← Chapters

မင်းလူတွေရောက်လာမှ မင်းကို သတ်ပြမလို့ စောင့်နေတာ

Vol. 41 Ch. 581

မင်းလူတွေရောက်လာမှ မင်းကို သတ်ပြမလို့ စောင့်နေတာ

Vol. 41 Ch. 581

အခန်း (၅၈၁) မင်းလူတွေရောက်လာမှ မင်းကို သတ်ပြမလို့ စောင့်နေတာ

ရန်ကျောက်ကဲ၏ ဝါးကိုင်းကြောင့် အံ့အားသင့်သွားရသူမှာ ကျင်းကျယ်ပြီးလျှင် ယခု ယန်ကျန်းဟွာက ဒုတိယဖြစ်၏။

ထို့ပြင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်ကြောင်း သိရသည့်အခါ သူ၏မျက်နှာ တည်ကြည်လေးနက်သွားသည်။ ထိုသိုင်းသူတော်စင်၏စွမ်းအားက ကျင့်ကြံခြင်းအဆင့်တူညီသူများကြား အလွန်ထူးချွန်ပြီး ကြောက်မက်ဖွယ်ရာကောင်းပေသည်။

ယန်ကျန်းဟွာက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် သေသေချာချာတိုက်ခိုက်ရန်ဟန်ပြင်လိုက်စဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ထဲမှ အစိမ်းရင့်ရောင်ဝါးချောင်းဖြင့် သူ့ခေါင်းကို ရိုက်ချလိုက်သည်။ ဝါးကိုင်းဖြင့် အရိုက်ခံရသည်နှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်‌သော အရုဏ်ဦးနေခြည်သရဖူသည် လှိုင်းလုံးကြီးများကြားမှ လှေငယ်လေးတစ်စင်းပမာ လှုပ်ခပ်သွားသည်။

ပထမတစ်ချက် ၊ ဒုတိယတစ်ချက်။

အရိုက်ခံရပြီးသည်နှင့် စွမ်းအားမြင့်မားလှသော သရဖူသည် အဆုံးမရှိသောမုန်တိုင်းကြားတွင် တောက်ပနေသော ဖယောင်းတိုင်လေးပမာ တုန်လှုပ်ယိမ်းယိုင်လျှက် နောက်ဆုံး အလင်းရောင်များ မှိန်ဖျော့သွားသည်။

ယန်ကျန်းဟွာ အလွန်နာကျင်ခံစားလိုက်ရသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။

သူ့ကို ပိုပြီး ဒေါသထွက်စေသည်မှာ အရုဏ်ဦးနေခြည်သရဖူ၏ ရောင်ဝါအလင်းတန်းများ မှိန်ဖျော့သွားသည်နှင့် ဝိညာဉ်စွမ်းအားများလည်း တဖြည်းဖြည်းလျော့နည်းသွားပြီး ထိုသရဖူ၏စွမ်းအားကို အသုံးပြု၍မရတော့ခြင်း ဖြစ်၏။

ထို့ကြောင့် ရေခဲချပ်ဝတ် ဆင်မြန်းထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ရင်ဆိုင်ရသည့်အခါ တစ်ဖက်သတ် ဖိနှိပ်ခံရလေတော့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြင်းထန်သည်ထက်ပြင်းထန်လာပြီး ရိုက်ချက်များကလည်း တစ်ချက်ထက်တစ်ချက် ပိုမိုလျှင်မြန်လာကာ နေရာတိုင်းမှ ထွက်ပေါ်လာသည့်အလား ခံစားရစေသည်။

ယန်ကျန်းဟွာ ဒေါသချောင်းချောင်းထွက်လာပြီး လက်တစ်ဖက်ကို ရုတ်တရက်ဆန့်ထုတ်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ နဂါးအကြေးခွံလှံရှည်ကို ဖမ်းဆုပ်လိုက်သည်။

“မင်းရဲ့ ညစ်ပတ်တဲ့ သောက်လှံရှည်ကို ငါအရင်ဆုံးဖျက်ဆီးပစ်မယ်”

ယန်ကျန်းဟွာက ဒေါသဖြင့် ကြုံးဝါးလိုက်ပြီး အဆုံးမရှိသောအလင်းတန်းများ တဟုန်ထိုးတောက်ပလာကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲမှ နဂါးအကြေးခွံလှံရှည်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းတမ်းသော စွမ်းအားများက အထွတ်ထိပ်မှော်ဝင်ပစ္စည်းမဟုတ်သေးသော လှံရှည်ကို အတင်းအဓမ္မချိုးဖျက်ပစ်ရန် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။

သို့သော် လှံရှည်ကိုင်ထားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကလည်း အားနည်းဟန် တစ်ချက်ပင်မပြပေ။ မဟာဂဠုန်ငှက်ပြီးပမာ ကြီးမားပြင်းထန်သောစွမ်းအားက ကောင်းကင်ကိုချိုးဖျက် ပင်လယ်ကိုခုတ်ပိုင်းလျှက် လှံရှည်ထက်တွင် သူထည့်သွင်းထားသောစွမ်းအားက ယန်ကျန်းဟွာထက်ပင် မြင့်မားသေးသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထုတ်လွှတ်လိုက်သော နှိုင်းယှဉ်မရသည့် တန်ခိုးစွမ်းအားက ကောင်းကင်တစ်ခုလုံးကိုပင် ပြိုကျပျက်ဆီးတော့မတတ် ခံစားရစေသည်။

ယန်ကျန်းဟွာ မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး သူ၏လက်ကို ဖြည်းညင်းစွာ ပြန်လည်ရုတ်သိမ်းလိုက်သည်။

သူ၏ သန့်စင်သော ကွမ်းမင်အလင်းသိုင်းပညာသည် အလွန်တရာ ရက်စက်ကြမ်းတမ်းသောလည်း မဟာဂဠုန်ငှက်ကြီး၏ တန်ခိုးစွမ်းအားနှင့် နှိုင်းယှဉ်၍မရပေ။

သို့သော် ယန်ကျန်းဟွာက တုန်လှုပ်သွားခြင်းမရှိဘဲ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ဖိအားများကို ပျက်ပြယ်အောင်ပြုလုပ်လျှက် အချိန်ဆွဲတိုက်ခိုက်ရန် ကြိုးစားနေသည်။

သူ ကျင့်ကြံထားသော ‘ကွမ်းမင်အလင်းသိုင်းပညာ’ ၏ စစ်မှန်သော ရည်ရွယ်ချက်သည် ကမ္ဘာပေါင်းအသင်္ချေကို လင်းထိန်စေသော ထာဝရအလင်းရောင်မှ ပေါက်ဖွားလာခြင်း ဖြစ်၏။

သူ အသုံးပြုသော ‘အဆုံးမဲ့အလင်းလက်ဝါးသိုင်း’ က ထူးခြားသောပညာရပ်တစ်ခုဖြစ်ပြီး အဆုံးမရှိသော အလင်းတန်းများကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။ အဆုံးမရှိသောအလင်းတန်းများက စဉ်ဆက်မပြတ် စွမ်းအားများကို ဖြည့်တင်းပေးနိုင်ပေ၏။

ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်တူညီသူများကြား ရေရှည်တိုက်ပွဲဆင်နွှဲရာတွင် ယန်ကျန်းဟွာ၏ ခံနိုင်ရည်ရှိမှုက ပိုမိုသာလွန်သည်။ ပြိုင်ဘက်ကို လျှင်မြန်စွာ မရှုံးနိမ့်‌သေးသရွေ့ တိုက်ပွဲကို အချိန်ဆွဲတိုက်ခိုက်ရင်း အနိုင်ရယူရန် အခွင့်အရေးရရှိမည်ဟု ယုံကြည်သည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံမှ ရေခဲချီစွမ်းအားများနှင့် နဂါးအကြေးခွံလှံရှည်ပေါင်းစပ်ရောနှောကာ ရေခဲနဂါးပေါင်းများစွာ ထွက်ပေါ်လာပြီး ယန်ကျန်းဟွာထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားကြသည်။

သူ၏လက်ဖဝါးထက်မှ အလင်းတန်းများကို အဆက်မပြတ် ငြိမ်းသတ်ပစ်လိုက်သော ရေခဲချီစွမ်းအားကို တွေ့မြင်သည်နှင့် ယန်ကျန်းဟွာ မျက်လုံးပြူးသွားသည်။

စကြဝဠာတစ်ခုလုံး အဆုံးသတ်တော့မည့်အချိန် အရာအားလုံး အမှောင်ထုနှင့် အေးစက်ခြင်းသာ ပြည့်နက်နေပြီး အလင်းရောင်နှင့် နွေးထွေးမှု လုံးဝ မကျန်ရစ်တော့ပေ။

ယန်ကျန်းဟွာ၏ အဆုံးမဲ့အလင်းလက်ဝါးသိုင်းစွမ်းအားသည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မြောက်ပိုင်းသမုဒ္ဒရာလှံရှည်ကို ခုခံနိုင်စွမ်းမရှိသဖြင့် ချက်ချင်းပင် အားပျော့သွားသည်။

ယန်ကျန်းဟွာ ခန္ဓာကိုယ်ထဲ ထိုးစိုက်လိုက်သည့်လှံရှည်တွင် နဂါးဟိန်းသံက ပဲ့တင်ထပ် ထွက်ပေါ်နေသည်။ ယန်ကျန်းဟွာက စိတ်ရှုတ်ထွေးစွာဖြင့် တစ်ချက်အော်ညည်းလိုက်ပြီး စွမ်းအားကုန်သုံးကာ ခံစစ်တွင် မြှုပ်နှံလိုက်၏။

ကွမ်းမင်ဂိုဏ်း၏ ခံစစ်ပညာများတွင် အစွမ်းထက်ဆုံးတစ်ခုဖြစ်သော ‘အလင်းခန္ဓာ’ စွမ်းအားကို သူက ထပ်မံထုတ်ဖော်လိုက်သည်။

တောက်ပသောအလင်းတန်းများ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာပြီး အဆုံးမရှိသောအမှောင်ထုကြားတွင် ထာဝရတည်ရှိနေသော ၊ မငြိမ်းသတ်နိုင်သည့် အလင်းရောင်ပမာ ဖြစ်သည်။

ထိုအလင်းရောင်က သူ့ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လျှက် ဖောက်ထွင်းမြင်ရသော သလင်းကျောက်သားပမာ ဖျက်ဆီးမရသော ‘အလင်းခန္ဓာ’ အဖြစ် ပြောင်းလဲသွားသည်။

အရှိန်အဟုန်ပြင်းထန်သော မြောက်ပိုင်းသမုဒ္ဒရာလှံရှည်သည် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ခြင်းမရှိဘဲ နှေးကွေးသွားသည်။

သို့သော် ထိုကိုယ်ပွားက အရေးမစိုက်ဘဲ လက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ယန်ကျန်းဟွာ၏ ဦးခေါင်းထက်မှ သရဖူကို ထပ်မံရိုက်နှက်လိုက်၏။

ယန်ကျန်းဟွာမှာ ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လှံရှည်က သူ့ရင်ဝကို ထိုးဖောက်ပစ်မည်စိုးရိမ်သဖြင့် လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ရှားဝံ့ပါချေ။

နောက်ဆုံးမှာတော့ ယန်ကျန်းဟွာဦးခေါင်းထက်ရှိ ရွှေသရဖူမှာ ဝါးကိုင်းဖြင့် ဆက်တိုက်ဆိုသလို အရိုက်ခံရပြီး ‘ဘန်း’ ခနဲ ပေါက်ကွဲထွက်ကာ နဂါးနန်းတော်တစ်နေရာသို့ လွင့်စင်ပြုတ်ကျသွားသည်။

ရေခဲချပ်ဝတ် ၀တ်ဆင်ထားသော မြောက်သမုဒ္ဒရာမှ ကိုယ်ပွားကို ရင်ဆိုင်ရင်း အရုဏ်ဦးနေခြည်သရဖူ၏ အကူအညီကို လုံးလုံးလျားလျား ဆုံးရှုံးလိုက်ရသဖြင့် ယန်ကျန်းဟွာမှာ မရေရာသောအနေအထားသို့ ရောက်ရှိသွားသည်။

လောလောဆယ် သူတတ်နိုင်သည်မှာ ‘အလင်းခန္ဓာ’ စွမ်းအားကို အမြင့်ဆုံးထုတ်ဖော်လျှက် သူ့ကိုယ်သူ ကာကွယ်ထားရန် ဖြစ်၏။

‘အလင်းခန္ဓာ’ ပညာသည် ကွမ်းမင်ဂိုဏ်း၏ ခံစစ်အသားပေးသိုင်းပညာတစ်ရပ်ဖြစ်ပြီး အလွန်တရာလည်း အစွမ်းထက်လေရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်ကို ကြံ့ကြံ့ခံ တွန်းလှန်ထားနိုင်သည်။

ယန်ကျန်းဟွာကိုကြည့်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရုတ်တရက် ရယ်မောလိုက်သည်။ သူ့ကို လှံရှည်ဖြင့် ထိုးချိန်ထားဆဲဖြစ်သော်လည်း အစိမ်းရင့်ရောင်ဝါးချောင်းကိုတော့ ပြန်လည်ရုတ်သိမ်းလိုက်၏။

ယန်ကျန်းဟွာက အံ့အားသင့်စွာဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို မော့ကြည့်လိုက်စဉ်...

“မလောပါနဲ့ ၊ အခု မင်းကိုသတ်ဖို့ အချိန်မကျသေးလို့ပါ”

စကားပြောသံ ကွဲပြားသော်လည်း သူ၏လေသံနှင့် စကားပြောဟန်က ရန်ကျောက်ကဲနှင့် အတူတူပင်။

ယန်ကျန်းဟွာ သံသယဝင်သွားပြီး ဂရုတစိုက်ကြည့်ရှုလိုက်ရာ သူ့အရှေ့မှ သိုင်းသူတော်စင် ဒုတိယအဆင့် တန်ခိုးစွမ်းအားရှင်မှာ ရန်ကျောက်ကဲသန့်စင်ထားသည့် ကိုယ်ပွားတစ်ခုဖြစ်ကြောင်း အံ့အားသင့်ဖွယ် သိရှိလိုက်ရသည်။

သေရေးရှင်ရေး အရေးကြီးသောအခိုက်အတန့်မှာပင် သူ တုန်လှုပ်သွားပြီး ပြန်လည်သတိဝင်လာသည့်အခါ သူက ရန်ကျောက်ကဲကို အေးစက်စွာ ကြည့်လိုက်သည်။

“ငါ့ကို သတ်လိုက် ၊ မင်းပါ တစ်ခါတည်း အဆုံးသတ်သွားလိမ့်မယ်”

သူက တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။

“ငါ့ကို သတ်လိုက်... ၊ မင်းရော မင်းအဖေရော ... မင်းတို့ရဲ့သိုင်းဂိုဏ်း ၊ မင်းမွေးဖွားလာတဲ့ ဒီကမ္ဘာ... အကုန်လုံး ပျက်ဆီးလိမ့်မယ်”

သို့သော် သူကိုယ်တိုင် သက်သေမပြနိုင်သောအရာတစ်ခုကို ပြောဆိုနေသည့်အလား သူ့လေသံကတော့ အားပျော့လျှက် ရှိ၏။

သူ့စကားကြောင့် ရန်ကျောက်ကဲက ဒေါသထွက်မသွားဘဲ...

“မင်းနဲ့အတူပါလာတဲ့သူကို ငါ သတ်ပြီးပြီ ၊ ဒါကြောင့် မင်းကိုသတ်လိုက်လို့လည်း ငါက ဘာမှမဖြစ်ဘူး ၊ လွှတ်ပေးမိရင်တောင်မှ ထူးခြားနေဦးမယ်”

ယန်ကျန်းဟွာက မြောက်သမုဒ္ဒရာကိုယ်ပွားကို စိုက်ကြည့်ရင်း...

“မင်း ကျင်းကျယ်ကို တကယ်ပဲ သတ်ပစ်လိုက်ပြီပေါ့”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရေးမစိုက်ဟန် ရယ်မောလိုက်သည်။

ယန်ကျန်းဟွာက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းရင်း...

“ဒါဆိုရင်တော့ မင်းအတွက် အဆုံးသတ်သွားပြီ ၊ မင်းအဖေနဲ့ ဒီဝါဒတောင်လည်း အဆုံးသတ်ရမှာပဲ”

သူက ဆက်ပြော၏။

“မင်း ငါ့ကို သတ်ရဲရင် သတ်လိုက်လေ ၊ မင်းမွေးဖွားလာတဲ့ ဒီကမ္ဘာကြီးက မရေမတွက်နိုင်တဲ့သက်ရှိတွေအကုန်လုံး ငါနဲ့ကျင်းကျယ်နောက်ကို လိုက်လာရလိမ့်မယ်”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စကားပြောရန်ဟန်ပြင်လိုက်စဉ် သူ့မျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး အသင်္ချေနဂါးနန်းတော်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝါဒတောင်အနီးတစ်ဝိုက် မိုးမြေတစ်ခွင်သာမက အလယ်ပိုင်းကောင်းကင်ဒေသတစ်ခုလုံး တုန်ခါသွားသည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲသာမဟုတ် ၊ နေရာတွင်ရှိနေသူများအားလုံး အရှေ့ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

အနှိုင်းမဲ့ တန်ခိုးစွမ်းအားမြင့်မားလွန်းသော တည်ရှိမှုများ ဝါဒတောင်သို့ ချဉ်းကပ်လာနေကြောင်း သိနိုင်သည်။

ထိုသူများသည် မိုးမြေကိုပင် သိမ့်သိမ့်တုန်စေပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စွမ်းအားအမြင့်မားဆုံးအနေအထားဟု သတ်မှတ်နိုင်၏။

ထို့ပြင် ရောက်လာသူများက တစ်ယောက်တည်း မဟုတ်ပေ။

သူတို့ ဝါဒတောင်သို့ ရောက်မလာသေးသည့်တိုင် ဝါဒတောင်ပင်မအစီအရင်ကြီးမှာ တဝုန်းဝုန်းလှုပ်ခတ်လျှက် အက်ကွဲစပြုလာသည်။

မိုးကုတ်စက်ဝိုင်းဆီတွင် လူ (၃)ယောက် ရုပ်သွင်ထွက်ပေါ်လာသည့်အခါ ဝါဒတောင်ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့သော ပင်မအစီအရင်ကြီး အဆက်မပြတ် စတင်ပြိုကျလာသည်။

နဂါးနန်းတော်အဝင်ဝမှ ထိုလူ (၃)ယောက်ကို လှမ်းမြင်ရသည့်အခါ ယန်ကျန်းဟွာက အေးစက်သည့်လေသံဖြင့်...

“ဟက်... ‌ကောင်လေး... မင်းကိုယ်မင်း သိတ်သေလိုက်တာ ပိုကောင်းမယ်ထင်တယ်နော် ၊ အဲဒါက နည်းနည်း သက်သောင့်သက်သာရှိနိုင်တယ် ၊ ပြီးတော့ မင်းသေသွားလို့ရှိရင် ငါ့ဆရာဦးလေးလည်း စိတ်ကောင်းဝင်သွားပြီး မင်းရဲ့ဂိုဏ်းကိုတောင် ချမ်းသာပေးနိုင်တယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“နေပါဦး... ငါက မင်းကို မသတ်တော့ဘူးထင်လို့ ထင်နေတာလား”

စကားသံဆုံးသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ ယန်ကျန်းဟွာ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

ရေခဲချပ်ဝတ်က အမြင့်ဆုံးအထိ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာနတ်ဘုရားလှံရှည်ကို ပိုမိုအားကောင်းစေရန် များပြားလှစွာသော ရေခဲနဂါးများက စွမ်းအားပြည့်တင်းပေးထားသည်။

ပြင်းထန်သောလှံရှည်စွမ်းအားက ပြိုကျလုနီးပါးဖြစ်နေသော ယမ်ကျန်းဟွာ၏ ‘အလင်းခန္ဓာ’ ကို ဖြိုခွင်းလိုက်သည်။

ရန်ကျောက်ကဲက အေးစက်စွာပြုံးရင်း...

“မင်းတို့ ဒီမှာတိုက်ပွဲရှုံးတော့... ကျင်းကျယ်ပဲဖြစ်ဖြစ် နေသူတော်စင်ဂိုဏ်းကလူတွေပဲဖြစ်ဖြစ် မင်းတို့အဖော်တွေကို သေချာပေါက် အကြောင်းကြားမယ်ဆိုတာ ငါ သိပြီးသားပဲ ၊ ပြီးတော့ မင်းတို့ရဲ့ အဓိက ရည်ရွယ်ချက်က ငါ့ဆီက ထူးကဲယန်စည်းတံဆိပ်ကို ရယူဖို့မဟုတ်လား ၊ အရှေ့ပင်လယ်ကိစ္စ အသာထားပြီး အကုန်လုံး ဒီကိုလိုက်လာကြမှာ သေချာတယ်လေ”

သူက ဆက်ပြောသည်။

“စောစောက မင်းကို မသတ်သေးတာက မင်းလူတွေရောက်လာမှ မင်းကို သတ်ပြမလို့ စောင့်နေတာ”

ထို့နောက်မှာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကြောက်မက်ဖွယ်ရာလှံရှည်က ယန်ကျန်းဟွာ၏ ရင်ဝကို ထိုးဖောက်ဝင်ရောက်သွားလေတော့၏။

All Chapters