ကံနှင့် ကံကြမ္မာ
Vol. 29 Ch. 401
အခန်း (၄၀၁) : ကံနှင့် ကံကြမ္မာ
ဝမ်ဝေ့က သူ့ဒဏ်ရာကို ထိန်းပြီးသည့်နောက်တွင် အခြေအနေအား ကြည့်လိုက်သည်။ တစ်ခါက အသက်ဓာတ်ပြည့်ဝနေခဲ့ဖူးသည့် ကမ္ဘာကြီးအား ကြည့်နေရင်း ကြိုတင်ထင်မှတ်မထားမှုများကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတင် ဒီကမ္ဘာက အသက်ဓာတ်နဲ့ ပြည့်ဝနေခဲ့တာ။ လူတွေကလည်း ကောင်းကောင်းမွန်မွန် နေထိုင်ကြတယ်။ ဒါပေမဲ့ အခုတော့ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲအကြားမှာ ဘာဆိုဘာမှမကျန်ရှိတော့ဘူး…
ကျင့်ကြံရေးကမ္ဘာက အားနည်းတာက ပြစ်မှုတစ်ခုလိုဆိုတာ သိပေမဲ့ အဲဒါရဲ့ ဆိုလိုရင်းကို အခုမှ တကယ် နားလည်သွားတယ်။ အင်အားမရှိတဲ့ လူတစ်ယောက်က တိုက်ပွဲတစ်ခုရဲ့ နောက်ဆက်တွဲကြောင့် သေဆုံးသွားနိုင်တယ်
ဝမ်ဝေ့က ဖြစ်ပျက်ခဲ့သည့်အရာများအား တွေးတောရင်း အကြည့်များက နက်ရှိုင်းသွားသည်။
ကျင့်ကြံသူတွေက သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်တယ်လို့ ပြောကြပေမဲ့ အဲဒါက အမှန်ရော ဟုတ်ရဲ့လား။ ကိုယ့်ထက် အားကောင်းတဲ့သူနဲ့ တွေ့လိုက်တာနဲ့ ကံဆိုးတဲ့ရက် ဖြစ်သွားပြီးတော့ အဆုံးသတ်ဖြစ်သွားမှာ မဟုတ်ဘူးလား။ အဲဒါဆိုရင် ငါကိုယ်တိုင် အပါအဝင် ဘယ်သူကမှ အဲဒီအချက်ကနေ မလွတ်မြောက်နိုင်ဘူး
သူက ခေါင်းမော့ကာ မှောင်မဲနေသည့် ကောင်းကင်ကြီးအား ကြည့်လိုက်သည်။
အဆုံးမဲ့လေဟာနယ်အတွင်းမှာ လူတွေ၊ ကမ္ဘာတွေ၊ နတ်ဘုရားတွေ၊ နတ်ဆိုးတွေ၊ ဗုဒ္ဓတွေ အများကြီးရှိပေမဲ့ တစ်ရက်တော့ သေရမှာပဲ။ တချို့လူတွေက သဘာဝစည်းမျဉ်းကြောင့် သေဆုံးကြပြီးတော့ အများစုက လူကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတွေကနေ သေဆုံးကြတယ်။
အဲဒါဆိုတော့ သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူးလား။ မဟာဧကရာဇ်ဖြစ်လာတာက သူတို့ရဲ့ ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်နိုင်တယ်လို့ ယုံကြည်ရလို့လား။ ဒါပေမဲ့ မဟာဧကရာဇ်တွေက ကျင့်ကြံရေးရဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတာကို သိနေတယ်…
အဲဒါကြောင့် တခြားတစ်နေရာမှာ သူတို့က ပိုကြီးတဲ့ ပုရွက်ဆိတ်တွေလောက်ပဲ ရှိမယ်…
သူက ထိုအတွေးများ တွေးနေစဉ် အာရုံစိုက်ကာ မျက်မှောင်ကြုတ်ထားလိုက်သည်။
ငါ့ရဲ့ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းမဲ့ လမ်းစဉ်က ကံကြမ္မာကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အင်အား မရှိဘဲနဲ့ အဲလိုမလုပ်နိုင်ဘူး။ ပြောရရင် ငါက တခြားနည်းလမ်းနဲ့ တွေ့သင့်တယ်။
သေမျိုးတွေက အလွန်တိုတောင်းတဲ့ သက်တမ်းရှိကြတယ်။ အဲဒါအပြင် သူတို့ရဲ့ဘဝက မသေချာမှုတွေ၊ မသိမှုတွေနဲ့ ပြည့်နှက်နေတယ်။ အဲဒီအချိန် သူတို့က တခြားတစ်ယောက်ကြောင့် သေဆုံးသွားတာ ဖြစ်နိုင်သလို မမြင်နိုင်တဲ့ အဖြစ်အပျက်ကြောင့်လည်း သေဆုံးသွားနိုင်တယ်။ အဲဒါက သူတို့ရဲ့ ကံကြမ္မာပဲ…
ဒါပေမဲ့ သူတို့အများစုက သူတို့ဘဝကို နောင်တမရှိဘဲ အပြည့်အဝ နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ကြတယ်။ သူတို့က ဘာမှမထိန်းချုပ်နိုင်မှန်း သိထားတာတောင် အဲဒီအချက်ကို လက်ခံပြီးတော့ သူတို့ရဲ့ အခြေအနေမှာ အကောင်းဆုံး လုပ်ဖို့ ဆုံးဖြတ်ကြတယ်။
ကံကြမ္မာဆီ ဦးညွှတ်ပြီးတော့ သူတို့ရဲ့ ကန့်သတ်ချက်ကို လက်ခံလိုက်ပြီး တိုတောင်းတဲ့ ပျော်ရွှင်မှုကို ပျော်ပျော်ရွှင်ရွှင် နေထိုင်တာက သူတို့က လွတ်မြောက်မှုကို ရရှိတာပဲ။ အဲဒါက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းမဲ့ ပုံစံတစ်မျိုးပဲ…
ဝမ်ဝေ့က ထိုအတွေးများသည် ဖြစ်နိုင်ချေရှိသည်ကို တွေးမိရင်း မျက်မှောင်ကြုတ်မိသွားသည်။ ထို့နောက် သူက ခေါင်းအသာယမ်းလိုက်၏။
ငါက ကံကြမ္မာဆီ ဦးညွှတ်ဖို့ ငြင်းဆန်တယ်။ ငါ ဘာမှမလုပ်နိုင်ခင် ငါ့ဘဝနဲ့ ငါ ချစ်မြတ်နိုးရတဲ့သူတွေအသက်ကို အလွယ်တကူ ယူဆောင်သွားနိုင်တယ် …
ငါက အရာအားလုံး ထိန်းချုပ်နိုင်ရမယ်။ မဟုတ်သေးဘူး။ ငါက အဲဒီစွမ်းရည် ရှိရမယ်။
ငါ အလိုရှိရင် အရာအားလုံးကို ထိန်းချုပ်နိုင်မဲ့ ရွေးချယ်မှုတစ်ခု…
ဝမ်ဝေ့က ပျက်စီးနေသည့် ကမ္ဘာကို ကြည့်နေရင်း အကြည့်များက လင်းလက်တောက်ပလာသည်။
ကံက ဘယ်လိုစတင်လာတာလဲဆိုတာကို သိထားတယ်။ ဒါက ကံကြမ္မာရဲ့ အားအကောင်းဆုံး လက်နက်ထဲက တစ်ခုပဲ။ အဲဒါနဲ့ဆိုရင် ကံက တည်ရှိမှုထဲက အရာအားလုံးကို တစ်ခုနဲ့တစ်ခု ဆက်နွယ်ပေးနိုင်တယ်…
ကမ္ဘာရဲ့ တစ်ဖက်ခြမ်းက ဖုန်မှုန့်လေးဖြစ်နေပါစေ ဒါမှမဟုတ် အလင်းနှစ်သန်းပေါင်းများစွာက ကမ္ဘာတစ်ခုလုံးဖြစ်နေပါစေ သူတို့ကို ကံနဲ့ ဆက်နွယ်လို့ရတယ်။
ဝမ်ဝေ့၏ အကြည့်များက ပိုမိုတောက်ပလာသည်။ ထိုစဉ် တခြားလူများက သူသည် ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားကြောင်း ပြောနိုင်ကြ၏။
ထို့ကြောင့် ဝမ်ထျန်းက ဉာဏ်အလင်းပွင့် အဖန်ရည်ကို ထုတ်ကာ စိတ်ဝိညာဉ်ရေဖြင့် မြန်မြန်ကျိုချက်လိုက်သည်။
ထို့နောက်တွင် သူက လက်တစ်ချက် ဝှေ့လိုက်ပြီး အဖန်ရည်အား ဝမ်ဝေ့၏ ခန္ဓာကိုယ်ဆီ ပို့ဆောင်ပေးလိုက်သည်။ တစ်ချိန်တည်းဆိုသလို ဝမ်ဝေ့၏ သိုလှောင်လက်စွပ်မှ ခရမ်းရောင်သတ္တုလုံး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ ထိုအရာက ပင်ကိုဆေးလုံးနည်းစနစ်ကို ဖန်တီးသည့်အတွက် ရရှိထားသည့် ကုသိုလ် ဖြစ်ပေသည်။
ဒီကမ္ဘာက ငါ့ကြောင့် ပျက်စီးသွားပေမဲ့ ကိစ္စတွေက အဲလောက် ရိုးရှင်းမနေဘူး။ တကယ်လို့ ငါ့ဆီမှာသာ စံပြအရည်အသွေး ဝိညာဉ် မရှိခဲ့ဘူးဆိုရင် ဒီကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ ဒီနည်းလမ်းကို အသုံးပြုစရာလိုမှာ မဟုတ်ဘူး။ ငါက ဒီဝိညာဉ်ကို ဘယ်လိုရထားတာလဲ။ အဲဒါက ကမ္ဘာမြေက ငါ့ရဲ့ သေဆုံးမှုအပြီးမှာ ဖြစ်လာတာပဲ…
ပြီးတော့ ငါ ဒီဟာကို ရှာတွေ့ခဲ့တဲ့ အကြောင်းအရင်းက ဂမ္ဘီရအစွမ်းကို သုံးဖို့ ပါကွားလိပ်ခွံကို သုံးခဲ့လို့ပဲ။
တကယ်လို့ ငါသာ တခြားနည်းလမ်းတစ်ခု အသုံးပြုခဲ့မယ်ဆိုရင် တခြားကမ္ဘာဖြစ်နိုင်ပြီးတော့ ဒီကမ္ဘာက ကံကြမ္မာကနေ လွတ်မြောက်သွားနိုင်တယ်။ အဲဒီနောက်မှာ တိထျန်းရဲ့ ပါဝင်လာမှုလည်း ရှိသေးတယ်။
သူက ဒီလိုမျိုး လုပ်တဲ့ အကြောင်းအရင်းက ရှင်းပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘဝရဲ့ အဖြစ်အပျက်တွေနဲ့ ဆုံးဖြတ်ချက်တွေက ဒီကပ်ဘေးကို ဖြစ်တည်လာခဲ့တယ်ဆိုတာတော့ မမှားဘူး။ အဆုံးသတ်မှာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ဒီကမ္ဘာရဲ့ ပျက်စီးခြင်းကို ဖြစ်စေခဲ့တာပဲ။ ဒါက ကံစွမ်းအားလား။ ဒါက အရာအားလုံးကို ကံကြမ္မာ ဆုံးဖြတ်ပေးနေတယ်ဆိုတဲ့ ပုံစံလား…
ဝမ်ဝေ့က ကိစ္စများသည် ထင်ထားသည်ထက် ပို၍ နက်ရှိုင်းကြောင်း သိလိုက်သည်။ တိထျန်း အောင်မြင်သွားသည့် အကြောင်းအရင်းတစ်ချက်မှာ သူနှင့် သူ့ဂိုဏ်းက သလင်းကျောက်အလွှာကြောင့် ပိုင်းခြားထားသလို ဖြစ်နေ၍ ဖြစ်သည်။ ထိုအရာ မပါရှိလျှင် တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် သူ့အား လာရောက်ကယ်ဆယ်ဖို့ ပိုလွယ်ကူလိမ့်မည် ဖြစ်၏။
သလင်းကျောက်အလွှာကို ဒဏ်ရာရ မဟာဧကရာဇ်တစ်ပါးက ဖန်တီးထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည်လည်း ထိုကံစွမ်းအားအောက် ကျရောက်သွားခြင်း ဖြစ်လိမ့်မည်။
“ တကယ်တော့ နေရာတိုင်းမှာ ရှိနေတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုသို့ ပြောပြီးပြီးချင်းနောက် သူသည် ကမ္ဘာသည် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ သူ့ ခေါင်းအထက်မှ ကံကြမ္မာကြိုးမျှင်သည် တခြားသောလူများ သို့မဟုတ် အရာများနှင့် ဆက်နွယ်သွားပုံပေါ်သည့် အဝါရောင်ကြိုးမျှင်များစွာအဖြစ် ကွဲထွက်သွားသည်။ သူတို့က ကံကြိုးမျှင်များ ဖြစ်သည်။
အဓိက ကြိုးမျှင်များက သူ့အဖေနှင့် အဘိုးကို ဆက်နွယ်နေသည်။ ဤသည်က သူ့ကို မွေးဖွားပေးခဲ့ပြီး ဂရုစိုက်ပေးခဲ့သည့် ကံဆက်နွယ်မှု ဖြစ်သည်။ တခြားသော ကြိုးမျှင်များကမူ ဂိုဏ်းမှ တခြားလူများနှင့် ဆက်နွယ်နေ၏။
ဝမ်ဝေ့က ထိုကြိုးမျှင်များသည် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ဝမ်ဝေ့က သေချာလေ့လာပြီးသည့်နောက်တွင် ဤသည်က တာအိုအခွင့်အလမ်းဂိုဏ်း၏ အမွေခံသားတော်အနေနှင့် ဂိုဏ်းက သူ့အား ပြုစုပျိုးထောင်ဖို့အတွက် အသုံးပြုခဲ့သည့် အရင်းအမြစ်များကြောင့် ပြန်လည်ပေးဆပ်ရမည့် ကံကြွေးဖြစ်ကြောင်း သိလိုက်သည်။
ထို့နောက် ဝမ်ဝေ့က တခြားသော ကြိုးမျှင်များကို လေ့လာကြည့်လိုက်သည်။ သူက ထိုအရာများမှ ကောက်ချက်ချနိုင်ခဲ့၏။ တစ်ခုက လျှို့ဝှက်ကောင်းကင်မျှော်နန်းနှင့် ဆက်နွယ်နေသည်။ ဤသည်က သူတို့ဆီမှ ငှားယူထားသည့် ပါကွားလိပ်ခွံကြောင့် ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ထိုကြိုးမျှင်သည် လတ်တလောလေးမှ လျှော့ချသွားသည်ကို ခံစားမိသည်။ ဆိုလိုသည်မှာ သူ ပြန်လည်ပေးဆပ်ရမည့် ကံကြွေးက လျော့ကျသွားလေပြီ။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် တိထျန်းက သူ့နေရာအား သိလာသည့်အကြောင်းအရင်းမှာ သူတို့ ထုတ်ဖော်လိုက်၍ ဖြစ်ကြောင်း သိလိုက်သည်။
ဝမ်ဝေ့က သူသည် လိပ်ခွံ သို့မဟုတ် တူညီသည့်အရာနှင့် ပြန်လည်ပေးဆပ်လိုက်သည်နှင့် လျှို့ဝှက်ကောင်းကင်မျှော်နန်းနှင့် အကြွေးကျေသွားကြောင်း သိ၍ နှာခေါင်းရှုံ့လိုက်သည်။
သူနှင့် ဆက်နွယ်နေသည့် နောက်ထပ် ကြိုးမျှင်တစ်ခုက တိထျန်း၏ ဇနီးနှင့် ဖြစ်ပြီး သူ့အား ပင်ကိုပစ္စည်းပေးလိုက်၍ ဖြစ်သည်။ ကျန်တစ်ခုမှာ မူလဆေးလုံးတာအိုဂိုဏ်းနှင့် ဆက်နွယ်နေ၏။ သူက သူ မြင်လိုက်ရသည့်အရာကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။
သူက ကံကြွေးအမြောက်အများ တင်ရှိထားသည်ဟု ထင်ထားသော်လည်း မမှန်ပေ။ သူ့အနေနှင့် သူက ဧကရာဇ်ကျမ်းနှစ်ခုကို ခိုးယူဖို့အတွက် များစွာ ပြန်လည်ပေးဆပ်ခဲ့သည်။
နမူနာအနေဖြင့် သူက လော့ချန်အတွက် အကျိုးပြုစေသည့် ကိစ္စများ၊ ယဲ့လောင်အတွက် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးဝါးပညာရှင် ဖြစ်လာစေဖို့ ထောက်ပံ့ပေးခြင်းနှင့် ပို၍ အရေးကြီးသည်က ဂိုဏ်းအား အတုအယောင် ပင်ကိုဆေးလုံးဖော်စပ်မည့် နည်းလမ်းကို ပေးအပ်ခဲ့ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သူက သူတို့အပေါ် အကြွေးတင်ထားသော်လည်း သူ ထင်ထားသလောက် မများပေ။
ထို့နောက် ထူးထူးခြားခြား ကြိုးမျှင်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားလေသည်။ ထိုအရာကို လေ့လာကြည့်ပြီးသည့်နောက်တွင် ယခင်ဘဝမှ ကမ္ဘာမြေနှင့် ဆက်နွယ်နေကြောင်း သိရှိသွားသည်။ ထိုအရာက ကမ္ဘာမြေသည် ကမ္ဘာများစွာထဲမှ တစ်ခုဖြစ်သည်ကို ပြသနေသည့်အတွက် အနည်းငယ် အံ့အားသင့်မိသွားသည်။
သို့သော်လည်း ဝမ်ဝေ့က ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သည့်အတွက် သိပ်ဂရုမစိုက်ပေ။ သူ့ အကြံအစည်တစ်ခုက သူ ပိုမိုအားကောင်းလာသည့်အခါ သူ့မိဘများကို တစ်ဖန်သွားကြည့်ဖို့ စီစဉ်ထားသည်။
သူတို့က သူ့ မွေးစားမိဘများဖြစ်ကာ နောက်ပိုင်းတွင် ပိုက်ဆံကိစ္စကြောင့် မိသားစုက အရှုပ်အထွေးအနည်းငယ် ရှိခဲ့သော်လည်း သူက သူတို့ကို နောက်ဆုံးအနေနှင့် တစ်ကြိမ်တစ်ခါ တွေ့လိုပြီး နောင်တတချို့အား ဖယ်ရှားလိုလေသည်။
ဝမ်ဝေ့၏ အမြင်က ထပ်မံပြောင်းလဲသွားသည်။ ဤတစ်ကြိမ် သူ မြင်လိုက်ရသည့် ကြိုးမျှင်များက ရွှေရောင် သို့မဟုတ် အင်မတန် မဲနက်နေသည်။
ရွှေဝါရောင် ကြိုးမျှင်များက သူ့ဘဝတွင် ရရှိထားသော ကောင်းသော ကံကြွေး ဖြစ်၏။ ထိုအရာများထဲတွင် အသင်္ချေအင်ပါယာကမ္ဘာနှင့် ချီကံကောင်းမှု စစ်ဆေးပွဲတွင် ကျင်းပခဲ့သည့် တိုက်ပွဲတိုင်းပြည်ကမ္ဘာတို့တွင် သူ ပြုလုပ်ပေးခဲ့သည့် အပြောင်းအလဲများ ပါဝင်သည်။ ထိုအရာများက နတ်ဆိုးနှင့် လူသားများထံ ဗဟုသုတ ဖြန့်ဝေခြင်းများလည်း ပါဝင်သည်။ ကျင့်ကြံသူများ၏ တစ်ဘဝလုံးစာနှင့် ယှဉ်ကြည့်လိုက်လျှင် ဤသည်က ပညာရှိဟု ခေါ်ဆိုဖို့ရာ လုံလောက်ပေသည်။
သို့သော်လည်း ထိုသို့ဆိုလျှင်ပင် အဝါတောက်တောက် ကြိုးမျှင်များနှင့် မယှဉ်နိုင်သေးပေ။ အကြီးမားဆုံးတစ်ခုက ကောင်းကင်ဘုံဗိမာန်ကမ္ဘာနှင့် ဆက်နွယ်နေလေ၏။ ထိုကြိုးမျှင်မှတဆင့် သူက ဝိညာဉ်များစွာ ငိုကြွေးကာ သူ့အား ကျိန်ဆဲနေသည်ကို မြင်လိုက်ရသည်။ သူတို့က သူတို့၏ နတ်ဘုရားသည် အဘယ်ကြောင့် သူတို့ကို ဖျက်ဆီးခဲ့တာလဲဟု မေးနေကြသည်။
သူတို့၏ ယုံကြည်မှုက မလုံလောက်လို့လား။ သူတို့ တစ်ခုခု မှားယွင်းတာ လုပ်မိလို့လား။ သူတို့လုပ်ခဲ့ရင်တောင် ဒီလိုအပြစ်ဒဏ်က မပြင်းထန်လွန်းဘူးလားဟူ၍ ဖြစ်သည်။
ဝမ်ဝေ့က ထိုအရာကို ကြားပြီးသည့်နောက် သက်ပြင်းချလိုက်သည်။ ထိုကြိုးမျှင်သည် တခြားအရာများထက် ပိုမိုအသက်ဝင်နေကြောင်း ပြောနိုင်လေသည်။ ပြောရလျှင် တိထျန်း၏ အစီအရင်ကြောင့် ကျိန်စာတစ်ခုလို ဖြစ်နေ၏။
ထို့နောက် သူက သက္ကတ္တဘာသာစကားဖြင့် တစ်စုံတစ်ခုကို ရွတ်ဖတ်လိုက်စဉ် သူ့ ချက္ကရ ၇ခုလုံးက ရွှေရောင်လင်းလက်လာပြီး ပျက်စီးနေသည့် ကမ္ဘာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။ ထိုရွှေရောင်အလင်း ပျံ့နှံ့သွားသည့်နေရာတိုင်း လေထုထဲတွင် ကျန်ရှိနေသော အငြိုးတရားများက သန့်စင်သွားသည်။
ထိုဖြစ်စဉ် ပြီးဆုံးသွားသည်နှင့် ဝမ်ဝေ့က သူ့ ဝိညာဉ်ထဲ ဆက်တိုက်ပြောဆိုနေသည့် အသံများက ရပ်တန့်သွားကြောင်း ခံစားမိလိုက်သည်။ သူတို့က ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ သူ့ကို ခေတ္တမျှ အနားပေးလိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့က အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားသည် အသက်ဝင်လာလားဟု ခေါင်းမော့ကြည့်လိုက်သော်လည်း ဘာမှဖြစ်ပျက်မလာပေ။ ထို့ကြောင့် သူက စိတ်သက်သာရာရမိသွားသည်။
ထိုဉာဏ်အလင်းပွင့်မှုဖြင့် သူက ထိုကံအပြစ်ကြွေးကို မည်သို့ဖယ်ရှားရမည်ကို အတွေးတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း သူ့အလိုလိုသိစိတ်က ကိစ္စများသည် အပေါ်ယံ မြင်ရသလောက် မရိုးရှင်းကြောင်း ပြောပြနေလေ၏။