ကောင်းကောင်းသုံးဆောင်ပါ မင်းသား
Vol. 104 Ch. 1453
အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားပြီးနောက် ဖန်မု အင်မော်တယ်အကြော မည်မျှဖွင့်နိုင်ခဲ့ကြောင်း သိရှိသူ ရှားပါးလေသည်။ ဖန်မုသည် ကြွားဝါခြင်းမပြုဘဲ တရားအားထုတ်ဖို့ တံခါးပိတ်သာ နေတတ်၏။
သို့သော် ချူယွီယန်၏ကိစ္စကြောင့် ဖန်မုနှလုံးသားမှာ လွန်စွာလေးလံနေလေသည်။
“ဟန်ပေ့က နှစ်နဲ့ချီ ကြိုတင်ပြီး ပြင်ဆင်ထားခဲ့တာပဲ။ သူက သူ့အသက်ဓာတ်ကို ချူယွီယန်နဲ့ ပေါင်းစည်းထားခဲ့တာဆိုတော့... အပြိုင်တည်ရှိမှုလို ဖြစ်နေတယ်။ သိပ်ထိရောက်တဲ့ ဝှက်ဖဲပဲ” အတန်ကြာသော် သူသည် သက်ပြင်းချလိုက်၏။
မန်ဟို့ကိုယ်ပွားတဖြစ်လဲ ဖန်မုအတွက် စိတ်နှင့်နှလုံးသားကို တည်ငြိမ်စေဖို့ သုံးရက်ကြာလိုက်လေသည်။ ထို့နောက် သူသည် အပြင်တစ်ကြိမ်ထွက်ပြီး ပြန်ရောက်လာသောအခါ သွေးခွေးကြီးပါလာ၏။ ထို့နောက် နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံရာတွင်သာ အားစိုက်ကြတော့သည်။
ဆယ်နှစ်ကြာသွားသည်။ ထိုအချိန်အတောအတွင်း မန်ဟို့ကိုယ်ပွားသည် နဝမဂိုဏ်းမှ မထွက်။ တရားသာ အမြဲထိုင်နေတတ်သည်။
လူရှေ့သူရှေ့ ထွက်လေ့ထွက်ထမရှိသည့်အတွက် မည်သူမှ သူ၏ကျင့်ကြံအဆင့်ကိုသော်လည်းကောင်း၊ သူ၏တိုးတက်မှုကိုသော်လည်းကောင်း မသိရှိပေ။ ဆယ်နှစ်ကြာသော် မည်သည့်ပြစ်ဒဏ်မိုးကြိုးမှ ကျရောက်မလာရာ လူများသည် သူက ရွေးချယ်ခံဟုတ်မဟုတ် တွေးမနေကြတော့သည့်အပြင် မေ့မေ့ပျောက်ပျောက်ပင် ဖြစ်လာကြ၏။ သူ့ကို မှတ်မိသူများကလည်း အထင်သေးလာကြလေသည်။
ဖန်မုတွင် မိတ်ဆွေအပေါင်းအသင်းမရှိ၊ ဘယ်သူနှင့်မှလည်း အဆက်အသွယ်မလုပ်။ နဝမဂိုဏ်းတွင်သာ နေရင်း ကျင့်ကြံအားထုတ်ရာတွင်သာ အာရုံစိုက်ထား၏။ ဂိုဏ်းမှ တစ်ယောက်တည်းသီးသန့်ခွဲထွက်နေခြင်းက တွေ့ရလေ့ရှိသောအရာမဟုတ်ပေ။ အထူးအဆင့်အတန်းရှိသူများသာ ထိုသို့လုပ်နိုင်သည်။ ဖန်မုကတော့ သာမန်အတွင်းစည်းဂိုဏ်းသားလေးသာ မဟုတ်ပါလော။
သို့သော် နဝမဂိုဏ်းသည် မန်ဟို့အပိုင်ဖြစ်၏။ သူ့ကိုယ်အစစ်ထံမှ စကားလေးတစ်ခွန်းကြောင့် တာအိုဥသျှောင်တစ်ဦးသည် ဖန်မုက အရေးပါ၍ မနှောင့်ယှက်ကြရန် အမိန့်ထုတ်လိုက်သဖြင့် ထိုကိစ္စအား ဖြေရှင်းပြီးသွားလေသည်။
ဆယ်နှစ်အတွင်း ဘယ်သူမှ သူ့ကိုယ်ပွားကို နှောင့်ယှက်ခြင်းမရှိ။ ဖန်မုတွင် အဖော်ဆို၍ သွေးခွေးကြီးသာ ရှိသည်။
တကယ်တော့ မန်ဟို့ကိုယ်အစစ်လည်း ဆယ်နှစ်ကို အလားတူ ကုန်ဆုံးသွားခဲ့သည်။ သူသည် သူ၏မန္တန်အနှစ်သာရအားလုံးကို ဉာဏ်အလင်းအပြည့်အဝရရှိဖို့သာ အားစိုက်ထား၏။ ထိုကဲ့သို့လေးနက်စွာ အားထုတ်ခြင်းဖြင့် နှစ်နှစ်ဆယ်သည် သူ့အား သင်္ချိုင်းထဲ ဝင်ရောက်ခဲ့တုန်းကထက်ပို၍ အစွမ်းထက်လာစေသည်။
ဒုတိယသင်္ချိုင်းခရီးစဉ်အတွက် ပြင်ဆင်မှုများအား ဂိုဏ်းချုပ်က လုပ်ဆောင်နေဆဲဖြစ်သည်။ ကြည့်ရသရွေ့ သူသည် ဟာကွက်မရှိအောင် ပြင်ဆင်ထားချင်သယောင်ပင်။ ဤခရီးတွင် ဒုတိယမြေထုသို့ ရောက်ဖို့ ရည်ရွယ်ထားကြောင်း သိသာထင်ရှား၏။
ဆယ်နှစ်အတွင်း ဟန်ပေ့ အင်မော်တယ်နယ်ပယ်မှ အဆင့်တက်သွားသည်ဆိုသော သတင်းပျံ့နှံ့လာသည်။ ယခုတွင် သူမသည် ရှေးဟောင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ သန့်ရှင်းသောသမီးတော်အလောင်းအလျာသာ မဟုတ်တော့ပေ။ တစ်နည်းနည်းဖြင့် အာကာပြင်ကျယ်ကျောင်းတော်၏ သန့်ရှင်းသောသမီးတော်ကိုးဦးအနက် တစ်ဦးဖြစ်လာခဲ့၏။
ဂိုဏ်းချုပ်သည် သင်္ချိုင်းအတွက် ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေသည့်တိုင် သူ့အတွက် အရေးပါသောဟန်ပေ့ကို အနီးကပ်အကြံပေးဖို့ အချိန်ချန်ထားတတ်၏။
မည်သည့်အရာဖြစ်ပျက်နေသလဲဆိုသည်ကိုတော့ မန်ဟို အာရုံမရှိပေ။
နောက်တစ်နှစ်ကြာသော် ဖန်မုသည် တံခါးပိတ်ကျင့်ကြံနေရာမှ နဝမဂိုဏ်းသို့ ထွက်လာသည်။ မည်သူမှ သူ့အား မနှောင့်ယှက်ကြပေ။ သူ့အား ဘယ်သူမှန်းပင် မမှတ်မိကြတော့။
သူနှင့်သွေးခွေးကြီးသည် အဝေးသို့ ထွက်သွားသော အလင်းတန်းနှစ်တန်းအသွင်ပြောင်းသွား၏။ ရက်အနည်းငယ်ကြာသော် သေမျိုးကမ္ဘာထဲက မြို့သေးသေးလေးတစ်မြို့တွင် သူတို့ပြန်ပေါ်လာကြသည်။
မြို့သည် သိပ်မကြီးသော်လည်း စည်ကား၏။ လမ်းကြိုလမ်းကြားလမ်းမများထက်တွင် ဟိုဟိုသည်သည်လုပ်နေကြသောလူများ ပြည့်ကြပ်နေသည်။ ဖန်မုသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်လျက် စာပေသမားဟန်ပန်ဖြင့် မြို့ထဲ၌ ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။ နောက်ဆုံးတော့ သာမန်မိသားစုတစ်စု၏အိမ်ရှေ့၌ သူ ရပ်လိုက်သည်။
ပင်မဂိတ်၏အပြင်တွင် ဆော့ကစားနေသောကလေးအုပ်စုကို ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများက နွေးထွေးသွားလေသည်။ ကလေးထဲမှ တစ်ယောက်သည် ရှက်ကိုးရှက်ကန်းလေးပြုံးလျက် အပေါင်းအဖော်များနှင့် ဆော့နေသော ဆယ့်တစ်နှစ်အရွယ် ကလေးမလေးဖြစ်၏။
ဖန်မု၏အကြည့်သည် တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များစွာကို တွေးတောရင်း အတိတ်ကို ပြန်ရောက်သွားသည့်အလားပင်။ လက်ရှိအချိန်သည် ဆောင်းဦးဖြစ်၍ အေးစိမ့်စိမ့်လေတစ်ချက်က သစ်ရွက်များကို လမ်းမထက်သို့ ကြွေကျသွားစေသည်။ ဝင်ရီတရော နေသူရိန်က ပတ္တမြားရောင်ကို ဖြန့်ကျက်လျက် ၎င်း၏အနွေးဓာတ်အား တစ်ကမ္ဘာလုံးတွင် ပြည့်နှက်နေစေပြီး ဖန်မုအရိပ်ကိုလည်း မြေပြင်ထက်၌ ရှည်ရှည်မျောမျောကျနေစေ၏...
ကလေးမလေးသည် တစ်ယောက်ယောက် သူမကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၍ ခေါင်းမော့ကြည့်လိုက်ရာ ဖန်မုအား မြင်သွားလေသည်။ သူမမှာ အတန်ငယ်ကြောက်သွားပုံရပြီး ကပျာကယာအကြည့်လွှဲသွား၏။ အတန်ကြာသည်အထိ သူက သူမကို ကြည့်နေသေးရာ ကလေးမလေးအား ပို၍ပင် လန့်လာစေတော့သည်။ သူမက သူငယ်ချင်းများကို တိုးတိုးကပ်ပြောပြီးနောက် အိမ်ထဲ ပြေးဝင်သွား၏။
ဖန်မုက ရယ်လိုက်ပြီးနောက် လွမ်းဆွေးမှုတို့ မျက်ဝန်းများတွင် ပြည့်နှက်နေလျက် အသက်ပြင်းပြင်းရှူလိုက်သည်။
“မင်းရဲ့အတိတ်ဘဝတုန်းက ငါ မင်းအပေါ် အကြွေးတင်ခဲ့တယ်...” သူက တိုးညင်းစွာ ရေရွတ်သည်။ “ဒီဘဝမှာတော့ အဲဒီအကြွေးပြန်ဆပ်ပေးပါ့မယ်” ဖန်မုသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်ပြီးနောက် အိမ်ရှေ့လျှောက်သွားကာ တံခါးခေါက်၏။ တအောင့်ကြာသော် တံခါးပွင့်လာပြီး သူ ဝင်သွားလေသည်။
ရှည်ရှည်ဝေးဝေး မိတ်ဆက်နေရန်မလိုအပ်။ အာကာပြင်ကျယ်ဂြိုဟ်ပေါ်တွင် သေမျိုးများသည် အင်မော်တယ်များ၏တည်ရှိမှုကိုပင် သိသည်သာမက လေးစားရိုသေစွာ ဆက်ဆံကြလေသည်။
ဖန်မုက ယန်အာဆိုသည့် ဤကလေးမကို တပည့်အဖြစ် ခေါ်သွားလိုကြောင်း ပြောသည်။ ကလေးမ၏မိဘများကို မှော်သိုင်းကွက်အနည်းငယ် ထုတ်ပြလိုက်သည့်အခါ သူတို့သည် သဘောတူဖို့ တွန့်ဆုတ်မနေကြဘဲ အလွန်စိတ်လှုပ်ရှားနေကြပုံရ၏။
ရက်အနည်းငယ်ကြာသော် ဖန်မုသည် ဝမ်းနည်းနေဟန်တူသော ကလေးမလေးနှင့် သွေးခွေးကြီးနှင့်အတူ ထွက်ခွာသွားသည်။
အတန်ကြာသော် ကလေးမလေးက မချုပ်တည်းနိုင်ဘဲ မေးလေသည်။ “ဆရာ .... ဟိုလေ... ဆရာက တကယ် လူလိမ်တော့ မဟုတ်ဘူးလား”
သူမမေးခွန်းကြောင့် မန်ဟိုက လက်ဝါးဖြင့် သူမငယ်ထိပ်ကို ပုတ်လိုက်သည်။ အနည်းငယ်နာသွားသော်လည်း သူမ ဘာမှမပြောနိုင်ခင် သူမ၏ခန္ဓာကိုယ်မှာ စွေ့ခနဲ လေပေါ်မတင်ခံလိုက်ရသည်။ လေပြင်းများက သူမမျက်နှာကို တိုးဝှေ့နေပြီး ခေါင်းငုံ့ကြည့်လိုက်သောအခါ အရပ်လေးမျက်နှာတွင် ပြန့်ပြူးနေသော မြေပြင်များကို မြင်လိုက်ရ၏။ အရာအားလုံး သေးသထက် သေးလာသည်နှင့်အမျှ သူမ၏မျက်ဝန်းလေးများလည်း ပြူးသထက် ပြူးလာတော့သည်။
အတန်ကြာသော် မရေမတွက်နိုင်သော နန်းဆောင်များ၊ အဆောက်အဦးများ ဖုံးလွှမ်းနေသော တောင်တန်းများကို သူမမြင်လိုက်ရသည်။ ၎င်းကား.... နဝမဂိုဏ်းမှတစ်ပါး အခြားမဟုတ်ပေ။
ရုတ်တရက် မန်ဟို၏ နူးညံ့ကြင်နာသောအသံက သူမနားထဲ ဝင်ရောက်လာသည်။ “အခုကစပြီး မင်းက ဖန်မုရဲ့တပည့်ပဲ။ တစ်ယောက်တည်းသော တပည့်”
ထိုနေ့မှစ၍ ကလေးမလေးတစ်ယောက်သည် နဝမဂိုဏ်းထဲရှိ ဖန်မု၏တံခါးပိတ်ကျင့်ကြံရာဆောင်တွင် နေထိုင်၏။ သူမရောက်လာကတည်းက ဆိတ်ငြိမ်အေးချမ်းမှုကို ရှာမတွေ့တော့ပေ။
ယန်အာသည် ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် ပါရမီပါသော်လည်း ပါရမီအများစုက ဆေးဝါးပညာရပ်နှင့် သက်ဆိုင်၏။ ဖန်မုက သူ၏ကိုယ်ပိုင်ဆေးဝါးအတတ်များကိုသာမက ကျန်ကျင့်စဉ်များကိုလည်း သူမအား အချိန်ပေးသင်ကြားလေသည်။
ကလေးမလေး၏အကျင့်စရိုက်သည် ဖန်မုနှင့် လားလားမျှမတူပေ။ သူမက နဝမဂိုဏ်းတွင် လျှောက်သွားရသည်ကို သဘောကျသည်၊ မိတ်ဆွေများဖွဲ့ရသည်ကို နှစ်ခြိုက်သည်။ မကြာမီ လွန်ခဲ့သောဆယ်နှစ်က အံ့ဖွယ်သရဲစွမ်းအားပြသခဲ့သည့် ဖန်မု တပည့်တစ်ယောက်ခေါ်လာခဲ့ကြောင်း နဝမဂိုဏ်း၏ ဤအဖွဲ့ရှိ လူတိုင်းနီးပါးသိသွားကြလေပြီ။
ခုနစ်နှစ်ကြာသွားသည်။ ယခုတွင် ဖန်မု အင်မော်တယ်ပြစ်ဒဏ်အား ကျော်လွှားခဲ့သည်မှာ ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သလို၊ သူ့တပည့်မလေး ယန်အာ အသက်ဆယ့်ရှစ်နှစ်ပြည့်သောနှစ်လည်း ဖြစ်ပေသည်။
ယန်အာသည် ပိန်ပိန်သွယ်သွယ်လေးနှင့် လှပကြော့ရှင်းသော အပျိုပေါက်လေးဖြစ်လာ၏။ အရွယ်ရောက်လာသည်နှင့်အမျှ လှသထက် လှလာ၍ မကြာမီ ဂိုဏ်းသူများအကြား ထင်းလင်းလာတော့သည်။ ဆေးဝါးတာအိုနှင့်ပတ်သက်လျှင် မွေးရာပါသောပါရမီကြောင့် သူမသည် ချီအခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်ကာ အမြုတေဖြစ်တည်မှုအဆင့်မှ ခြေလှမ်းတစ်ဝက်သာ လိုတော့၏။
သူမ၏ဆေးဝါးတာအိုက အဖွဲ့၏အကြီးအကဲတချို့ကိုပင် တုန်လှုပ်စေနိုင်သည့်တိုင်အောင် အကန့်အသတ်မဲ့၍ နက်ရှိုင်းလေသည်။
ထိုအကြောင်းအားလုံးကြောင့် ဂိုဏ်းသားအတော်များများက ယန်အာလေးအား ပိုးပန်းကြတော့သည်။ မှန်သည်၊ ယန်အာ၏အကျင့်စရိုက်ကတော့ ယောက်ျားလေးအတိုင်းပင်။ ဗိုင်းကောင်းကျောက်ပိမိန်းကလေးမျိုး လုံးဝမဟုတ်ပေ။ ဖန်မုအရှေ့၌သာ မိန်းကလေးတစ်ယောက်လို ချွဲနွဲ့တတ်သည်၊ စိတ်ကောက်တတ်လေသည်။
“ဆရာ သွားခွင့်ပြုပါနော် .... ကျွန်မတစ်ဘဝလုံး ဒီနေ့ကို စောင့်နေခဲ့ရတာမလို့ပါ
“ဆရာ ဒီမှာကြည့် စိတ်မပူနဲ့။ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဂိုဏ်းက အစ်ကိုကြီးတွေနဲ့ မမတွေလည်း အဲဒီကိုသွားကြမှာ။ ကျွန်မတို့အားလုံး အတူတူသွားကြမှာပါနော်”
လောလောဆယ်တွင် ယန်အာသည် ဖန်မုအရှေ့၌ရပ်ရင်း ပူဆာနေ၏။ သူမ တောင်းဆိုနေသော်လည်း ဆရာဖြစ်သူက သူမကို အဖက်မလုပ်ဘဲ တရားသာထိုင်နေ၍ သူမမှာ စိတ်ဆိုးလာတော့သည်။ “အိုင်းရား.. အဘိုးကြီး သွားခွင့်ပေးမှာမလား မပေးဘူးလား”
“တယ် ဒီကလေးမကတော့” ဖန်မုက သူမကို စိန်းစိန်းကြည့်ကာ ဆူသည်။ ယခုနှစ်ပိုင်း ယန်အာကြောင့် သူ ခေါင်းတော်တော်ကိုက်ရလေသည်။ ပထမတုန်းက သူ့အား ရိုရိုသေသေဆက်ဆံသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရိုသေမဲ့လာကာ ယခုတော့ လုံးဝမရှိတော့ပေ။
ယန်အာသည် သူမဆရာ၏ မျက်စောင်းအား ဖြုံပင်မဖြုံ။ သူမက တောက်ပစွာ ပြုံးရင်း သူ့ဆီ အပြေးလာကာ ပခုံးနှိပ်ပေးသည်။ သူမသည် မျက်လုံးကလေးဝိုင်းလျက် အသံချွဲချွဲလေးနှင့် တောင်းဆိုပြန်၏။
“ဆရာကလည်း စျေးကို သွားမှာက ကျွန်မတို့အဖွဲ့က လူတွေပဲမဟုတ်ဘူးလို့ လူတိုင်းပြောနေကြတာ။ ဂိုဏ်းတစ်ဂိုဏ်းလုံး သွားမှာတဲ့သိလား။ တခြားမြေထုကလူတွေတောင် လာကြမယ်ထင်တယ်။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ပထမဂိုဏ်း၊ ဒုတိယဂိုဏ်း ...အို ဂိုဏ်းကိုးဂိုဏ်းလုံး အဲဒီကို သွားကြမှာ
“တော်တော်စိတ်လှုပ်ရှားကောင်းမှာသိလား။ အစ်ကိုကြီးပိယွင်လည်း သွားမှာ.... သူ့နာမည်ကလေ အာကာပြင်ကျယ်မော်ကွန်းတိုက်ရဲ့ ထိပ်ဆုံးအယောက်တစ်ရာထဲ ပါတယ်တဲ့...” အစ်ကိုကြီးပိယွင်ဆိုသူကို ပြောသည့်အခါ ယန်အာ၏မျက်လုံးများက ရုတ်တရက် လွန်စွာရွှန်းလဲ့လာသည်။
ဖန်မုသည် မျက်မှောင်ကြုတ်ပြီးနောက် သက်ပြင်းချ၏။ သူ့တပည့် စျေးကို သွားချင်သည့် အကြောင်းရင်းမှာ ဆေးပင်များဝယ်ဖို့သာ မဟုတ်မှန်း သူ မသိဘဲမနေပေ။ ဂိုဏ်းသူများနည်းတူ သူမသည် ဂိုဏ်း၏ရွေးချယ်ခံများအား အထင်ကြီးလေးစား၏။ နဝမဂိုဏ်း၏ လျှမ်းလျှမ်းတောက်နေတစ်စင်းဖြစ်သော ပိယွင်က ဥပမာပင်။
သူမ၏ချွဲနေမှုကို မခံနိုင်တော့သည့်နောက်ဆုံး ဖန်မုမှာ ခေါင်းညိတ်လိုက်ရတော့သည်။
“ကဲ ကဲ သွား သွား”
ယန်အာမှာ ချက်ချင်း ဝမ်းသာသွားပြီး သူ့ကို ဖက်လိုက်သည်။ သူမ အလွန်ပျော်နေသည်ကို မြင်ရခြင်းက ဖန်မု၏အကြည့်အား အတန်ငယ်နူးညံ့သွားစေပြီး ချူယွီယန်အကြောင်း တွေးလိုက်မိစေ၏။
အတိတ်ဘဝတုန်းက သူသည် ချူယွီယန်အပေါ် ခံစားချက်များ အကြွေးတင်ခဲ့၏။ ကံဆိုးစွာနှင့် ယခုဘဝတွင်တော့ သူ့နှလုံးသားမှာ သေဆုံးနေပြီဖြစ်၍ သူမကို ပေးနိုင်သမျှမှာ ဆရာတပည့်သံယောဇဉ်သာ ဖြစ်လေသည်။
ယန်အာ ထွက်သွားသည်။ နောက်တစ်နေ့မနက် မိုးသောက်ယံတွင် သူမသည် အဖွဲ့ထဲမှ ဂိုဏ်းသားဂိုဏ်းသူတချို့ကို တက်တက်ကြွကြွ သွားတွေ့ပြီးနောက် နဝမမြေထုအပေါ်တွင် နှစ်အနည်းငယ်ကြာတိုင်း ကျင်းပတတ်သော မဟာစျေးရောင်းပွဲတော်သို့ အတူတကွ ထွက်သွားကြ၏။
ဖန်မုက တံခါးပိတ်ကျင့်လျက်သာ နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အတိမ်းအစောင်းမခံသော အခိုက်အတန့်သို့ ရောက်ရှိနေခဲ့သလို၊ အချိန်မရွေး ရှေးဟောင်းနယ်ပယ်သို့ တက်နိုင်သည်။ အင်မော်တယ်အဆင့်အဖြစ် အချိန်ကြာမြင့်စွာ တရားထိုင်အားထုတ်နေရင်း လူများအား သူ့အကြောင်း မေ့လျော့နေစေခဲ့သော်လည်း အကြောင်းရင်းက ဘယ်သူမှ သတိမထားမိသောအရာကြောင့်ပင်။ သူ အင်မော်တယ်အကြောများကို ဖွင့်ခဲ့တုန်းက အရေအတွက်သည် သူ့ကိုယ်အစစ် ရောက်ရှိခဲ့သောအရေအတွက်ထက်ပင် သာ၍ ရှေးခေတ်တုန်းကပင် မည်သူမှမရှိခဲ့ဖူးသော ကြောက်ခမန်းလိလိအဆင့်သို့ ရောက်ရှိခဲ့၏။
ထို့ကြောင့် အင်မော်တယ်နယ်ပယ်တွင် သူ၏တိုးတက်မှုမှာ အလွန်နှေးကွေးနေခဲ့ခြင်းဖြစ်သည်။
“ငါ့ရဲ့ဆက်တိုက်အဆင့်တက်မှုတွေကြောင့် နဝမမန္တန်ဟာ ပြီးမြောက်ဖို့ နီးစပ်နေပြီ။ ဒါပေမဲ့ ငါ ပြီးပြည့်စုံပြီလို့ ယုံကြည်ခဲ့ဖူးတဲ့အရာက အခုကျတော့ ဘာကြောင့်မပြည့်စုံသေးတဲ့ပုံပေါ်နေတာလဲ...” သူက မျက်မှောင်ကြုတ်လျက် ဆက်လက်တရားထိုင်နေသည်။
သူ တရားထိုင်နေသည့်အချိန်မှာပင် ယန်အာနှင့် သူမ၏ဂိုဏ်းတူအစ်ကိုအစ်မတို့သည် နဝမဂိုဏ်းမှ ထွက်ခွာခဲ့ပြီးနောက် အဋ္ဌမဂိုဏ်းမှ ဂိုဏ်းသားအုပ်စုနှင့် ပက်ပင်းတိုး၏။
ထိုအုပ်စုသည် တစ်ဒါဇင်ကျော်၏။ အကုန်လုံးက အင်မော်တယ်နယ်ပယ်တွင် ဖြစ်ကြပြီး တစ်ယောက်က အလွန်သားနားသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် ခပ်ချောချာလူငယ်တစ်ယောက် ဖြစ်သည်။ သူ၏မိတ်ဆွေများက သူ့ပတ်ပတ်လည်တွင် ဝိုင်းအုံနေကြသည့်တိုင် သူ၏မျက်ဝန်းထဲ၌ ကိုယ်ကျင့်သိက္ခာမဲ့သောအရိပ်အယောင်ကို မြင်ရနိုင်၏။ သူက ပေါ့ပေါ့ပါးပါးလူငယ်တစ်ယောက်ဟု ထင်ရသော်လည်း အဋ္ဌမဂိုဏ်းအတွင်း၌ သူမတူသောအဆင့်အတန်းကို ပိုင်ဆိုင်ထားလေသည်။ အထူးသဖြင့် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်က သူ့နောက်မှ တကောက်ကောက်လိုက်နေခြင်းကို ကြည့်လျှင် သိသာသည်။ ထိုလူက သူ၏တာအိုစောင့်ရှောက်သူဖြစ်လိမ့်မည်။ တာအိုစောင့်ရှောက်သူက အင်မော်တယ်နယ်ပယ်ဟု ထင်ရအောင် လုပ်ထားသော်လည်း တကယ်တော့ တာအိုနယ်ပယ်အဆင့်ပညာရှင်တစ်ဦး ဖြစ်လေသည်။
နှစ်ဖွဲ့ဆုံလျှင်ချင်း ထိုလူငယ်က ယန်အာကို သတိထားမိသွားပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုရော၊ အသားယူလိုမှုပါ လင်းလက်လာသည်။
“ဘယ်လောက် လှလိုက်တဲ့ ယင်သွေးကြောလဲ...” သူက ကောက်ကျစ်စွာ ပြုံးရင်း ပြောသည်။ သူ၏တာအိုစောင့်ရှောက်သူလည်း ပြုံး၏။ သူတို့မျိုးနွယ်မင်းသား၏ ဝါသနာအကြောင်း သူ ကောင်းကောင်းသိလေသည်။ ဤလူငယ်သည် အဋ္ဌမဂိုဏ်းတွင် အရေးပါသလို၊ အာကာပြင်ကျယ်ကျောင်းတော်တွင် သူ့အား ယှဉ်နိုင်သူလည်း နည်းပါး၏။ သို့သော် တာအိုစောင့်ရှောက်သူက သတိကြီးသူဖြစ်သည်။ မင်းသား မိန်းကလေးတစ်ယောက်ကို သဘောကျတိုင်း တာအိုစောင့်ရှောက်သူသည် သူမ၏နောက်ခံကို စုံစမ်းလိမ့်မည်။ ဂိုဏ်းတွင် အဆက်အသွယ်တချို့ရှိနေကြောင်း တွေ့လျှင် မင်းသားအား လက်လျှော့ဖို့ အကြံပေးတတ်သည်။ သို့သော် သာမန်ဂိုဏ်းသူများနှင့်ပတ်သက်လာလျှင် မည်သည့်ပြဿနာမှမဖြစ်အောင် ဖုံးဖိနိုင်သော နည်းလမ်းများစွာ ရှိလေသည်။
တာအိုစောင့်ရှောက်သူက ကျောက်စိမ်းပြားတစ်ပြား ထုတ်၍ တခဏကြာ စစ်ဆေးပြီးနောက် သက်တောင့်သက်သာဖြစ်သွား၏။
“သူ့မှာ ဘာအဆက်အသွယ်မှမရှိဘူး။ လွန်ခဲ့နှစ်အနည်းငယ်ကမှ ဖန်မုဆိုတဲ့လူရဲ့ တပည့်အဖြစ် ဂိုဏ်းထဲဝင်လာတာ။ ဖန်မုက ဆယ်နှစ်တည်းနဲ့ သေမျိုးအဖြစ်ကနေ အင်မော်တယ်အဆင့်တက်ခဲ့လို့ အဲဒီတုန်းက တော်တော်လေး ပွက်လောရိုက်ဖူးတယ်။ ဒါပေမဲ့ သူ့မှာတောင် ဘာအဆက်အသွယ်မှမရှိဘူး။ နဝမဂိုဏ်းခွဲလေးတစ်ခွဲက အတွင်းစည်းဂိုဏ်းသားလေးတစ်ဦးထက် မပိုတဲ့ သာမညကောင်တစ်ကောင်သာသာပဲ
“ကောင်းကောင်းသုံးဆောင်ပါ မင်းသား”