင်ဆိုင်သူများထဲတွင် မည်သူက နာမည်မကျော်ကြားဘဲ နေသနည်း။
မည်သူက ဂိုဏ်း၏အထင်ကရပုဂ္ဂိုလ် မဖြစ်လာသနည်း။
“စီနီယာအစ်ကိုယန်ကို နှုတ်ဆက်ပါတယ်”
ထိုအခိုက်တွင် တပည့်များအားလုံးက ယန်ရှောက်ကို အရိုအသေပေးရသည်။
သုံးမျက်နှာရေကန်၏တိုက်ရိုက်တပည့်မှာ သာမန်တပည့်များအားလုံးထက် အဆင့်အတန်းမြင့်သည်။
သူတို့၏ဆရာက ယန်ရှောက်ကို ထိုမျှ တန်ဖိုးထားသည်ဆိုမှတော့ တခြားတပည့်များက မည်သို့ လေးစားမှု မထားဘဲ နေမည်နည်း။
ယန်ရှောက်က ပြုံးလျှက် လက်ဝှေ့ယမ်းသည်။
“ဂျူနီယာညီလေးတို့… အေးအေးသက်သာနေပါ”
အနာဂတ်တွင် သုံးမျက်နှာရေကန်စံအိမ်၌ သူ၏အဆင့်အတန်းမှာ စုချန်ယွင်ထက်ပင် မြင့်မားပေလိမ့်မည်။
တခြားတိုက်ရိုက်တပည့်နှစ်ဦးမှလွဲ၍ ကျန်သောလူများအားလုံးမှာ သူ၏ဂျူနီယာများ ဖြစ်ကြသည်။
၎င်းတို့အားလုံးမှာ သရုပ်ပြခန်းဆောင်မှ စီနီယာ၏ညွှန်ကြားပြသမှုများအားလုံးကြောင့် ဖြစ်သည်။
ဟန်မူယဲ့၏အကြောင်းကိုတွေးကာ ယန်ရှောက်၏စိတ်နှလုံးများ တောက်လောင်နေသည်။
ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့်ကိုသာ တတ်မြောက်ပါက သူသည် သူ့ဆရာ၏တန်ဖိုးအထားရဆုံး တပည့်ဖြစ်လာကာ ဂိုဏ်း၏ပင်မတပည့်တစ်ဦး ဖြစ်လာနိုင်၏။
ယန်ရှောက်က သူ့ရှေ့မှ တောက်ပနေသော အနာဂါတ်ကို မြင်နေရသည်။
ယနေ့မှစ၍ သူသည် သရုပ်ပြခန်းဆောင်၌သာ စတည်းချနေတော့မည်။
…..
ဟန်မူယဲ့သည် သံမဏိနွားသိုးကျင့်စဉ်ကို ကျင့်ကြံခဲ့သောကြောင့်လား၊ ဓား ၁၀၀၀၀ တို့အိမ်အပြန်ကျင့်စဉ်ကို တတ်မြောက်ခဲ့သောကြောင့်လား မသိပါ၊ သူသည် နောက်တစ်နေ့ နံနက်တွင် လန်းဆန်းစွာ နိုးထလာသည်။
သူက ဓားသိုင်းများကို အကြိမ်ရေတချို့ လေ့ကျင့်ပြီးနောက်တွင် သူသည် ဓားပညာကို ပိုမိုနက်နဲစွာ သဘောပေါက်လာသည်ဟု ခံစားရ၏။
“ညီလေးဟန်… ငါတို့ ဓားကို ကြိုဆိုတဲ့အခါ ငါ့နောက်မှာနေ”
အနက်ရောင်ဝတ်စုံကို ဝတ်ထားသော ဟွမ်လောင်လျှိုမှာ အရပ်အနည်းငယ်ရှည်သွားသကဲ့သို့ ထင်ရသော်လည်း သူ့မျက်လုံးများမှာ အိုမင်းနေဆဲ ဖြစ်သည်။
သူတို့နှစ်ဦး ပြင်ဆင်နေကြစဉ်မှာပင် အဝေးမှ ခေါင်းလောင်းသံတစ်ချက်ကို ကြားရသည်။
ခေါင်းလောင်းမှာ သုံးကြိမ် မြည်ဟီးသွားသည်။
“တကယ်လို့ ကမ္ဘာမြေအဆင့် ကျဆုံးသွားရင် ခေါင်းလောင်းဟာ သုံးကြိမ် မြည်တယ်။ တကယ်လို့ ကောင်ကင်ဘုံအဆင့်ဆိုရင်တော့ ခြောက်ကြိမ်ပဲ”
ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ တီးတိုးပြောသည်။
“ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ခေါင်းလောင်းသံမြည်တာ ခုနစ်ခေါက် ရှိသွားပြီ”
ထိုစကားက ဟန်မူယဲ့အား ထိတ်လန့်သွားစေသည်။
ဆိုလိုသည်က အနည်းဆုံး ကမ္ဘာမြေအဆင့် တန်ခိုးရှင် ခုနစ်ယောက် သေဆုံးသွားခဲ့သည်။
ကမ္ဘာမြေအဆင့်များမှာ ဂိုဏ်း၏ထောက်တိုင်များ ဖြစ်ကြသည်။ သူတို့မှာ မည်သည့်နေရာတွင်မဆို ဂုဏ်သရေရှိ အကြီးအကဲများ ဖြစ်ကြ၏။
ကမ္ဘာမြေအဆင့် တန်ခိုးရှင်တစ်ဦးမှာ အသက်ရှည်လျားကာ ပုံမှန်အားဖြင့် သေဆုံးရန် မလွယ်ကူပါ။
ပုံမှန်မဟုတ်ဘဲ သေဆုံးခြင်းသည် တိုက်ပွဲများတွင်သာ ဖြစ်နိုင်၏။
ကျင့်ကြံခြင်းလောကသည် မငြိမ်းချမ်းဟု ဆိုလိုသည်လား။
ဓားစံအိမ်အဝင်ဝတွင် ဟန်မူယဲ့က ဟွမ်လောင်လျှိုအား မေးသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့် မရှိဘူးဆို။ ဘာလို့ ခေါင်းလောင်းက ခြောက်ကြိမ်လဲ”
“ကောင်းကင်ဘုံအဆင့်လား… ငါတို့ ဓားစံအိမ်အကြီးအကဲက ကောင်းကင်ဘုံအဆင့် မဟုတ်ဘူးလား”
ဟွမ်လောင်လျှိုက ပြောနေရင်း ရုတ်တရက် ရပ်လိုက်သည်။
ဟန်မူယဲ့က နောက်လှည့်ကြည့်လျှင် အဖြူရောင်ဝတ်အကြီးအကဲသည် ဒုတိယထပ်မှ ဆင်းလာသည်ကို မြင်ရ၏။
အကယ်၍ ဓားစံအိမ်အကြီးအကဲ သေဆုံးပါက ခေါင်းလောင်းမှာ ခြောက်ကြိမ် မြည်ဟီးမည်လား။
ဓားစံအိမ်အကြီးအကဲက သူတို့အား မကြည့်ဘဲ ဓားစံအိမ်အဝင်ဝ ကျောက်တုံးလှေကားထစ်ထံသို့ လှမ်းသွားသည်။
ဓားစံအိမ်ရှေ့ကို အနက်ရောင်ဝတ်လူတစ်စု သုန်မှုန်စွာ လှမ်းလာနေသည်။
ထိုလူများအားလုံး ဓားရှည်များကို လွယ်ပိုးထားကာ အနက်ရောင်ဝတ်စုံကို ဝတ်ထားကြသည်။ သူတို့က ခြေလှမ်းတိုင်း ကီလိုဂရမ် တစ်ထောင်လေးသည့်အလား တစ်ချက်စီရပ်လျှက် လမ်းလျှောက်ကြ၏။
အနက်ရောင်ဝတ်လူများရှေ့တွင် အဖြူရောင်မုတ်ဆိတ်မွှေးရှည်များဖြင့် အဖိုးအိုတစ်ဦးက ရှည်မြောမြော သစ်သားသေတ္တာတစ်လုံးအား သယ်လာသည်။ သူ၏အမူအရာက လေးနက်ကာ သုန်မှုန်နေ၏။
ဟန်မူယဲ့ ထိုလူအား မြင်ဖူးသည်။ သူသည် တိုက်ခိုက်ရေးခန်းဆောင်မှ စီမံခန့်ခွဲရေးမှူး လင်ချဲ ဖြစ်သည်။
လင်ချဲသည် ကျောက်တုံးလှေကားထစ်ထံသို့ တက်လာကာ လက်နှစ်ဖက်လုံးဖြင့် ဓားကိုကိုင်ကာ ရပ်နေသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ တိုက်ခိုက်ရေးခန်းဆောင်ရဲ့ စီမံခန့်ခွဲရေးမှူးလင်ချဲက စီနီယာအစ်ကိုကျိုးရန်ရဲ့ဓားကို သယ်ဆောင်လာပါတယ်”
လင်ချဲက ရှေ့ကို တက်သွားကာ အော်ဟစ်လိုက်၏။
သူ့နောက်တွင် အနက်ရောင်ဝတ်ထားသော လူတန်းနှစ်ခုသည်လည်း ပြိုင်တူ ဦးညွှတ်ကာ လက်သီးနှင့်လက်ဖဝါးကို ဆုပ်လိုက်ကြသည်။
“စီနီယာကျိုးရန်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဝင်တာ နှစ် ၃၀၀ ကြာမြင့်ခဲ့ပြီးဖြစ်တယ်။ သူဟာ တိုက်ခိုက်ရေးခန်းဆောင်သို့ ဝင်ရောက်ပြီးတော့ ဂိုဏ်းအတွက် တိုက်ပွဲပေါင်းတစ်ရာကျော် တိုက်ခိုက်ခဲ့တယ်”
“စီနီယာအစ်ကိုဟာ အခု သေဆုံးသွားပြီ။ တိုက်ခိုက်ရေးခန်းဆောင်ဟာ စီနီယာအစ်ကိုကျိုးရန်ရဲ့ဓားကို ဒီနေ့ ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်။ သူ့နာမည်ဟာ ထာဝရ…”
လင်ချဲသည် ဓားသေတ္တာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဓားစံအိမ်အကြီးအကဲ၏ရှေ့တွင် ရပ်နေသည်။
အနက်ရောင်ဝတ်ဓားသမားများက ပြိုင်တူ အော်လိုက်ကြသည်။
“စီနီယာအစ်ကိုကျိုးရန်ကို နှုတ်ဆက်ပါတယ်”
ဓားစံအိမ်အကြီးအကဲက လက်မြှောက်ကာ ဓားသေတ္တာကို ဖွင့်လိုက်သည်။ ထို့နောက် လက်လှမ်းကာ အစိမ်းရောင်ဓားတစ်လက်အား ဆွဲထုတ်လိုက်၏။
“ဟမ်…”
ဓားသည် အဆုံးမဲ့သော အငြိုးအစွဲများ ကပ်ငြိနေသည့်အလား တုန်ခါသွားသည်။
သတ်ဖြတ်လိုသော အငွေ့အသက်များသည် ဆယ်မီတာပတ်လည်ကို လွှမ်းခြုံသွား၏။
ဟန်မူယဲ့သည် အရိုးများစိမ့်မတတ် အေးစက်မှုကို ခံစားလိုက်ရသည်။ သူက သံမဏိနွားသိုးကျင့်စဉ်ကို လှည့်ပတ်ကာ ထိုအေးစက်မှုအား အလိုအလျောက် တားဆီးလိုက်၏။
“စီနီယာအစ်ကို… တိုက်ခိုက်ရေးခန်းဆောင်က သေချာပေါက် စီနီယာအတွက် လက်စားချေပြီးတော့ ကျင့်ရှန်းဂိုဏ်းက ချင်ယွမ်ဟယ်ရဲ့ခေါင်းကို ယူလာပါ့မယ်”
‘ကျင့်ရှန်းဂိုဏ်း…’
ထိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ထိပ်သီးဂိုဏ်းလေးဂိုဏ်းတွင် နံပါတ် ၄ အဆင့်ချိတ်၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကမ္ဘာမြေအဆင့်တန်ခိုးရှင်တစ်ဦးသည် ကျင့်ရှန်းဂိုဏ်းမှ တန်ခိုးရှင်တစ်ဦး၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ဤသည်က ကိစ္စအသေးအမွှားမဟုတ်ပါ။
အကယ်၍ အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထိပ်သီးဂိုဏ်းနှစ်ခုသာ စစ်ဖြစ်ပါက တခြားသော ဂိုဏ်းများလည်း ပါဝင်လာပေလိမ့်မည်။
ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲ၏လက်ထဲမှ ဓားကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“စီမံခန့်ခွဲရေးမှူးကျိုးရဲ့ဓားကို ဓားစံအိမ်သို့ ကြိုဆိုပါတယ်”
ဓားစံအိမ်အကြီးအကဲက လက်မြှောက်ကာ ဓားကို သူ့နောက်သို့ ကမ်းပေးသည်။
ဟွမ်လောင်လျှိုက အရိုအသေပေးကာ ရှေ့ကို တိုးလျှက် ဓားကို လှမ်းယူသည်။
“သူ့ကို ယူခိုင်းလိုက်…”
ဓားစံအိမ်အကြီးအကဲက လက်ကိုမြှောက်လျှက် တည်ငြိမ်စွာ ပြောသည်။
ဟွမ်လောင်လျှို တုန်လှုပ်သွား၏။
“အကြီးအကဲ… သူ အခုမှ ဓားစံအိမ်ကိုရောက်…”
ဟွမ်လောင်လျှို၏စကားမဆုံးသေးခင်တွင်ပင် အကြီးအကဲ၏မျက်လုံးများက ဟန်မူယဲ့ထံသို့ ရောက်လာသည်။
“ဟမ်…”
ဟန်မူယဲ့ အလိုအလျောက် သံမဏိနွားသိုးကျင့်စဉ်ကို အသက်သွင်းလိုက်ကာ သွေးကြောများနှင့် အရိုးများမှာ တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သလို တုန်ခါသွားပြီး မျက်လုံးများ ဝေဝါးသွားသည်။
ပုံရိပ်ယောင်နယ်မှ ဓားဆန္ဒများမှာလည်း ပြင်းထန်စွာ လှုပ်ခတ်သွားကြ၏။
အကြည့်တစ်ချက်မျှဖြင့် ဓားဆန္ဒများအားလုံး လှုပ်ယမ်းသွားသည်။ ဓားစံအိမ်အကြီးအကဲမှာ မည်မျှ သန်မာသနည်း။
သို့သော်လည်း ထိုစွမ်းအားမှာ လင်ချဲ၏ဝိညာဉ်နိုးထခြင်းအဆင့်နှင့် ကွဲပြားဟန်ရသည်။ ၎င်းသည် ဓားဆန္ဒ၏ဦးဆောင်မှုများ ဖြစ်သည်။
စိတ်သက်သာရာရစွာဖြင့်ပင် ဟန်မူယဲ့က ရှေ့ကို တက်သွားကာ ဟွမ်လောင်လျှိုအား ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ဦးညွှတ်ကာ ပြောသည်။
“တပည့်က ဓားကို ကြိုဆိုပါတယ်”
ဓားစံအိမ်အကြီးအကဲက ဓားကို ဟန်မူယဲ့၏လက်ထဲသို့ ထည့်ကာ ပြောသည်။
“ဓားကို ဒုတိယထပ်မှာ သွားထားလိုက်”
ဟန်မူယဲ့က ခေါင်းညိတ်ကာ လက်နှစ်ဖက်ဖြင့် ဓားကိုသယ်လျှက် ဒုတိယထပ်သို့ တက်လာသည်။
“ဟွမ်ကျန်းရှုံး… မင်းက ဓားထိန်းဖြစ်လာတာ ၇နှစ်ရှိပြီ။ အခုထိ မသိသေးဘူးလား”
“ဓားထိန်းဖြစ်လာလာတဲ့ မင်းရဲ့သေခြင်းရှင်ခြင်းက ကံကြမ္မာနဲ့ပဲ သက်ဆိုင်တော့တယ်”
သူ့နောက်တွင် ဓားစံအိမ်အကြီးအကဲ၏အသံကို ကြားရသည်။
ဟွမ်လောင်လျှို၏နာမည်ရင်းမှာ ဟွမ်ကျန်းရှုံးဖြစ်ကြောင်း ဟန်မူယဲ့ သိလိုက်သည်။
ဓားကို ကိုင်ထားရင်းဖြင့် ဟန်မူယဲ့မှာ ဝမ်းသာခြင်း ပျော်ရွှင်ခြင်း အလျဉ်းမရှိပါ။
ဓားစံအိမ်အကြီးအကဲ၏စကားများမှာ သူ့ကို ရည်ရွယ်၏။
ဓားချီက သူ၏နှလုံးထဲကို ဝင်သွားပြီးဖြစ်ရာ ဓားကို ကြိုဆိုခြင်းတာဝန်ကို သူ့အားပေးအပ်ခြင်းမှာ အမှန်တကယ် သင့်တော်သော ကိစ္စဖြစ်သည်။
ဓားစံအိမ်အကြီးအကဲက အကြင်နာတရားကင်းမဲ့ခြင်းအတွက် အပြစ်တင်၍ မရနိုင်ပါ။
ဓားထိန်းတစ်ဦးအနေဖြင့်သူသည် ဓားချီများ တိုက်စားခြင်းမှ သေဆုံးမည်ကို အချိန်မရွေး ပြင်ဆင်ထားသင့်သည်။
သို့မဟုတ် တခြားအကြောင်းအရင်းများလည်း ရှိတတ်သေးသည်။
ဓားစံအိမ်ဒုတိယထပ်သို့ တက်သွားရင်းဖြင့် ဟန်မူယဲ့ ပြုံးသည်။
သူက လက်ကို ဓားလက်ကိုင်ပေါ်သို့ အသာအယာ တင်လိုက်သည်။
“ဟမ်…”
ဓားသည် တုန်ခါသွားကာ ပုံရိပ်များ သူ့စိတ်၌ အဆက်မပြတ် ပေါ်လာသည်။
ကမ္ဘာမြေအဆင့်တန်ခိုးရှင်၏ဓားတစ်လက်…