← Chapters

စောင့်ဆိုင်းခြင်း

Vol. 29 Ch. 404

စောင့်ဆိုင်းခြင်း

Vol. 29 Ch. 404

အခန်း (၄၀၄) : စောင့်ဆိုင်းခြင်း

အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း

ဝမ်ထျန်းက သူ့ဇနီးအား စိတ်အေးအောင် ပြောဆိုပြီးသည့်နောက်တွင် သူ့အဖေနှင့် တခြာလူများ စောင့်ဆိုင်းနေသည့် တောင်ဆီ ပျံသန်းသွားလိုက်သည်။ အားလုံးက ဝမ်မျိုးနွယ်မှ ဖြစ်ကြ၏။ သူက ဘာမှမပြောဘဲ ဂိုဏ်းချုပ်အမှတ်အသားကို ထုတ်ကာ အသက်သွင်းလိုက်သည်။ သူ့စိတ်ထဲတွင် သူ ကူးသန်းသွားလာနိုင်သည့် စာရင်း ပေါ်ထွက်လာပြီး သူက လျှို့ဝှက်အသုံးအဆောင်သိုလှောင်ခန်းကို ရွေးချယ်လိုက်သည်။

အဖွဲ့ရှေ့တွင် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ဝင်ပေါက်တစ်ခု ပေါ်ထွက်လာလေသည်။ ထိုစဉ် သူတို့က အားအနည်းဆုံးမှာ ဧကရာဇ်တစ်ပိုင်းအဆင့် ပစ္စည်းဖြစ်သည့် မှော်အသုံးအဆောင်ပစ္စည်းများ ရှိနေသော အခန်းတစ်ခုအတွင်း ရောက်ရှိသွားသည်ကို တွေ့လိုက်ရ၏။

ထိုအသုံးအဆောင်ပစ္စည်းများကို အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်လျှင် အရေအတွက်အားဖြင့် တစ်သိန်းထက် ကျော်ပေသည်။

“ ကျုပ် ကြယ်တာရာ လမ်းခရီးမြေပုံကို လိုတယ်” ဝမ်ထျန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ သူ ထိုစကားများ ပြောလိုက်သည်နှင့် အားကောင်းသည့် အသိစိတ်တစ်ခုက သူ့ခန္ဓာကိုယ်၊ သွေးမျိုးဆက်နှင့် ဝိညာဉ်အထိ စစ်ဆေးသွားသည်။

ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းနေလေ၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဖြစ်စဉ်က အဆုံးသတ်သွားသည်။ ထို့နောက် ကြယ်တာရာကဲ့သို့ လင်းလက်နေသည့် လက်ဝါးအရွယ်မြေပုံတစ်ခုက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။

ဝမ်ထျန်းက ထိုအရာဖြင့် သူ့သားအား ရှာဖွေနိုင်ချေရှိကြောင်း သိ၍ အကြည့်များက တောက်ပသွားသည်။ အကြောင်းအရင်းမှာ ဤသည်က သူတို့၏ တည်ထောင်သူ ဧကရာဇ်ချီယွမ်က တခြားကမ္ဘာအသိုင်းအဝိုင်းများဆီ သွားခဲ့စဉ်က အသုံးပြုခဲ့သည့် ပင်ကိုအသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်၏။

“ တခြားအရာတွေကိုရော ပြင်ဆင်ပြီးပြီလား” ဝမ်ထျန်းက သူ့နောက်မှ လူများကို မေးလိုက်သည်။ လူတစ်ယောက်က ခေါင်းညိတ်လာပြီးနောက် တောက်ပနေသည့် သတ္တုလုံး ငါးခုလုံးကို ထုတ်ပေးလာသည်။

ထိုအရာကို ယူလိုက်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ ဤအရာများက စွမ်းအားအရင်းအမြစ် အဖြစ် အသုံးပြုဖို့ လုံလောက်ပေသည်။ အကြောင်းအရင်းမှာ ထိုသတ္တုလုံး တစ်လုံးချင်းစီမှ အထဲတွင် မူလအရင်းအမြစ် သွေးကြောသာ ရှိထားသည့် မဟာကမ္ဘာ အရွယ်အစားလောက် ရှိသည့် ကမ္ဘာတစ်ခု ဖြစ်၏။

ထိုစွမ်းအားက အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ထောင်ကျော်ကို ပြုစုပျိုးထောင်ပေးဖို့ လုံလောက်ပေသည်။ ဤသည်က လျှော့တွက်ထားခြင်း ဖြစ်၏။

ဝမ်ထျန်းက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့သားကိုရှာဖို့အတွက် ငါးခုကို ထုတ်သုံးခဲ့သည်။

ထိုသတ္တုလုံးများကို အသုံးပြုပြီးသည့်နောက်တွင် ကြယ်တာရာလမ်းခရီးမြေပုံကို အသက်သွင်းလိုက်သည်။ သိပ်မကြာခင် အဖွဲ့က ကြယ်တာရာကြား ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။ ထိုစကြဝဠာတစ်ခုလုံးအတွင်း မြောက်များစွာက တောက်ပနေသော်လည်း တစ်ခုကမူ အတောက်ပဆုံး ဖြစ်နေသည်။

အလယ်ဗဟိုကျနေဟန်ပေါ်သည့် အတောက်ပဆုံးကြယ်ကို ကြည့်ကာ လူတစ်ယောက်က မေးလိုက်၏ “ ဒါက အသင်္ချေအင်ပါယာကမ္ဘာလား”

“ ဟုတ်တယ်” ဝမ်ထျန်းက ပြောလိုက်သည် “ တခြားကြယ်တာရာတွေက ငါတို့ဆီမှာ တည်နေရာရှိထားတဲ့ ကမ္ဘာတွေပဲ။ အချိန်မဖြုန်းဘဲ နေကြစို့”

ထို့နောက် ဝမ်ထျန်း၊ ဝမ်ချန်နှင့် တခြားသောမျိုးနွယ် အထွတ်အထိပ်အကြီးအကဲများက လက်ချောင်းကို ဖောက်ကာ သွေးတစ်စက်စီ ချလိုက်ကြပြီး မန္တန်အရှည်ကို ရွတ်ဆိုလိုက်ကြသည်။

သူတို့ လုပ်ဆောင်ပြီးသည်နှင့် သူတို့၏ သွေးစက်များက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ကြယ်တာရာမြေပုံဆီ ရွေ့လျားသွားသည်။ ထိုအရာက အဝေးသို့ အလျင်အမြန် ပျံသန်းသွားပြီး ကြယ်တာရာများပြိုကွဲကာ အလင်းများ ပြန့်ကျဲနေသည့် နေရာတစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားသည်။

ဤသည်က ယခင် ပျက်စီးသွားသည့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာ၏ တည်နေရာ ဖြစ်၏။ ထိုဦးတည်ချက်က ထိုနေရာတွင် တစ်နာရီကျော်နေပြီးနောက် ထပ်မံ လှုပ်ရှားသွားသည်။ ထိုစဉ် တောက်ပသည့် ကြယ်တာရာ မရှိသည့် နေရာတစ်ခု၏ အကာအရံကို ဖြတ်သန်းနေဟန်ပေါ်၏။

တခြားလူများက သူတို့၏ ထင်မြင်ချက် အတည်ပြုနိုင်လိုက်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့၏ သခင်ငယ်လေးက တခြားကမ္ဘာအသိုက်အဝန်းတစ်ခုသို့ ရောက်ရှိနေလေပြီ။ ဤသည်က သူ့အား ရှာဖွေဖို့ ပိုမိုခက်ခဲသွားစေသည်။

ဤနေရာတွင် ခေတ္တမျှနေပြီးသည့်နောက်တွင် သွေးစက်က နောက်ထပ် အကာအရံတစ်ခုကို ထပ်မံ ကျော်ဖြတ်သွားသည်။ ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ထျန်းက လူတစ်ယောက်အား ပြောလိုက်သည် “ ဝမ်မျိုးနွယ်ရဲ့ ကမ္ဘာကို သွားပြီးတော့ မျိုးနွယ်ဝင်တိုင်းရဲ့ သွေးစက်ကို ယူခဲ့”

ထိုအမိန့်ကို လက်ခံရရှိလိုက်သည့်သူက ဆောင်ရွက်ဖို့ ချက်ချင်းထွက်သွားလေသည်။ ခေါင်းဆောင်က ထိုနည်းလမ်းအား အသုံးချကာ သွေးနောက်ယောင်ခံ မန္တန်၏ အင်အားကို တိုးမြှင့်ချင်မှန်း သိလေသည်။

ထိုစဉ် ဝမ်ထျန်းက သိုလှောင်လက်စွပ်အတွင်းမှ ဖြစ်စဉ်ကို ကူညီပေးနိုင်သည့် သွေးမျိုးဆက် ဆက်စပ်နေသည့် အသုံးအဆောင်ပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။ သူက အချိန်ကြာလေလေ အခြေအနေ ပြောင်းလဲသွားနိုင်ချေ ရှိကြောင်း သိထားလေသည်။

…………………………

ကောင်းကင်နက်နဲကုန်းမြေ၊ နေပေါ်တွင်

ဝမ်ဝေ့က သူ့ကိုယ်သူ ကာကွယ်ဖို့ အစီအရင်ခင်းကျင်းပြီးသည့်နောက်တွင် သူ့အနာဂတ်အတွက် အစီအစဉ်ချမှတ်လိုက်သည်။ သူ့ ပထမဆုံးအဆင့်က သူ့ဒဏ်ရာများအား တည်ငြိမ်စေမည့် ဆေးလုံးတချို့ကို ဖော်စပ်ဖို့ ဖြစ်၏။

ထို့နောက်တွင် သူက အနာဂတ်အတွက် စီစဉ်ရမည်။

သူက လက်ရှိအခြေအနေတွင် အိမ်သို့ မပြန်နိုင်ကြောင်း သိထား၏။ အစည်းအဝေးခန်းမမှ မှတ်ဉာဏ်များမှ သူသည် နောက်ထပ် ကမ္ဘာအသိုက်အဝန်းတစ်ခုသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။

ထို့ကြောင့် သူက အိမ်နှင့် မည်မျှဝေးကွာနေမှန်း မသိရပေ။ သူက အသင်္ချေအင်ပါယာကမ္ဘာ၏ တည်နေရာကို သိလျှင်ပင် ပြန်မသွားနိုင်ပေ။ သူ့စွမ်းရည်ဖြင့် အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကျော်ဖို့ ဧကရာဇ်တစ်ပိုင်းအဆင့် လေဟာနယ်သင်္ဘောကို ဖန်တီးဖို့လည်း မဖြစ်နိုင်ပေ။

သို့သော်လည်း ကမ္ဘာ့အသိုက်အဝန်းတစ်ခုမှ တစ်ခုသို့ သွားလာဖို့ရာ ထူးခြားသည့် အာကာပြင် အသုံးအဆောင်ပစ္စည်း လိုအပ်သည့်အတွက် အသုံးမဝင်ပေ။ သူက ထိုအရာကို မည်သို့ဖန်တီးရမည်မှန်းလည်း သိမထားပေ။

ထို့ကြောင့် သူ့ပြဿနာအတွက် အကောင်းဆုံးအခြေအနေက သူ့ဂိုဏ်းမှ သူ သို့မဟုတ် သူ့ဇနီးကို ရှာတွေ့သည်အထိ စောင့်ဆိုင်းဖို့ဖြစ်၏။ ဝမ်ဝေ့က သူ့ကို ဘယ်တော့မှ ရှာမတွေ့ခြင်း သို့မဟုတ် ကိစ္စများက နှောင့်နှေး၍ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကိုပင် လွဲချော်စေခြင်းအထိ စဉ်းစားထားသည်။

ဤသို့ဆိုလျှင် သူက ဤကမ္ဘာ့အသိုက်အဝန်းရှိ ကောင်းကင်အလိုဆန္ဒကမ္ဘာကို ရှာဖွေဖို့ လေဟာနယ်သင်္ဘောကို တည်ဆောက်ကာ အမှတ်အသားပြားကို ရယူမည့်နည်းလမ်းကို ရှာဖွေရင်း မဟာဧကရာဇ် ဖြစ်လာရမည်။

သူက တခြားသော ကမ္ဘာ့အသိုက်အဝန်းမှ လူများအတွက် တခြားကောင်းကင်အလိုဆန္ဒကို ရယူလိုလျှင် အကျိုးဆက်ရှိထားမည်မှန်း ခန့်မှန်းမိသော်လည်း သူ့အနေနှင့် စွန့်စားနိုင်လေသည်။ ထို့အပြင် သူ့ခန့်မှန်းချက်က မှားယွင်းနိုင်လေ၏။

သူက ကောင်းကင်အလိုဆန္ဒကမ္ဘာအား မည်သို့ရှာဖွေရမည်ကို အစီအစဉ် ချမှတ်ပြီးသွားလေပြီ။ ကံကို အသုံးပြုဖို့ ဖြစ်၏။

သူ သင်ယူထားသလောက် ကောင်းကင်နက်နဲကုန်းမြေ၏ ကျင့်ကြံရေးစနစ်သည် ထိုကမ္ဘာ့အသိုက်အဝန်း၏ ကောင်းကင်အလိုဆန္ဒကမ္ဘာမှ ဆင်းသက်လာခြင်း ဖြစ်၍ ဤအဖွဲ့အစည်း၏ ဧကရာဇ်များက ကံကောင်းမှုကို ရရှိဖို့ သူတို့၏ နည်းစနစ်များကို ကမ္ဘာ့အသိုက်အဝန်းအနှံ့သို့ ဖြန့်ဝေထားသည်။

ဝမ်ဝေ့ လုပ်ဖို့လိုအပ်သည်က ဤကမ္ဘာနှင့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို ဆက်နွယ်ထားသည့် ကံကြိုးမျှင်ကို ရှာဖွေဖို့ ဖြစ်၏။ ထိုအရာက အချိန်အနည်းငယ် ကြာမြင့်ကာ သူ့အနေနှင့် ကံအပေါ် နားလည်နိုင်စွမ်း နက်နဲဖို့ လိုအပ်သော်လည်း ကောင်းသောအစပျိုးမှု ဖြစ်၏။

ထိုအရာကို တွေးမိကာ ဝမ်ဝေ့က ဤကမ္ဘာ၏ နက်နဲကျင့်ကြံရေး နည်းစနစ်ကို အာရုံစိုက်ထားလိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူက အနည်းငယ် စိတ်ပျက်သွားမိ၏။

ဤနည်းစနစ်က ဝူဟုန် ပြောပြခဲ့ဖူးသည့် စွမ်းအားကို စုပ်ယူခြင်း ဖြစ်၏။ ဤကမ္ဘာ၏ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ နက်နဲစွမ်းအင်ကို ကျင့်ကြံသည်ဟု ခေါ်ဆိုကြသည်။

အဆင့်တစ်မှ အဆင့်ကိုးအထိ အဆင့်တစ်ခုချင်းစီတွင် သူတို့က စွမ်းအင်ကို ပိုမိုအားကောင်းလာအောင် ပြုပြင်ရသည်။ နောက်ပိုင်းကျင့်ကြံဆင့်များတွင် သူတို့က စည်းမျဉ်းသို့မဟုတ် တူညီသည့် အရာကို မကျင့်ကြံကြပေ။

သူတို့၏ နည်းစနစ်တွင် အဆင့်၈ (သူတော်စင်အဆင့်) မတိုင်ခင် ဝိညာဉ်စွမ်းအားကို မကျင့်ကြံနိုင်ကြးပေ။ အဆင့် ၉ မှသာ သူတို့က ဝိညာဉ်ကို ထိန်းချုပ်မှု ရရှိလာခြင်းဖြစ်၏။

“ ကောင်းပြီ။ အနည်းဆုံးတော့ သူတို့က အထွတ်အထိပ်ရောက်အောင် စွမ်းအင်ထိန်းချုပ်မှုကို ဖန်တီးထားတာပဲ။ ငါက ဒီအရာကနေ သင်ယူနိုင်ပြီးတော့ မူလအဆီအနှစ် အသုံးပြုမှုနဲ့ နားလည်နိုင်စွမ်းမှာ အသုံးပြုနိုင်တယ်”

ထိုစကားများက သူ့အား အနည်းငယ် စိတ်သက်သာရာရသွားစေသော်လည်း ဝမ်ဝေ့ကမူ သူ့စိတ်ပျက်မှုအား လုံးဝ မဖြေဆည်နိုင်ပေ။ သို့သော်လည်း ထိုကမ္ဘာက သူ သိထားသည်ထက် ပို နက်နဲမည်ကို သိနေ၏။

နမူနာအားဖြင့် ဆိုရလျှင် သူ့ကမ္ဘာရှိ ရှားပါးအရင်းအမြစ်များက ဤကမ္ဘာတွင် ပုံမှန်တွေ့နေကြ ဖြစ်နေနိုင်သည်။ ထို့အပြင် သူတစ်ခါမှ မမြင်တွေ့ဖူးသည့် ဆေးပင်များ၊ သတ္တုများ သို့မဟုတ် ဆေးလုံးများပင် ရှိနေနိုင်သည်။

ဝမ်ဝေ့က ကုန်းမြေအား ကြည့်လိုက်၏။ သူ့အကြည့်က အားကောင်းသည့် အစီအရင် ရှိသည့်နေရာများမှလွဲ၍ အရာအားလုံးကို မြင်တွေ့နိုင်လေသည်။

“ ငါ ဒီကမ္ဘာကို ဝင်စွက်ဖက်သင့်လား”

သူက သူကိုယ်တိုင် မလုပ်နိုင်သော်လည်း နောက်ကွယ်မှ လုပ်ဆောင်နိုင်လေသည်။ သို့သော်လည်း သူ့အတွက် တစ်ခုခု အကျိုးအမြတ် ရရှိရမည်။ ထို့ကြောင့် သူ့စိတ်က အလျင်အမြန် တွက်ချက်လိုက်သည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့အား မြင်တွေ့သွားခဲ့လျှင် သူ့အကြည့်ထဲမှ အန္တရာယ်များသည့် အလင်းကြောင့် လန့်သွားကြလိမ့်မည်။

“ တာအိုအရင်းအမြစ် မျိုးစေ့လား။ မဟုတ်သေးဘူး။ ဒါက အရမ်းကို အန္တရာယ်များလွန်းတယ်။ ငါ့ လက်ရှိအခြေအနေနဲ့ တစ်ခုခုသာ မှားယွင်းသွားရင်ငါက အင်အားမဲ့နေလိမ့်မယ်”

သူ့အဘိုးဆီမှ သင်ယူထားသလောက် လောကအရှင်များသည် တာအိုဘိုးဘေး မဖြစ်ခင် တချို့က ဧကရာဇ်အသုံးအဆောင်ပစ္စည်းနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ကြသည်။ ဧကရာဇ်တစ်ပိုင်းအဆင့်က သူ့အဘိုး၏ အဆင့် ဖြစ်ပြီး ပိုမိုအားကောင်းနိုင်လေသည်။

“ ကမ္ဘာအရင်းအမြစ်လား” ဝမ်ဝေ့က ရေရွတ်လိုက်သည် “ တကယ်လို့ ငါသာ သေချာကစားနိုင်ရင် ဒီကမ္ဘာကို ဖျက်ဆီးမပစ်ဘဲနဲ့ တချို့ကိုတော့ စုဆောင်းနိုင်လိမ့်မယ်။ ပမာဏနည်းတယ်ဆိုရင်တောင် ငါ့တာအိုအုတ်မြစ်ကို ပြန်လည်ပြုပြင်ပြီးတော့ သက်တမ်းအတွက် ပြဿနာရှိတော့မှာ မဟုတ်ဘူး”

သူ့အကြည့်များက ပိုမိုတောက်ပလာကာ “ ဒီလိုဆိုရင် ငါ့ရဲ့ပစ်မှတ်ကို ဉာဏ်ရှိရှိ ရွေးချယ်ရမယ်”

သူက ကုန်းမြေကို ကြည့်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှုတ်ထုတ်လိုက်သည်။ နေဆီမှ မမြင်ရသည့် စိတ်ဝိညာဉ်အမှုန် နှစ်ခု ထွက်ပေါ်လာပြီး တစ်ခုက သမာသမတ် စီရင်စုဘက် ပျံသန်းသွားကာ တစ်ခုကမူ နတ်ဆိုးဂိုဏ်းစီရင်စုဘက် ပျံသန်းသွားသည်။

ယခင်တိုက်ပွဲကြောင့် နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ယောက်က တောအုပ်အတွင်း သေဆုံးနေသည်။ ထိုစဉ် မမြင်ရသည့် အလင်းတန်းတစ်ချက်က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီး ထိုတပည့်က ချက်ချင်းဆိုသလို မျက်လုံးဖွင့်လာ၏။

“ ဒါက ဘယ်နေရာလဲ။ ငါ ဓာတ်လိုက်ပြီး သေတာ မဟုတ်ဘူးလား”

ထိုတပည့်က ပြင်းထန်သည့် ခေါင်းကိုက်မှုကို ခံစားမိလိုက်သည်။ ထို့နောက် သူ့အကြည့်များက တောက်ပလာလေ၏။

“ ငါ ကူးပြောင်းလာတာလား။ ဟား…ဟား…ဟား… နတ်ဘုရားက ငါ့ကို ဒုတိယအခွင့်အရေးပေးခဲ့ပြီပဲ။ ဒီဘဝမှာတော့ ငါ့ခေါင်းအပေါ် ဘယ်သူမှ တက်မနေစေရဘူး”

“ တီ  … လက်ခံသူကိုယ်အား စစ်ဆေးနေပါတယ်။ လက်ခံသူနဲ့ ပေါင်းစပ်ပေးနေပါတယ်။ ဖြစ်စဉ် ၃၄ရာခိုင်နှုန်း…၅၀ရာခိုင်နှုန်း…ပြီးမြောက်သွားပါပြီ”

“ မင်္ဂလာပါ ဝါးမျိုခြင်းစနစ်မှ ကြိုဆိုပါတယ်”

“ ဒါက ငါ့ရဲ့ ရွှေလက်ချောင်းလား။ ဟား…ဟား…ဟား… ငါက ကြီးမြတ်တာတွေ လုပ်ဖို့ ကံဖန်လာတာပဲ”

ထိုစဉ်သမာသမတ်ဂိုဏ်း စီရင်စု၏ တည်းခိုဆောင်တစ်ခုအတွင်း တရားထိုင်နေသည့် တပည့်က ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။

“ ဘာဖြစ်သွားတာလဲ။ ငါ နောက်ဆုံးတိုက်ပွဲမှာ သေသွားတာ မဟုတ်ဘူးလား” သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုတပည့်က တအံ့တဩ အမူအရာ ဖြစ်သွားလေသည် “ ငါ အချိန်ဆယ်နှစ် နောက်ပြန်ရောက်လာတာလား။ ဒါက တကယ်ကြီးလား”

သူက သူ့ အခန်းကပ်လျက်ရှိ ဂျူနီယာညီမလေးဆီ ပြေးသွားလိုက်သည်။ သူမကို မြင်တွေ့ပြီးသည့်နောက်တွင် သူမ၏ မျက်နှာအား အသာထိတွေ့လိုက်သည်။

“ စီနီယာအစ်ကို အဆင်ပြေရဲ့လား”

သူက အမှားလုပ်မိကြောင်း သတိပြုမိသွားကာ သူမအား တောင်းပန်လိုက်ပြီး အိပ်မက်ဆိုးမက်ကာ သူမအား တစ်ခုခုဖြစ်ပျက်သွားပြီဟု ထင်ခဲ့ကြောင်း ပြောပြလိုက်သည်။

ထို့နောက်တွင် ထိုတပည့်က သူ့အခန်းသို့ ပြန်သွားကာ မျက်နှာအထက်တွင် ဆုံးဖြတ်ချက်ခိုင်မာသည့် အမူအရာမျိုးကို မြင်တွေ့နေရသည်။

“ ငါ ဒီကပ်ဘေးကို ဖြစ်လာဖို့ ခွင့်မပြုနိုင်ဘူး။ မင်းကို ငါ့ဆီကနေ ဘယ်သူမှ ယူမသွားစေရဘူး”

ထိုစဉ် နေပေါ်တွင် ဝမ်ဝေ့က ထိုနှစ်ဦးကို ကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ အခု ဇာတ်ခုံ ပြင်ပြီးပြီဆိုတော့ ကစားပွဲကို ဘယ်လိုလုပ်မလဲ ကြည့်ရတာပေါ့”

All Chapters