အသုံးမဝင်ခြင်း
Vol. 29 Ch. 394
အခန်း (၃၉၄) : အသုံးမဝင်ခြင်း
ဝမ်ဝေ့က တိထျန်းသည် တကယ့်အလေးအနက် တိုက်ဖို့ သိပ်မကြာတော့ကြောင်း၊ သူ့တွင် အင်အားတိုးမြှင့်ဖို့ အချိန်အနည်းငယ်မျှသာ ကျန်ရှိကြောင်း သိလိုက်သည်။ သူက သွေးကို မြန်မြန်လေ့ကျင့်ပြီး သူ့ဆီ ရှိထားသည့် နဂါးသွေးနှင့် အရိုးကို ဖြစ်နိုင်လျှင် သန့်စင်ချင်မိသည်။
သို့သော်လည်း အချိန်က သူ့ဘက်တွင် ရှိမနေပေ။ ထို့ကြောင့် သူက သွေးကိုသာ လေ့ကျင့်လိုက်ရသည်။ သွေးလေ့ကျင့်ရေး ပထမအဆင့်နှစ်ခုက ပြီးမြောက်ထားပြီ ဖြစ်၍ နောက်ဆုံးတစ်ခု ဖြစ်သည့် ဉာဏ်အလင်းပွင့်ခြင်းသာ ကျန်ရှိတော့သည်။
ယခင်က ဝမ်ဝေ့သည် ဉာဏ်အလင်းပွင့်ကြောင်း ဘာမှမသိထားသော်လည်း ယခုအခါ ဝူဟုန် ပေးထားသည့် လမ်းစဉ်ရှာဖွေရေး ကျောက်တုံး ရှိနေသည် မဟုတ်ပါလော။ သူက စိတ်ဝိညာဉ်အမှုန် တချို့ကို ခွဲထုတ်ကာ သိုလှောင်လက်စွပ်အတွင်း ဝင်ရောက်စေလိုက်ပြီး ကျောက်တုံး၏ စွမ်းအားကို အသက်သွင်းစေလိုက်သည်။
ထိုစဉ် သူက တိုက်ပွဲကို အာရုံစိုက်ထားလိုက်သည်။
သူ့ရှေးဟောင်းဖျက်ဆီးခြင်း နတ်ဘုရားအသွင်ဖြင့် ဝမ်ဝေ့၏ စွမ်းအားက သိသိသာသာ တိုးမြင့်လာခဲ့သည်။ မျှော်နန်းဆောင်မှ စုပ်ယူထားသည့် အတွေ့အကြုံအသစ်များပါ ထည့်ပေါင်းလိုက်သည့်အခါ သူ့အင်အားက မယုံလောက်ဖွယ် မြင့်တက်သွားသည်။
“ ဖိနှိပ်စမ်း” ဝမ်ဝေ့က ဧကရာဇ်၏ စကားသည် စည်းမျဉ်း ဟူသော စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုဖိနှိပ်စွမ်းအားက တိထျန်းအပေါ် သက်ရောက်မှု မရှိပေ။ သို့သော်လည်း ဝမ်ဝေ့က အချိန်တချို့ ဆွဲလိုသည်သာ ဖြစ်၍ မည်မျှနည်းစေကာမူ အဆင်ပြေလေသည်။
“ အင်အား ကန့်သတ်ချက်မြှင့်ခြင်း” သူက စွမ်းရည်ကို အသက်သွင်းပြီးသည့်နောက်တွင် တစ်ခါထပ်ပြီး ပြောလိုက်သည်။ ဤတစ်ကြိမ် သူက သူ့ကိုယ်သူ အားကောင်းလာအောင် အသုံးပြုလိုက်ခြင်းဖြစ်ပြီး သူ့စွမ်းရည် ခွင့်ပြုထားသည့် ကန့်သတ်ချက်ကို ပို၍ တိုးမြင့်သွားစေသည်။ ထို့နောက် သူက လက်နှစ်ချောင်းကို ဓားချက်အဖြစ် အသုံးပြုလိုက်သည်။
ကံကြမ္မာ ဖြတ်တောက်ရေး
သူက တိထျန်း၏ ကံကြမ္မာကြိုးမျှင်ကို ဦးတည်ကာ သူ့ကံကြမ္မာအား ဖြတ်တောက်ကာ လက်တွေ့ဘဝမှ ပယ်ဖျက်ဖို့ ကြိုးစားလိုက်သည်။ သို့သော် တိထျန်း၏ နောက်တွင် အနက်ရောင် စက်ဝန်းတစ်ခု ရုတ်ချည်းပေါ်ထွက်လာပြီး ကံကြမ္မာကြိုးမျှင်နှင့် ဆက်နွယ်သွားကာ အနက်ရောင် ပြောင်းလဲသွားသည်။ ထိုအရာက ကြိုးမျှင်ကို ထိတွေ့ပြီးသည့်နောက်တွင် ဖြတ်တောက်ခံလိုက်ရသလိုမျိုး ဖြစ်ကာ သေဆုံးသွားပြီ ဖြစ်၍ သက်ရောက်မှု မရှိတော့ပေ။ တိထျန်းက အတုအယောင် သေခြင်းတရားဖြင့် ကံကြမ္မာကို လှည့်ဖျားလိုက်ခြင်း ဖြစ်၏။
ထို့နောက် သူက ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည် “ ပျောက်ကွယ်စမ်း”
ခဏအကြာတွင် ဝမ်ဝေ့တစ်ယောက် ဧကရာဇ်၏ စကားသည် စည်းမျဉ်း ဟူသော စွမ်းရည်မှ ရရှိထားသည့် သက်ရောက်မှုက ပယ်ပျက်သွားသည်။
ယခင် ဗုဒ္ဓဘုန်းကြီးအနေဖြင့် တိထျန်းက သူတို့၏ စွမ်းရည်အများစုကို သိရှိထားလေသည်။ ထို့ကြောင့် သူက ဝမ်ဝေ့ အသုံးပြုသည့်စွမ်းရည်ကို သတိထားမိကာ တူညီသည့် အရာဖြင့် ပယ်ဖျက်လိုက်ခြင်း ဖြစ်၏။
ထိုစွမ်းအားက သူ့ဆီမှ ထွက်ခွာသွားကာ ဘာမှမလုပ်နိုင်သည်ကို စဉ်းစားမိသော်လည်း ဝမ်ဝေ့က တည်ငြိမ်နေလေသည်။ သူက ဧကရာဇ်ငယ် ဂုဏ်ပုဒ်မှ ရရှိထားသည့် ပိုင်နက်တစ်ပိုင်း စွမ်းရည်ကို အသက်သွင်းလိုက်သည်။
ယခုအခါ ထိုပိုင်နက်၏ စွမ်းအားလျှော့ချမှုက ကြုံရာကျပန်း မဟုတ်တော့ဘဲ ဝမ်ဝေ့မှ အတိအကျ ထိန်းချုပ်နိုင်လေသည်။
ထို့စဉ် တိထျန်းဆီမှလည်း ထိုတိုက်ကွက်ကို ချေဖျက်ဖို့အနေဖြင့် ပိုင်နက်တစ်ပိုင်း ထွက်ပေါ်လာသည်။ သူ့အတွက် ဧကရာဇ်ငယ်ဆိုသည်မှာ ဘာမှမထူးခြားပေ။ သူသည်လည်း ပထမဘဝ ရှေးဟောင်းဧကရာဇ်ခေတ်ကာလတုန်းက တစ်ယောက် ဖြစ်ခဲ့ဖူးလေသည်။
ထိုစဉ်အချိန်အခါက ပါရမီရှင်များသည် လူသားမျိုးနွယ်အတွင်း ဆက်တိုက် မွေးဖွားနေခဲ့လေသည်။ စစ်ပွဲကာလဖြစ်သည့်အတွက် ထိုပါရမီရှင်များ၏ တာအိုနှလုံးသားကို မဟာဧကရာဇ်များက ငယ်စဉ်ကတည်းက လေ့ကျင့်ပေးလာခဲ့ကြသည်။ ထို့ကြောင့် ဧကရာဇ်ငယ် ဆိုသည်မှာ သာမန်အရာသာ ဖြစ်၏။
ထို့ကြောင့် တိထျန်း၏ ပထမဘဝအတွင်း မဟာဧကရာဇ်အဆင့်အောက် တစ်ဖက်လူ၏ စွမ်းအားကို လျှော့ချပေးနိုင်သည့် ပိုင်နက်တစ်ပိုင်း နိုးထခဲ့သည်။ ထို့ကြောင့် သူနှင့် အဆင့်တူ တစ်ယောက်က သူ့အား အနိုင်မပိုင်းနိုင်မချင်း သူက ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။ အကြိမ်များစွာ ပြန်လည်ဝင်စားပြီးသည့်နောက်တွင် သူ တွေ့ကြုံခဲ့ဖူးသည့် လူများအနက် ထိုသို့လုပ်နိုင်သည့် လူများက လက်တစ်ဖက်နှင့် ရေတွက်လို့ ရလေသည်။
ဝမ်ဝေ့က သူ့ပိုင်နက် ပျက်ပြယ်သွားသည့်အခါ တစ်ဖန် လှုပ်ရှားလိုက်ပြန်သည်။ ဤတစ်ကြိမ် သူ့အနောက်ဖက်တွင် မျောလွင့်နေသည့် သစ်ရွက်ငယ်လေးက ဗလာလေဟာနယ်အတွင်း ရပ်တည်နေသည့် ဧရာမသစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုသစ်ပင်ကြီး၏ သစ်ကိုင်းများက သတ္တုအဖြစ် ပြောင်းလဲသွားကာ ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် တိထျန်းဆီ ရောက်ရှိသွားပြီး သူ့အား ချုပ်နှောင်ဖို့ ကြိုးစားနေလေသည်။
သို့သော်လည်း တိထျန်က တစ်ချက်ကြည့်ရုံမျှဖြင့် သစ်ပင်က ဆွေးမြေ့ကာ ပျက်စီးသွားလေသည်။
သစ်ပင် မသေဆုံးခင် ပန်းရောင်မီးတောက်အဖြစ် ပြောင်းလဲသွားပြီး တိထျန်းအား ဆေးလုံးအဖြစ် ဖော်စပ်ဖို့ ကြိုးစားနေပြန်သည်။
မူလဆေးလုံးမီးတောက်လား
တိထျန်းက တွေးလိုက်မိပြီးနောက် ထိုမီးတောက်ကို ငြှိမ်းသတ်ဖို့ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူ့မျက်ဝန်းအထက် စိတ်မရှည်သည့် အရိပ်အယောင် ပေါ်ထွက်လာလေ၏။ သူ ဤတိုက်ပွဲအား အချိန်ဆွဲနေရသည့် အကြောင်းအရင်း တစ်ချက်မှာ ဝမ်ဝေ့၏ ဝိညာဉ်ကြောင့် ဖြစ်ပေသည်။
ထိုအရာက အမှုန်များစွာနှင့် ဆက်နွယ်ထားသည့် ထူးခြားသည့် ပုံသဏ္ဌာန် ဖြစ်နေရုံသာမက အရည်အသွေးကလည်း ထူးခြားနေသည်။ သူ့တစ်ဘဝလုံးတွင် ဤသို့သော အရည်အသွေးမြင့် ဝိညာဉ်မျိုးကို မမြင်ခဲ့ဖူးပေ။ ထို့အပြင် လတ်တလော ထိပ်တိုက်ရင်ဆိုင်မှုအတွင်း သူက ဝမ်ဝေ့ဆီမှ ပြန်လည်ဝင်စားခြင်း စွမ်းအားကို ခံစားမိခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့သည်လည်း ပြန်လည်ဝင်စားလာသည့်သူ ဖြစ်ကြောင်း သေချာသွားသည်။
ထို့ကြောင့် တိထျန်းက ထိုအပြောင်းအလဲများသည် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် သူ ကျရှုံးခဲ့ရသည့် အကြောင်းအရင်း ဖြစ်လိမ့်မည်ဟု တွေးထားခဲ့မိသည်။ သို့သော်လည်း တစ်ဖက်လူက ထိုအရာများကို အသုံးမပြုသည့်အတွက် သူ့အနေနှင့် အသုံးဝင်သည့် သတင်းအချက်အလက်ကို မရနိုင်ပေ။
ထို့ကြောင့် သူက အရာအားလုံးကို အဆုံးသတ်ဖြစ်ဖို့ အားကောင်းသည့် လက်သီးချက်ကို ထိုးခွင်းလိုက်သည်။ ယခင်က သူသည် သံသရာကိုးပါး လက်သီးချက်မှ သေခြင်းတရား၏ ပျက်ယွင်းမှုကိုသာ ထုတ်သုံးခဲ့သည်။
ယခုအခါ သူက တတိယမြောက် နည်းစနစ်ဖြစ်သည့် သေခြင်းရှင်ခြင်း ဖလှယ်ရေးကို ထုတ်သုံးလိုက်သည်။
ဝမ်ဝေ့က သူ့ဆီ ရောက်ရှိလာသည့် လက်သီးချက်အား ကြည့်နေစဉ် သူ့ဘေးရှိ အာကာပြင်က ပိတ်ဆို့သွားပြီး လှုပ်ရှားဖို့ အခက်တွေ့နေလေသည်။ ဆိုလိုသည်မှာ ထိုလက်သီးချက်မှ မလွတ်မြောက်နိုင်ပေ။
ထိုအရာက သူ့ဆီ ချဉ်းကပ်လာသည့်အခါ ဝမ်ဝေ့က သူ့အဆီအနှစ်ထဲရှိ ရှင်ခြင်းတရား သဘောတရားသည် ဖြည်းဖြည်းချင်း သေခြင်းတရား အဖြစ် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်၏။ ထိုဖြစ်စဉ်က လှပလွန်းပြီး ယင်နှင့် ယန်သဘာဝကို လွှမ်းခြုံထားသည်။
ထိုဖြစ်စဉ် ပြီးမြောက်သွားသည်နှင့် သူ့အတွက် ပြီးဆုံးသွားမည်ဖြစ်ကာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သေဆုံးသွားလိမ့်မည်။
သေခြင်းတရားက အလျင်အမြန် ချဉ်းကပ်လာသည့်အခါ သူက မလှုပ်ရှားနိုင်သည့်အတွက် ကူကယ်ရာမဲ့နေမိသည်။ အချိန်ကလည်း သူ့အတွက် အလွန်နှေးကွေးနေဟန်ပေါ်သည်။ ထို့ကြောင့် သူက ထိုအချိန်ကို အသုံးချကာ သူ့အသက်ကို ကယ်ဖို့ ကြိုးစားရမည်။
သူ့စိတ်ထဲတွင် မှီခိုစရာ အရာတစ်ခုသာ ရှိလေသည်။ ထိုအရာက လမ်းစဉ်ရှာဖွေရေး ကျောက်တုံး ဖြစ်၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်းခန့်က တိုက်ပွဲအတွင်းရှိစဉ် သူက ကျောက်တုံး၏ စွမ်းအားကို အသက်သွင်းကာ သူ့ရှေ့ဆက်ရမည့် လမ်းစဉ်အား နားလည်ဖို့ ကြိုးစားခဲ့သည်။ ထိုစိတ်ဝိညာဉ်အမှုန်များက သူ့အလုပ်ကို လုပ်ဆောင်ပြီးသည့်နောက်တွင် စတင် တွေးတောလာသည်။
“ ငါက ဘယ်လိုဉာဏ်အလင်းပွင့်လာသင့်တုန်း။ ထာဝရအတွက်လား။ မပျက်သုဉ်းနိုင်တာလား။ မသေမျိုးအတွက်လား။ မသေဆုံးနိုင်တာလား… ဒီအရာတွေအားလုံးက ရွေးချယ်စရာတွေဆိုပေမဲ့ ငါ့လမ်းကြောင်း မဟုတ်ဘူး။ ငါ လိုအပ်နေတာက ငါ့အတွက် ထူးကဲတဲ့ အရာပဲ။
အဲဒါဆိုတော့ ဒီသဘောတရားတွေကို ဘာက ယှဉ်ပြိုင်နိုင်တာလဲ။ ငါ့ ခန္ဓာကိုယ်ကို မဖျက်စီးနိုင်အောင် ဘယ်အရာက လုပ်ဆောင်ပေးနိုင်မှာလဲ။ ငါက မဖျက်ဆီးခြင်း သဘောတရားကိုပဲ စဉ်းစားလိုက်ရမှာလား။ သွေးသန့်စင်ရေး ဒီအစိတ်အပိုင်းရဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ်ကို အားကောင်းတဲ့ သဘောတရားနဲ့ ပေါင်းစပ်ပြီးတော့ အသတ်ခံရဖို့ မဖြစ်အောင် လုပ်ဖို့ပဲ။
ပြောရရင် ဘယ်လိုအခြေအနေမှာမဆို အသက်ရှင်ဖို့ အာမခံချက် ရှိရမယ်။ သဘောတရားအမျိုးမျိုးကို ထိန်းချုပ်ထားတဲ့ ကျင့်ကြံသူတွေ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ သူတို့အတွက် တစ်ခုခုကို ဖျက်ဆီးဖို့အတွက် နည်းလမ်းတွေအများကြီး ရှိလွန်းတယ်။
တစ်ခုခုကို ဖျက်ဆီးချင်ရင်၊ တစ်စုံတစ်ခုကို ပျက်သုဉ်းစေချင်ရင် ဒါမှမဟုတ်ဘူးဆိုရင် မသေဆုံးနိုင်တဲ့ တည်ရှိမှုတစ်ခုကို အဆုံးသတ်ပေးချင်တဲ့အခါမျိုးမှာ နည်းလမ်းရှာဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး။ အဲဒါဆိုတော့ ဒီသဘောတရားတွေကို ဘယ်အရာက အစားထိုးနိုင်မလဲ…
ဗလာနတ္ထိ…
တကယ်လို့ ငါ့ခန္ဓာကိုယ်ကသာ ဗလာနတ္ထိနဲ့ ပြုလုပ်ထားမယ်ဆိုရင် တစ်ယောက်ယောက် ဒါမှမဟုတ်ဘူးဆိုရင် တစ်စုံတစ်ခုက ဖျက်ဆီးနိုင်ဦးမှာလား။ ဗလာနတ္ထိဆိုတဲ့ သဘောတရားက မတည်ရှိခြင်း၊ အကောင်အထည် မရှိခြင်း အခြေအနေကို ညွှန်ပြတာပဲ”
ကျောက်တုံးက ဝမ်ဝေ့အား သူ့ ဉာဏ်အလင်းပွင့်ဖို့ ညွှန်ပြနေစဉ် သူ့သွေးမှ သူ့ခန္ဓာကိုယ်အား စီးဆင်းသွားသည့် ညင်သာမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာ ပြီးမြောက်သွားသည်နှင့် ဝမ်ဝေ့က သူသည် သွေးလေ့ကျင့်ရေးလမ်းစဉ်တွင် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားကြောင်း သိလိုက်သည်။
ကံဆိုးစွာဖြင့် ထိုအရာက ယခုလက်ရှိ သေစေလောက်သည့် အခြေအနေအား ပြောင်းလဲမပေးနိုင်ပေ။ အနည်းဆုံးတော့ ချက်ချင်း မဟုတ်ပေ။
သူ့နားလည်နိုင်စွမ်း ပြီးမြောက်ကာ အသွင်ပြောင်းဖို့ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အသက်အား ကယ်တင်နိုင်ဖို့ နောက်ထပ် အစီအစဉ်တစ်ခုကို တွက်ချက်လိုက်သည်။
ဤအစီအစဉ်က ယခင် သုံးဖူးသည့်အရာနှင့် ဆင်တူလေသည်။ ထိုလက်သီးချက် သူ့ဆီ ကျရောက်မလာခင် သူက နောက်ကျောမှ ကျောရိုးကို ထိန်းချုပ်ကာ သွေးတစ်စက် ညှစ်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အားပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်သည်။
ထိုလက်သီးချက် ကျရောက်လာသည့်အခါ ပေါက်ကွဲသွားခြင်း မရှိသလို ဘာဆိုဘာမှဖြစ်မသွားပေ။ ဝမ်ဝေ့က တည်ငြိမ်နေသည့် မျက်နှာထားဖြင့် သဘာဝဖြစ်ရပ်ကြောင့် သေဆုံးသွားသည့်အလား ဖြည်းဖြည်းချင်း မျက်လုံး ပိတ်သွားသည်။
သူ့ခန္ဓာကိုယ်က အကောင်းအတိုင်း ရှိနေသော်လည်း အစိတ်အပိုင်းများကမူ လူသေတစ်ယောက်ကဲ့သို့ လုပ်ဆောင်မှုအားလုံး ရပ်တန့်သွားသည်။ သူ့ဝိညာဉ်ပင် သာမန်လူများ သေဆုံးပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ဤသို့ဖြင့် သူက သေဆုံးသွားလေသည်။ ဤသည်က ထိတွေ့မှုတစ်ခုဖြင့် သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည့် နည်းစနစ် ဖြစ်ပေသည်။ တိထျန်းက မည်မျှအားကောင်းစေကာမူ ထိုတိုက်ကွက်ကို ခုခံနိုင်သည့်လူများစွာ ရှိနေသေး၏။
တိထျန်းက သူနှင့် ကီလိုမီတာအကွာတွင် ရှိသည့် ဝမ်ဝေ့အား လှမ်းကြည့်လိုက်သည်။
“ သွေး ပြန်လည်မွေးဖွားမှုလား” သူက ရေရွတ်လိုက်သည်။
သွေးစက်တစ်စက်ဖြင့် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အား ပြန်လည် ဖန်တီးပြီး ရှင်သန်ထမြောက်လာနိုင်သည်။ ထိုအရာကို ပြောပြီးသည့်နောက်တွင် သူက ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို အာရုံစိုက်ထားလိုက်သည်။ အကြောင်းမှာ ဝမ်ဝေ့သည် သူ့ဉာဏ်အလင်းပွင့်မှုအတွက် ထူးကဲကာ အားကောင်းသည့်အရာကို အသုံးပြုခဲ့သည်မှန်း ခံစားမိ၍ဖြစ်သည်။
ထိုစဉ် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အသစ်ကို ခံစားနေစဉ် ထိတ်လန့်သည့် အမူအရာတစ်ခု ဖြစ်သွားသည်။ အကြောင်းမှာ ထိုလက်သီးချက်က သူ့အား သတ်လုနီးပါးဖြစ်သွား၍ မဟုတ်ဘဲ သူ ဉာဏ်အလင်းပွင့်နေစဉ်အတွင်း တစ်စုံတစ်ခု ဖြစ်ပျက်သွား၍ ဖြစ်သည်။