← Chapters

အစစ်အမှန် စိန်ခေါ်မှု

Vol. 29 Ch. 400

အစစ်အမှန် စိန်ခေါ်မှု

Vol. 29 Ch. 400

အခန်း (၄၀၀) : အစစ်အမှန် စိန်ခေါ်မှု

ဝမ်ဝေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို စဉ်းစားရင်း ဘေးပတ်လည် အပျက်အစီးများကို ကြည့်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်မှ ကံအပြစ်ကြွေးအား စစ်ဆေးကြည့်လိုက်သော်လည်း သူ မည်သို့ပင်လုပ်စေကာမူ ထိုအရာကို မဖယ်ရှားနိုင်သလို စည်းပိတ်နိုင်ခြင်းလည်း မရှိပေ။

ဝူဟုန်၏ ကျမ်းကို အသုံးပြုကာ ယာယီစည်းပိတ်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ ခေတ္တမျှ လေ့လာပြီးသည့်နောက်တွင် ထိုပြဿနာ၏ အကြောင်းအရင်းအား သိရှိသွားသည်။

ယုံကြည်မှုစွမ်းအား

ယေဘုယျအားဖြင့် ယုံကြည်မှုစွမ်းအားသည် ချီကံကောင်းမှုကဲ့သို့ ကံကြမ္မာ ချည်နှောင်ထားခြင်းမျိုး မဟုတ်ပေ။ အများစုက အရောင်းအဝယ် သဘောမျိုးသာ ဖြစ်၏။ သေမျိုးများက နတ်ဘုရားများထံ ဆုပန်ပြီး ယုံကြည်မှုစွမ်းအားကို ပေးအပ်စဉ် အပြန်အလှန်အားဖြင့် နတ်ဘုရားများက သူတို့အား အကူအညီ၊ ဝိညာဉ်အထောက်အပံ့နှင့် သူတို့၏ နောက်ဘဝအတွက် ကောင်းကင်ဘုံကို ပေးအပ်ထားသည်။

လူသားများအား ပျော်ရွှင်စေပြီး တိုင်းပြည်၏ ကံကောင်းမှုကို မြှင့်တင်ဖို့ ကြွယ်ဝချမ်းသာမှုကို တိုးမြှင့်နေသည့် အုပ်ချုပ်သူတစ်ယောက်နှင့် ယှဉ်လိုက်လျှင် ယုံကြည်မှုစွမ်းအားက ကံကြမ္မာချုပ်နှောင်ရေး အားနည်းပေသည်။

ဤအချက်က ဝမ်ဝေ့အတွက် အရေးသာပေသည်။ သို့သော်လည်း တိထျန်း၏ အစီအရင်ကြောင့် သူ့အတွက် ဆိုးကျိုး ဖြစ်သွားခဲ့သည်။ သူက ဤကောင်းကင်ဘုံဗိမာန် ကမ္ဘာ၏ စွမ်းအားကြီး နတ်ဘုရားဖြစ်၍ ဤကမ္ဘာ၏ သေမျိုးအားလုံးနှင့် နက်နက်နဲနဲ ဆက်နွယ်နေသည်။

ထို့ကြောင့် သူတို့၏ သေဆုံးမှုနှင့် ဤကမ္ဘာ ဖျက်ဆီးခံလိုက်ရသည့် အပြစ်ကြွေးအားလုံးက သူ့အပေါ် ကျရောက်လာသည်။ ထို့ကြောင့် သူ့အခြေအနေအား ပို၍ ဆိုးရွားသွားစေသည်။ သူက ဤကမ္ဘာ၏ ကံကြမ္မာ မြစ်လက်တက်ကို ဖြတ်တောက်ကာ စုပ်ယူခဲ့သည့် အကြောင်းကို ထည့်မပြောရသေးပေ။

ဤအပြုအမူက သူ စည်းမျဉ်းကို နားလည်သွားသည်နှင့် အကျိုးအမြတ် ရရှိလာမည်ဖြစ်ကာ မြစ်ခွဲမှ ပေးအပ်ထားသည့် တိုက်ပွဲစွမ်းအားအား တိုးမြင့်လာစေလိမ့်မည်။ တစ်ချိန်တည်းဆိုသလို ထိုအပြုအမူက သူနှင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာ၏ ကံကြမ္မာချည်နှောင်မှုကို ပို၍ နက်ရှိုင်းသွားစေသည်။ ထို့ကြောင့် သူက ခံစားရမည့် အပြစ်ကြွေးနှင့် တန်ပြန်သက်ရောက်မှုတို့က တိုးမြင့်သွားလေသည်။

ထို့အပြင် သူ့အရိုးအစားထိုး စွမ်းရည်ကို တိုက်ပွဲအတွင်း အသုံးပြုမှု လွန်ကဲသောကြောင့် အခြေအနေက ပိုဆိုးရွားနေသည်။ ထိုအရာထဲကို ကံအပြစ်ကြွေးကို မလွှဲပြောင်းနိုင်သေးပေ။

အမှန်အတိုင်းပြောရလျှင် ဝမ်ဝေ့သည် ထိုစွမ်းရည်ကို အသုံးဝင်လိမ့်မည်ဟု မထင်ပေ။ တိထျန်းက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံသည့်အတွက် သူသည်လည်း ထိုစွမ်းရည်ကို သဘောပေါက်ပြီးသား ဖြစ်လိမ့်မည်။

ထိုကျမ်းက ကျင့်ကြံသူတစ်ယောက်၏ ပါရမီနှင့် လေ့ကျင့်နိုင်စွမ်းအပေါ် မူတည်၍ စွမ်းရည်အမျိုးမျိုးကို ချီးမြှင့်ထားသော်လည်း စွမ်းရည်အများစုက ပုံမှန်သာဖြစ်ပြီး ယခင် ဤကျမ်းကို ကျင့်ကြံထားသူများမှ မှတ်တမ်းတင်ထားသည်များ ရှိလေသည်။

ထိုအရာထဲတွင် အရိုးအစားထိုး စွမ်းရည်နှင့် အတွင်းအင်္ဂါငါးခုမှ ဓာတ်ငါးပါး ထိန်းချုပ်နိုင်စွမ်းလည်း အပါအဝင် ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က တိထျန်းသည် ထိုစွမ်းရည်ကို ဖြေရှင်းဖို့ ပြင်ဆင်ထားလိမ့်မည်မှန်း ခန့်မှန်းမိလိုက်သည်။

နောက်ဆုံးတွင် သူ့တာအိုသက်သေပြ ပစ္စည်း ဖြစ်၏။ ထိုအရာက အဆိုးနှင့် အကောင်း ကံကြမ္မာကြိုးမျှင်များဖြင့် ပြုလုပ်ထားပြီး ကံတိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်း ရှိလေသည်။ သို့သော်လည်း ထိုအသုံးအဆောင်ပစ္စည်းက တိထျန်းကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားပြီး ကြိုးမျှင်တစ်ခုသာ ကျန်ရှိတော့သည်။

ထိုအရာကို ပြန်လည်မပြုပြင်နိုင်ခင် အရင်းအမြစ်များစွာနှင့် အချိန်တချို့ လိုအပ်လိမ့်မည်။

သူက အတွေးနက်နေစဉ် သူ့ဆီ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားမိလာ၏။ သူက ခေါင်းမော့ကာ ကြည့်လိုက်သည့်အချိန် သူ့အဖေနှင့်အဘိုး ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ ဤကမ္ဘာက ပျက်သုဉ်းသွားပြီ ဖြစ်၍ သလင်းကျောက်အလွှာကလည်း ဖြည်းဖြည်းချင်းစီ လွင့်ပြယ်သွားသည်။

“ ဝေ့အာ အဆင်ပြေရဲ့လား” ဝမ်ထျန်းက သူ့ထက်ပင် အသက်ကြီးဟန်ပေါ်နေသည့် သူ့သားအား ကြည့်လိုက်သည်။

“ ကျွန်တော် အဆင်ပြေပါတယ်။ အမေရော ဘယ်မှာလဲ”

“ ငါ သူမကို ဂိုဏ်းဆီ ပြန်ပို့လိုက်ပြီ”

“ ကောင်းတယ်။ ကျွန်တော်ကို ဒီလိုအခြေအနေမျိုးနဲ့ မမြင်ရတာ အကောင်းဆုံးပဲ”

ထိုစဉ် ဝမ်ချန်က သူ့မြေးနှင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ ကြည့်ရတာ မင်း ဒီတစ်ခေါက် အတော်ဖျက်ဆီးထားခဲ့တာပဲ”

ဝမ်ထျန်းက ထိုအရာကို ကြားပြီးသည့်နောက်တွင် နှုတ်ခမ်းများ တွန့်ချိုးသွားလေသည်။ ထိုလူအိုကြီးက ပြောသင့် မပြောသင့် အချိန်ကို ကြည့်သင့်ပေသည်။

ဝမ်ဝေ့အတွက်မူ သူကပြန်မပြောခင် အနည်းငယ် ရယ်မောလိုက်သည်။

“ အဘိုးပြောတာ မှန်တယ်”

သူ့မြေးသည် ထိုတိုက်ပွဲ၏ သက်ရောက်မှုကို မခံရကြောင်း တွေးပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။ ကျရှုံးမှုတစ်ခုက ကောင်းကင်ရွေးချယ်ခံများအတွက် ဘာမှမဟုတ်ပေ။ သူတို့အတွက် လက်မခံနိုင်ဖွယ် တစ်ခုတည်းသော ကျရှုံးမှုက နောက်ဆုံးတိုက်ပွဲသာ ဖြစ်၏။

“ အဲဒါဆိုတော့ ဘယ်လိုနေသေးလဲ” သူက မေးလိုက်သည်။

“ စိတ်လှုပ်ရှားဖို့ ကောင်းတယ်” ဝမ်ဝေ့က အကြည့်များတောက်ပစွာဖြင့် ရေရွတ်လိုက်သည် “ ဒီမတိုင်ခင်တုန်းက ပလ္လင်က ကျွန်တော်အတွက် ဖြစ်မယ်လို့ ၉၀ ရာခိုင်နှုန်းလောက် သေချာနေတာ။ ကျွန်တော် ဆယ်ရာခိုင်နှုန်း ချန်ထားခဲ့တာက တိထျန်းနဲ့ တခြားလူတွေ ယူလာတဲ့ အပြောင်းအလဲအတွက် ချန်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ငါးရာခိုင်နှုန်းထက် နည်းသွားပြီ”

“ အဲဒါဆို အဲဒါက ကိစ္စကောင်းလား” ဝမ်ထျန်းက မေးလိုက်သည်။

“ စစ်မှန်တဲ့ ပြိုင်ဘက်ကို အနိုင်ယူတာကသာ ထူးဆန်းမှုတွေကို ဖိနှိပ်ပြီး ပလ္လင်နဲ့ ထိုက်တန်တဲ့သူ ဖြစ်လာမှာလေ”

ဝမ်ဝေ့အတွက်မူ မဟာဧကရာဇ်ဖြစ်လာခြင်းက သူ့ ကျင့်ကြံရေးလမ်းစဉ်၏ အဆင့်များထဲတွင် တစ်ခုမှအပ ဘာမှမဟုတ်ပေ။ ထိုအရာက အလွန်အရေးကြီးသော်လည်း သူ့အတွက် ဖြစ်စဉ်က ပို၍ စိန်ခေါ်မှုအားကောင်းလေလေ သူ့အနာဂတ် ကျင့်ကြံရေးအတွက် ဖန်တီးနိုင်သည့် အခြေခံအုတ်မြစ်ကလည်း ပိုမိုကောင်းမွန်လေလေ ဖြစ်၏။

တိထျန်းလိုမျိုး မကောင်းဆိုးဝါးနှင့် ရင်ဆိုင်တိုက်ခိုက်ရသည်ထက် ပိုကောင်းသည့် အရာမရှိပေ။ သူက မြင့်မားကာ ထီးထီးချည်း ရှိနေသည့် တောင်ကို လွှမ်းမိုးဖို့အကြောင်း စဉ်းစားလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ တိုက်ခိုက်လိုသည့် အငွေ့အသက် ထွက်ပေါ်လာသည်။

သူ့အတွက် ကံဆိုးသည်က  အကောင်းဆုံးအခြေအနေတွင် ရှိမနေသောကြောင့် နှုတ်ခမ်းမှ သွေးများ စီးကျလာသည်။

ဝမ်ထျန်းနှင့် ဝမ်ချန်တို့က ချက်ချင်းဆိုသလို သူတို့၏ မူလအဆီအနှစ်များအား သူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းကာ ကုသပေးလိုက်ကြသည်။ သူတို့က သူ့ အစစ်အမှန် အခြေအနေကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားကြသည်။

သူ့ အံ့ဖွယ်ပင်လယ်နှင့် အံ့ဖွယ်ပလ္လင်တို့က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်နှင့်အတူ ပြိုကွဲလုနီးပါး ဖြစ်နေသည်။ အထူးသဖြင့် သူ့တာအို အုတ်မြစ်သည်လည်း ပြိုလဲနေလေပြီ။

“ မင်းက ဒီလိုမျိုးအခြေအနေနဲ့ တက်ကြွနေသေးတာ ကောင်းတာပဲ။ မဟုတ်ရင် မင်း သေသွားနိုင်တယ်” ဝမ်ထျန်းက သူ့ကိုယ်သူသာ အပြစ်တင်မိသည်။ သူတို့၏ ကာကွယ်ရေးကို ဖြတ်သန်းလာနိုင်သည့် အချက်က သူတို့အတွက် အရှက်ရမှုသာ ဖြစ်၏။

“ တိမျိုးနွယ်စုတ် … ငါ ယုယန်ရဲ့ စကားကို နားထောင်ပြီးတော့ သူတို့ကို လက်စားချေခဲ့ရမှာ”

“ ကျွန်တော်က တိုက်ပွဲတစ်ခုရှုံးလို့ အဖေက လက်စားချေပေးတယ်ဆိုတာ တကယ် အရှက်ရဖို့ ကောင်းတယ်။ ပြီးတော့ အဖေက လူငယ်မျိုးဆက်နဲ့ တိုက်ခိုက်ဖို့ ဘယ်လိုလုပ်ဖြစ်မှာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။

သူက တစ်စုံတစ်ယောက် ရှုံးနိမ့်သွားသည့်အခါ ယခင်မျိုးဆက်က လာရောက်လက်စားချေပေးသည်လောက် စိတ်ပျက်သည့်အရာ မရှိပေ။

“ ငါ တိထျန်းနဲ့ ရင်မဆိုင်ပါဘူး။ သူ့အဖေကို ရိုက်မှာပေါ့”

“ ကံဆိုးတာက တိထျန်းက ကျွန်တော်တို့ သုံးယောက်ပေါင်းရင်တောင် အသာလေး နိုင်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်

“ သူက အဲလောက်တောင် အားကောင်းတာလား” ဝမ်ချန်က အနည်းငယ် အံ့အားသင့်မိသွားသည်။ ထို့နောက် ဝမ်ဝေ့က သူတို့အား အံ့ဖွယ်အသိစိတ်မှ နောက်ဆုံးတွေ့ဆုံမှုအကြောင်း ပို့လွှတ်လိုက်သည်။

“ မင်းအခြေအနေက ဒီမျိုးဆက်ရဲ့ တိုက်ပွဲက တကယ်ကို ထူးခြားမယ်ဆိုတာကို သဘောပေါက်သွားစေတယ်။ တကယ်လို့ မင်းဆီသာ တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် မင်းအမေက ငါ့ကို ခွင့်လွှတ်ပေးပါ့မလားတောင် မသိဘူး”

“ ကျွန်တော် အဆင်ပြေလာမှာပါ”

“ မင်း လက်ရှိအခြေအနေနဲ့ ဘယ်လိုပြောရတာလဲ”

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် လီကျွင်းနှင့် ယန်းလီလင်းအား ကြည့်လိုက်သည်။

“ အစ်ကိုကြီး အဆင်ပြေရဲ့လား” လီကျွင်းက သူ့အား ပြေးဖက်ချင်သော်လည်း ဒဏ်ရာပေးမိမည်ကို စိုးရိမ်မိလေသည်။ ထို့ကြောင့် သူက လက်မြှောက်ထားပြီးနောက် အသာပြန်ချလိုက်သည်။ သို့သော်လည်း ယန်းလီလင်းကမူ ထိုသို့ မတွေးတော့ဘဲ ပြေးဖက်လေသည်။

အကယ်၍ သူမ အစ်ကိုကြီးကသာ သူမတို့အား သလင်းကျောက်အလွှာအပြင်ဘက်သို့ မပို့ဆောင်ပါက သူတို့သည်လည်း ရာနှုန်းပြည့် သေဆုံးသွားနိုင်ချေရှိကြောင်း သိထားလေသည်။

“ စိုးရိမ်မနေနဲ့” ဝမ်ဝေ့က ပြောလိုက်သည် “ အမှန်အတိုင်းပြောရရင် ငါက ဘယ်တုန်းကမှ အန္တရာယ်ကြား မကျရောက်ခဲ့ဖူးဘူး။”

ထိုသို့ပြောပြီးသည့်နောက်တွင် သူက လီကျွင်း၏ ဦးခေါင်းမှ လေးထောင့်အဖြူတုံး အသေးလေးအား ထုတ်ယူလိုက်သည်။

“ အဲဒါက ဘာလဲ”

“ ငါ့ရဲ့  စိတ်ဝိညာဉ်အမှုန် တစ်ခုပေါ့။ ငါ မင်းတို့ကို သလင်းကျောက်အလွှာ အပြင်ဘက်ကို ထုတ်လိုက်တုန်းက  မင်းတို့ဆီမှာ တစ်ခု ကပ်ပေးလိုက်တယ်။ တကယ်လို့ ငါ အသတ်ခံရမယ်ဆိုရင်တောင် ဂိုဏ်းက အဲဒါကို အသုံးပြုပြီးတော့ ပြန်လည်ရှင်သန်အောင် လုပ်လို့ရတယ်”

ထိုအရာကို ကြားပြီးသည့်နောက်တွင် လူများစွာက ရှင်းလင်းသွားလေသည်။ နမူနာအနေနှင့် ပြောရလျှင် ဝူဟုန်၏ ကိုယ်ပွားက သူသည် အဆင်ပြေနေကြောင်း အဘယ်ကြောင့် ပြောခဲ့သည်ကို နားလည်သွားကြလေသည်။

ဝမ်ဝေ့က ပြန်လည်ရှင်သန်သည်ကို လွယ်လွယ်ကူကူ ပြောနေသော်လည်း ထိုသို့မဟုတ်ပေ။ သူ့စံပြဝိညာဉ် အရည်အသွေးဖြင့် သူ့အား အပြည့်အဝ ရှင်သန်ထမြောက်စေဖို့ အရင်းအမြစ်များစွာ လိုအပ်လိမ့်မည်။ ထိုအရာက နှစ်ထောင်ချီ ကြာမြင့်သွားနိုင်သေးသည်။

ထို့အပြင် သူက ထိုဖြစ်စဉ်အတွင်း မှတ်ဉာဏ်များစွာလည်း ဆုံးရှုံးသွားနိုင်သေး၏။

“ မင်းက ထွက်လမ်း ရှာထားတာ ကောင်းတယ်” ဝမ်ထျန်းက သူ့သား၏ တွေးခေါ်နှုန်းကို အံ့ဩတကြီးဖြစ်ကာ ပြောလိုက်သည်။ ဤသို့သော အခြေအနေမျိုး၌ သေခြင်းရှင်ခြင်း အချိန်အခါမျိုးတွင် အားလုံးက စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ပြီး အကျိုးအကြောင်း သင့်အောင် တွေးခေါ်နိုင်ကြမည် မဟုတ်ပေ။

“ ဂိုဏ်းကို ပြန်ရောက်တာနဲ့ မင်းကို ပြန်ပြုပြင်ပေးမယ်။ ဒါပေမဲ့ မင်းရဲ့ ကံအပြစ်ကြွေးကတော့ တကယ်ကို ခေါင်းကိုက်စရာပဲ”

ဝမ်ထျန်းက ထိုစကားများကို ပြောစဉ် ယန်းချန်က အဖွဲ့အနားတွင် ပေါ်လာကာ ဝမ်ဝေ့အား အိတ်တစ်လုံးပေးလာသည်။

“ ဒါကဘာလဲ”

“ ဒဏ်ရာတွေကို ယာယီကုသပေးဖို့ ဆေးလုံးပါ”

ဝမ်ဝေ့က ဖွင့်ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်အတွက် သွေးစွမ်းအားဆေးလုံးနှင့် အသက်ဓာတ်ဆေးလုံး၊ ဝိညာဉ်အတွက် ကမ္ဘာဦးစိတ်ဝိညာဉ် အားဖြည့်ဆေးလုံးနှင့် အံ့ဖွယ်ပင်လယ် အခြေတည်ဆေးလုံးတို့ ပါဝင်လေသည်။

ထိုဆေးလုံးများ၏ အပူချိန်အပေါ် မူတည်၍ လွန်ခဲ့သည့် မိနစ်ပိုင်းလေးကမှ ဖော်စပ်လာကြောင်း ပြောနိုင်လေသည်။

“ အချိန်ကိုက်ပဲ” ဝမ်ဝေ့က ထိုဆေးလုံးကို တစ်လုံးပြီး တစ်လုံး မျိုချရင်း ပြောလိုက်သည်။

“ သခင်လေး ကျုပ် တောင်းပန်ချင်ပါတယ်” ယန်းချန်က ပြောလိုက်သည်။ တာအိုကာကွယ်သူတစ်ယောက်အနေနှင့် သူ့သခင်ငယ်လေးအား ဤသို့သော အခြေအနေမျိုး ရောက်ရှိအောင် ခွင့်ပြုပေးထားခဲ့မိသည်။ ဤသည်က သူ့တာဝန်ကို လျစ်လျူရှုခြင်း ဖြစ်၏။

“  ခင်ဗျားဘာသာခင်ဗျား အပြစ်တင်နေဖို့ မလိုပါဘူး။ ပြီးတော့ ကျုပ်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်သွားပြီဆိုတော့ ရွယ်တူတွေ လက်ထဲမှာ သေဆုံးရတာက ခင်ဗျားရဲ့တာဝန် မဟုတ်ဘူး”

ထိုအရာက မှန်ကန်သော်လည်း ယန်းချန်က တာဝန်ရှိမှုတချို့ ခံစားမိနေသေးသည်။

ထိုစဉ် ဝမ်ဝေ့က ဆေးလုံးတချို့ သောက်သုံးပြီးသည့်နောက်တွင် အသားအရည်က ယခင်လို ဖြူဖျော့မနေတော့ပေ။ ထို့အပြင် သူက သူ့ အခြေခံအုတ်မြစ် ပြိုလဲခြင်းမှ ကာကွယ်ဖို့ စိတ်ဆန္ဒကို အသက်သွင်းနေစရာ မလိုတော့ပေ။

ထို့နောက် သူက ဖြည်းဖြည်းချင်း လွင့်ပြယ်လာသည့် သလင်းကျောက်အလွှာအား ခေါင်းမော့ကြည့်လိုက်သည်။

“ ဒီနံရံကို ထိန်းသိမ်းနိုင်မဲ့ နည်းလမ်းရှိလားဆိုတာကို သွားကြည့်လိုက်ဦး။ ဒါက နောင်အနာဂတ်မှာ ဧကရာဇ်အသုံးအဆောင် ပစ္စည်းလုပ်ဖို့ ပစ္စည်းကောင်းပဲ”

ဝမ်ထျန်းက ဆက်သွယ်ရေးအဆောင် တချို့ထုတ်ကာ ဧကရာဇ်အသုံးအဆောင်ပစ္စည်းရှိသည့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများအား စမ်းသပ်ကြည့်ဖို့ ဆက်သွယ်လိုက်သည်။ ထိုသို့မဟုတ်ခဲ့လျှင်ပင် သူက ထိုအလွှာအား ယူဆောင်ဖို့အတွက် လူတချို့ကို ဆက်သွယ်ထားပြီးသား ဖြစ်၏။

ပြောရလျှင် ဧကရာဇ်ပစ္စည်းများက ရှားပါးသည့်အရာများ မဟုတ်ပါလော။

All Chapters