နွားစိမ်းကျေးရွာ
Vol. 1 Ch. 2
နွားစိမ်းမြို့သည် သေးငယ်သော မြို့လေးတစ်မြို့ဟု ပြောနိုင်သော်လည်း ၎င်းသည် အမှန်တကယ်၌ နွားစိမ်းကျေးရွာဟု ခေါ်သည့် အကြီးစားရွာတစ်ရွာ ဖြစ်လေသည်။
တောင်ပေါ်ဒေသ၌ နေထိုင်ကြသည့် ဒေသခံများသည် ပြင်ပကမ္ဘာမှ လူများက သူတို့ရွာကို နွားစိမ်းမြို့ဟု ခေါ်ကြကြောင်း မသိကြပေ။ ဟန်လိ သိရှိခဲ့သည့် အကြောင်းပြချက်မှာ ဆယ်နှစ်ထက်မက ဂိတ်စောင့်အဖြစ် အလုပ်လုပ်ခဲ့ဖူးသော ဦးလေးကျန်း ပြောပြဖူးသောကြောင့် ဖြစ်လေသည်။
နွားစိမ်းကျေးရွာက အလွန် ကြီးမားခြင်းမရှိပေ။ ထိုကျေးရွာတွင် ရွာ၏ အရှေ့မှ အနောက်သို့ ပတ်ကာ ဖောက်ထားသည့် နွားစိမ်းလမ်းမဟု ခေါ်သော အဓိကလမ်းမကြီးတစ်ခုသာလျှင်ရှိသည်။ ရွာအတွင်း၌ တည်းခိုခန်းတစ်ခုသာရှိပြီး ရွာအနောက်ဘက်ခြမ်းတွင် တည်ရှိပေသည်။ အပြင်ဘက်၌ မအိပ်ခင်သည့် ခရီးသွားကုန်သည်များအတွက် ဤတည်းခိုခန်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။
နွားစိမ်းကျေးရွာ၏ အနောက်ဘက်ခြမ်းသို့ ရထားလုံးသွားရန် လမ်းတစ်လမ်းသာရှိသည်။ ရွာ၏ ဂိတ်တံခါးမှ ဝင်လာပြီးသည့်အခါ နွားစိမ်းတည်းခိုခန်းသို့ သွားရာလမ်း၌ နွေဦးရနံ့စားသောက်ဆိုင် တည်ရှိပြီး တည်းခိုခန်းအပြင် ခရီးသွားများ သွားရောက်ကြသည့် အခြားနေရာတစ်ခုဖြစ်သည်။
နွေဦးရနံ့စားသောက်ဆိုင်သည် အလွန် ကြီးမားခြင်းမရှိဘဲ အတော်လေး ခေတ်ဟောင်းဆန်သည့် အငွေ့အသက်မျိုးရှိသည်။ သို့သော် ထိုအဆောက်အအုံမှာ ခရီးသွားများစွာကို သဘောကျစေနိုင်သည့် ဆွဲဆောင်မှုမျိုး ရှိပေသည်။ နေ့တိုင်း နေ့လယ်ခင်းတွင် အမြဲ လူများ စုဝေးနေတတ်ပြီး ထိုနေရာကို လူစည်ကားနေစေသည်။
လုံးဝန်းသောမျက်နှာနှင့် မုတ်ဆိတ်တို့ရှိသည့် လူတစ်ယောက်က ရထားလုံးအတွင်းမှ ဆယ်နှစ်ခန့်ရှိမည့် အသားညိိုညို ကောင်လေးတစ်ယောက်နှင့်အတူ ထွက်လာခဲ့ပြီး နှစ်ယောက်လုံးက စားသောက်ဆိုင်အတွင်းသို့ ခန့်ညားစွာ လျှောက်ဝင်လာခဲ့သည်။ ပုံမှန်ဖောက်သည်များသည် ထိုလူက မည်သူဖြစ်ကြောင်း သိရှိကြပေသည်။ သူက ဤစားသောက်ဆိုင်၏ စီမံခန့်ခွဲသူ 'ဖက်တီးဟန်' ဖြစ်သော်လည်း သူနှင့်အတူ ပါလာသည့် ကောင်လေးကို သူတို့မရင်းနှီးပေ။
"အကြီးအကဲဟန် ဒီကလေးက ခင်ဗျားနဲ့ တော်တော်တူတာပဲ။ အဲဒါ ခင်ဗျားနဲ့ ညတာအတူ ကုန်ဆုံးခဲ့တဲ့ ပြည့်တန်ဆာတစ်ယောက်ယောက်ရဲ့ ကလေးများလား။" တစ်စုံတစ်ယောက်က နောက်ပြောင်လိုက်သည်။
ထိုနောက်ပြောင်စကား ထွက်လာသည့်အခိုက်တွင် စားသောက်ဆိုင်တစ်ခုလုံး ရယ်သံများ လျှံကျလာပေသည်။
"တော်စမ်းပါ။ ဒါက ကျုပ်ရဲ့ သွေးရင်းအစ်ကိုကနေ မွေးထားတဲ့သား။ ကျူပ်ရဲ့ တူအရင်းပဲ။ ကျိန်းသေ ကျုပ်နဲ့တူတာပေါ့။" ဖက်တီးဟန်က ဒေါသထွက်ရမည့်အစား ဂုဏ်ယူစွာ ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် ရွာကို မရောက်ခင် သုံးရက်လုံးအနားမယူဘဲ ခရီးနှင်ခဲ့ကြရသည်။ သူတို့မှာ ဟန်လိနှင့် ရွာမှလူများက 'ဖက်တီးဟန်' ဟု ခေါ်ကြသည့် တတိယဦးလေးပင် ဖြစ်လေသည်။
ဖက်တီးဟန်သည် အနည်းငယ်နှုတ်ဆက်စကားဆိုပြီးနောက် ဟန်လိကိုခေါ်ကာ စားသောက်ဆိုင်၏ အနောက်ဘက်သို့ ခေါ်ဆောင်သွားပြီး ချောင်ကျသည့် ခြံဝန်းလေးတစ်ခုသို့ ဝင်ရောက်လာသည်။
"ရှောင်လိ မင်း ဒီမှာ ခဏလောက်အနားယူသင့်တယ်။ အတွင်းဂိုဏ်းတပည့် စစ်ဆေးမှုစာမေးပွဲ ဖြေဖို့အချိန်ကျတဲ့အခါကျရင် လာခေါ်လိုက်မယ်။ အခုတော့ ပုံမှန်အလုပ်ကိစ္စလေးတွေ လုပ်ဖို့သွားရဦးမယ်။" ဖက်တီးဟန်က ခြံဝန်းအတွင်းရှိ အခန်းတစ်ခန်းကို ညွှန်ပြပြီး ဟန်လိ အနားသွားယူရန် ကြင်နာစွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဟန်လိ၏ တတိယဦးလေးက ပြန်လှည့်ကာ သူ့ဧည့်သည်များကို ဧည့်ခံရန် စားသောက်ဆိုင်အတွင်းသို့ အလျင်အမြန် ပြန်ဝင်သွားခဲ့သည်။
သူ တံခါးသို့ ရောက်သည်နှင့် သူ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုကို ရုတ်တရက် ခံစားလိုက်ရကာ ဟန်လိအား သတိပေးလိုက်သည်။ "လျှောက်ပြေးမနေနဲ့နော်။ မင်း လျှောက်သွားနေရင် ရွာထဲမှာ လမ်းပျောက်သွားနိုင်တယ်။ ဒါကြောင့် ဒီခြံထဲကနေ မထွက်ရင်တော့ အကောင်းဆုံးပဲ။"
"ဟုတ်ကဲ့။"
ဟန်လိ၏ ရိုးသားသော တုန့်ပြန်မှုကို ကြားပြီးနောက် သူက စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်ပြီး တံခါးသို့ လျှောက်သွားခဲ့သည်။
တတိယဦးလေး ခြံဝန်းထဲမှ ထွက်ခွာသွားပြီးနောက် ဟန်လိသည် ရုတ်တရက် ပင်ပန်းလာသည်ကို ခံစားမိလိုက်သည်။ သူ့ခေါင်းက ခေါင်းအုံးပေါ် ချလိုက်သည့်အခိုက်အတန့်တွင် သူက ချက်ချင်း အိပ်ပျော်သွားခဲ့ပြီး ဟောက်သံလေးများပင် ထွက်လာခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းစွာပင် သာမန်ကလေးတစ်ယောက်သည် မရင်းနှီးသော ပတ်ဝန်းကျင်၌ တစ်ယောက်တည်းရှိနေခဲ့သော်လည်း ကြောက်ရွံ့နေခြင်းမရှိခဲ့ပေ။
ညရောက်လာသည့်အခါ အစေခံတစ်ယောက်က စားစရာတချို့နှင့် ရောက်လာခဲ့သည်။ ၎င်းက အသားအများကြီးမပါသော်လည်း အရသာရှိနေဆဲပင်။ ဟန်လိ စားသောက်ပြီးနောက် တတိယဦးလေးက ပေါ့ပါးစွာ လမ်းလျှောက်ဝင်လာခဲ့ပြီး အစေခံက ပန်းကန်များကို သိမ်းဆည်းကာ ထွက်သွားခဲ့သည်။
"ဘယ်လိုနေလဲ။ အစားအသောက်က မင်း အကြိုက်နဲ့ ကိုက်ရဲ့လား။ အိမ်ကိုရော လွမ်းနေလား။"
"ဟုတ်.... ကျွန်တော် အိမ်ကိုလွမ်းတယ်။" ဟန်လိက ကလေးဆန်သော အသံလေးနှင့် ပြန်ဖြေလိုက်သည်။
တတိယဦးလေးက ဟန်လိ၏ တုန့်ပြန်မှုကို သဘောကျသွားပုံရသည်။ သူက ဟန်လိကို သူ့နေ့စဥ်ဘဝအကြောင်း စတင်ပြောပြလာကာ သူ၏ များပြားလှသော အတွေ့အကြုံများကိုလည်း အာပေါင်အာရင်းသန်သန်နှင့် ပြောပြခဲ့၏။ တဖြေးဖြေးနှင့် ဟန်လိက ရှက်ရွံ့နေခြင်း မရှိတော့ဘဲ တတိယဦးလေးနှင့်အတူ စတင်၍ ရယ်ရယ်မောမော စကားပြောလာသည်။
ထိုသို့ဖြင့် အချိန်နှစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
တတိယမြောက်နေ့တွင် ဟန်လိ ညစာစားပြီးနောက် သူ့ဦးလေး၏ ကျန်းဟူအကြောင်း ဇာတ်လမ်းများကို နားထောင်ရန် စောင့်ဆိုင်းနေစဥ် စားသောက်ဆိုင်ရှေ့၌ ရထားလုံးတစ်စီး လာရပ်ပေသည်။
[ကျန်းဟူ = သိုင်းလောက]
ထိုရထားလုံးသည် ပြောင်လက်နေသည့်အနက်ရောင် သုတ်ထားပြီး ၎င်းကို ဆွဲသည့် မြင်းသည်ပင် မြင်ရခဲသည့် ရွှေရောင်မြင်းဖြစ်လေသည်။ သို့သော် ပို၍ အာရုံဖမ်းအစားနိုင်ဆုံးအရာမှာ ရထားလုံး၏ ဘောင်ပေါ်တွင် အနက်ရောင်ဆိုင်းဘုတ်တစ်ခုရှိပြီး အနီရောင်တြိဂံတစ်ခု၏ အလယ်တွင် 'ရွှမ်' ဟူသည့် ငွေရောင်စာလုံးကို ရေးထွင်းထားသည်။ ဆိုင်းဘုတ်ပေါ်ရှိ ပုံရိပ်သည် နက်နဲသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။
ထိုခေါင်းစီးစာတန်းကို မြင်သည့်အခါ သိုင်းပညာကျွမ်းကျင်သည့် နယ်ပယ်မှ လူတိုင်းက ထိုရထားလုံးမှာ ဤနယ်မြေတစ်ဝိုက်ရှိ အုပ်ချုပ်သူအရှင်သခင်ဂိုဏ်းနှစ်ခုထဲမှ တစ်ခုဖြစ်သည့် ချီးရွှမ်ဂိုဏ်းနှင့် သက်ဆိုင်ကြောင်း သိကြပေသည်။ ကြည့်ရသည်မှာ မြင့်မြတ်သည့်ဧည့်သည်တော်တစ်ယောက်က နွားစိမ်းကျေးရွာသို့ ရောက်ရှိလာပုံရသည်။
ချီးရွှမ်ဂိုဏ်းသည် ယခင်က အထွတ်အထိပ်ခုနစ်ပါး(ချီကျွယ်)ဂိုဏ်းဟု ကျော်ကြားခဲ့ပြီး 'ဆရာသခင်ချီကျွယ်' ဟု ခေါ်သည့် အလွန်ကျော်ကြားသော သိုင်းဆရာသခင်တစ်ပါးက လွန်ခဲ့သည့်နှစ်နှစ်ရာခန့်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆရာသခင်ချီကျွယ်က အလွန် ကျော်ကြားပြီး ကျင်းစီရင်စုနှင့် အနီးရှိ ရှုစီရင်စု၌ပါ နှစ်ဆယ်ချီပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော် သူက နာမကျန်းဖြစ်မှုကို ခံစားခဲ့ရပြီးနောက် ချီးရွှမ်ဂိုဏ်း၏ စွမ်းအားက ထိခိုက်ယိုယွင်းလာပြီး ၎င်း၏ လွှမ်းမိုးနိုင်စွမ်းက တဖြေးဖြေး ကျဆင်းလာသည်။ အဆုံးတွင် ချီးရွှမ်ဂိုဏ်းသည် ပြိုင်ဘက်ဂိုဏ်းများ၏ စုပေါင်းအားထုတ်မှုကြောင့် ကျင်းစီရင်စု၏ အဓိကမြို့တော်မှ အတင်းအကျပ် နှင်ထုတ်ခံခဲ့ရပေသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်တစ်ရာခန့်က ဂိုဏ်းသည် နတ်သက်တန့်တောင်ဟုခေါ်သည့် အလွန် ဝေးလံခေါင်သီသော နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက်တွင် သူတို့က တတိယအဆင့်ဒေသအတွင်း အခြေခံအုတ်မြစ်ကို ပြန်တည်ဆောက်ကာ ဒေသခံအစွမ်းထက်ဂိုဏ်းတစ်ခု ဖြစ်လာသည်။
လူကြီးသူမများပြောသကဲ့သို့ 'ပိန်လှီနေသည့် ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် ကြီးပါသေးသည်' ဟူသော စကားအတိုင်းပင်။ ချီးရွှမ်ဂိုဏ်းသည် တစ်ချိန်က အင်အားကြီးမားသော အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည့်အတွက်ကြောင့် လုံလောက်သော အလားအလာတို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သူတို့က နတ်သက်တန့်တောင်သို့ ရောက်လာသည်နှင့် ချက်ချင်းပင် နွားစိမ်းကျေးရွာအပါအဝင် ဒါဇင်ချီသည့် မြို့များ၊ရွာများကို ချက်ချင်း ထိန်းချုပ်နိုင်ခဲ့ပြီး တပည့်ပေါင်း လေးထောင်ဝန်းကျင်ခန့်ရှိကာ ထိုဒေသတစ်ဝိုက်တွင် ဆန့်ကျင်၍မရနိုင်သော အဆင့်မြင့်အင်အားစုနှစ်ခုအနက်မှ တစ်ခုဖြစ်လာခဲ့သည်။
အနီးဝန်းကျင်တွင် ချီးရွှမ်ဂိုဏ်းနှင့် ယှဥ်နိုင်သော အခြားအင်အားစုတစ်ခုမှာ ဝံပုလွေရိုင်းဂိုဏ်းသာ ရှိပေသည်။
ဝံပုလွေရိုင်းဂိုဏ်းသည် မူလက သတ်ဖြတ်၊ မီးရှို့၊ တိုက်ခိုက်လုယက်မှုတို့ကို မျက်တောင်မခတ်တမ်း လုပ်ဆောင်နိုင်သည့် ကျင်းစီရင်စုမှ မြင်းစီးဓားပြဂိုဏ်း ဖြစ်သည်။ တော်ဝင်နန်းတော်မှ စစ်တပ်စေလွှတ်ပြီး ဓားပြများကို ဝန်းရံကာ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့သည်။ အချို့သော ဓားပြများက တော်ဝင်နန်းတော်၏ သိမ်းသွင်းမှုကို လက်ခံခဲ့ကြပြီး ကျန်သည့် ဓားပြများက ဝံပုလွေရိုင်းဂိုဏ်းကို ဖွဲ့စည်းခဲ့သည်။ ဝံပုလွေရိုင်းဂိုဏ်းသည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာလွန်းကာ သူတို့ မြင်းစီးဓားပြဖြစ်စဥ်ကကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် စရိုက်သဘာဝတို့ကို ထိန်းသိမ်းထားသည်။ ထို့ကြောင့် သူတို့ ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါတိုင်း ချီးရွှမ်ဂိုဏ်းက အမြဲ အရေးမသာဖြစ်ခဲ့ရသည်။
ဝံပုလွေရိုင်းဂိုဏ်းက ချီးရွှမ်ဂိုဏ်းထက်ပို၍ များပြားသော ရွာများကို ထိန်းချုပ်ထားနိုင်လျှင်ပင် ထိုလူဆိုးဂိုဏ်းသည် ပုံမှန်ဝင်ငွေရနိုင်မည့် စီးပွားရေးကို လုပ်ဆောင်ရန် ရွာများအား မည်သို့စီမံရမည်အား မသိကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ရွာများ၏ ချမ်းသာကြွယ်ဝမှုကို ချီးရွှမ်ဂိုဏ်းက ထိန်းချုပ်ထားပြီး ဝံပုလွေရိုင်းဂိုဏ်း၏ ထိန်းချုပ်မှုအောက်မှ ရွာများထက် များစွာသာလွန်သွားပေသည်။ ချီးရွှမ်ဂိုဏ်း၏ ကြွယ်ဝချမ်းသာမှုကို မနာလိုသောကြောင့် ဝံပုလွေရိုင်းဂိုဏ်းက ချီးရွှမ်ဂိုဏ်း၏ နယ်မြေကို သိမ်းယူရန် အစီအစဥ်များပြုလုပ်ခဲ့သော်လည်း အဓိကအင်အားစုနှစ်ခုကြား ကာလရှည်ကြာသည့် ပဋိပက္ခများသာ ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခများသည် လက်ရှိ ချီးရွှမ်ဂိုဏ်းချုပ်အား အမြဲလိုလို ခေါင်းကိုက်စေခဲ့သည်။ ဝံပုလွေရိုင်းဂိုဏ်းကြောင့် ချီးရွှမ်ဂိုဏ်းသည် လတ်တလောနှစ်များတွင် တပည့်အရေအတွက်ကို ပိုမိုတိုးမြှင့်လက်ခံခဲ့သည်။
ရထားလုံးရပ်တန့်သွားပြီးနောက် ပိန်ပါးသည့် အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက် ခုန်ဆင်းလာသည်။ သူ့လှုပ်ရှားမှုများက သွက်လက်နေကာ သူက အစွမ်းထက်သည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေသည်။ သူသည် ဖက်တီးဟန်၏ စားသောက်ဆိုင်နှင့် အလွန် ရင်းနှီးပုံရပြီး ဟန်လိနေထိုင်နေသော အခန်းရှိရာသို့ ဟိတ်ကြီးဟန်ကြီးဖြင့် လျှောက်သွားခဲ့သည်။
အသက်လေးဆယ်အရွယ် လူကြီးကို မြင်သောအခါ ဖက်တီးဟန်သည် ချက်ချင်းပင် သူ့ကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
"စောင့်ရှောက်သူဝမ် ဘာလို့ ခင်ဗျားလို မြင့်မြတ်တဲ့ပုဂ္ဂိုလ်က ကိုယ်တိုင် ခရီးနှင်လာရတာလဲ။"
"ဟမ့်..." စောင့်ရှောက်သူဝမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။
"လမ်းတွေက အခုတလော ငြိမ်းချမ်းမနေဘူး။ အကာအကွယ် အင်အားတောင့်ဖို့လိုတာကြောင့် အကြီးအကဲတွေက ကျုပ်ကို ကိုယ်တိုင်လာဖို့ အမိန့်ပေးခဲ့တာပဲ။ အရေးမပါတာတွေ ပြောမနေနဲ့။ ဒီကလေးက မင်း ထောက်ခံပေးချင်တဲ့ ကလေးလား။"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ဒါက ကျူပ်ရဲ့ တူလေးပါ။ စောင့်ရှောက်သူဝမ် သူ့ကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။"
စောင့်ရှောက်သူဝမ်၏ စိတ်မရှည်သောအကြည့်တို့ကို မြင်သောအခါ တတိယဦးလေးက ချက်ချင်းပင် လေးလံပုံရသည့် အိတ်တစ်အိတ်ကို ထုတ်ယူကာ စောင့်ရှောက်သူဝမ်ထံသို့ တိတ်တဆိတ် ပေးလိုက်သည်။
အိတ်၏ အလေးချိန်ကို ချိန်ဆကြည့်ပြီးနောက် စောင့်ရှောက်သူဝမ်၏ စိတ်မရှည်သည့် အမူအရာတို့က သိသိသာသာ ပြေလျော့သွားလေသည်။
"ဖက်တီးဟန် ခင်ဗျားက ဘယ်လို ဆက်ဆံရေးကောင်းတည်ဆောက်ရမလဲ တကယ်သိတာပဲ။ အပြန်လမ်းမှာ ကျုပ် ခင်ဗျားတူကို ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ်။ အခုတော့ နောက်ကျနေပြီ။ ခရီးကို စောစော စ,လိုက်တာ အကောင်းဆုံးပဲ။"