← Chapters

အရိုးသန့်စင်ချောက်ကမ်းပါး

Vol. 1 Ch. 4

အရိုးသန့်စင်ချောက်ကမ်းပါး

Vol. 1 Ch. 4

ကလေးများ၏ ရှေ့မှ ခန်းမသခင်ယွဲ့က အော်ပြောလိုက်သည်။ "လူတိုင်း နားထောင်ကြပါ။ ဝါးတောထဲမှာ လမ်းလေးတစ်ခုရှိပြီး အဲဒီကနေ ရှေ့ဆက်လျှောက်ရင် ချီးရွှမ်ဂိုဏ်းရဲ့ အရိုးသန့်စင်ချောက်ကမ်းပါးကို ရောက်နိုင်လိမ့်မယ်။ လမ်းရဲ့ ပထမဆုံးအပိုင်းက ဝါးတောဖြစ်လိမ့်မယ်။ ဒုတိယအပိုင်းက ကျောက်တောင်နယ်မြေဖြစ်ပြီး နောက်ဆုံးအပိုင်းက ချောက်ကမ်းပါးဖြစ်လိမ့်မယ်။ နေ့လယ်မတိုင်ခင် အရိုးသန့်စင်ချောက်ကမ်းပါးကို တက်နိုင်တဲ့သူတွေပဲ ကျုပ်တို့ရဲ့ ချီးရွှမ်ဂိုဏ်းကို ဝင်ခွင့်ရမှာဖြစ်တယ်။ နေ့လယ်ကျော်ပြီးတာတောင် မပြီး​မြောက်ဘူးဆိုရင် မင်းတို့က အတွင်းဂိုဏ်းတပည့် ဖြစ်လာတော့မှာမဟုတ်ပေမယ့် အသိအမှတ်ပြုနိုင်လောက်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ခဲ့ရင် တရားမဝင်တပည့် ဖြစ်လာနိုင်သေးတယ်။"

ဟန်လိသည် တရားမဝင်တပည့်ဟူသည့် အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။ သူ သိသည့်တစ်ခုတည်းသောအရာမှာ ချောက်ကမ်းပါးကို တက်ရန်သာဖြစ်သည်။ သူ့ အကြည့်များက ရှေ့သို့ ရောက်သွားပြီး ၎င်း၏ မျက်နှာပြင်ပေါ်၌ ရှည်လျားသည့် ဝါးပင်များ ပေါက်ရောက်နေသော မတ်စောက်သည့် ဆင်ခြေလျှောတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက တက်ရောက်ရန် အလွန် ခက်ခဲမည့်ပုံရလေသည်။

အခြားကလေးများကို လေ့လာနေရင်း ဟန်လိသည် သူနှင့်သက်တူရွယ်တူ ကလေးများအုပ်စုကို အရှုံးပေးရန် ဆန္ဒမရှိခဲ့ပေ။ အခြားကလေးများအတွက်လည်း အ​ခြေအနေ လျင်မြန်စွာ ပြင်းထန်လာခဲ့ပေသည်။

ခန်းမသခင်ယွဲ့က မြင့်တက်လာသည့် နေမင်းကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီ။ အချိန်ကျနေပြီ။ စထွက်ဖို့ပြင်ကြတော့။ မကြောက်ကြနဲ့.. မင်းတို့မှာ အန္တရာယ်တစ်ခုခုရှိရင် မင်းတို့ စီနီယာတွေက နောက်ကနေ ကာကွယ်ပေးလိမ့်မယ်။"

ဟန်လိက ခေါင်းလှည့်ကာ သူ မသိရှိသည့် လူငယ်လေးများကို ကြည့်လိုက်သည်။

ထိုလူများက စီနီယာတပည့်များဖြစ်ကြသောကြောင့် အစောပိုင်းအသုတ်မှ ဝင်ရောက်လာသူများ ဖြစ်နိုင်ပေသည်။ ဟန်လိက တွေးလိုက်ပေသည်။ "ဘယ်လောက်အထင်ကြီးစရာ ကောင်းလိုက်သလဲ။ ငါသာ သူတို့လို အောင်မြင်နိုင်ခဲ့ရင် အတွင်းဂိုဏ်းတပည့်တစ်ယောက်ရဲ့ တူညီဝတ်စုံကို ဝတ်နိုင်မှာလား။"

သူက အတွေးထဲနစ်နေစဥ် ဟန်လိသည် အခြားကလေးများက ဝါးတောအုပ်အတွင်း ပြေးဝင်သွားကြပြီးဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ သူ နောက်တွင်ကျန်ရစ်နေခဲ့သည်ကို မြင်သောအခါ ဟန်လိက ရှေ့သို့ စတင်လျှောက်သွားခဲ့သည်။

ကလေးအယောက်သုံးဆယ်က အပြေးဝင်သွားသည်နှင့် သူတို့က ကျယ်ပြောလှသည့် ဝါးတောအုပ်အတွင်း အဖွဲ့တစ်ခုအဖြစ်မှနေ၍ လျင်မြန်စွာ ပြန့်ကျဲသွားတော့သည်။ အေးစက်သော မျက်နှာနှင့် ပိန်သွယ်သည့် စီနီယာတပည့်တစ်ယောက်က ဟန်လိနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။ ဟန်လိသည် အနည်းငယ် ကြောက်ရွံ့သည်ကို ခံစားမိလိုက်ပြီး ထိုစီနီယာတပည့်အား စကားမပြောရဲခဲ့ပေ။ အနည်းငယ် ထိတ်လန့်နေလျက် သူက ခြေထောက်ကိုကြွကာ ဆင်ခြေလျှောတလျှောက် စတင် လျှောက်လှမ်းလိုက်သည်။

ဤဝါးတောအုပ်သည် အပြင်မှကြည့်အခါ သာမန်အတိုင်း ထင်မှတ်ရသော်လည်း ဟန်လိ အချိန်တစ်ခုထိ လမ်းလျှောက်လာပြီးနောက် သူသည် ရှေ့သို့ ဆက်လှမ်းရန် ပို၍ ခက်ခဲလာပြီး နှေးကွေးလာသည်ကို တွေ့ရှိလိုက်ရသည်။ သူ့ခြေလှမ်းများက လေးလံလာပြီး တဖြေးဖြေးနှင့် ဟန်လိသည် ဝါးပင်များကို ဆွဲယူအားပြုရန် လက်တစ်ဖက်ကို စတင်အသုံးပြုလာရကာ ဝါးပင်၏ ပြန်ကန်အားနှင့် သူ့ကိုယ်သူ ရှေ့သို့ ဆက်သွားနိုင်စေရန် လုပ်ဆောင်ခဲ့သည်။

ဟန်လိသည် ထိုသို့လုပ်ဆောင်ရင်း အချိန်တချို့ကြာသည်ထိ တောင့်ခံနိုင်ခဲ့သော်လည်း သူက နောက်ဆုံး၌ မောပန်းလာရကာ ရွေးချယ်စရာမရှိဘဲ နေရာလွတ်ရှာ၍ အနားယူရန် ထိုင်ချလိုက်ရတော့သည်။ သူက အလွန် မောပန်းနေသည့်အတွက် အသက်ရှူသံက လေးလံနေခဲ့၏။

အသက်ရှူသံ ပုံမှန်ဖြစ်လာအောင် နားနေစဥ် ဟန်လိသည် သူ့နောက်မှ ပိန်ပါးပါး အရပ်ရှည်ရှည် စီနီယာအစ်ကိုကို လှည့်ကြည့်လိုက်သည်။ မြေပြင်က အလွန် မတ်စောက်သော်လည်း ထိုစီနီယာတပည့်က သူ့အတွက် မည်သို့မှမဖြစ်သယောင် မြေပြင်ပေါ်၌ တည်တည်ငြိမ်ငြိမ် ရပ်နေခဲ့သည်။ သူ့ ခန္ဓာကိုယ်တွင် ဖုန်မှုန့်တစ်စကပ်ငြိမနေဘဲ အနီးအနားရှိ ဝါးပင်များကဲ့သို့ ဖြောင့်မတ်စွာရပ်နေခဲ့ပြီး ဟန်လိကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ထိုစီနီယာအစ်ကို၏ အေးစက်သောအကြည့်များကို ရင်ဆိုင်လိုက်ရသည့်အခါ ဟန်လိသည် နှလုံးသားထဲမှ ကြောက်ရွံ့မှုတို့ကို ခံစားလိုက်ရပြီး အလျင်အမြန် အကြည့်လွှဲလိုက်သည်။ သူသည် အရှေ့တွင်လည်း လေးလံသည့် အသက်ရှုသံတို့ကို ကြားလိုက်ရသည်။ ထိုသည်မှာ အမြန်သွားခဲ့သည့် ကလေးများထဲမှ တစ်ယောက်က ဤအခွင့်အရေးကို အနားယူရန် အသုံးပြုနေခြင်း ဖြစ်ရပေမည်။ တခဏအနားယူပြီးနောက် ဟန်လိက သူ့ခရီးစဥ်ကို အမြန်ပြန်စတင်လိုက်သည်။

ဆင်ခြေလျှောက အလွန်မတ်စောက်ကာ အန္တရာယ်များလှပြီး ဟန်လိ၏ အားအင်များက တဖြေးဖြေးနှင့် ကုန်ခမ်းလာနေသည်။

သူက ခြေထောက်များနှင့် လျှောက်သွားရမည့်အစား မြေပြင်၌ လဲလျောင်းကာ တွားသွားရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် သူက အားအင်ကုန်ခမ်းကာ မောပန်းနွမ်းနယ်လာလျှင်ပင် မှောက်ထိုးလဲကာ ပြုတ်ကျတော့မည် မဟုတ်ပေ။ ကံကောင်းစွာနှင့် သူ့ အဝတ်အစားများက ခိုင်ခံ့သော ပစ္စည်းများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ့တံတောင်ဆစ်နှင့် ဒူးခေါင်းတို့က ကျောက်သားမြေပြင်၏ ပွတ်တိုက်မှုကြောင့် ဒဏ်ရာများ ရရှိသွားရပေလိမ့်မည်။

ဝါးရုံတောအုပ်၏ အဆုံးသတ်သို့ ရောက်လုနီးနီးဖြစ်လာသည်နှင့် ဟန်လိသည် ဤနောက်ဆုံးအကွာအဝေးက ပြီးဆုံးအောင် လျှောက်လှမ်းရန် ပိုမိုခက်ခဲလာသည်ဟု ခံစားမိလိုက်ပေသည်။ ထိုသည်မှာ ဝါးပင်အရေအတွက်က လျော့နည်းလာသည့်အချိန် မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်စိုင်များက ပိုမိုများပြားလာသောကြောင့် ဖြစ်သည်။

ဟန်လိသည် နောက်ဆုံး၌ ဝါးရုံတောအစပ်သို့ ရောက်ရှိလာပြီး သူ့ကို ထောက်ပံပေးဖို့ရာအတွက် အသုံးပြုရန် ဝါးပင်များ ထပ်မရှိတော့ပေ။ သူသည် ဤလမ်း၏ အဆုံးကို ဖြေးညင်းစွာ ဖြတ်သန်းခဲ့ပြီး ပထမဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သည်။

သူ ဝါးရုံတောအုပ်မှ လျှောက်ထွက်လာသည့်အခိုက်အတန့်တွင် ကျယ်ပြန့်သည့် မြေပြင်ကိုသာလျှင် မြင်နိုင်ပေသည်။ သူ့ရှေ့တွင် နှိုင်းယှဥ်မရအောင် ကြီးမားသည့် ကျောက်တောင်ကြီးတစ်ခုရှိသည်။ ထိုကြီးမားသည့် တောင်၏ ထိပ်တွင် သေးငယ်သော ကလေးအနည်းငယ်ရှိနေကာ ကျောက်တောင်ကို ဖြေးညင်းစွာ တက်နေခဲ့ပြီး စီနီယာတပည့်အချို့က သူတို့ကို သေချာအာရုံစိုက်၍ စောင့်ကြည့်ပေးနေသည်။ ဟန်လိသည် ထပ်မံတွေဝေမနေရဲတော့ဘဲ ကြီးမားသည့် ကျောက်တောင်ရှေ့သို့ အမြန်သွားရောက်ခဲ့သည်။

ထိုတောင်ကို အနည်ကျကျောက် တစ်လွှာပြီးတစ်လွှာထပ်ကာ ဖွဲ့စည်းထားပြီး အလွန် တိုက်စားလွယ်ပုံပေါ်သည်။ အချို့နေရာများတွင် မြေပြင်က ထိလိုက်ရုံဖြင့် ပြိုကျတော့မယောင် ဖြစ်နေပေသည်။ ကျောက်တုံးအပိုင်းအစများက ကျိုးပဲ့လာတတ်သဖြင့် သူတို့က ဒဏ်ရာအလွယ်တကူ ရသွားနိုင်ပြီး အလွန် အန္တရာယ်များလှပေသည်။ အချိန်တခဏကြာပြီးနောက် ဟန်လိ၏ လက်များသည် ခြစ်ရာရှရာများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့အဝတ်များက ပြဲစုတ်လာပြီး ဒူးနားတဝိုက်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်လာကာ အဝတ်များအောက် ပုန်းကွယ်နေသည့် သူ၏ ခန္ဓာကိုယ်ကြွက်သားများတွင်လည်း ထိခိုက်ရှရာဒဏ်ချက်များ ရရှိနေခဲ့သည်။ သူ့ဒူးပေါ်ရှိ ဒဏ်ရာများက သေးငယ်သော်လည်း ဟန်လိသည် ထိုဒဏ်ရာများက ကျောက်သားများနှင့် ပွတ်တိုက်မိသွားသည့် အချိန်တိုင်း အံတင်းတင်းကြိတ်ထားရပေသည်။ နာကျင်မှုက သူ သည်းခံနိုင်သည်ထက် ကျော်လွန်နေသည်။

အချို့သော ကလေးအနည်းငယ်က ရှေ့မှ ဦးဆောင်ကာ တက်ရောက်နေခဲ့ပြီး တဖြေးဖြေး ဝေးကွာသွားသည်။ သူ့အရှေ့ရှိ အခြားလူများကို မြင်သောအခါ ဟန်လိက လက်လျှော့ရန် ငြင်းဆန်ခဲ့သည်။ သူသည် စိတ်ထဲ၌ လက်လျှော့ရန်အတွေးဝင်လာသည့်အချိန်တိုင်း သူ၏ တတိယဦးလေးနှင့် သူ့မိသားစု ပုံရိပ်တို့ ပေါ်လာလိမ့်မည်ဖြစ်ပြီး သူ့အား ရှေ့ဆက်လှမ်းရန် စိတ်ဓာတ်ခွန်အားတို့ကို ပေးစွမ်းနေသည်။ သူ ချစ်ရသူများ၏ အမှတ်ရစရာမှတ်ဉာဏ်တို့နှင့် ဟန်လိသည် ရှေ့ဆက်ရန် အားအင်တို့ရရှိလာကာ မဆုတ်မနစ် ရှေ့ဆက်နေခဲ့သည်။

ဟန်လိ အတွင်းဂိုဏ်းတပည့်စာမေးပွဲအတွက် ထွက်မလာခင် ဟန်လိအဖေနှင့် တတိယဦးလေးသည် စမ်းသပ်မှုက အလွန် ခက်ခဲမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သူက အဆုံးထိ တောင့်မခံနိုင်ခဲ့လျှင် ဟန်လိသည် ချီးရွှမ်ဂိုဏ်းသို့ ဝင်ရောက်ရန် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင် ဟန်လိသည် ဂိုဏ်းသို့ ဝင်ရောက်ရန်ဟူသည့် အကြောင်းကို ထပ်မံဂရုမစိုက်တော့ဘဲ သူ့ကို ရှေ့ဆက်အောင် တွန်းအားပေးနေသည့် အကြောင်းရင်းမှာ လက်လျှော့ရန် ဆန္ဒမရှိခြင်းနှင့် ရှေ့မှဦးဆောင်နေသည့် အခြားလူများကို အမီလိုက်ရန်သာ ဖြစ်ပေသည်။

ဟန်လိက ခေါင်းကို မော့ကြည့်လိုက်ပြီး လက်ရှိတွင် အဝေးဆုံးရောက်နေသူမှာ ဝူယန်ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ဝူယန်က ဟန်လိထက် အသက်ပိုကြီးပြီး ကိုယ်ခံသိုင်းပညာ လေ့ကျင့်ထားသေးသည်။ ထို့ကြောင့် သူက အခြားကလေးများနှင့် ယှဥ်သည့်အခါ သန်မာသော ခန္ဓာကိုယ်ရှိနေသည်မှာ အံ့သြစရာမရှိပေ။

တစ်ဖန်ထပ်ကာ ဟန်လိက နောက်သို့လှည့်ကြည့်လိုက်သည့်အခါ သူက ကလေးအချို့ကို ကျော်တက်လာသည်ကို မြင်လိုက်ရပြီး အများစုက ရှေ့သို့ ဆက်လှမ်းနေကြဆဲ ဖြစ်သည်။ ဟန်လိက လေများကို တရှိုက်ရှူသွင်းလိုက်ပြီး တောင်တက်သည့် အရှိန်ကို မြှင့်လိုက်သည်။

သို့ပေမယ့် သူ၏ အားအင်တို့ ကုန်ခမ်းလာပါသော်လည်း ထိုဦးဆောင်နေသည့် ကလေးများနှင့် သူ့ကြားမှ အကွာအဝေးကို ကျဥ်းမြောင်းလာအောင် မလုပ်နိုင်ပေ။ နေမင်းက ကောင်းကင်အလယ်တည့်တည့်သို့ တရွေ့ရွေ့ ချဥ်းကပ်လာနေပြီး ဟန်လိ၏ ခန္ဓာကိုယ်က လေးလံသည်ထက် လေးလံလာကာ တောင်ထိပ်သို့တက်ရန် ခက်ခဲလာစေပေသည်။ ထိုစဥ်တွင် ဝူယန်က ကြီးမားသော တောင်ကြီး၏ ထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

မီတာရာချီမြင့်မားသော တောင်ထိပ်အနီးတွင် အလွန် မတ်စောက်သည့် အရိုးသန့်စင်ချောက်ကမ်းပါးရှိလေသည်။ လက်သီးဆုပ်အရွယ်ရှိ ကြိုးထုံးများနှင့် လျှော်ကြိုးများက ဆယ်ကြိုးကျော်ကျော်ခန့် ချောက်ကမ်းပါးထိပ်မှ တွဲလောင်းကျနေသည်။ ဝူယန်က တစ်ကြိုး ရွေးလိုက်ပြီး ချောက်ကမ်းပါးပေါ်သို့ စတင် တွယ်တက်ရန် ကြိုးပမ်းလိုက်သည်။

ဟန်လိက ရှေ့မှ ဦးဆောင်နေသည့် ဝူယန်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် စိတ်ပျက်အားလျော့လာသည်ကို ခံစားလိုက်ရသည်။ သူသည် မွန်းတည့်မတိုင်ခင် အချိန်တိုလေးအတွင်း ထိုဦးဆောင်နေသူများကို လိုက်မီရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။

ကျရှုံးခြင်းဟူသည့်ခံစားချက်သည် သူ့ဒဏ်ရာများမှ ပြင်းထန်စွာ ထွက်ပေါ်လာသော ရုတ်တရက် နာကျင်မှုကြောင့် လျင်မြန်စွာ ဖျောက်ဖျက်ခံလိုက်ရသည်။ ပြင်းထန်သည့် နာကျင်မှုလှိုင်းက သူ့ ခြေလက်များထဲမှ ခွန်အားတို့ကို ဆုတ်ယုတ်သွားစေပြီး သူ့ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားသည်ကို ခံစားမိလိုက်ကာ ဟန်လိက လက်တစ်ဖက်နှင့် ကျောက်တုံးကို ကမန်းကတမ်းလှမ်းဆွဲလိုက်ရသည်။ သူ့ ခန္ဓာကိုယ်က တောင်အစွန်းကို လျင်မြန်စွာ ကုပ်တွယ်လိုက်ပြီး နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ သူက ရုတ်တရက် မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ရဲခဲ့ပေ။

တခဏကြာပြီးနောက် သူက ပြန်လည်တည်ငြိမ်လာပြီး သူ့လက်ကို အသုံးပြုကာ ကျောက်စွန်း၏ ခိုင်ခံ့မှုကို စမ်းသပ်လိုက်သည်။ ထိုနေရာက စိတ်ချရသည်ဟု ဆုံးဖြတ်ပြီးနောက်မှသာလျှင် သူ၏ စိုးရိမ်ပူပန်မှုတို့ကို လွှတ်ချလိုက်နိုင်သည်။

အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ဟန်လိက ထိုပိန်ပါးပါးနှင့် စီနီယာအစ်ကိုက ဒူးတစ်ဝက်ကွေးလျက်အနေအထားနှင့် လက်များကို ဆန့်တန်းကာ ဟန်လိ ပြုတ်ကျလာပါက ဖမ်းရန် အသင့်အနေအထားရှိနေသည်ကို မြင်လိုက်ရသည်။ ဟန်လိက သူ အန္တရာယ်မရှိသည်ကို မြင်သောအခါမှ ထိုစီနီယာက လက်ကို ပြန်ရုတ်သွားခဲ့သည်။

ဟန်လိသည် သူ့နှလုံးသားထဲက စိတ်သက်သာရာရသွားမှုကို ခံစားလိုက်ရသည်။ သူသာ အမှန်တကယ် ပြုတ်ကျသွားခဲ့လျှင် သူ၏ ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးဖြစ်သွားရပေလိမ့်မည်။ အချိန်တခဏကြာပြီးနောက် သူက ရှေ့သို့ ဖြေးဖြေးချင်း ဆက်လှမ်းလိုက်ကာ အရိုးသန့်စင်ချောက်ကမ်းပါးမှ တွဲလောင်းကျနေသော ကျန်သည့် ကြိုးများဆီ တွားရင်းသွားလိုက်သည်။

နောက်ဆုံးတွင် သူက ကြိုးတစ်ချောင်း၏ အောက်ခြေသို့ရောက်ရှိခဲ့၏။ နေမင်းက ကောင်းကင်အလယ်သို့ ရောက်လုဆဲဆဲဖြစ်ပြီး အချိန်ပြည့်ရန် တစ်နာရီခန့်သာလိုတော့ကြောင်း ညွှန်ပြနေသည်။ ထိုအချိန်တွင် ဝူယန်က ချောက်ကမ်းပါး၏ အထက်သို့ တက်ရောက်ပြီးသွားခဲ့ပြီဖြစ်ကာ သူ့ခေါင်းကို လှည့်၍ ကျန်သည့် ကလေးများကို ကြည့်နေခဲ့သည်။ ဟန်လိက ကြိုးပေါ်သို့ တက်ရန် ပြင်နေသည့်အချိန် သူ့အကြည့်များက ဝူယန်နှင့် မတော်တဆ ဆုံမိစဥ် နှေးကွေးသည့် ပြိုင်ဘက်များကို လက်မအောက်စိုက်သည့် အမူအရာမျိုး လုပ်ပြနေသည်ကို မြင်လိုက်ရသည်။ အားပါးတရရယ်မောပြီးနောက် ဝူယန်က ရှေ့ဆက်သွားခဲ့သည်။

ဟန်လိ၏ နှလုံးသားထဲတွင် ဒေါသများ ဖြစ်ပေါ်လာပြီး သူက ကြိုးစကို ဆွဲကာ ချောက်ကမ်းပါးထိပ်သို့ စတင် တက်ရန် ကြိုးစားလိုက်သည်။

သို့သော် ဟန်လိသည် သူ၏ အားအင်အကုန်လုံးကို အသုံးပြုခဲ့ပြီးသားဖြစ်ပေသည်။ လက်ရှိတွင် အပေါ်သို့ တက်ရန်မဆိုထားနှင့် ကြိုးကို တင်းတင်းဆုပ်ကိုင်ထားရန်မှာပင် သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့သည်။

အံ့အားသင့်စရာကောင်းစွာပင် ဟန်လိက သူ့ ကြိုးပေါ်ရှိ ပထမကြိုးထုံးကို ရောက်အောင် တက်နိုင်ခဲ့သည်။ ထိုပေါ်တွင် ထိုင်နေရင်း သူသည် သူ့ခန္ဓာကိုယ်က ဝါးဂွမ်းကဲ့သို့ ပျော့ဖတ်လာကာ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ဟု ခံစားနေရပေသည်။ သူက ခေါင်းကို လှည့်ကာ သူ့နောက်၌ ကျန်နေခဲ့သော ကလေးများကို ကြည့်လိုက်သည်။ သူတို့ထဲမှအချို့က လက်လျှော့လိုက်ကြပြီဖြစ်ကာ ကျောက်တုံးတောင်ပေါ်တွင် ထိုင်နေကြပြီး မောဟိုက်စွာ အသက်ရှူနေခဲ့ကြသည်။ ဟန်လိကဲ့သို့ သူတို့သည်လည်း ခွန်အားများ ကုန်ခမ်းသွားခဲ့ပြီး လဲကျလုနီးပါး ဖြစ်နေခဲ့ကြပေသည်။

ဟန်လိက ခါးသက်စွာ ပြုံးရုံသာ တတ်နိုင်သည်။ သူက ဤစမ်းသပ်မှုကို အကြီးအကျယ် လျှော့တွက်မိခဲ့ပေသည်။ ကံကောင်းစွာနှင့် သူက ကလေးများအကြား နောက်ဆုံးကျန်နေခဲ့ခြင်း မဟုတ်ပေ။ သူက နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ စီနီယာတပည့်၏ အေးစက်သောအကြည့်နှင့် ထပ်မံရင်ဆိုင်လိုက်ရသည်။ တခဏမျှ တွေဝေနေပြီးနောက် ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူက နေ့လယ်မတိုင်ခင် စမ်းသပ်မှုကို ပြီးမြောက်ရန် အခွင့်အရေးမရှိလျှင်ပင် ကြိုးပေါ်၌ တန်းလန်းနေနေခြင်းထက် နောက်ကျမှ ပြီး​မြောက်ခြင်းက ပိုကောင်းပေသည်။

ဟန်လိက သူ၏ တောင့်တင်းနေသော လက်ကို ဆန့်ထုတ်လိုက်ကာ အနားယူချိန် ပြန်လည်ကောင်းမွန်လာသည့် ခွန်အားတို့ကို အသုံးပြု၍ ကြိုးပေါ်သို့ ဆက်တက်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဟန်လိ၏ လက်များက သူ့ဆန္ဒကို မလိုက်နာတော့ပေ။ သူက ကြိုးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရန်ပင် ခွန်အားက လျော့နည်းလာနေပြီ ဖြစ်သည်။ ဟန်လိက ထိုနေရာ၌ ရပ်လိုက်ကာ ခေတ္တမျှ စဥ်းစားနေပြီးနောက် ကြိုးထုံးပေါ်၌ ထိုင်နေရန်သာ တွန့်ဆုတ်စွာ ဆုံးဖြတ်လိုက်တော့သည်။

All Chapters