တောင်ခြေရွာလေး
Vol. 1 Ch. 1
'ဒုတိယအရူး' က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ခေါင်းထက်ရှိ ရွှံ့နှင့် သက်ကယ်အမိုးကို စိုက်ကြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော စောင်မှာ မည်းညစ်ညစ် အဝါရောင်ရှိနေပြီး အောက်သိုးသည့် မှိုနံ့တို့ ထွက်နေသည်။ ၎င်းက အလွန်ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် မူလအရောင်ပင် လွင့်ပြယ်နေခဲ့ပြီ ဖြစ်၏။
သူ့ဘေးတွင် သူ၏ ဒုတိယအစ်ကို ဟန်ကျူးက လဲလျောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံပေါ်သည်။ သူ အိပ်ပျော်နေရင်း ဟောက်သံတိုးတိုးက ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာနေသည်။
အိပ်ရာမှ ငါးပေခန့်အကွာတွင် အချိန်ကာလ၏ တိုက်စားမှုကြောင့် အက်ကြောင်းများစွာ ဖြစ်ပေါ်နေသည့် မြေသားနံရံတစ်ခု ရှိသည်။ နံရံ၏ အခြားတစ်ဖက်တွင် သူ့မိခင်ဖြစ်သူ၏ ပူညံပူညံ ပြောဆိုနေသံနှင့် ဆေးတံသောက်နေသည့် ဖခင်၏ သက်ပြင်းချသံတို့ကို ကြားနေရသည်။
ဒုတိယအရူးက သူ့မျက်လုံးများကို ဖြေးညင်းစွာ မှိတ်ကာ အိပ်ပျော်အောင် အတင်းအကျပ် ကြိုးစားလိုက်သည်။ သူသည် ယခုမှ မအိပ်ခဲ့လျှင် နောက်တစ်နေ့နံနက်၌ စောစောစီးစီး နိုးနိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။ သူ နောက်ကျမှ အိပ်ရာနိုးလာခဲ့လျှင် သူ့သူငယ်ချင်းနှင့်အတူ တောင်များပေါ်တွင် ထင်းရှာရန် သွားနိုင်လိမ့်မည် မဟုတ်ပေ။
ဒုတိယအရူး၏ အမည်ရင်းမှာ ဟန်လိဖြစ်သည်။ ထိုကောင်းမွန်သည့် အမည်မှာ သူ့မိဘများ ပေးထားခဲ့ခြင်း မဟုတ်ပေ။ သူ မွေးဖွားလာစဥ်ကအခါ သူ့မိဘများသည် ပြောင်းဖူးပေါင်မုန့်ကြမ်းနှစ်ခုနှင့် အလဲအလှယ် ပြုလုပ်ကာ ဟန်လိလေးအတွက် အမည်ပေးရန် တောင်းဆိုခဲ့သည်။
ဦးလေးကျန်း ငယ်ရွယ်စဥ်က သူသည် မြို့၌ ချမ်းသာသည့်ကလေးများနှင့်အတူ ကျောင်းတက်ခဲ့ဖူးသည်။ သူက ရွာတွင် စာလုံးအနည်းငယ်အား မည်သို့ဖတ်ရမည်ကို သိသည့် တစ်ဦးတည်းသောလူဖြစ်ကာ ရွာရှိ တစ်ဝက်ထက်ပိုသော ကလေးများ၏ အမည်ကို သူ ပေးခဲ့ခြင်းဖြစ်သည်။
ဟန်လိကို ကျေးရွာအတွင်းရှိ လူများက 'ဒုတိယအရူး' ဟု ခေါ်ကြသည်။ သူ၏ ထိုအမည်မှလွဲ၍ သူသည် တုံးအရူးမိုက်နေခြင်းမျိုးမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက ရွာတွင် ဉာဏ်အကောင်းဆုံးသူဖြစ်သည်။ သို့သော် အခြားကလေးများကဲ့သို့ပင် သူတို့ အိမ်မှာရှိနေချိန်မှာပင် အခြားမည်သူကမှ သူ၏ အမည်ရင်း 'ဟန်လိ' ဟု မခေါ်ကြပေ။ ထို့အစား သူ၏ နာမည်ပြောင်ဖြစ်သည့် 'ဒုတိယအရူး(အာ့လန့်ကျီ)' ဟု ခေါ်ကြပေသည်။
သူ့အား ဒုတိယအရူးဟု ခေါ်ရသည့်အကြောင်းရင်းမှာ ရွာ၌ အရူးဟု ခေါ်သည့် တစ်စုံတစ်ယောက် ရှိပြီးသားဖြစ်သောကြောင့် ဖြစ်၏။
သို့သော် ထိုကဲ့သို့သော နာမည်ပြောင်က အလွန်ဆိုးရွားခြင်း မရှိပေ။ ရွာရှိ ကလေးအများစုကို 'ခွေးလေး' နှင့် 'ငတုံး' ဟူသည့် အမည်မျိုး ပေးကြသည်။ ထိုအမည်များက ဒုတိယအရူး(အာ့လန့်ကျီ) လောက် ခေါ်၍ မကောင်းလှပေ။
ထို့ကြောင့်ပင် ဟန်လိသည် သူ၏ နာမည်ပြောင်ကို သိပ်မကြိုက်သော်လည်း ခင်တွယ်မှုအချို့ ခံစားခဲ့ရပေသည်။
ရုပ်ရည်သွင်ပြင်အရ ဟန်လိက အလွန်သာမန်ဆန်သည်။ သူက ဝါညစ်ညစ်ဖြစ်နေသည့် အညိုရောင် အသားအရေရှိပြီး လယ်သမားကျေးရွာ၌ မွေးဖွားသည့် ကလေးတစ်ယောက်၏ ယေဘုယျဖော်ပြချက်နှင့် ကိုက်ညီသည်။ သို့သော် သူ၏ နှလုံးသားအတွင်း၌ သူက သက်တူရွယ်တူ ကလေးများထက် ပို၍ ရင့်ကျက်ပေသည်။ သူ ငယ်ရွယ်စဥ်ကတည်းကပင် တစ်နေ့၌ သူ၏ သေးငယ်သော ရွာလေးမှ ထွက်ခွာ၍ ဦးလေးကျန်း အမြဲပြောခဲ့ဖူးသည့် ပြင်ပကမ္ဘာကြီးအကြောင်းကို စူးစမ်းလေ့လာနိုင်ရန် မျှော်လင့်ခဲ့သည်။
ဟန်လိသည် သူ၏ အိပ်မက်ကို ရွာအတွင်းရှိ အခြားမည်သူ့ကိုမှ မပြောရဲခဲ့ပေ။ အကြောင်းမှာ သူတို့ အလွန်အမင်း အံ့အားသင့်ထိတ်လန့်သွားမည်ကို စိုးသောကြောင့် ဖြစ်သည်။ အဆုံးမှာတော့ ရွာရှိ ကလေးများကိုမဆိုထားနှင့် လူကြီးများသည်ပင် ရွာမှ ထွက်သွားမည့်အကြောင်းကို အလွယ်တကူ မတွေးဖူးကြသောကြောင့် ဖြစ်လေသည်။ သူ့အသက်အရွယ်ဝန်းကျင် ကလေးများသည် ကြက်များနှင့် ခွေးများကို မည်သို့ဖမ်းရမည်ကိုသာ သိရှိကြပေသည်။ သူတို့သည် ရွာမှထွက်ခွာမည်ဟူသော ထူးဆန်းသည့် အကြံအစည်မျိုး မည်သည့်အခါမှ မရှိဖူးခဲ့ကြပေ။
ဟန်လိ၏ မိသားစုတွင် စုစုပေါင်းလူခုနစ်ယောက်ရှိပြီး အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ သူက မိသားစုအတွင်း လေးယောက်မြောက်ကလေးဖြစ်ပြီး ဆယ်နှစ်ရှိပြီ ဖြစ်၏။ သူတို့အားလုံးသည် ခက်ခဲသော နေထိုင်မှုရှိသော်လည်း ရိုးသားကြသူများဖြစ်သည်။ သူတို့အတွက် အသားငါးများစားနိုင်ရန်မှာ အလွန် ကြုံတောင့်ကြုံခဲဖြစ်သော်လည်း မိသားတစ်စုလုံးက သူတို့ထံ၌ ရှိသမျှလေးနှင့် ကျေနပ်ရောင့်ရဲနိုင်ကြသည်။
ထိုအချိန်တွင် ဟန်လိသည် အိပ်စက်ခြင်းအခြေအနေနှင့် အသိစိတ်ရှိနေသေးသည့် အခြေအနေ(အိပ်မပျော်တပျော်အခြေအနေ)ကြား ကျရောက်နေသည်။ သူက အိပ်စက်ခြင်းသို့ တဖြေးဖြေးနစ်ဝင်သွားသည်နှင့် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိတော့သည်။ ၎င်းမှာ တောင်တန်းများပေါ်သွားသည့်အခါ သူ့ အချစ်ဆုံးညီမလေးအတွက် အနီရောင်ဘယ်ရီသီးများ ပိုမိုခူးဆွတ်လာပေးရန် ဖြစ်လေသည်။
နောက်တစ်နေ့ နေ့လယ်တွင် ဟန်လိသည် လူအရပ်တစ်ဝက်ခန့်မြင့်သော ထင်းများကို နောက်ကျောတွင် သယ်ဆောင်ကာ ပူပြင်းသော နေရောင်အောက်၌ပင် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။ အနီရောင်ဘယ်ရီသီးများဖြင့် ပြည့်နေသည့် အိတ်တစ်လုံးကို လွယ်ထားပြီး သူ ခြေလှမ်းလိုက်တိုင်း အိတ်ထဲမှ ဘယ်ရီသီးလေးများက ခုန်ပေါက်နေခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် သူ့အိမ်သို့ ဧည့်သည်တစ်ယောက် ရောက်ရှိနေပြီး ထိုဧည့်သည်က သူ၏ ကံကြမ္မာကို ထာဝရပြောင်းလဲသွားစေလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
ထိုဧည့်သည်သည် အမှန်တကယ်၌ ဟန်လိနှင့် အလွန်သွေးရင်းသည့် တစ်စုံတစ်ယောက် ဖြစ်သည်။ ထိုသူက သူ၏ တတိယဦးလေး ဖြစ်လေသည်။
ကောလာဟလများတွင် သူ၏ တတိယဦးလေးသည် အနီးရှိ မြို့လေးတစ်မြို့တွင် စားသောက်ဆိုင်တစ်ခု ပိုင်ဆိုင်သည်ဟု ပြောကြပေသည်။ သူ့မိဘများ၏ စကားအရ တတိယဦးလေးက မိသားစုအတွင်း လုပ်နိုင်စွမ်းအရှိဆုံးသူဖြစ်သည်။ နှစ်ရာပေါင်းအနည်းငယ်ကြာပြီးနောက် ဟန်မိသားစုသည် နောက်ဆုံးတွင် တတိယဦးလေးကဲ့သို့ မိသားစုအတွင်း ပြိုင်ဘက်ကင်း၍ လေးစားဖွယ်ရာ အဆင့်အတန်းရှိသူကို မွေးထုတ်ပေးနိုင်ခဲ့ပေသည်။
ဟန်လိ ငယ်ရွယ်စဥ်အခါက တတိယဦးလေးကို အကြိမ်ရေအနည်းငယ် တွေ့ဖူးခဲ့သည်။ ဟန်လိ၏ အစ်ကိုကြီး မြို့မှ ပန်းပဲသမား၏ အလုပ်သင်ဖြစ်လာခဲ့သည်မှာ တတိယဦးလေး၏ လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ရပေမည်။ မကြာခဏဆိုသလိုပင် တတိယဦးလေးသည် သူတို့မိသားစုထံသို့ စားစရာများ လက်ဆောင် ယူလာပေးတတ်သည်။ သူ၏ ဟန်လိတို့မိသားစုအပေါ် ကောင်းမွန်စွာ စောင့်ရှောက်ပေးမှုကြောင့် ဟန်လိက သူ့အပေါ် အမြင်ကောင်းရှိသည်။ သူ့မိဘများက မည်သည့်အခါမှ ထုတ်မပြောသော်လည်း သူတို့၏ နှလုံးသားထဲ၌ တတိယဦးလေးကို အလွန် ကျေးဇူးတင်နေကြောင်း သူ သိရှိပေသည်။
ဟန်လိ၏ အကြီးဆုံးအစ်ကိုမှာ မိသားစုအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကောင်းသူဖြစ်သည်။ ပန်းပဲသမား၏ အလုပ်သင်ဖြစ်လာသည်နှင့် သူသည် လတိုင်း အိမ်သို့ ကြေးဒင်္ဂါး သုံးဆယ် ယူလာပေးခဲ့ပြီး သူ့အတွက် နေထိုင်စရိတ်လည်း ကုန်ကျခြင်းမရှိပေ။ နောက်ပိုင်း သူ အလုပ်သင်အဖြစ်မှ သင်ယူမှု ပြီးမြောက်သွားသည့်အခါ ပို၍ပင် ပိုက်ဆံစုမိလိမ့်မည် ဖြစ်သည်။
သူ့မိဘများက သားအကြီးဆုံးအကြောင်း ပြောသည့်အချိန်တိုင်း ရင်ထဲအသည်းထဲကပင် ဂုဏ်ယူမှုများနှင့် ပြည့်နေခဲသည်။ ဟန်လိက ငယ်ရွယ်သော်လည်း အလွန် မနာလိုအားကျမိပေသည်။ သူ တွေးထားသည့် အကောင်းဆုံးအလုပ်မှာ လက်မှုပညာသည်တစ်ယောက်၏ အလုပ်သင်ဖြစ်လာပြီး လက်မှုပညာဖြင့် ပိုက်ဆံစုဆောင်းရန် ဖြစ်ပေသည်။
ထို့ကြောင့် ဟန်လိသည် အိစက်သည့် ပိုးဖဲဝတ်စုံအသစ်များကို ဝတ်ဆင်ထားသော တတိယဦးလေး၏ မျက်နှာဝိုင်းဝိုင်းကို မြင်လိုက်ရသည့်အခါ အလွန် ပျော်ရွှင်သွားခဲ့သည်။
သူက အိမ်အပြင်ဘက်ထောင့်တစ်နေရာတွင် ထင်းများကို ချထားလိုက်ပြီး အိမ်အရှေ့သို့ အလျင်အမြန်သွားကာ တတိယဦးလေးကို နှုတ်ဆက်လိုက်သည်။ "တတိယဦးလေး ဟန်လိက နှုတ်ဆက်ပါတယ်။"
ထိုသို့လုပ်ပြီးနောက် သူက ဘေးတွင် နာနာခံခံ ရပ်နေကာ တတိယဦးလေးနှင့် သူ့မိဘများ စကားပြောနေသည်ကို နားထောင်နေခဲ့သည်။
တတိယဦးလေးက ဟန်လိကို တောက်ပစွာ ကြည့်ရင်း ပါးစပ်များကိုဖွင့်၍ သူ့တူလေးအား ချီးကျူးလိုက်သည်။ "ဘယ်လောက်သိတတ်လိုက်တဲ့ ကလေးလဲ။"
ဟန်လိကို ချီးကျူးပြီးနောက် သူက ဟန်လိမိဘများဘက်သို့ ပြန်လှည့်ကာ သူ့ရောက်လာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
ဟန်လိက အလွန် ငယ်ရွယ်သည့်အတွက် တတိယဦးလေး၏ စကားများကို အပြည့်အဝနားမလည်သော်လည်း အကြမ်းဖျင်းတော့ သဘောပေါက်ပေသည်။
သူ့ တတိယဦးလေး၏ စားသောက်ဆိုင်သည် ချီးရွှမ် (ဆန်းကြယ်မှုခုနစ်ပါး) ဂိုဏ်း၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားပေသည်။ ထိုဂိုဏ်းကို အပြင်ဂိုဏ်းနှင့် အတွင်းဂိုဏ်းဟူ၍ ခွဲခြားထားသည်။ သိပ်မကြာသေးခင်အချိန်က တတိယဦးလေးသည် အပြင်ဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် တရားဝင် အသိအမှတ်ပြုခံခဲ့ရပေသည်။ ဆိုလိုသည်မှာ သူက အသက် ခုနစ်နှစ်မှ ဆယ့်နှစ်နှစ်ကြားရှိ ကလေးတစ်ယောက်ကို အတွင်းဂိုဏ်းတပည့်စာမေးပွဲအတွက် ခေါ်ဆောင်လာနိုင်ပေသည်။
ငါးနှစ်ကြာသည့်အခါတိုင်း ချီးရွှမ်ဂိုဏ်းက အတွင်းဂိုဏ်းတပည့်အဖြစ် စမ်းသပ်မှုခံယူရန် မျိုးဆက်အငယ်လေးများကို တရားဝင် ဖိတ်ကြားချက်ပို့လိမ့်မည် ဖြစ်သည်။ စမ်းသပ်စစ်ဆေးမှုကို နောက်လတွင် တရားဝင်စတင်လိမ့်မည် ဖြစ်သည်။ တတိယဦးလေးက ကလေးမရှိသည့် သူဖြစ်ကာ ထက်မြက်ပြီး အကွက်မြင်တတ်သော လူဖြစ်သောကြောင့် သူသည် အသက်အရွယ် ကိုက်ညီမှုရှိသော ဟန်လိအား ချက်ချင်းတွေးမိခဲ့ပေသည်။
ကျိုးနွံနာခံတတ်သည့် အဖေဟန်သည် သူ့ဘဝတွင် တစ်ခါမှ မကြားဖူးခဲ့သည့် 'ကျန်းဟူ' နှင့် 'ဂိုဏ်း' ဟူသော ဝေါဟာရများကို ကြားလိုက်ရသည့်အခါ အလွန် ဇဝေဇဝါဖြစ်သွားရသည်။ သူက ဆေးတံကို ယူကာ နှုတ်ခမ်းထက်တေ့၍ တစ်ရှိုက်သောက်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ ထိုင်နေခဲ့သည်။
တတိယဦးလေး၏ စကားအရ ချီးရွှမ်ဂိုဏ်းသည် မိုင်ပေါင်းရာချီအတွင်း အကောင်းဆုံးဂိုဏ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
တစ်စုံတစ်ယောက်က အတွင်းဂိုဏ်းတပည့် ဖြစ်လာခဲ့လျှင် သူတို့က သိုင်းပညာရပ်များကို အခမဲ့ လေ့လာသင်ယူခွင့်ရှိရုံသာမက လစဥ်ထောက်ပံ့ငွေ ရရှိသည့်အပြင် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးမည် ဖြစ်သည်။ ထိုမျှမကသေး အတွင်းဂိုဏ်းတပည့်စစ်ဆေးမှုစာမေးပွဲတွင် မအောင်မြင်သူများက အပြင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခွင့်ရှိကာ တတိယဦးလေးကဲ့သို့ အပြင်ဂိုဏ်းတပည့်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ ထိုသူတို့သည် ချီးရွှမ်ဂိုဏ်း၏ ပြင်ပအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ကူညီရင်းအခွင့်အရေးများ ရရှိလိမ့်မည် ဖြစ်သည်။
သူ့သားက လစဥ်ထောက်ပံ့ငွေရရှိပြီး တတိယဦးလေးကဲ့သို့ အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်သည်ဟူသော ဖြစ်နိုင်ချေကို ကြားလိုက်ရသည့်အခါ ဟန်လိအဖေသည် နောက်ဆုံး၌ ခွင့်ပြုပေးရန် ဆုံးဖြတ်ချက်ချခဲ့ပေသည်။
ဟန်လိအဖေ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် တတိယဦးလေးက ဝမ်းသာသွားခဲ့သည်။ သူက ငွေဒင်္ဂါးနှစ်ပြား ချန်ထားခဲ့ကာ နောက်လ၌ ပြန်လာ၍ ဟန်လိကို စမ်းသပ်စစ်ဆေးမည့်နေရာသို့ ပို့ဆောင်ပေးမည်ဟု ပြောခဲ့သည်။ ဤအချိန်အတောအတွင်း ဟန်လိအဖေက ဟန်လိ၏ ဝတ်စားဆင်ယင်မှုနှင့် စမ်းသပ်စစ်ဆေးမှု၌ ပိုမိုလွယ်ကူစွာ အောင်မြင်စေရန်အတွက် ကိုယ်ခန္ဓာနှင့် စိတ်အခြေအနေကို ကြံ့ခိုင်စေရန် ကောင်းစွာ စောင့်ရှောက်ပေးရမည်ဖြစ်သည်။ ထိုညွှန်ကြားချက်များကို ပေးပြီးနောက် တတိယဦးလေးသည် ဟန်လိ၏ ခေါင်းလေးကို ပုတ်ကာ ဟန်လိနှင့် သူ့အဖေကို နှုတ်ဆက်ပြီး မြို့သို့ ပြန်သွားလေသည်။
ဟန်လိသည် တတိယဦးလေး၏ စကားကို အပြည့်အဝနားမလည်သော်လည်း သူက မြို့ကြီးသို့သွားကာ ပိုက်ဆံရှာနိုင်တော့မည်ကို သဘောပေါက်ပေသည်။ ကြည့်ရသည်မှာ သူ၏ အိပ်မက်လေးက နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာခဲ့ပုံရပြီး အလွန်စိတ်လှုပ်ရှားမှုကြောင့် ညအနည်းငယ် အိပ်မရနိုင်အောင် ဖြစ်သွားစေခဲ့သည်။
တစ်လကုန်ဆုံးသွားပြီးနောက် တတိယဦးလေးက ဟန်လိကို စမ်းသပ်စစ်ဆေးမည့် နေရာသို့ ပို့ဆောင်ပေးရန် ရွာကို ပြန်လာခဲ့သည်။ သူထွက်ခွာမသွားခင် ဟန်လိအဖေသည် မှန်ကန်ကောင်းမွန်သည့် အပြုအမူများအကြောင်း ထပ်ကာထပ်ကာ ပြောပြနေခဲ့သည်။
တစ်စုံတစ်ယောက်က ရိုးသားဖြောင့်မတ်ကာ သည်းခံစိတ်မြင့်မားရမည်ဖြစ်ပြီး အခြားလူများနှင့် မလိုအပ်သည့် အငြင်းပွားမှုများကို ရှောင်ကြဥ်သင့်ပေသည်။ ထိုစဥ်တွင် ဟန်လိ၏ အမေက သူ့ကျန်းမာရေးကို ဂရုစိုက်ပြီး ကောင်းကောင်းမွန်မွန် စားသောက်၍ အိပ်စက်ရန် မှာခဲ့သည်။
ရထားလုံးပေါ်တွင် ဟန်လိက သူ့မိဘများ မြင်ကွင်းမှ တဖြေးဖြေး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း နှုတ်ခမ်းများကို ကိုက်ကာ မငိုမိအောင် ထိန်းထားပေသည်။
သူသည် အမြဲတမ်း သက်တူရွယ်တူများထက် ပို၍ ရင့်ကျက်သော်လည်း ဆယ်နှစ်အရွယ်မျှသာ ရှိသေးသည့် ကလေးတစ်ယောက် ဖြစ်သည်။ ဤသည်မှာ ပထမဆုံးအကြိမ် အိမ်မှ ထွက်သွားရခြင်းဖြစ်သဖြင့် အနည်းငယ် စိတ်အားငယ်နေသလို ခံစားခဲ့ရပေသည်။ အိမ်လွမ်းနာကျမှုက သူ့နှလုံးသားထဲ၌ ကြီးမားလာခဲ့ပြီး သူသည် မြန်မြန်ချမ်းသာအောင် ကြိုးစားပြီးနောက် အိမ်သို့အမြန်ပြန်ကာ မိဘများနှင့် နောက်ထပ် မည်သည့်အခါမှ ခွဲမနေတော့ရန် ဆုံးဖြတ်ခဲ့သည်။
ဟန်လိသည် ထိုအခိုက်အတန့်၌ နောက်ပိုင်းတွင် ပိုက်ဆံက သူ့အတွက် မည်သည့် အဓိပ္ပါယ်မှ ရှိလိမ့်တော့မည် မဟုတ်ကြောင်း မည်သည့်အခါမှ တွေးထားခဲ့ခြင်း မရှိပေ။ သူသည် မမျှော်လင့်ဘဲ သာမန်သေမျိုးတို့နှင့် မတူညီသော လမ်းကြောင်းကို လျှောက်မိသွားခဲ့သည်။ ထို့အစား သူက အမတဖြစ်လာရန် ကိုယ်ပိုင်လမ်းကြောင်းသို့ လျှောက်လှမ်းမိသွားခဲ့ခြင်း ဖြစ်ပေသည်။
Note:
山边小村 (ရှန်းပျန်းရှောင်ချွင်း) တောင်ဘေးနားကရွာ၊ တောင်ခြေရွာလေး
二愣子 (အာ့လန့်ကျီ) ဒုတိယအရူး
韩立 (ဟန်လိ)
七玄门 (ချီးရွှမ်မန်) ဆန်းကြယ်မှုခုနစ်ပါးဂိုဏ်း၊ ချီးရွှမ်ဂိုဏ်း။