ဟန်ပေ့၏ လျှို့ဝှက်ချက်
Vol. 104 Ch. 1451
အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်စဉ်များသည် အမျိုးမျိုးကွဲပြားပြီး အကုန်လုံးခြုံငုံထားသည်ဟု ဆိုရနိုင်၏။ သို့သော် အခြေခံသဘောတရားအရ တောင်ပင်လယ်လောက၏ကျင့်စဉ်များနှင့် မတူပေ။ ၎င်းတို့က မိုးမြေစွမ်းအင်၏ နှင်ထုတ်ခံရခြင်းမဟုတ်၊ အာကာပြင်ကျယ်စကြဝဠာစွမ်းအင်၏ နှင်ထုတ်ခံရခြင်းဖြစ်သည်။
အာကာပြင်ကျယ်စကြဝဠာအတွင်း၌ ကျင့်ကြံအားထုတ်သည့်အခါ ၎င်း၏စွမ်းအင်ကို စုပ်ယူ၍ ထူးခြားသောမဟာတာအိုတစ်ပါးကို ဖော်ဆောင်ရမည့် အသက်ရှူနည်းလမ်းများ ပါဝင်သည်။
အတွင်းစည်းဂိုဏ်းသားဖြစ်လာပြီးနောက် မန်ဟို၏ ခုနစ်နှစ်အရွယ် ကိုယ်ပွားသည် ဂိုဏ်းမှ သူ့အတွက် သီးသန့်ဖယ်ပေးထားသော အထူးစံအိမ်တစ်အိမ်တွင် နေထိုင်၏။ သူက အိမ်ထဲမှအိမ်အပြင် ထွက်ခဲလေရာ အပြင်လောကအကြောင်း သိပ်မသိပေ။
သို့သော် တစ်နှစ်ကြာသော် ပြောင်းလဲသွားသည်။ တစ်နှစ်သာ ကျင့်ကြံအားထုတ်ရသေးသော်လည်း ပြစ်ဒဏ်မိုးကြိုးက ဖန်မု၏အိမ်အပေါ် ကျရောက်လာ၏။ မိုးကြိုးကြောင့် တစ်အိမ်လုံး ပျက်စီးကာ ခြံဝင်းလည်း ကြေမွသွားသဖြင့် ထိုသတင်းက နဝမဂိုဏ်း၏ဂိုဏ်းသားများကို အံ့ဩတုန်လှုပ်သွားစေတော့သည်။
သက်ကြီးရွယ်အိုများပင်လျှင် ကောင်းကင်မှ မိုးကြိုးကိုးကြိမ် ဆက်တိုက်ပစ်ချမှုကြောင့် အံ့အားသင့်ကုန်ကြသည်။ ထို့နောက် အိမ်အပြိုအပျက်များထဲမှ ကောင်လေးတစ်ယောက် ထွက်လာသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူကား ... ချီအခြေတည်အဆင့်အရှိန်အဝါကို ထုတ်လွှတ်နေချေပြီ။
ချီအခြေတည်အဆင့်သည် ခမ်းနားကြီးကျယ်သောအဆင့်တော့မဟုတ်။ သို့သော် ပြစ်ဒဏ်မိုးကြိုးပစ်ချခြင်းက အံ့အားသင့်ဖွယ်ကောင်းပြီး ထွက်လာသူက ဖန်မုဖြစ်ကြောင်း ဂိုဏ်းသားတချို့ သတိထားမိလိုက်ကြသည်။
“ငါ မှတ်မိတာမှန်ရင် ... သူ မနှစ်ကမှ သေမျိုးအဖြစ်နဲ့ ဂိုဏ်းထဲ ဝင်လာခဲ့တာမလား...”
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်နှစ် တစ်နှစ်တည်းနဲ့လေ... သူက ချီအခြေတည်အဆင့်ကို အဲဒီလောက်မြန်မြန် ရောက်သွားတယ်လား”
“သူ့နာမည်က ဘာလဲပြောစမ်းပါဦး။ ဪ ဟုတ်သား ဖန်မု၊ သူ့နာမည်က ဖန်မုပဲ”
မန်ဟို့ကိုယ်ပွား ဖန်မုသည် ပြစ်ဒဏ်မိုးကြိုးကိုးတန်းကို ရင်ဆိုင်၍ ချီအခြေတည်အဆင့်သို့ ရောက်ရှိခဲ့၏။ ထိုသတင်းက အုံအုံကြွက်ကြွက် ဖြစ်သွားစေခဲ့သော်လည်း ဂိုဏ်းသည် ကြီးမားသလို၊ ဖန်မုဆိုသည်မှာလည်း အဖွဲ့အများကြီးထဲမှ အတွင်းစည်းဂိုဏ်းသားလေးတစ်ယောက်သာ မဟုတ်ပါလော။
ပုံမှန်အားဖြင့် ထိုကိစ္စအား လျင်မြန်စွာ မေ့ပျောက်သွားတတ်သည်။ ဖန်မုတွင် အရည်အသွေးအမြင့်ဆုံးပါရမီ ရှိကောင်းရှိမည်၊ တစ်နှစ်တည်းနှင့် ချီအခြေတည်အဆင့် ရောက်ကောင်းရောက်မည်၊ သို့သော် ချီအခြေတည်အဆင့်မှာ နဝမဂိုဏ်းတစ်ဂိုဏ်းနှင့်ယှဉ်လျှင် မပြောပလောက်ပေ။ ဂိုဏ်းထဲရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူများအား ရေတွက်၍ပင်မရ။
ထိုအဖွဲ့အတွင်း၌ပင် ချီအခြေတည်အဆင့်ကျင့်ကြံသူများသည် နွားတစ်ကောင်၏ကိုယ်ပေါ်က အမွှေးများလို များပြား၏။
သို့သော် တစ်နှစ်ကြာသော် ထိုခြံအတွင်း၌ပင် တစ်စုံတစ်ခု ဖြစ်ပျက်လေသည်။ ပြစ်ဒဏ်မိုးကြိုး ထပ်မံပစ်ချပြန်၏။ သို့သော် ဤတစ်ကြိမ်တွင် အရေအတွက် ပိုများသည်။ ပြစ်ဒဏ်မိုးကြိုး ၉၉ တန်းကား အိမ်အပေါ် ကျဆင်းလာလေသည်။ ဂျုန်းခနဲ ပဲ့တင်ထပ်သွားပြီး အိမ်နှင့်ခြံဝင်းမှာ ပျက်စီးသွားတော့သည်။ ဖန်မုထွက်လာသောအခါ သူကား ချီအခြေတည်အဆင့်မဟုတ်တော့... အမြုတေဖြစ်တည်မှုအဆင့်အရှိန်အဝါကို ထုတ်လွှတ်နေချေပြီ။
တစ်ဖွဲ့လုံး၏အုတ်အော်သောင်းနင်းအတိုင်းအတာကား ယမန်နှစ်ထက်ပင် ကျော်လွန်သွားတော့သည်။ အကြီးအကဲများပင် အပါအဝင် မရေမတွက်နိုင်သောလူများ လုံးလုံးလျားလျား တုန်လှုပ်သွားကြ၏။ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် လာရောက်စစ်ဆေးပြီး အံ့ဩတုန်လှုပ်သွားလေသည်။
ဖန်မုထက် များစွာအစွမ်းထက်သောလူများ ရှိသေးသော်လည်း သူ၏တိုးတက်မှုနှုန်းက လက်ဖျားခါစရာကောင်းသည်။ အတော်များများအတွက် မယုံနိုင်စရာပင်။
“တစ်နှစ်တည်းနဲ့ ချီအခြေတည်အဆင့်။ ပြီးတော့ နောက်တစ်နှစ်ကြာတော့ အမြုတေဖြစ်တည်မှုအဆင့်တဲ့လား။ နောက်တစ်နှစ်ကျလည်း .... အနုသုခုမရုပ်ခန္ဓာအဆင့် ရောက်တော့မှာလို့တော့ မပြောနဲ့နော်”
“သူ့မှာ ဘယ်လိုပါရမီအမျိုးအစားရှိတာလဲဟ”
ယခုတွင် ဤဖန်မုအကြောင်း ဟိုးလေးကျော်နေချေပြီ။ သတင်းကား သူ့အဖွဲ့နှင့်ကျန်အဖွဲ့များသို့ ပျံနှံ့နေပြီဖြစ်သည်။
ထို့နောက် ... တတိယနှစ်သို့ ရောက်လာခဲ့သည်။ ပြစ်ဒဏ်မိုးကြိုး ၉၉၉ တန်း ကျဆင်းလာပြီး ဖန်မုသည် အနုသုခုမရုပ်ခန္ဓာအဆင့် ရောက်သွားခဲ့၏။
ငါးနှစ်မြောက်တွင် ပြစ်ဒဏ်မိုးကြိုး ၉၉၉၉ တန်း ပစ်ချကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်သည်။ နဝမဂိုဏ်း၏အဖွဲ့ခွဲများမှာ လုံးလုံးလျားလျား အံ့ဩတုန်လှုပ်နေကြတော့သည်။ မိုးပေါက်များသဖွယ် တဂျိန်းဂျိန်း တသီတတန်းကြီး ကျဆင်းလာသော ပြစ်ဒဏ်မိုးကြိုးများက နဝမဂိုဏ်းတစ်ဂိုဏ်းလုံးကို ဝုန်းဝုန်းတုန်ခါနေစေပြီး ဖန်မု၏နာမည်တွင် လူတိုင်းပါးစပ်ဖျားတွင် ရောက်နေတော့၏။
ခုနစ်နှစ်မြောက်တွင် သူ၏တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်ရှိခြင်းက နဝမဂိုဏ်း၏ကျင့်ကြံသူများကြားထဲ ပြောစမှတ်တွင်ခဲ့သည်။ ပြစ်ဒဏ်မိုးကြိုးမုန်တိုင်းကြီးက တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှစ်ယောက်ခန့်သာ တွန်းလှန်နိုင်သော စွမ်းအားကို ထုတ်လွှတ်လျက် သောင်းကျန်းနေသည်ကို ကျင့်ကြံသူအားလုံး ကြည့်နေခဲ့ရလေသည်။ မိုးနှင့်မြေက ဖန်မု၏တည်ရှိမှုကို ဖယ်ရှားဖို့ ကြိုးစားနေသည့်အလား၊ အာကာပြင်ကျယ်စကြဝဠာက သူ၏ဖြစ်တည်မှုကို မလိုလားသည့်အလားပင်။
သို့သော် မိုးကြိုး ကိုယ်ပွားအပေါ် ပစ်ချသည့်အခါ ကိုယ်ပွား၏မျက်လုံးများသည် လင်းလက်တောက်ပလာ၏။ သူကား ... အာကာပြင်ကျယ်စကြဝဠာကို တိုက်ရိုက်ဆန့်ကျင်နေသယောင်ပင်။
မိုးကြိုး ဆယ်ရက်တိုင် ပစ်ချပြီးနောက် မန်ဟို့ကိုယ်ပွားသည် တာအိုရှာဖွေခြင်းအဆင့် ရောက်ရှိသွား၏။
အချိန်များ ကုန်လွန်သွားသည်။ ဆယ်နှစ်မြောက်သို့ ရောက်လာခဲ့လေပြီ။
လွန်ခဲ့သောဆယ်နှစ်တုန်းက မန်ဟို့ကိုယ်ပွားသည် ပျော့တိပျော့ဖတ်ကလေးလေးတစ်ယောက်ထက် မပိုခဲ့ပေ။ သို့သော် ယခု ဆယ်နှစ်ကြာသော် သူက ချောမောခန့်ညားသော လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။
လောလောဆယ်တွင် ဖန်မုသည် နဝမဂိုဏ်းရှိ တောင်တစ်လုံး၏ထိပ်တွင် ရပ်လျက် ပြစ်ဒဏ်မိုးကြိုးများ ထစ်ချုန်းစုဝေးလာနေသော မိုးကောင်းကင်အား မော့ကြည့်နေ၏။
၎င်းက ... အင်မော်တယ်ပြစ်ဒဏ်ဖြစ်သည်။
ဆယ်နှစ်ဆိုသည့် အချိန်တိုအတွင်း မန်ဟို၏ကိုယ်ပွားသည် အာကာပြင်ကျယ်စကြဝဠာပေါ်တွင် အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့၏။ ရာဇဝင်ပင် တွင်နေလေသည်။
ဆယ်နှစ်အတွင်း သူက သေမျိုးအဖြစ်မှ ချီအခြေတည်အဆင့်၊ အမြုတေဖြစ်တည်မှုအဆင့်၊ အနုသုခုမရုပ်ခန္ဓာအဆင့်၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၊ တာအိုရှာဖွေခြင်းအဆင့်နှင့် အင်မော်တယ်တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိခဲ့၏။
ယင်းက တချို့လူများအတွက် တစ်ဘဝလုံးကြိုးစားလျှင်ပင် မရောက်ရှိနိုင်သောအတိုင်းတာဖြစ်သည့်တိုင် မန်ဟို့ကိုယ်ပွားက ဆယ်နှစ်အတွင်း လုပ်ဆောင်နိုင်ခဲ့သည်။ နဝမဂိုဏ်းတစ်ဂိုဏ်းလုံးသာမက အာကာပြင်ကျယ်ကျောင်းတော်တစ်ခုလုံးလည်း တုန်လှုပ်နေကြသည်။ ထိုသတင်းသည် ပါရာဂွန်များ၏နားထဲပင် ရောက်၏။
အင်မော်တယ်ပြစ်ဒဏ်မှာ ၎င်းအရှေ့က ပြစ်ဒဏ်များထက်ပင်ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းသည်။ ပြစ်ဒဏ်မိုးကြိုးဆယ်သိန်းက နဝမမြေထုအပေါ် ကျဆင်းလာခဲ့ရာ မြေပြင်အားလုံးအား တဝုန်းဝုန်း တုန်ဟည်းနေစေသည်။ အင်မော်တယ်ပြစ်ဒဏ်ကို စောင့်ကြည့်ဖို့ အာကာပြင်ကျယ်ကျောင်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဂိုဏ်းအားလုံးမှ အဖွဲ့ဝင်များ လေပေါ် ပျံတက်လာကြသည်။
နဝမဂိုဏ်းမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး သူတို့၏နံပါတ်တစ် ရွေးချယ်ခံအတွက် ဓမ္မစောင့်ရှောက်သူလုပ်ပေးဖို့ လူတစ်ယောက်အား စေလွှတ်လိုက်သည်။
ထိုပုဂ္ဂိုလ်သည် ပြစ်မျိုးမှဲ့မထင်လှပသော တာအိုဥသျှောင်အဆင့် အမျိုးသမီးတစ်ဦးဖြစ်၏။ သူမက အံ့အားသင့်နေသောဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း နဝမဂိုဏ်း၏ တာအိုတောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။
“ဒါက အင်မော်တယ်ပြစ်ဒဏ်လေးပဲ ဆိုပေမယ့် အာကာပြင်ကျယ်စကြဝဠာက ဒီလိုမိုးကြိုးမျိုးကို စေလွှတ်လိုက်တယ်တဲ့လား။ ကောင်းကင်တာအို ဒါမှမဟုတ် သဘာဝအသိစိတ်ရဲ့ မှော်ဥပဒေက သူ့ကျင့်ကြံအဆင့်ထက် ကျော်လွန်နေတဲ့ မိုးကြိုးပစ်မချအောင် ဟန့်တားပေးနေသလိုပဲ။ မဟုတ်လို့ကတော့ အာကာပြင်ကျယ်စကြဝဠာက ဒီကလေးရဲ့ ခန္ဓာနဲ့ စိတ်ကိုပါ ဖျက်စီးပစ်ပြီးလောက်ပြီ” တာအိုဥသျှောင်မှာ အလွန်ထူးဆန်းသလို ခံစားနေရသည်။ အထူးသဖြင့် အကြောက်တရား၏အငွေ့အသက်များကြောင့်ပင်။
“အကြောက်တရား...” သူမသည် အထင်ပဲမှားနေသလား တွေးရင်း တုန်လှုပ်နေ၏။ “အာကာပြင်ကျယ်ဟာ အကန့်အသတ်မဲ့ပြီး နက်ရှိုင်းတယ်။ ကိုယ်ပိုင်စိတ်ဆန္ဒရှိနေရင်တောင်မှ ဘယ်လိုလုပ် မဖြစ်စလောက် အင်မော်တယ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ကြောက်နိုင်မှာလဲ”
အင်မော်တယ်ပြစ်ဒဏ်သည် သုံးလတိုင်တိုင် ကြာမြင့်ပြီးနောက်မှ ပျောက်ကွယ်သွား၏။ တစ်ချိန်လုံး မန်ဟို့ကိုယ်ပွားက သူ့မျက်လုံးများကို ပိတ်ကာ ပြစ်ဒဏ်မိုးကြိုးများဖြင့် ဝိုင်းခံထားရလေသည်။
သူသည် ၎င်းတို့ကို ပြန်မတိုက်ခိုက်သလို၊ ခုလည်းမခုခံ။ မိုးကြိုးများအား သူ့အား ပစ်ချခွင့်ပေးထားသည်။ သူ့အတွက် ကောင်းချီးပေးခံနေရသကဲ့သို့ သူကား တုပ်တုပ်မှမလှုပ်ပေ။ ယင်းက လူအပေါင်းအား ပို၍ပင် တုန်လှုပ်သွားစေသည်။
အင်မော်တယ်ပြစ်ဒဏ်၏ နောက်ဆုံးလက်ကျန် မှေးမှိန်ပျောက်ကွယ်တော့မည့်အချိန်တွင် ဖန်မု၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူက မိုးကောင်းကင်အား လက်ညှိုးထိုးသည်။
ဖန်မုသည် စကားမပြော၊ သူ၏လက်ညှိုးက အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်လာစေပြီး လေပြင်းများ အော်မြည်လာစေသည်။ မိုးကောင်းကင်တစ်ခုလုံး တုန်ရီနေပုံရကာ မရေမတွက်နိုင်သော ပြစ်ဒဏ်မိုးကြိုးတန်းများသည် လေယူရာပါသွားသော အလင်းမှုန့်များအဖြစ် ညက်ညက်ကြေကုန်၏။ ဤအခိုက်အတန့်တွင် အင်မော်တယ်ပြစ်ဒဏ် ပြီးဆုံး၍ မန်ဟို့ကိုယ်ပွားက အင်မော်တယ်ချီအား စတင်ထုတ်လွှတ်နေလေပြီ။
သို့သော် မိုကောင်းကင်သည် ဝုန်းခနဲ တုန်ခါသွားပြီး အနီရောင်မိုးကြိုးတန်းတစ်တန်းက ဖန်မုကို ချိန်ရွယ်လျက် တန်းတန်းမတ်မတ် ထိုးဆင်းလာသည်။ ကြောက်ခမန်းလိလိစိတ်ဆန္ဒတစ်ခုက ၎င်းကို အားဖြည့်ပေးထား၍ မထင်မှတ်ဖွယ်ကောင်းစွာနှင့် တာအိုနယ်ပယ်အင်အားကို ထုတ်လွှတ်နေလေသည်။
အနီရောင်မိုးကြိုးကျဆင်းလာသည့်အချိန်မှာပင် ကောင်းကင်ထက်၌ အနီရောင်တိမ်တိုက်တစ်ခု ပေါ်လာပြီး အနီရောင်မိုးများ ရွာကျလာသည်။ မြင်ကွင်းကား အားလုံးအတွက် ထူးခြားလွန်းသလို၊ အမျိုးသမီးတာအိုဥသျှောင်ကိုပင် မျက်နှာပျက်သွားစေသည်။
“မိုးကောင်းကင်ရဲ့သွေး။ ဒါဆို ... ဒီကောင်လေးကို အပြီးတိုင်သုတ်သင်ဖို့ အာကာပြင်ကျယ်အဖွဲ့အစည်းရဲ့ တာအိုက သူ့ရဲ့ မှော်ဥပဒေကိုသူ ပြန်ချိုးဖောက်ပြီး အမြင့်ဆုံးတန်ဖိုးကို ပေးဆပ်ရင်း အင်မော်တယ်နယ်ပယ်ထက် သာလွန်နေတဲ့ မိုးကြိုးကို ပစ်ချလိုက်တာပေါ့လေ” တာအိုဥသျှောင် တစ်ခုခုလုပ်ဖို့ ပြင်လိုက်စဉ်မှာပဲ အနီရောင်မိုးကြိုးသည် ဖန်မုခေါင်းမှ မီတာ ၃၀၀ ခန့်အကွာလေးတွင် ရပ်သွား၏။ ၎င်းက မလှုပ်တော့ဘဲ လေလယ်တွင် တန့်နေလေသည်။
မယုံကြည်နိုင်ဖွယ်ဖိအားတစ်ခုက မြေထုတစ်ခုလုံးတွင် ပြည့်နှက်သွား၏။ တစ်ချိန်တွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ ၎င်းက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ခရမ်းရောင်ဆံပင်ရှည်နှင့် လူငယ်တစ်ယောက်ဖြစ်သည်။ ထိုနေရာတွင် ပျံဝဲနေစဉ် သူက ဖြစ်တည်မှုအားလုံးအနက် အရေးပါဆုံးဖြစ်သည့်အလား ဩဇာကြီးမားသောအရှိန်အဝါကို ထုတ်လွှတ်နေ၏။
အဆုံးမဲ့အအေးဓာတ်က သူ့ထံမှ ဖြာထွက်နေပြီး သူ့မျက်ဝန်းထဲတွင် အနီရောင်မိစ္ဆာရောင်ဝါကို မြင်ရနိုင်သည်။ သူ့နဖူးထက်တွင်မူ ပိတ်ထားသော တတိယမျက်လုံးဖြစ်သည့် ရှည်ရှည်မျောမျော ခရမ်းရောင်အမှတ်အသားတစ်ခု ရှိ၏။
“နဝမပါရာဂွန်” အမျိုးသမီးတာအိုဥသျှောင်က လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ သူမသည် ကတုန်ကယင်ဖြင့် ဒူးထောက်ဂါဝရပြု၏။ ထိုအခိုက်အတန့်မှာပဲ နဝမဂိုဏ်းဝင်ကျင့်ကြံသူများလည်း ကျင့်ကြံအဆင့်မည်သို့ပင်ဖြစ်စေ တုန်ရီစွာ ဒူးထောက်ဝပ်တွားကုန်ကြသည်။
“ဂါဝရပြုပါတယ် နဝမပါရာဂွန်”
“ဂါဝရပြုပါတယ် နဝမပါရာဂွန်”
အသံများက အရာခပ်သိမ်းကို တုန်ခါနေစေရင်း ပဲ့တင်ထပ်နေသည်။ နဝမဂိုဏ်းရှိ ကျင့်ကြံသူများအတွက် နဝမပါရာဂွန်သည် သူတို့၏ဘုရင်၊ သူတို့၏အားမာန်၊ သူတို့၏ခေါင်းဆောင်၊ သူတို့၏ ဩဇာအရှိဆုံးဧကရာဇ်မင်း ဖြစ်၏။
ဤသည်ကား မန်ဟို၏ကိုယ်အစစ်မှတစ်ပါး အခြားမဟုတ်ပေ။
ပြစ်ဒဏ်မိုးကြိုးနှင့်ပတ်သက်၍ တစ်ခုခုမူမမှန်ကြောင်း သတိထားမိသည်နှင့် မန်ဟိုသည် ကိုယ်အစစ်ဖြင့် ရောက်လာခဲ့၏။ သူက ပေါ်လာလျှင်ချင်း အနီရောင်မိုးကြိုးကို လှမ်းဆွဲကာ ခြေလိုက်လေသည်။
မိုးကြိုးသည် ဝုန်းခနဲ ကြေမွသွား၏။ တိမ်များ အလိပ်လိပ်ထသွားပြီး ဒေါသတကြီး ဟိန်းဟောက်သံအား ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
မန်ဟို့ကိုယ်အစစ်က နီရဲတောက်နေသော မျက်လုံးများဖြင့် ကောင်းကင်အား မော့ကြည့်သည်။
“ထွက်သွားစမ်း” သူက အင်္ကျီလက်စခါရင်း ပြောသည်။ ထို့ကြောင့် သူ တိမ်တိုက်များထံ ပျံတက်သွားသဖြင့် စွမ်းအားလှိုင်းကြီးတစ်လှိုင်း ပေါက်ကွဲဖြာထွက်သွား၏။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပွားသည် နီရဲမှုကင်းမဲ့နေသော မျက်လုံးများဖြင့် မိုးကောင်းကင်အား မော့ကြည့်လျက် တောင်ပေါ်တွင် ရပ်နေသည်။ သူ၏မျက်လုံးများတွင် သန့်ရှင်းစင်ကြယ်သော အင်မော်တယ်အလင်းသာ ရှိလေသည်။
မိုးကောင်းကင်သည် တုန်လှုပ်သွားပြီး တိမ်တိုက်များ အုံ့ကြွနေခြင်း ရပ်တန့်သွား၏။ အမှန်တွင် ၎င်းတို့မှာ ပြိုကွဲသွားပြီး နီရဲနေမှုလည်း ပျောက်ကွယ်သွားသည်။ မိုးမှောင်ကျလာပြီး အာကာပြင်ကျယ်ဂြိုဟ်၏အပြင်တွင် အဆုံးမဲ့လှိုင်းဂယက်များသည် အာကာပြင်ကျယ်စကြဝဠာထဲသို့ ဖြာထွက်သွား၏။ ထို့နောက် အရာအားလုံး ငြိမ်သက်သွားတော့သည်။
ဤအရာများကို လုပ်ဆောင်ပြီးသောအခါ မန်ဟိုက ပြန်ဖို့ပြင်သည်။ သို့သော် သူသည် ဟင်းလင်းပြင်ထဲသို့ လှမ်းကြည့်၍ သူ့အား ရပ်တန့်သွားစေသော တစ်စုံတစ်ခုကို အဝေးတွင် မြင်လိုက်ရ၏။
သူ့အကြည့်က ထိုနေရာရှိ တစ်စုံတစ်ယောက်မှာ မူးဝေတုန်ရီနေစေရင်း ဟင်းလင်းပြင်အား တုန်ခါနေစေသည့်အလားပင်။ ရုတ်တရက် ဟန်ပေ့သည် မန်ဟို့ကိုယ်ပွားနှင့် ကိုယ်အစစ်ကို ကြည့်ရင်း ရှုပ်ထွေးနေသောခံစားချက်များဖြင့် ဒယိမ်းဒယိုင် ထွက်လာ၏။
သူမတစ်ကိုယ်လုံး တုန်ရီနေပြီး သူမသည် မဆိုင်းမတွ နောက်ဆုတ်သွား၏။ သို့သော် ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် မန်ဟိုက လှမ်း၍ဖမ်းဆုပ်ဟန် လုပ်လိုက်သည်။
ထူးခြားသောစွမ်းအားတစ်ရပ် ဖြာထွက်လာသဖြင့် တစ်ကမ္ဘာလုံး အေးခဲသွားသယောင် ထင်ရသည်။ ထိုစွမ်းအား ဟန်ပေ့ကို လွှမ်းခြုံတော့မည့်အချိန်မှာပင် သူမထံမှ အခိုးအငွေ့များ ရုတ်တရက် ထွက်လာသည်။ ထိုအခိုးအငွေ့များကို မန်ဟို မှတ်မိ၏။
လောကပါလနတ်မင်း၏ အရှိန်အဝါ... နတ်ဆိုးတစ်ကောင်၏အရှိန်အဝါ။