← Chapters

ချီးရွှမ်ဂိုဏ်း

Vol. 1 Ch. 3

ချီးရွှမ်ဂိုဏ်း

Vol. 1 Ch. 3

ရထားလုံးအတွင်းမှ အနံ့က မနှစ်မြို့ဖွယ်ကောင်းနေသော်လည်း ၎င်းက အံ့အားသင့်စရာ မရှိပေ။ ဤရထားလုံးမှာ အများဆုံး လူဆယ်ယောက်သာ ဆံ့သော်လည်း လက်ရှိတွင် ကလေးအယောက်သုံးဆယ်ကို ရထားလုံးထဲ၌ ပြွတ်သိပ်ကျပ်ညပ်နေစေသည်။ ကလေးများက အရွယ်ရောက်ပြီးသူများ၏ ခန္ဓာကိုယ်ထက် သေးငယ်ကြလျှင်ပင် ရထားလုံးအတွင်း နေရာလွတ်တွင် ပူးကပ်ကျပ်ညပ်နေကြရသည်။

လိမ္မာသော ဟန်လိလေးက ရထားလုံးထဲ ပထမဆုံး ဝင်လာသောအခါ အစွန်းဘက်နားရှိ ခုံတစ်ခုံတွင် နေရာယူလိုက်ပြီး ယခု အခြားကလေးများကို တိတ်တိတ်လေး စူးစမ်းလေ့လာနေခဲ့သည်။

ချီးရွှမ်ဂိုဏ်း၌ စမ်းသပ်စစ်ဆေးမှု ဖြေဆိုရန် စာရင်းသွင်းထားသည့် ကလေးများ သို့မဟုတ် ထောက်ခံချက်ရရှိထားသော ကလေးများကို သူတို့၏ အဝတ်အစားများနှင့် အပြုအမူများပေါ် မူတည်၍ မတူညီသော အုပ်စုသုံးခုအဖြစ် ခွဲခြားနိုင်သည်။

ပထမအုပ်စုမှာ ပိုးသားအထည်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ရထားလုံး၏ အလယ်တွင် ထိုင်ကာ သူ့အနီးတွင် ကလေးအများစု ဝန်းရံနေသည်။

ထိုလူငယ်လေး၏ အမည်က ဝူယန်ဖြစ်ပြီး သူက အသက်ဆယ့်သုံးနှစ်ခန့်ရှိကာ ရထားလုံးအတွင်း ထိုင်နေသည့်ကလေးများကြား အသက်အကြီးဆုံး ဖြစ်သည်။ ပုံမှန်အားဖြင့် သူ၏ အသက်က အသက်အရွယ် ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သော်လည်း သူ၏ ဝမ်းကွဲအစ်မများထဲမှ တစ်ယောက်က ချီးရွှမ်ဂိုဏ်းအတွင်းရှိ အာဏာရှိသူတစ်ယောက်ကို လက်ထပ်ထားခဲ့သည်။ ထို့ကြောင့် ဝူယန်၏ အသက်အရွယ်ကို တမင်သက်သက် ခြွင်းချက်ထားကာ ရွေးချယ်ပွဲ၌ ပါဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဝူယန်၏ မိသားစုက ကိုယ်ခံပညာသင်တန်းကျောင်း ဖွင့်လှစ်ထားပြီး သူက ချမ်းသာကြွယ်ဝစွာ နေထိုင်ခဲ့ရသည်ဟု သတ်မှတ်နိုင်သည်။ အသက်ငယ်ရွယ်စဥ်ကတည်းက ပြင်ပကိုယ်ခန္ဓာသိုင်းပညာကို လေ့ကျင့်ခဲ့သည်။ သူ့အရည်အချင်းက ထူးချွန်သည်ဟု မသတ်မှတ်နိုင်လျှင်ပင် ဟန်လိကဲ့သို့ ယခင်က ကိုယ်ခံသိုင်းပညာမလေ့ကျင့်ဖူးသည့် ကလေးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ကို ​ခြေဖဝါးအောက် နင်းချေရန်လုံလောက်သည်ထက် ပိုပေသည်။

ချမ်းသာကြွယ်ဝသည့် အင်အားကြီးမိသားစုများမှ လာသော ဝူယန်ကဲ့သို့ ကလေးများသည် ယခင်က ကိုယ်ခံသိုင်းပညာကို လေ့ကျင့်ဖူးခဲ့ကြောင်း သိသာထင်ရှားပြီး ရထားလုံးအတွင်းမှ ကလေးများအုပ်စုအတွင်း ကျော်ကြားသည်ဟု သတ်မှတ်နိုင်သည်။

ဒုတိယအုပ်စုကလေးများက မတူညီသော နောက်ခံများမှလာခဲ့သူများ ဖြစ်သည်။ အချို့က ဆိုင်ပိုင်ရှင်မိသားစုများမှ လာခြင်းဖြစ်ပြီး အချို့က အလုပ်သမားမိသားစုများ သို့မဟုတ် လက်မှုပညာရှင်မိသားစုများ အစရှိသည်တို့မှ လာခြင်း ဖြစ်သည်။ သို့သော် သူတို့အားလုံးတွင် တူညီသော အရာတစ်ခုရှိသည်။ သူတို့က မြို့ထဲ၌ ကြီးပြင်းလာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အသက်ငယ်ရွယ်စဥ်မှာပင် သူတို့ မိသားစုလူကြီးများထံမှ မည်သို့သော လူများက သူတို့အတွက်အကျိုးရှိစေမည်ကို သိရှိရန် မည်သို့မည်ပုံလေ့လာရမည်အား သင်ယူထားခဲ့ကြသည်။ ထို့ကြောင့် ဝူယန်အနီးမှ ထိုကလေးများသည် 'သခင်လေးဝူ' နှင့် 'အစ်ကိုကြီးဝူ' ဟု ထပ်ခါတလဲလဲ ခေါ်ဆိုရင်း မျက်နှာသာရစေရန် ကြိုးပမ်းနေကြ၏။ ဝူယန်က ထိုအပြုအမူများကို အသားကျနေပုံရလေသည်။

တတိယအုပ်စုမှ ကလေးများက ဟန်လိကဲ့သို့သူများဖြစ်သည်။ ဤအဖွဲ့က ကလေးများသည် ဝေးလံ၍ ဆင်းရဲသည့်ရွာလေးများမှ လာကြသူများ ဖြစ်၏။ သူတို့သည် ပုံမှန်အားဖြင့် ဆင်းရဲကြပြီး ရုန်းကန်နေရသည့် လောကဓံ၏ ခက်ခဲမှုများကို ခံစားဖူးသူများ ဖြစ်ကြသည်။ ဤတတိယအုပ်စုအတွင်း ကလေးအနည်းအကျဥ်းသာရှိပြီး ရထားလုံးအတွင်း၌ အရေးမပါသည့် အနေအထားကို ဖန်တီးနေသည်။ သူတို့က တိတ်ဆိတ်သည့် အပြုအမူများကို ထိန်းသိမ်းထားပြီး စကားပြောခြင်း ရယ်မောခြင်းတို့ကို ကျယ်လောင်စွာမပြုရဲကြပေ။ သူတို့သည် ထိုကျယ်ကျယ်လောင်လောင် ပြောဆိုနေသည့် ကလေးများနှင့်ယှဥ်လျှင် အေးအေးဆေးဆေး ရှိနေကြသည်။

မြင်းရထားလုံးက နွားစိမ်းကျေးရွာမှ ထွက်ခွာလာပြီးနောက် အနောက်ဘက်ဒေသသို့ ဦးတည်၍ အခြားနေရာများကို ကွေ့ပတ်သွားကာ ပို၍များပြားသော ကလေးများကို စုဆောင်းလာသည်။ ပဉ္စမမြောက်နေ့ နေဝင်ရီတရောအချိန်တွင် သူတို့က ချီးရွှမ်ဂိုဏ်းတည်ရှိရာ နတ်သက်တန့်တောင်သို့ ရောက်ရှိလာကြသည်။

ကလေးများ ရထားလုံးအတွင်းမှ ထွက်လာသောအခါ အရင်ဆုံးမြင်ရသည့်အရာမှာ လှပညှို့ငင်နိုင်သော နေဝင်ချိန်ပင် ဖြစ်သည်။ စောင့်ရှောက်သူဝမ်က ကလေးများကို ဆော်သြလိုက်သည့်အတွက် သူတို့က အံ့သြမှင်တက်နေရာမှ နိုးထလာကာ ရှေ့သို့ ဆက်လက်လျှောက်သွားခဲ့ကြသည်။

နတ်သက်တန့်တောင်ကို မူလက ကျဆုံးဖီးနစ်တောင်ဟု ခေါ်ပေသည်။ ရှေးခေတ်အချိန်အခါမှ ဒဏ္ဍာရီများအရ ဤနေရာ၌ အရောင်ငါးရောင်ရှိသည့် ဖီးနစ်ကျရောက်လာပြီးနောက် တဖြေးဖြေး တောင်အဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ဆိုသည်။ ဤနေရာကို လူသားများ ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့သည် တောင်ကို နောက်ခံထား၍ ပန်းဆီရောင်တိမ်တိုက်များနှင့် နေဝင်ချိန်က မည်မျှလှပကြောင်း သတိပြုမိခဲ့ကြသည်။ ထိုခမ်းနားထည်ဝါလှပသည့် မြင်ကွင်းကို အမှီပြုကာ လူသားများက ဤနေရာကို နတ်သက်တန့်တောင်ဟု အမည်ပြန်ပေးရန် ဆုံးဖြတ်ခဲ့ကြပေသည်။

နတ်သက်တန့်တောင်သည် ပိုင်မန်တောင်ပြီးနောက် ဒုတိယအကြီးဆုံးတောင် ဖြစ်သည်။ ၎င်းသည် အလွန် ကျယ်ပြောပြီး အချင်းဝက်ဆယ်မိုင် ရှိပေသည်။ နတ်သက်တန့်တောင်သည် အမှန်တကယ်၌ တောင်ထွတ်ဆယ်ခု သွယ်တန်းနေသည့် တောင်တန်းတစ်ခုဖြစ်ပြီး တောင်ထွတ်တစ်ခုချင်းစီက အလွန်အန္တရာယ်များလှကာ ချီးရွှမ်ဂိုဏ်းမှ မတူညီသော အဖွဲ့ခွဲများ၏ ထိန်းချုပ်မှုအောက်တွင် ရှိပေသည်။

နတ်သက်တန့်တောင်၏ အဓိကတောင်ထွတ်ကို 'နေဝင်ဆည်းဆာတောင်ထွတ်' ဟုခေါ်ပြီး ၎င်းသည် မယုံကြည်နိုင်လောက်အောင် အန္တရာယ်များပေသည်။ ယင်းက အလွန် မတ်စောက်ရုံမျှမက တောင်ထွတ်နှင့် တောင်ခြေကို ဆက်သွယ်ထားသော လမ်းက တစ်လမ်းတည်းသာရှိပေသည်။ ချီးရွှမ်ဂိုဏ်းက ဤနေရာ၌ သူတို့၏ အုတ်မြစ်ကို တည်ဆောက်ပြီးနောက် တောင်တက်လမ်းတွင် စစ်ဆေးရေးဂိတ် စုစုပေါင်းဆယ့်သုံးခု ထားရှိသည်။ ထိုစစ်ဆေးရေးဂိတ်များထဲမှ အချို့ကို ဖုံးကွယ်ထားသော်လည်း အချို့မှာ ထင်သာမြင်သာရှိပေသည်။ သူတို့သည် ဝံပုလွေရိုင်းဂိုဏ်းက တောင်ပေါ်ကို ကျူးကျော်လာမည့် အခြေအနေတိုင်းအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ဟန်လိက အဖွဲ့ကို လိုက်ပါပို့ဆောင်ပေးသည့် စောင့်ရှောက်သူနောက်မှ လိုက်လာရင်း အနီးဝန်းကျင်ကို လေ့လာနေသည်။ ရုတ်တရက် အရှေ့မှသွားနေသည့် လူများက ရပ်တန့်လိုက်ပြီး ခင်မင်ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"ညီလေးဝမ် ဘာလို့ရောက်တာ ဒီလောက်နောက်ကျတာလဲ။ ရောက်ရမယ့်အချိန်ထက် နှစ်ရက်တောင် နောက်ကျတယ်နော်။"

"ခန်းမသခင်ယွဲ့ ကျုပ်တို့ ခရီးလမ်းမှာ နှောင့်နှေးသွားတာကြောင့် ခင်ဗျားကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။" ကလေးများအားလုံး၏ ရှေ့တွင် ရပ်နေသည့် စောင့်ရှောက်သူဝမ်က မျက်နှာနီနီနှင့် လူအိုကြီးကို လေးစားမှုအပြည့်နှင့် အရိုအသေပေးရင်း ပြန်ဖြေလိုက်သည်။ စောင့်ရှောက်သူဝမ်၏ တင်းမာသော မျက်နှာထားက ချက်ချင်းပင် မျက်နှာလိုမျက်နှာရပုံစံအဖြစ် ပြောင်းလဲသွားပေသည်။

"ဒီကလေးတွေက ဘယ်အသုတ်ကလဲ။"

"ဆယ့်ခုနစ်သုတ်မြောက်ကပါ။"

"အင်း။" ခန်းမသခင်ယွဲ့က ဟိတ်ဟန်တခွဲသားဖြင့် ဟန်လိနှင့် အခြားကလေးများကို ကြည့်လိုက်သည်။

"သူတို့ကို အိပ်ဆောင်ဆီပို့ပေးလိုက်။ ဒီညကောင်းကောင်း အနားယူပါစေ။ မနက်ဖြန်မနက် ရွေးချယ်ပွဲစတင်မယ်။ ကျရှုံးတဲ့သူတွေနဲ့ စည်းမျဥ်းချိုးဖောက်တဲ့သူတွေကို တောင်အောက် ပြန်ပို့လိုက် နားလည်လား။"

"နားလည်ပါပြီ ခန်းမသခင်ယွဲ့။"

တောင်ထပ်သို့ ကျောက်တုံးလှေကားများမှ လျှောက်တက်သွားရင်း ကလေးများက အလွန်စိတ်လှုပ်ရှားနေသော်လည်း မ​ည်သူမှ ကျယ်လောင်စွာ စကားမပြောရဲကြပေ။ သူတို့က အသက်ငယ်ရွယ်သော်လည်း ကလေးများသည် ဤနေရာက သူတို့၏ ကံကြမ္မာများကို အဆုံးအဖြတ်ပေးလိမ့်မည်အား သိကြပေသည်။

စောင့်ရှောက်သူဝမ်က ဦးဆောင်ကာ လမ်းတလျှောက်တွင် လူပေါင်းများစွာကို နှုတ်ဆက်ခဲ့ပြီး ကလေးများ၏ အိပ်ဆောင်သို့ ရောက်ရှိလာသည်။ စောင့်ရှောက်သူဝမ်က လူတော်တော်များများနှင့် ရင်းနှီးပြီး ဂိုဏ်းအတွင်း၌ အတော်လေး လူသိများပုံရလေသည်။

သူတို့ လမ်းတွင် တွေ့ခဲ့ရသည့် လူအများစုမှာ အားလုံး အစိမ်းရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ဓားများ သယ်ဆောင်ထားသည်။ လက်ဗလာဖြစ်နေပုံရသည့် အချို့လူများက သူတို့၏ ခါးဝိုက်တွင် လျှို့ဝှက်ဆန်းကြယ်သည့် ပစ္စည်းများနှင့် ပြည့်နေသော အိတ်များကို ဝတ်ဆင်ထားသည်။ သူတို့၏ အပြုအမူပုံစံများမှတဆင့် ထိုလူများအားလုံးက သိုင်းပညာရပ်များ၌ ကျွမ်းကျင်မှုရှိမည်ကို ပြောနိုင်ပေသည်။

ဟန်လိနှင့် အခြားကလေးများသည် အခြားတောင်ထွတ်များနှင့် ယှဥ်လျှင် အနည်းငယ် နိမ့်သော တောင်ထွတ်တစ်ခုသို့ ခေါ်ဆောင်သွားခံရသည်။ တောင်ထိပ်တွင် ရွံ့ဖြင့်ပြုလုပ်ထားသော အိမ်တစ်လုံးရှိပြီး ကလေးများ ညအိပ်ရန်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဟန်လိသည် သူ အိပ်ပျော်သွားသည့်အခါ ပိုးသားဝတ်စုံကို ဝတ်ဆင်၍ လက်ထဲ၌ ရွှေရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ပြိုင်ဘက်ကင်း သိုင်းပညာတို့ကို ပိုင်ဆိုင်ထားပြီး ယခင်က သူ ယှဥ်ပြိုင်နိုင်ခြင်း မရှိခဲ့သော ရွာမှ ပန်းပဲသမား၏ သားများကို ရိုက်နှက်ခဲ့သည်ဟု အိပ်မက်မက်လေသည်။ ထို့နောက် သူက မနက်ခင်းအိပ်ရာထလာစဥ်၌ပင် သူ့အိပ်မက်အကြောင်းကို မှတ်မိနေဆဲ ဖြစ်သည်။

စောင့်ရှောက်သူဝမ်က ကလေးများကို မနက်စာစားရန် ခွင့်မပြုခဲ့ပေ။ ထို့အစား သူက ကလေးများအားလုံးကို လမ်းတလျှောက် ဝါးတောများရှိနေသည့် မတ်စောက်သော ဆင်ခြေလျှောမှ တောင်အောက်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာ၌ ခန်းမသခင်ယွဲ့အပါအဝင် ဟန်လိ မသိရှိသည့် အခြားသော လူငယ်များစွာက သူတို့ကို စောင့်ဆိုင်းနေခဲ့လေသည်။

All Chapters