နဝမပါရာဂွန် ရောက်ရှိလာခြင်း
Vol. 104 Ch. 1455
တာအိုဥသျှောင်သည် မျက်မှောင်ကြုတ်လျက် လူငယ်၏လည်ပင်းပေါ်ရှိ ဒဏ်ရာဒဏ်ချက်များကို လှမ်းကြည့်လိုက်ရာ လည်တိုင်မှဆွဲကြိုးကို အလျင်စလို ဖြုတ်လိုက်ရခြင်းကြောင့် ရရှိခဲ့မှန်း ပြောနိုင်သွား၏။
တာအိုဥသျှောင်ကား ခေါင်းဆောင်ကြီးချီဖုန်း၏ သားဖြစ်၍ အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့် ကျင့်ကြံခြင်းအခြေခံ ရှိလေသည်။ အာကာပြင်ကျယ်ကျောင်းတော်တွင် သူသည် ပါရာဂွန်အဆင့်အောက်၌ အင်အားအကြီးဆုံးဖြစ်၏။ နဂိုကတည်းက ပြတ်ပြတ်သားသား သတ်ဖြတ်တတ်သူဖြစ်သည်နှင့်အညီ ဖအေဖြစ်သူကလည်း အဋ္ဌမပါရာဂွန်ဖြစ်လာနိုင်ခြေရှိသည့်အတွက် သူ၏အဆင့်အတန်းသည် မြင့်မားသလို၊ သူ၏ကျင့်ကြံခြင်းအခြေခံကလည်း အဆက်မပြတ် တိုးတက်နေခဲ့လေသည်။
အဋ္ဌမဂိုဏ်းရှိ လူတိုင်းသည် ထိုသားအဖအား ပါရာဂွန်သားအဖဟုပင် ခေါ်ဆိုကြ၏။ မြေးဖြစ်သူကိုတော့ တစ်ခါမှ မလေးစားကြသော်လည်း သွေးဆက်တစ်ဆက်တည်းမှ ဆင်းသက်လာသူဖြစ်သည့်အတွက် တာအိုဥသျှောင်အဖေမှ သူ့သားကို ဆုံးမသည်ဖြစ်စေ၊ သတ်သည်ဖြစ်စေ၊ မည်သူမှ ဘာမှပြောမည်မဟုတ်ပေ။ သို့သော် သူ့သားကို တစ်ယောက်ယောက် ထိုးလိုက်လျှင်တော့ သူ သို့မဟုတ် ခေါင်းဆောင်ကြီးချီဖုန်းကိုပင် ထိုးလိုက်သည်နှင့် တူသည်။
အထူးသဖြင့် ခေါင်းဆောင်ကြီးချီဖုန်းက ကျင့်ကြံအားထုတ်ရာတွင် အရေးပါသောအခိုက်အတန့်သို့ ရောက်နေခဲ့သည်ကို ထည့်တွက်လျှင်ပင်။ တာအိုဥသျှောင်အတွက် တစ်ယောက်ယောက် သူ့သားအား ယခုလိုရန်ပြုလိုက်ခြင်းက ပြိုင်ဘက်အင်အားစု လှုပ်ရှားဖို့ ကြိုးစားနေသကဲ့သို့ ထင်ရသည်။ ထိုသူတို့၏ပန်းတိုင်ကိုတော့ သူ သေချာမသိပေ။
သို့သော် သေချာသိဖို့လည်း မလိုအပ်။
“ဘယ်သူပဲလုပ်လုပ် ငါ့သွေးသားကို ရန်စရဲရင် အသက်နဲ့ကိုယ် အိုးစားကွဲစေရမယ်” တာအိုဥသျှောင်က အေးစက်စက်နှာမှုတ်ကာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ သူ၏အသတ်အဖြတ်အရှိန်အဝါက ပတ်ဝန်းကျင်တစ်ခွင် ဖြာထွက်သွားရာ အဋ္ဌမဂိုဏ်း၏ ကျင့်ကြံသူများကို ကြောက်လွန်း၍ ခြေလက်များ အေးစက်လာစေတော့သည်။ ခေါင်းဆောင်ကြီးချီဖုန်း၏သား လူသတ်ဖို့ ပြင်နေကြောင်း သူတို့အားလုံး ကောင်းကောင်းသိကြလေသည်။
“နှမြောစရာကောင်းလိုက်တာ။ တာအိုနယ်ပယ်သားရဲတဲ့လား ဟမ်... ဒီကလေးမက ဂိုဏ်းမှာ အဆက်အသွယ်နည်းနည်းတော့ ရှိလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် ကံဆိုးတာက အာကာပြင်ကျယ်ကျောင်းတော်မှာ အင်အားနဲ့အာဏာပဲ အရေးကြီးတာလေ”
“အာကာပြင်ကျယ်ဂြိုဟ်ပေါ်မှာ ခေါင်းဆောင်ကြီးချီဖုန်းကို ယှဉ်နိုင်တဲ့သူကို ရှာဖို့ထက် ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုတွေကို ရှာတာဖြင့် ပိုလွယ်လိမ့်မယ်...” ဤအတွေးများသည် အတော်များများ၏ စိတ်ထဲတွင် ဖြတ်ပြေးနေပြီး တချို့ဆိုလျှင် ကိုယ်ပိုင်အသတ်အဖြတ်စိတ်ဆန္ဒများကိုပင် ထုတ်လွှတ်ကာ တာအိုဥသျှောင်နှင့်အတူ လိုက်ချင်ကြောင်း ဖော်ပြနေကြသည်။
တာအိုဥသျှောင်က ကျေနပ်သွားပုံဖြင့် လူငယ်ကို လှမ်းကြည့်ရင်း ပြော၏။ “ဘာရပ်လုပ်နေတာလဲ။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက်ကို အခုလို သားရဲတစ်ကောင်နဲ့ ရှူးတိုက်ပေးတဲ့ကောင်ဆီ ခေါ်သွားပေးစမ်း”
ယန်အာကိုမူ တာအိုဥသျှောင်ကား လှည့်ပင်မကြည့်။ သူ့သားအကြောင်း သူ သိ၍ တစ်ခါတရံ ခေါင်းကိုက်ရသော်လည်း သူ၏သဘောထားသည် ခေါင်းဆောင်ကြီးချီဖုန်းနှင့် တူ၏။ သူ့အမြင်အရ လူငယ်မှာ အမြဲတစေ သတိထားတတ်လေသည်။ ကျင့်ကြံသူများအတွက် သတိရှိခြင်းက အားကိုးရခြင်းနှင့် တူသည်။
မိန်းကလေးတွင် စောင့်ရှောက်ပေးနေသော တာအိုနယ်ပယ်အဆင့်သားရဲတစ်ကောင် ရှိသည်ဆိုကတည်းက ဂိုဏ်းနှင့်အဆက်အသွယ်တချို့ ရှိကြောင်း သေချာသည်။ သို့သော် ချီဖုန်းအတွက် ထိုအဆက်အသွယ်များက အာရုံစိုက်ဖို့ပင် မတန်ပေ။
လူအုပ်ထဲရှိ ကျင့်ကြံသူများလည်း တာအိုဥသျှောင်နည်းတူ ခံစားကြရသည်။ ဤသွေးဆက်ဝင်များအား ဖိန့်ဖိန့်တုန်အောင် ကြောက်သွားစေနိုင်သော တစ်စုံတစ်ယောက်ကို ရှာတွေ့ဖို့ကား ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများကို ရှာတွေ့ဖို့ထက် အမှန်တကယ် ခက်ခဲလိမ့်မည်။
တာအိုဥသျှောင်သည် သူ့သား ဂိုဏ်းအပြင်ထွက်တုန်း သူတို့ရန်မစရဲသော ဖြစ်တည်မှုများကို ရန်စခဲ့လိမ့်မည်ဟု မယုံကြည်ပေ။
သူစကားပြောနေသည့်အချိန်မှာပင် တာအိုဥသျှောင်၏စွမ်းအားက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ရီလာစေရင်း မြင့်တက်လာသည်။
လူငယ်၏မျက်လုံးများက ဝမ်းသာအားရမှုတို့ဖြင့် ဝိုင်းစက်လာသည်။ သူ့ဘဝတစ်လျှောက်လုံး စောစောကကဲ့သို့ တစ်ခါမှမကြောက်ခဲ့ဖူးပေ။ သူ့မှာ သေမင်းခံတွင်းဝထဲရောက်ဖို့ တဲတဲလေးသာ လိုတော့၍ လိပ်ပြာပင် လွင့်သွားတော့မတတ် ခံစားခဲ့ရလေသည်။
သူသည် တဟားဟားရယ်ရင်း ကြောက်လန့်နေသော ယန်အာကို ယုတ်မာကောက်ကျစ်စွာ ကြည့်သည်။
“ဟေ့ အလှလေး အဲဒီခွေးက ဘယ်သူ့ခွေးလဲ သိလား။ ငါ အဲဒီကောင်ကို မင်းအရှေ့တည့်တည့်မှာတင် ပြုတ်ပြီး စားပစ်မယ်။ မပူနဲ့ မင်းကိုလည်း နည်းနည်းကျွေးမှာပါ”
ယန်အာမှာ တုန်ရီစွာဖြင့် နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် အကြောက်တရားက သူမနှလုံးသားကို နေရာလပ်မကျန် စိုးမိုးသွားခဲ့လေပြီ။ အထီးကျန်မှု၊ ကူကယ်ရာမဲ့မှုနှင့် မျှော်လင့်ချက်ကုန်ခမ်းနေမှုက သူမအား သူမဆရာကို ပုံမှန်ထက်ပို၍ လွမ်းလာစေသည်။
“ဆရာ...” သူမမှာ ရှိုက်၍ငိုရင်း တမ်းတလိုက်သည်။ “ဆရာ...”
“ဆရာကို တနေတာလား။ ဟားဟားဟား မင်းဆရာက မင့်ခွေးနဲ့ ဘယ်လိုပတ်သက်နေလဲ ငါ ဂရုမစိုက်ဘူး။ ငါ့ကို ရန်စရဲမှတော့ သေကိုသေရမယ်။ ပြီးတော့ သူ မသေခင် ခွေးတစ်ကောင်လို နေခိုင်းမယ်” တဟားဟားရယ်သံကြီး ပျံ့လွင့်နေစဉ် လူငယ်၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုတို့ တောက်ပနေသည်။ သူ ဦးဆောင်လမ်းပြတော့မည့်အချိန် အေးစက်စက်နှာမှုတ်သံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအုပ်စု၏ အသတ်အဖြတ်စိတ်ဆန္ဒကို ထိုးခွင်းသွားသည်။ ၎င်းသည် မိုးထစ်ချုန်းသံသဖွယ် အရာအားလုံးကို ပေါက်ကွဲတော့မတတ် တုန်ခါသွားစေ၏။
မြေပြင်များ လှုပ်ခတ်လာပြီး ကြမ်းခင်းများ ပြာကျကုန်သည်။ လေဆင်နှာမောင်းတစ်လုံးက အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံးကို ချက်ချင်း လွှမ်းခြုံလျက် ပျံနှံ့လာသည်။
အဋ္ဌမဂိုဏ်းသည် ကြီးမားသော်လည်း သည့်ထက်ပို၍ ကြီးမားလျှင်တောင်မှ လေဆင်နှာမောင်းကား လွှမ်းခြုံသွားဦးမည်သာ။ တစ်ချိန်တည်းမှာပင် မမြင်ရသော ဧရာမခြေဖဝါးကြီး မြေကြီးအား နင်းချလိုက်သကဲ့သို့ပင်။ ဧရာမတုန်ခါလှိုင်းတစ်လှိုင်းက တောင်တန်း၊ အဆောက်အဦ၊ မြေပြင်အားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါနေစေရင်း အဋ္ဌမဂိုဏ်းအပြည့် လိမ့်ထွက်သွားသည်။
ပတ်ဝန်းကျင်အပေါ် မြင်သာထင်သာသော သက်ရောက်မှုများအပြင် အဋ္ဌမဂိုဏ်း၏ကျင့်ကြံသူအားလုံးမှာလည်း ကျင့်ကြံအဆင့်မည်သို့ပင်ဖြစ်စေကာမူ ... တုန်ရီလာကြတော့သည်။ တောင်တန်းများ သူတို့ကို အပေါ်မှ ဖိချနေသကဲ့သို့ သူတို့ပါးစပ်မှ သွေးများ ပန်းထွက်ကုန်လေသည်။ ရုတ်တရက်ဆိုသလို... လှုပ်မရတော့မှန်း သိလိုက်ရသဖြင့် သူတို့အားလုံး ထိတ်လန့်ကုန်ကြသည်။
ဒေါသတကြီးဟိန်းဟောက်သံတစ်သံက ဖော်ပြမတတ်နိုင်သော ဖိအားတစ်ခုအား အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံးအပေါ် ကျရောက်လာစေသည်။
ကျင့်ကြံသူအားလုံး လုံးလုံးလျားလျား ထိတ်ပျာနေကြသည်။ သူတို့၏စိတ်ထဲတွင် အကြောက်တရားက မင်းမူနေပြီး သူတို့၏စိတ်များလည်း ချာချာလည်နေကြသည်။ ထို့နောက် အဝေးမှ လူတစ်ယောက် ချဉ်းကပ်လာသည်... ၎င်းက အမှောင်ထုနှင့် အအေးဓာတ်ကို ခေါ်ဆောင်လာသော အနက်ရောင်ဝတ်ရုံရှည်၊ ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦးဖြစ်၏။
သူ့အနောက်တွင် မိုးကောင်းကင်များမှာ ကြေမွတော့မည့်အလား တုန်ခါနေကြသည်။ သူ့အကြည့်သည် လေထုအား သူ့အတွက် လမ်းဖယ်ခိုင်းနေသကဲ့သို့ ပုံပျက်ရှုံ့တွနေစေပြီး သူ့ခြေထောက်ရှိ မြေပြင်များအား သူ့ကို ဂါဝရပြုနေစေသကဲ့သို့ တုန်ဟည်းနေစေသည်။
လူတစ်ယောက်ကား မိုးကောင်းကင်ကို ဖိနှိပ်၍ မြေပြင်အား တုန်လှုပ်နေစေသည်။ အရာအားလုံး ပုံပျက်တွန့်လိမ်နေ၏။ ဤလူငယ်ကား ... အားလုံး၏အာရုံစိုက်ရာ ဖြစ်လာသည်။
သူ ပေါ်လာသည့်အချိန်မှာပင် အေးစက်စက်အသံတစ်သံက အဆုံးမဲ့အမျက်ဒေါသနှင့် အသတ်အဖြတ်စိတ်ဆန္ဒကို သယ်ဆောင်လျက် ပဲ့တင်ထပ်လာသည်။ ၎င်းသည် မိုးကြိုးပေါင်းတစ်ထောင် ထစ်ချုန်းသွားသကဲ့သို့ အရာအားလုံးအား တုန်ခါနေစေ၏။ “ဘယ်သူ ငါ့နဝမဂိုဏ်းရဲ့ ဂိုဏ်းသားကို ရန်ပြုရဲတာလဲ”
သူ၏အသံက မရေမတွက်နိုင်သောတောင်များကို တဝုန်းဝုန်းတုန်ခါလာစေပြီး အဆောက်အဦးများအား ပြိုကျလာစေသည်။ အဋ္ဌမဂိုဏ်း၏ကျင့်ကြံသူများမှာ သွေးတစ်ပွက်ပွက် အန်လိုက်ကြရပြန်သည်။
သာမန်လူတစ်ယောက် ဒေါသထွက်လျှင် သွေးများ နေရာတကာ လွင့်စင်ပြန့်ကြဲနိုင်သည်။ ပါရာဂွန်တစ်ယောက် အမျက်ထွက်သောအခါ မိုးနှင့်မြေ ငိုကြွေးကြရသည်။
နဝမဂိုဏ်းမှ ဤလူများသည် မန်ဟို၏ ဆတ်ဆတ်ထိမခံသောနေရာကို သွားထိခဲ့၏။ ထို့အပြင် မန်ဟို ဒေါသထွက်လျှင် မိုးနှင့်မြေငိုကြွေးသည်ဟု ဆိုမည့်အစား အာကာပြင်ကျယ်စကြဝဠာ သဂြိုဟ်ခံရသည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။
အသံထွက်လာလျှင်ချင်း အရောင်အဝါများ လင်းလက်ပြိုးပြက်သွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ တောင်များ ပြိုကျ၍ အဆောက်အဦများ လဲပြိုကုန်သည်။ အဋ္ဌမဂိုဏ်းရှိ ကျင့်ကြံသူအားလုံး၏ ကျင့်ကြံခြင်းအခြေခံများ မငြိမ်မသက်ဖြစ်လာပြီး သူတို့၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာတော့သည်။
“န..န...နဝမပါရာဂွန်” မယုံကြည်နိုင်လွန်း၍ လူငယ်၏အဖေ တာအိုဥသျှောင်၏မျက်လုံးများ မပြူးထွက်လာဘဲ မနေပေ။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ အမှန်တကယ် မလှုပ်နိုင်သော်လည်း ဝိညာဉ်အထိ ထိတ်လန့်တုန်ရီနေလေသည်။
ထိုအရာအားလုံးက .... စကားလေးတစ်ခွန်းကြောင့်သာ။
မန်ဟိုက မိုးကောင်းကင်၏ဩဇာကို ကိုယ်စားပြုလျှင် သူ၏စကားသည် ကောင်းကင်တာအို၊ မှော်ဥပဒေ ဖြစ်မည်။
အဋ္ဌမမြေထု၏အပေါ်ရှိ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားပြီး ပါရာဂွန်များအပါအဝင် အဋ္ဌမဂိုဏ်း၏ကျင့်ကြံသူအားလုံး တုန်ရီနေကြလေပြီ။ ခေါင်းဆောင်ကြီးချီဖုန်းလည်း တုန်ယင်နေပြီး တံခါးပိတ်ကျင့်ရာအခန်းထဲမှ လှမ်းကြည့်လိုက်သောအခါ သူကြည့်နေသောလူမှာ သင်္ချိုင်းခရီးစဉ်ပြီးနောက် သူ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသော အန္တရာယ်အများဆုံးလူဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့်အမူအရာ ပေါ်လာတော့သည်။
“နဝမပါရာဂွန်... သူ.. သူ ... ဒီကို ဘာလာလုပ်တာပါလိမ့်။ လခွမ်း ဘယ်သူက အဲဒီလိုကြောက်စရာကောင်းတဲ့ အရူးကို ရန်စခဲ့တာပါလိမ့်” ခေါင်းဆောင်ကြီးချီဖုန်း၏မျက်လုံးများမှာ နီရဲနေချေပြီ။
ယန်အာမှလွဲ၍ လူတိုင်း တုန်ရီနေကြသည်။ ယန်အာ ခေါင်းမော့လိုက်သောအခါ စီးကျနေသောမျက်ရည်များကြားမှ တစ်ယောက်ယောက်ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရ၏။ ထိုလူ၏ပုံပန်းသွင်ပြင်ကို သေချာမမြင်ရသော်လည်း ရင်းနှီးသလို ခံစားရ၍ မချုပ်တည်းနိုင်တော့ဘဲ ခေါ်လိုက်မိသည်။ “ဆရာ...”
စကာလုံးများ သူမပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူငယ်နှင့် တာအိုဥသျှောင်များအပါအဝင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
အထူးသဖြင့် လူငယ်ပင်။ သူ့မှာ အရိုးများ အရည်ပျော်ကျသွားသကဲ့သို့ အားမရှိတော့သလို နုံးခွေကျသွားသည်။ သူမစကားသံ ပဲ့တင်ထပ်နေစဉ် သူ့စိတ်မှာ ချာချာလည်မူးဝေနေသည်။
“ငါ သဘောကျတဲ့သွေးကြောက .... နဝမပါရာဂွန်ရဲ့ တပည့်လား” လူငယ်မှာ ရုတ်တရက် ဟားတိုက်ရယ်ပစ်လိုက်ချင်၏။ သူ့တစ်ဘဝလုံး ကြားခဲ့ဖူးသမျှထဲ အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလားပင်။ သို့ထိတိုင် သူ့ရင်ထဲတွင် ရူးတော့မတတ် တုန်ရီနေလေပြီ။
သူ့စိတ်ချာချာလည်နေစဉ် သူ့တစ်ကမ္ဘာလုံး မှောင်မိုက်ကာ ပျက်စီးသွား၏။
သူတစ်ယောက်တည်းသာ ထိုသို့တုံ့ပြန်ခြင်းမဟုတ်။ သူ့အဖေ တာအိုဥသျှောင်သည် အင်အားကြီးမားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အဋ္ဌမဂိုဏ်းတွင် သူ့အား ကြောက်ရွံ့ရိုသေစွာ မဆက်ဆံရဲသူ မရှိပေ။ သို့သော် ယခု မန်ဟို့ရှေ့မှောက်၌ သူ့မှာ ခွေးလေခွေးလွင့်တစ်ကောင်လို တုန်ရီနေသည်။ သူက အသက်မနည်းရှူလျက် သားဖြစ်သူကို မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်သည်။ ဤအခိုက်အတန့်တွင် တစ်ယောက်ယောက်ကိုသာ သူ သတ်နိုင်လျှင် .... သေချာပေါက် ဤသုံးစားမရသောသားအား တစစီစုတ်ဖြဲပစ်လိမ့်မည်။
“ခွေးမသား” သူက ဆဲသည်။ “မင်း...မင်း...မင်းကြောင့် ငါတို့အားလုံး ငါးပါးမှောက်ပြီ”
လူအုပ်ထဲရှိ လူတိုင်း တုန်လှုပ်နေကြလေပြီ။ အထူးသဖြင့် ချီဖုန်း၏သား စိတ်တိုင်းကျစေဖို့ အသတ်အဖြတ်စိတ်ဆန္ဒအား ထုတ်ဖော်ခဲ့သူများပင်။ သူတို့မျက်နှာများအပေါ်တွင် အံ့ဩမှု ၊ မယုံကြည်နိုင်မှုတို့ ပေါ်လာပြီး ရုတ်တရက် ချီဖုန်းသားအတွက် အတန်ငယ်စိတ်မကောင်းဖြစ်သွားကြသည်။
ကြည့်ရသရွေ့ ... သူတို့ကား အာကာပြင်ကျယ်ကျောင်းတော်၏ မဟာပါရာဂွန်ကိုးဦးအနက်မှ တစ်ဦးကို ရန်စဝံ့သည်အထိ ဇောင်းကြွမိခဲ့ဟန်ပင်။
လူတိုင်း ကြောက်လန့်တုန်ရီလျက် ရပ်နေကြသဖြင့် အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေလေသည်။
မန်ဟို၏ကိုယ်အစစ်က ယန်အာ၏အရှေ့ ရောက်လာသည်အထိ လူအုပ်ကြီးကို ဖြတ်လျှောက်ကာ အဋ္ဌမဂိုဏ်းထဲ ဝင်လာသည်။ သူ့အကြည့် သူမအပေါ် ကျရောက်သွားလျှင်ချင်း သူ့မျက်လုံးများက နူးညံ့နွေးထွေးသွား၏။
“ငါက မင်းဆရာမဟုတ်ဘူး” သူက ဖြည်းညှင်းစွာ ဆိုသည်။ “ဒါပေမဲ့ ..နဝမဂိုဏ်းက ဘယ်ကျင့်ကြံသူကိုမဆို ငါ့တပည့်လို့ ပြောလို့ရတယ်”
လူတိုင်း စိတ်သက်သာရာရသွားကြသည်။ အထူးသဖြင့် တာအိုဥသျှောင်ပင်။ သူတို့နှစ်ယောက်က ဆရာတပည့်မဟုတ်မှတော့ အကုန်လုံးအဆင်ပြေသင့်သည်...
ယန်အာက မန်ဟို့ကို ကြည့်သည်။ သူသည် သူမဆရာနှင့် မတူသော်လည်း အကြောင်းတစ်စုံတရာကြောင့် အလွန်ရင်းနှီးနေ၏။ သူ့စကားသံထဲရှိ နွေးထွေးမှုနှင့် ကျန်ရှိသမျှ အရာအားလုံးက သူမအား ဆရာဖြစ်သူ၏အရှေ့တွင် အမှန်တကယ် ရပ်နေရသကဲ့သို့ ခံစားရစေသည်။
ရင်းနှီးသောခံစားချက်က သူမပါးပြင်တစ်လျှောက် မျက်ရည်များစီးကျလာစေ၏။ သူမမှာ အပြေးကလေးသွား၍ သူ့ခါးကို တင်းကြပ်စွာ ဖက်ပြီး ရင်ဘတ်တွင် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုလေတော့သည်။ သူမမျက်ရည်များက သူ ယခုလေးတင် ခံစားခဲ့ရသော အရှက်ကွဲမှု ၊ ကြောက်လန့်မှုတို့အားလုံးကို ဖြေလျော့ချလိုက်လေသည်။
အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ လူတိုင်းသည် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ကလေးမလေးအား ဖက်ထားသည်ကို ရပ်ကြည့်ရင်း တုန်ရီနေကြ၏။ မန်ဟို ခေါင်းပြန်မော့လာသောအခါ သူ၏မျက်လုံးများက နေနှင့်လ၏ အလင်းရောင်ကိုပင် ငြှိမ်းသတ်နိုင်သည့်တိုင်အောင် အလွန်တရာအေးစက်နေသည်။
ယန်အာ သူ့ရင်ခွင်ထဲ၌ ငိုရှိုက်နေစဉ် လူတိုင်းလူတိုင်း ကြောက်ဒူးတုန်နေကြသည်။ ထို့နောက် အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံး တိတ်ဆိတ်နေစဉ် မန်ဟိုသည် ယန်အာ၏ပါးလေးကို ငုံ့ကြည့်လိုက်၏။
ထိုနေရာတွင် ... လက်ဝါးရာကား ထင်းနေချေသည်။