ဇာတ်လိုက်
Vol. 29 Ch. 393
အခန်း (၃၉၃) : ဇာတ်လိုက်
ဝမ်ဝေ့၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံက ပျောက်ကွယ်သွားပြီး အနက်ရောင် ဘောင်းဘီသာ အစားထိုးဝင်ရောက်လာကာ သူ့ကြွက်သား ၁၂ မြောင်းအား ပြသနေလေသည်။ ထို့နောက် သူ့အရေပြားက ကြေးဖြူရောင် အဖြစ် ပြောင်းလဲသွားပြီး လက်သည်းများ ထွက်လာသည်။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ကြေးနီရောင် သင်္ကေတများ ပေါ်ထွက်လာပြီး သူ့နောက်ကျောမှ ငွေရောင်အရိုးလေးခုလည်း ပေါက်လာသည်။ သူ့ မျက်ဝန်း၏ အဖြူရောင်အပိုင်းက ရွှေရောင် ပြောင်းလဲသွားပြီး ကျန်အရာကမူ ခဲဖြူရောင်အတိုင်း ကျန်ရှိနေသည်။
သူ့ညာဘက်ပုခုံးမှ ဘယ်ဖက်အထိ မျောလွင့်နေသည့် ပစ္စည်းငါးခု ရှိနေပြီး စက်ဝိုင်းပြတ်သဏ္ဌာန် ဖွဲ့စည်းထားသည်။ သူတို့က မီးတောက်ငယ် တစ်ခု၊ ရေဘောလုံး တစ်လုံး၊ ကျောက်တုံး တစ်တုံး၊ ရွှေရောင် စက်လုံးတစ်ခုနှင့် သစ်ရွက် တစ်ရွက်တို့ ဖြစ်ကြပြီး ဓာတ်ငါးပါးအား ကိုယ်စားပြုနေလေသည်။
ဝမ်ဝေ့က သူ့အသွင်ပြောင်းမှု ပြီးဆုံးသွားသည်နှင့် ကောင်းကင်ဘုံဗိမာန်တစ်ခုလုံး ထိတ်လန့်ဖွယ် အငွေ့အသက်တစ်ခုက ရုတ်ချည်းလွှမ်းခြုံသွားလေသည်။ ထိုအငွေ့အသက်က အားကောင်းလွန်းပြီး အဆင့်နိမ့် သက်ရှိများထံ အကြောက်တရားကို ယူဆောင်လာ၏။ တစ်ကမ္ဘာလုံးမှ အက်ကွဲသံများ ကြားနေရလေသည်။ အကြောင်းမှာ စည်းမျဉ်းများမှ အသံများ ထွက်ပေါ်လာပြီး သူ့တည်ရှိမှုတစ်ခုတည်းကပင် တစ်ကမ္ဘာလုံးအတွက် ဖိအား ဖြစ်စေကြောင်း ပြသနေသည်။
“ ဖျက်ဆီးခြင်းနတ်ဘုရား အသွင်ပြောင်းမှုက တကယ်ကို ကြည့်မကောင်းဘူးပဲ” ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ဤအသွင်ပြောင်းမှုက သူ့အတွင်းအင်္ဂါကို သန့်စင်ပြီးသည့်နောက်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သို့သော်လည်း သူက တစ်ခါမှ သုံးစရာ မလိုသည့်အတွက် မပြသဖူးပေ။
သူက လက်ကို ဆုပ်လိုက်သည့်အခါ သူ့ခွန်အား သိသိသာသာ တိုးတက်လာသည်ကို ခံစားမိလိုက်သည်။ ဤအသွင်ဖြင့် သူက ခန္ဓာကိုယ်ခွန်အားကို အလားအလာအပြည့် ထုတ်သုံးနိုင်လိမ့်မည်။ သူ ခန့်မှန်းထားသလောက် သူ့အဘိုးကို တိုက်ပြီး အနိုင်မယူနိုင်လျှင်ပင် ဧကရာဇ်တစ်ပိုင်း ဆယ်ယောက်ကိုတော့ တိုက်ခိုက်ပြီး အနိုင်ရနိုင်လိမ့်မည်။
သို့သော်လည်း သူက သူ့ရှေ့မှ တိထျန်းကို ကြည့်လိုက်သည့်အခါ ဤအရာက မလုံလောက်သေးကြောင်း သိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူက ကြိုးစားကြည့်ရမည်။
သူက တိထျန်းဆီ အလင်းထက်မြန်သည့် အလျင်ဖြင့် ပြေးသွားလိုက်ပြီး ထိုးချလိုက်သည်။ ထိုလက်သီးချက်ဖြင့် သူက အဆ ၂၇၀ တိုးမြှင့်ပေးထားသည့် မိုးမြေစွမ်းအားကို အသုံးပြုထားသည်။
ဤသို့သော စွမ်းအားမျိုးက စည်းမျဉ်းအများစု၏ စွမ်းအား တိုးမြင့်လာမှုကို ဖိနှိပ်ထားနိုင်သည်။
ဝမ်ဝေ့က ထိုလက်သီးချက်ဖြင့် ထိုးခွင်းလိုက်စဉ် နာကျင်စွာ ညည်းညူသံတစ်ခုကို ကြားလိုက်ရသော်လည်း လျစ်လျူရှုထားလိုက်သည်။ သူက တိထျန်းသည် ထိုတိုက်ကွက်အား ဖယ်ရှားဖို့ လက်ဝှေ့လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင် ထိုထက် ပိုအားကောင်းသည့် အင်အားတစ်ခုက သူ့အပေါ် ကျရောက်လာကာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းအား ပေါက်ကွဲထွက်သွားစေသည်။
ထူးဆန်းစွာဖြင့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်း ပျက်စီးသွားသည့်နောက်တွင်ပင် သွေးထွက်သံယို မရှိပေ။ ထိုအစား အညစ်အကြေးများဖြင့် ပြုလုပ်ထားသည့် ခန္ဓာကိုယ်အပေါ်ပိုင်းက ချက်ချင်းဆိုသလို ပြန်ကောင်းလာပြီး သွေးသားအဖြစ် ပြောင်းလဲသွားသည်။
ဝမ်ဝေ့ခန္ဓာကိုယ် ပြန်လည်ပုံပေါ်လာသည်နှင့် သူ့မျက်လုံးက အနီရောင် ပြောင်းလဲသွားလေသည်။ အကြောင်းမှာ သူက လေဆာနှင့် တူသည့် မီးတောက်ကို တိထျန်းဆီ ပစ်လွှတ်လိုက်၍ ဖြစ်သည်။ သူက ဟွင်သွမ်းမီးတောက်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
ထိုစဉ် ရှေးဟောင်း ခန္ဓာသန့်စင်ကျမ်းကို သိထားသည့် တိထျန်းကလည်း အတွင်းအင်္ဂါများကို ကျင့်ကြံပြီးသည့်နောက်တွင် ရရှိလာသော စွမ်းရည်တစ်ခုက ဓာတ်ငါးပါးကျွမ်းကျင်မှု ဖြစ်ကြောင်း သိထားသောကြောင့် သူ့ခန္ဓာကိုယ်အား တခြားဓာတ်အဖြစ် ပြောင်းလဲလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ရှောင်ရှားလိုက်သည်။
သူက တည်ငြိမ်စွာဖြင့် ပါးစပ်ဟကာ အပြာရောင် မီးတောက်ကို ပစ်လွှတ်လိုက်သည်။ ထိုအရာက ဝမ်ဝေ့၏ မီးတောက်ကို ဖုံးလွှမ်းသွားပြီး ချက်ချင်းဆိုသလို သူ့တည်ရှိမှုအား လောင်မြိုက်သွားစေသည်။
ကံကောင်းစွာဖြင့် သူက သူ့ကိုယ်သူ မီးဓာတ်အဖြစ် ပြောင်းလဲလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
ကျစ်
ဝမ်ဝေ့က စိတ်တိုစွာ ရေရွတ်လိုက်သည်။ သူက စိတ်တိုရသည့် အကြောင်းအရင်း နှစ်ချက် ရှိလေသည်။ ပထမတစ်ချက်က သူ့နားထဲ ဆက်တိုက် ကြားနေရသည့် အော်သံ ဖြစ်ပြီး နောက်တစ်ချက်ကမူ သူ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း သင်ယူလိုက်ရသည့် အကြောင်းအရာတစ်ခုကြောင့် ဖြစ်သည်။
ပထမတစ်ခုက သူ့ရန်သူက ဟွင်သွမ်းမီးတောက်ကို အသုံးပြုပြီး သူ့ထက် အဆင့်မြင့်အောင် ကျင့်ကြံထားနိုင်သည်။ ဒုတိယအချက်က ထိပ်တိုက်ရင်ဆိုင်မှုအတွင်း တိထျန်း အသုံးပြုသည့် မိုးမြေစွမ်းအားကြောင့် ဖြစ်၏။
သူ တွက်ချက်ထားကြည့်သလောက် ထိုတိုက်ခိုက်မှုတွင် အဆကိုးရာ ပါဝင်သောကြောင့် သူ့အင်အား၏ ငါးဆလောက် ဖြစ်နေသည်။ ထိုအရာက အကြမ်းဖျင်း တွက်ချက်ထားခြင်းသာ ဖြစ်၏။
အဆ ၂၇၀ အင်အားဖြင့် ယှဉ်လိုက်သည့်အခါ သူက အတော်လေး အရေးနိမ့်နေသည်။
ဝမ်ဝေ့က ရှုပ်ရှုပ်ယှက်ယှက် အတွေးများ ဖယ်ရှားလိုက်ပြီးနောက် အလျင်အမြန် တုံ့ပြန်လိုက်သည်။
တကယ်လို့ ငါ ဒီအခြေအနေကနေ အသက်ရှင်ချင်တယ်ဆိုရင် တိုက်ပွဲအတွင်းမှာ ငါ့ဘာသာငါ တိုးတက်နိုင်မဲ့ နည်းလမ်းကို ရှာဖို့လိုတယ်
သူက တွေးလိုက်မိသည်။ ယခုတွင် သူက တိထျန်းသည် သူနှင့် ကစားကာ သူ့အင်အားနှင့် လျှို့ဝှက်ကတ်အားလုံးကို အသုံးပြုဖို့ ဖိအားပေးနေကြောင်း သိလေသည်။ ဤသည်က သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်၏။ ထို့ကြောင့် သူက ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
အခုလက်ရှိ ငါ့အင်အားကို တိုးမြှင့်ပေးနိုင်မဲ့ နည်းလမ်းသုံးခု ရှိတယ်။ ပထမတစ်ခုက ငါ့ရဲ့ အစွမ်းထိန်းချုပ်ရေး နည်းစနစ်ကို ကျွမ်းကျင်ပညာရှင်အဆင့် ရအောင် လုပ်ရမယ်။ ဒုတိယတစ်ခုက သွေးတစ်စက်နဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်းအဆင့်ကို ဝင်ရောက်ရမယ်။ နောက်ဆုံးအချက်က ငါ့ရဲ့တိုက်ခိုက်တဲ့ အတွေ့အကြုံကို တိုးမြှင့်ရမယ် …
ထိုတိုက်ပွဲအတွင်း ဝမ်ဝေ့က သူ့ဘဝတွင် တိုက်ပွဲအတွေ့အကြုံက မည်မျှအရေးကြီးကြောင်း သဘောပေါက်သွားသည်။ တိထျန်းနှင့် ရင်ဆိုင်တိုက်ခိုက်စဉ်အတွင်း ထိုလူက အခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ထုတ်သုံးနိုင်ရုံသာမက ခွန်အားအတိအကျ သို့မဟုတ် နည်းစနစ် အတိအကျကိုလည်း အသုံးပြုနိုင်လေသည်။ ပို၍အရေးကြီးသည်က သူက တိုက်ခိုက်မှု တစ်ခုချင်းစီတွင် ဝမ်ဝေ့၏ အားနည်းချက်ကို ပစ်မှတ်ထားထား၏။
အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်၏ အားနည်းချက်က ပုံသေ မဟုတ်ဘဲ အမြဲတမ်း ပြောင်းလဲနေလေသည်။ ထိုအရာက ကျင့်ကြံသူ၏ မူလအဆီအနှစ်၊ ဝိညာဉ်စွမ်းအား သို့မဟုတ် ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် တခြားသော အချက်များအပေါ် မူတည်နေသည်။
ဝမ်ဝေ့ကဲ့သို့သော ခန္ဓာကိုယ်ကို လေ့ကျင့်ထားသည့် သူတစ်ယောက်အတွက်မူ သူ့ အားနည်းချက်က အလွန်သေးကာ တခြားသူများက ပစ်မှတ်ထားခြင်းကို တားဆီးဖို့ ဆက်တိုက်ပြောင်းလဲနေသည်။ သို့သော်လည်း တိထျန်းက တိုက်ခိုက်သည့်အခါတိုင်း သူ့အားနည်းချက်ကို တွေ့အောင် ရှာနိုင်သောကြောင့် တိုက်ကွက်၏ သက်ရောက်မှုအား တိုးမြင့်သွားစေနိုင်သည်။
ကြည့်ရတာ သူက ကစားပွဲတစ်ခု ကစားနေပြီးတော့ ရာနှုန်းပြည့် ချက်ကောင်းမှန်အောင် လုပ်နိုင်တဲ့ပုံပဲ …
ဝမ်ဝေ့က သူ့ပြဿနာ၏ ဖြေရှင်းနည်းကို တွေးနေစဉ် တိထျန်းနှင့် ရင်ဆိုင်နေမှုအား မရပ်တန့်လိုက်ပေ။ သို့သော်လည်း သူက ထိုလူကို တစ်ချက်လေးမှ ထိခိုက်အောင် မလုပ်နိုင်သေးပေ။ သူ့အတွက်မူ သူ တောင့်ခံနိုင်သည့် တစ်ခုတည်းသော အကြောင်းအရာက ဓာတ်အဖြစ် ပြောင်းလဲနိုင်သည့် သူ့စွမ်းရည်ကြောင့် ဖြစ်သည်။
အချိန်နဲ့ ဆက်တိုက် တိုက်ပွဲတွေကပဲ အတွေ့အကြုံကို ဆက်တိုက် တိုးပွားလာစေတာ။ ဒါပေမဲ့ ငါ့ဆီမှာ နောက်ထပ် နည်းလမ်းတစ်ခုရှိတယ်။
ဝမ်ဝေ့က တွေးလိုက်မိသည်။
မျှော်နန်းဆောင် စစ်ဆေးမှု
ထိုမျှော်နန်းဆောင်စစ်ဆေးမှုအတွင်း သူက ဘဝများစွာ နေထိုင်ခဲ့ပြီး အတွေ့အကြုံများစွာ ပိုင်ဆိုင်ခဲ့လေသည်။ မျှော်နန်းဆောင်၏ ပုံရိပ်ယောင်ကမ္ဘာက အတော်လေးကို လက်တွေ့ဆန်လွန်းသည့်အတွက် အထဲမှ အတွေ့အကြုံကို အပြင်သို့ ယူဆောင်လာနိုင်ချေ ရှိသည်။
တကယ်တော့ တပည့်များစွာက မျှော်နန်းဆောင်ကို သူတို့၏ စိတ်ဆန္ဒ၊ တာအိုနှင့် တာအိုနှလုံးသားကို လေ့လာမှုအပြင် ထိုအကြောင်းအရင်းကြောင့် အသုံးပြုကြလေ့ ရှိသည်။ ဝမ်ဝေ့က ထိုသို့ မလုပ်ဖူးသည့် အကြောင်းအရင်းမှာ သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များကြောင့် ဖြစ်၏။
သူ့အတွေ့အကြုံကြောင့် စိတ်၏ တစ်စိတ်တစ်ပိုင်းက မျှော်နန်းဆောင် စစ်ဆေးမှုကို VR ဂိမ်းများနှင့် မယှဉ်နိုင်ဘဲ မနေနိုင်ပေ။ ဤသို့ စဉ်းစားခြင်းက သူ့အား ပုံရိပ်ယောင်နှင့် ပို၍အသားကျစေကာ စစ်ဆေးမှုကို အသုံးပြုပြီး အလားအလာအပြည့် ထုတ်မသုံးနိုင်အောင် တားဆီးထားလေသည်။
ဝမ်ဝေ့က အစီအစဉ် ချမှတ်ပြီးသည့်နောက်တွင် ချက်ချင်း အကောင်အထည်ဖော်လိုက်သည်။
သူက အာဏာကြောင့် စိတ်လွတ်ကာ နတ်ဆိုးဖြစ်သွားသည့် အခေါက်ကို သတိရလိုက်သည်။ သူက ကမ္ဘာအနှံ့တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာခဲ့၏။ ထို့နောက်တွင် သူက ကောင်းကင်ဘုံအမျက်ဒေါသနှင့် ရင်ဆိုင်ရသည်။
ထိုစစ်ဆေးမှုအတွင်း သူက အမြဲတမ်းလိုလို အစကနေ ကြိုးစားခဲ့ပြီး ကျင့်ကြံရေးလောက၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူက ကမ္ဘာအနှံ့ တိုက်ခိုက်ပြီး နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်ဖို့ ကျင့်စဉ်များစွာကိုလည်း ဖန်တီးခဲ့သည်။
သူက ကြိုးစားခဲ့သည့် အကြိမ်ပေါင်းတစ်သောင်းကို ပြန်လည်တွေးတောကာ သူ သင်ယူခဲ့ရသည့် တိုက်ပွဲအတွေ့အကြုံများကို အလျင်အမြန် စုပ်ယူလိုက်သည်။ ထိုသို့ လုပ်နေစဉ်အတွင်း သူက နောက်ထပ် အကျိုးအမြတ်တစ်ခုကို တွေ့ရှိလိုက်၏။ သူ ထိုလက်ချောင်းနှင့် ရင်ဆိုင်နေသည့် အကြိမ်များစွာအတွင်း ခန္ဓာကိုယ်ကို မယုံကြည်နိုင်လောက်သည့် အဆင့်အထိ ကျင့်ကြံထားခဲ့သည်။ ထို့ကြောင့် သူက စွမ်းအားကို အတိအကျ ထိန်းချုပ်ဖို့ သင်ယူခဲ့လေသည်။
ထိုမှတ်ဉာဏ်များအတွင်း သူက သူ့ခန္ဓာကိုယ်ရှိ အက်တမ်တိုင်းကို ထိန်းချုပ်ပြီး ခွန်အားကို ထုတ်ဖော်နိုင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က မျှော်နန်းဆောင် စစ်ဆေးမှုထဲတွင် မည်သို့ လုပ်ခဲ့သည်ကို မြင်ရဖို့ မှတ်ဉာဏ်အပေါ် အာရုံစိုက်ထားလိုက်သည်။ ထို့နောက် သူက ထိုအရာကို ပုံရိပ်ယောင်ကမ္ဘာနှင့် အစစ်အမှန်ကမ္ဘာကြား ကွာခြားချက်ကို လိုက်ညှိကာ ပြောင်းလဲလိုက်မည်။
ထို့နောက် ဝမ်ဝေ့က သူ့စိတ်အတွင်း တစ်ခုခု ဖြစ်ပေါ်လာသလို ခံစားမိလိုက်သည်။ သူက ခန္ဓာကိုယ်မှ အက်တမ်အားလုံးကို ထိန်းချုပ်ရင်း စွမ်းအားတစ်ခု ထုတ်ဖော်လိုက်သည်။
ဝုန်း
သူ့ မူလစွမ်းအားက နဂို ကျင်းပေါင်း ကွာထရီလီယံ ကျင်းမှ ကွန့်တီလီယွန်အထိ တိုးမြင့်သွားခဲ့သည်။ ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ တိုက်ပွဲတစ်ခုလုံးအတွင်း ဝမ်ဝေ့က တိထျန်း၏ တိုက်ကွက်မှ သူ့ကုသနိုင်စွမ်းအား အနှောင့်အယှက်ပေးသည့် ရင်းနှီးသည့် စွမ်းအားကို တိုက်ထုတ်နေရသည်။
(ကွာထရီလီယံ - 1015) (ကွန့်တီလီယွန် - 1018)
ထိုစွမ်းအားက ရင်းနှီးသလို ခံစားခဲ့ရပြီး နောက်ဆုံးတွင်တော့ သတိပြုမိခဲ့လေပြီ။ ထိုအရာက တုယီနယ်ပယ်၏ စွမ်းအား ဖြစ်၏။ ထိုအရာက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၁၃လွှာမြောက်သို့ ရောက်ရှိသည့်နောက်တွင် ရရှိလာသည့် တုယီနယ်ပယ်၏ စွမ်းအား ဖြစ်သည်။
ထိုမတိုင်ခင် သူက ထိုအရာကို သူ့ထက် အားနည်းသည့်လူများ၏ အုတ်မြစ်ကို ဖျက်ဆီးဖို့ အသုံးပြုရုံမှအပ ထိုစွမ်းအား၏ အသုံးပြုပုံကို မသိပေ။ သို့သော်လည်း တုယီနယ်ပယ်ရှိ တိထျန်း၏ တိုက်ကွက်ကို လေ့လာပြီးသည့်နောက်တွင် ထိုအရာက တိုက်ကွက်ကို အားကောင်းအောင် အသုံးပြုနိုင်ရုံသာမက ကာကွယ်ရေးကို ဖျက်ဆီးပြီး ပြန်လည်ကုသနိုင်စွမ်းကိုလည်း ဟန့်တားနိုင်ကြောင်း သိသွားသည်။
ထိုစွမ်းအားကို သတိပြုမိပြီးနောက်တွင် ဝမ်ဝေ့က တိထျန်းကို ကျောင်းတော်အတွင်း ပထမဆုံးတွေ့စဉ်အခါက သူ တံခါးဝတွင် ချန်ထားခဲ့သည့် အစစ်အမှန်စိတ်ဆန္ဒကို သက်ရောက်မှု မရှိဘဲ လျစ်လျူရှုသွားသည့် အကြောင်းအရင်းကို နားလည်သွားလေသည်။
ဝမ်ဝေ့၏ နားလည်မှုအသစ်ဖြင့် လက်သီးချက်ကို ဖြိုခွင်းပြီးသည့်နောက်တွင် တိထျန်းက ထိုတိုက်ကွက်အား သူ့လက်ဝါးနှင့် တားဆီးလိုက်ပြီးနောက် သူ့အား ရိုက်ထုတ်လိုက်သည်။
ထို့နောက် တိထျန်းက သူ့လက်ဝါးပေါ်မှ အဖြူရောင်အမှတ်အား ကြည့်လိုက်၏။
တိုက်ပွဲအတွင်းမှာ အားကောင်းလာတာလား။ ဒီလိုမျိုး ကံကောင်းပြီး ကံကြမ္မာကောင်းတဲ့လူတွေရဲ့ အပြုအမူမျိုးပဲ။ ဒါပေမဲ့ လုံလောက်တာလောက် နည်းနည်းလေးမှ မနီးစပ်သေးဘူး။
သူက တွေးလိုက်မိသည်။
သူ့ခွန်အားနှင့် ပါရမီက ငါ့ရဲ့ ပြန်လည်ဝင်စားခြင်း ငါးဘဝစာလောက်ပဲ ရှိသေးတယ်။ သူက ငါ့ကို ကောင်းကင်အလိုဆန္ဒအတွက် ဘယ်လိုများ ယှဉ်ပြိုင်မှာပါလိမ့်။