← Chapters

သမားတော်မော့

Vol. 1 Ch. 5

သမားတော်မော့

Vol. 1 Ch. 5

တခဏကြာပြီးနောက် ဟန်လိသည် သူ၏ ခါးတဝိုက်မှ တင်းကျပ်သော ထိတွေ့မှုကို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး ရုတ်တရက် အပေါ်သို့ မ,တင်ပေးခံလိုက်ရသည်။

သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ဟန်လိသည် ပိန်ပါးသော ထိုစီနီယာက သူ့ကို ချောက်ကမ်းပါးပေါ်သို့ တက်ရောက်နိုင်စေရန် ကူညီပေးနေသည်ကို တွေ့လိုက်ရပေသည်။ လက်တစ်ဖက်က ဟန်လိ ခါးတဝိုက်ကို ရစ်ပတ်ထားပြီး ထိုစီနီယာတပည့်က သွက်လက်သည့် ခြေထောက်များဖြင့် ချောက်ကမ်းပါးကို တက်သွားနေခဲ့သည်။ တစ်ချိန်တည်းတွင် ဟန်လိသည် နေမင်းက ကောင်းကင်အလယ်တည့်တည့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ မွန်းတည့်သွားခဲ့ပြီ ဖြစ်သည်။

"ဒါဆို ကျွန်တော် စမ်းသပ်မှုကျရှုံးသွားပြီပေါ့။" ဟန်လိသည် သူ့နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုတို့ကို ခံစားမိလိုက်သည်။ ၎င်းက မမျှတပုံပေါ်လေသည်။ သူက အသက်ကိုပင် ပဓာနမထားလုနီးပါး ရှေ့သို့ဆက်သွားရန် အားသွန်ခွန်စိုက် ကြိုးစားခဲ့လျှင်ပင် သူက မည်သည့်အတွက်ကြောင့် အခြားကလေးများနှင့် မယှဥ်နိုင်ရပါသနည်း။

မျက်စိတစ်မှိတ်အတွင်းတွင် အရိုးသန့်စင်ချောက်ကမ်းပါး၏ တောင်ထိပ်က သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး သူ့ရှေ့ရှိ ချောက်ကမ်းပါးထိပ်တွင် အခြားကလေးခြောက်ယောက် ရှိနေခဲ့သည်။ ထိုခြောက်ယောက်အပြင် ဝူယန်လည်း ရှိနေခဲ့ပြီး နက်ပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးနှင့် စကားပြောနေခဲ့သည်။ ခန်းမသခင်ယွဲ့နှင့် စောင့်ရှောက်သူဝမ်ကလည်း သူ့အနီးတွင် ရပ်နေခဲ့၏။ သူတို့က ကျန်သည့်ကလေးများကို အရိုးသန့်စင်ချောက်ကမ်းပါးထိပ်သို့ စီနီယာတပည့်များက လာပို့ပေးသည်အား စောင့်ဆိုင်းနေခဲ့သည်။

ကလေးများအားလုံးကို ချောက်ကမ်းပါးထိပ်သို့ ပို့ဆောင်ပြီးနောက် ခန်းမသခင်ယွဲ့က တည်ငြိမ်သော မျက်နှာထားနှင့် ရှေ့သို့ လျှောက်လာကာ ကလေးများကို စတင် စကားပြောလိုက်သည်။

"ဒီတစ်ခေါက်မှာ မင်းတို့ ခုနစ်ယောက်ပဲ အောင်မြင်ခဲ့တယ်။ ဒီအဖွဲ့ထဲမှာ ခြောက်ယောက်က ကျုပ်ရဲ့ ဓားတစ်ရာခန်းမကို ဝင်ရောက်ရမှာဖြစ်ပြီး ကျုပ်တို့ရဲ့ တရားဝင်အတွင်းဂိုဏ်းတပည့်တွေ ဖြစ်လာလိမ့်မယ်။" ခန်းမသခင်ယွဲ့က ကလေးများကို ဖြေးညင်းစွာ ပြောလိုက်သည်။

"အရိုးသန့်စင်ချောက်ကမ်းပါးထိပ်ကို အရင်ဆုံး တက်နိုင်ခဲ့တဲ့ တပည့်ဝူယန်အတွက်ကတော့ သူက ဒီလိုထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့တာမို့ အထွတ်အထိပ်ခုနစ်ပါးခန်းမကို တိုက်ရိုက်ပို့ဆောင်ပြီး ဂိုဏ်းရဲ့ လျှို့ဝှက်စွမ်းရည်တွေနဲ့ သိုင်းပညာရပ်တွေကို သင်ယူရစေမယ်။" စကားပြောပြီးနောက် ခန်းမသခင်ယွဲ့က နက်ပြာရောင်ဝတ်စုံဝတ်ထားသည့် လူကို ကြည့်လိုက်သည်။ ထိုလူကြီးက သူ၏ မုတ်ဆိတ်မွေးကို လက်တစ်ဖက်နှင့် ပွတ်သပ်ရင်း ခန်းမသခင်ယွဲ့ကို ကြည့်ကာ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

"တခြားကလေးတွေအတွက်ကတော့...." ခန်းမသခင်ယွဲ့က ကျန်ရှိနေသည့် ကလေးများ၏ ရလဒ်ကို ချင့်ချိန်တွေးဆနေပြီးနောက် သူ့မေးကိုပွတ်ကာ ညင်သာစွာ ပြောလိုက်သည်။

"ကျန်းထျယ်နဲ့ ဟန်လိတို့ နှစ်ယောက်က စမ်းသပ်စစ်ဆေးမှုကို မအောင်မြင်ခဲ့ပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးလောက်စရာ ဖြစ်နေတုန်းပဲ။ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်က သိုင်းပညာကျင့်ကြံရာမှာ ရရှိနိုင်တဲ့ အခက်အခဲတွေကို သည်းခံနိုင်စေလိမ့်မယ်။ မင်းတို့နှစ်ယော​က်က ကျုပ်တို့ ဂိုဏ်းရဲ့တရားမဝင်တပည့်တွေ ဖြစ်လာပြီး နှစ်ဝက်အတွင်း သင်ကြားပြသပေးမှုကို ရရှိလိမ့်မယ်။ နှစ်ဝက်ပြည့်ပြီးရင် မင်းတို့ကို တစ်ခါထပ်ပြီး စစ်ဆေးရလိမ့်မယ်။ အောင်မြင်ခဲ့ရင် အတွင်းဂိုဏ်းတပည့် ဖြစ်လာနိုင်ပြီး ကျရှုံးခဲ့ရင်တော့ ဂိုဏ်းရဲ့ ပြင်ပအရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အပြင်ဂိုဏ်းတပည့်ပဲ ဖြစ်လာလိမ့်မယ်။"

ဟန်လိက ကျန်းထျယ်ဟုအမည်ကသည့် လူကို တစ်ချက်ခိုးကြည့်လိုက်သည်။ ဟန်လိကဲ့သို့ပင် ကျန်းထျယ်သည်လည်း ကြိုးကို တက်ရန် ကြိုးစားခဲ့သော်လည်း အရိုးသန့်စင်ချောက်ကမ်းပါးထိပ်သို့ မရောက်ခင် လမ်းခုလတ်၌ ကျရှုံးခဲ့သည်။

"စောင့်ရှောက်သူဝမ် ကျန်တဲ့ကလေးတွေကို ငွေပြားအချို့ပေးပြီး သူတို့အိမ် ပြန်ပို့ပေးလိုက်ပါ။" ခန်းမသခင်ယွဲ့က စစ်ဆေးမှုကျရှုံးသည့် ကလေးများကို အေးစက်စက်ကြည့်ရင်း ပြောလိုက်သည်။

"နားလည်ပါပြီ။"

စောင့်ရှောက်သူဝမ်က အမိန့်ကို လိုက်နာကာ ကျန်သည့် ကလေးများကို ချောက်ကမ်းပါးအောက်သို့ ဆင်းရန် ဦးဆောင်သွားခဲ့သည်။

"ကျန်းကျွင်း၊ ဝူမင်ရွေ့ မင်းတို့နှစ်ယောက်က ကျုပ်ကို ကူညီပြီး ကျန်တဲ့ဒီကလေးတွေကို ဒုခန်းမသခင်နဲ့ နည်းပြလီဆီ ပို့ပေးရမယ်။"

စီနီယာတပည့်နှစ်ယောက်က ရှေ့သို့ လျှောက်လာခဲ့ပြီး ဟန်လိနှင့် ကျန်လူများကို အုပ်စုနှစ်ခုအဖြစ်ခွဲလိုက်ကာ ချောက်ကမ်းပါးမှ ဆင်းရန် ဦးဆောင်ခေါ်သွားခဲ့သည်။ ဟန်လိနောက်တွင် အမြဲရှိခဲ့သည့် ပိန်ပါးပါး စီနီယာက စီနီယာတပည့်များထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့ ချောက်ကမ်းပါးမှ မဆင်းခင် ဟန်လိက ဝူယန်ကို ခိုးကြည့်လိုက်သည့်အခါ သူက နေရာမှ ရွှေ့ရန် မည်သည့်ရည်ရွယ်ချက်မှမရှိသလို ထိုနက်ပြာရောင်ဝတ်လူကြီးနှင့် စကားပြောနေဆဲ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

"သူက မင်းတို့တွေနဲ့ မတူဘူး။ အနာဂတ်မှာ သူက အဓိကတပည့်ဖြစ်လာနိုင်ချေရှိတယ်။ အဓိကတပည့်တွေကိုပဲ အထွတ်အထိပ်ခုနစ်ပါးခန်းမကို ပို့ပြီး ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို လေ့ကျင့်စေတာ။ သူ လေ့ကျင့်တာပြီးမြောက်သွားတာနဲ့ အနိမ့်ဆုံး စောင့်ရှောက်သူအဆင့် ဖြစ်သွားလိမ့်မယ်။" ထိုအသံသည် ဟန်လိ မည်သည်ကို တွေးနေသည်အား သိရှိသည့် ရှည်သွယ်သွယ်မျက်နှာနှင့် စီနီယာထံမှ ဖြစ်လေသည်။

သူ့လေသံမှနေ၍ ဟန်လိသည် မနာလိုမှုနှင့် အားကျမှုတို့ ရောယှက်နေသည့် အရိပ်အမြွက်များရှိနေကြောင်း ကြားသိနိုင်ပေသည်။

"ဟမ့်... ဝူယန်က သူ့မိသားစုအဆက်အသွယ်ကို မှီခိုနေတာပဲမလား။ သူ့ဝမ်းကွဲအစ်မသာ ဒုဂိုဏ်းချုပ်နဲ့ လက်ထပ်ထားတာမဟုတ်ရင် ဒီလောက်စွမ်းရည်နည်းနည်းလေးနဲ့ အဓိကတပည့်အဖြစ် ဘယ်လို ရွေးချယ်ခံရနိုင်မလဲ။ သူက အသက်အကန့်အသတ်ကို ကျော်လွန်ပြီးပေမယ့် အထွတ်အထိပ်ခုနစ်ပါးခန်းမကို ပို့ဆောင်ခံရသေးတယ်။" အခြားစီနီယာတစ်ယောက်ကလည်း လူများ၏ ကျောရိုးတလျှောက်စိမ့်တက်သွားစေသည့် အေးစက်သော အသံနှင့် ပြောလိုက်သည်။

"ကျန်းကျွင်း မင်း ရူးနေတာလား။ ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုတောင် အတင်းအဖျင်းပြောရဲရတာလဲ။ ဒီသတင်းတာပြန့်သွားရင် ငါတို့နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီး အသက်အန္တရာယ်တောင် ရှိနိုင်တယ်။" ကျန်းကျွင်း၏ စကားကို ကြားပြီးနောက် ရှည်သွယ်သွယ်မျက်နှာနှင့် စီနီယာက ကျန်းကျွင်း၏ စကားများကို အခြားတစ်ယောက်ယောက် ကြားသွားသလားသိရရန် ပတ်ဝန်းကျင်ကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။ သေချာစစ်ဆေးပြီးနောက် အနီးဝန်းကျင်၌ အခြားမည်သည့်တပည့်မှ မရှိသည်ကို သိရသောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အေးစက်သည့် မျက်နှာနှင့် စီနီယာက နှလုံးသားထဲ အမုန်းတရားများနှင့် ပြည့်နေသကဲ့သို့ အေးစက်စွာ သရော်လိုက်သော်လည်း ဝူမင်ရွေ့၏ သတိပေးစကားကို ကြားသောအခါ စကားပြောခြင်းကို ရပ်တန့်လိုက်ပေသည်။ ထို့နောက်မှသာ ဟန်လိသည် အေးစက်သည့် မျက်နှာထားနှင့် စီနီယာက ကျန်းကျွင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့၏ စကားများကို နားထောင်ရင်း ဟန်လိသည် သူတို့ပြောနေသည့် အကြောင်းအရာကို အကြမ်းဖျင်း နားလည်နိုင်သည်။ ဝူယန် အထွတ်အထိပ်ခုနစ်ပါးခန်းမသို့ ဝင်ရောက်နိုင်သည်မှာ သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့် မဟုတ်ဘဲ ဒုဂိုဏ်းချုပ်၏ ကျောထောက်နောက်ခံရှိသောကြောင့် ဖြစ်သည်။

သူတို့ တောင်ပေါ်လမ်းတလျှောက် လျောက်နေကြရင်း စီနီယာတပည့်နှစ်ယောက်လုံးက ဂိုဏ်း၏ အတွင်းပိုင်းအရေးကိစ္စများကို တွေးနေကြပြီး ဝမ်းနည်းမှုများနှင့် ပြည့်နေပုံရသည်။ စကားပြောလိုသည့် စိတ်ဆုံးရှုံးသွားပြီး သူတို့က ကလေးများကို တိတ်ဆိတ်စွာ ခေါ်ဆောင်သွားသည်။ ကျန်သည့်ကလေးများကလည်း စကားလှည့်မပြောရဲကြပေ။ သူတို့က ချီးရွှမ်ဂိုဏ်းနှင့် သူတို့ ဇာတိမြို့များကြားမှ ကွာခြားမှုတို့ကို တွေးတောနေကြသည်။

သူတို့က တောအုပ်တစ်ခုကို ဖြတ်သန်းသွားသည့်အခါ လူအိုကြီးတစ်ယောက်က သစ်ပင်များကြားမှ ထွက်ပေါ်လာသည်။ သူက အသက်ခြောက်ဆယ်ခန့်ရှိပုံပေါ်ကာ ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်၍ အသားအရေက အဝါရောင်သမ်းနေပြီး တစ်ခေါင်းလုံး ဆံပင်ဖြူတို့ဖြင့် ပြည့်နေသည်။ သူက သူတို့အနီးသို့ ချဥ်းကပ်လာနေရင်း ခြေတစ်လှမ်းလှမ်းတိုင်း ချောင်းဆိုးနေကာ သူက အကြီးအကျယ်နေမကောင်းဖြစ်နေပြီး အချိန်မရွေးလဲကျသွားနိုင်သည့် ပုံပေါ်နေသောကြောင့် သူတို့ကို စိုးရိမ်ပူပန်စေသည်။

စီနီယာတပည့်များက ထိုလူအိုကြီးကို မြင်သော်လည်း သူတို့မျက်နှာထက်တွင် မည်သည့်စိုးရိမ်ပူပန်မှုမှ ရှိမနေပေ။ ထို့အစား သူတို့က ရိုသေလေးစားမှုအပြည့်နှင့် ထိုလူအိုကြီးကို အရိုအသေပေးလိုက်ကြသည်။

"သမားတော်မော့ ဒီတပည့်က ဂါရဝပြုပါတယ်။ ဒီတပည့်ကို ခိုင်းစရာတစ်ခုခုများ ရှိလို့ပါလား။" ကျန်းကျွင်းက ယခင်အေးစက်နေသည့် အမူအရာနှင့်မတူညီစွာ လေးစားမှုအပြည့်ဖြင့် ဖြစ်လေသည်။ ကျန်းကျွင်းအတွက် သူ့ရှေ့မှ ထိုလူအိုကြီးက ခန်းမသခင်ယွဲ့နှင့် ဂိုဏ်းချုပ်ထက်ပင် ပို၍ ရိုသေလေးစားရန် ထိုက်တန်ပေသည်။

"အိုး.. ဒါက နောက်ဆုံးအသုတ်က တပည့်လေးတွေလား။" လူအိုကြီးက ဆက်တိုက်ချောင်းဆိုးနေရင်း အက်ရှသည့်အသံနှင့် မေးလိုက်သည်။

"ဟုတ်ပါတယ်။ သူတို့ရှစ်ယောက်မှာ ခြောက်ယောက်က တရားဝင်အတွင်းဂိုဏ်းတပည့်တွေ ဖြစ်ပြီး နှစ်ယောက်ကတော့ တရားမဝင်တပည့်ပါ။" ကျန်းကျွင်းက တုန့်ပြန်လိုက်သည်။

"တိုက်ဆိုင်လိုက်တာ။ ကျုပ် အခုတလော လူလိုနေတာ။ အထူးသဖြင့် ဆေးအလုပ်သင်တစ်ယောက်နဲ့ ဆေးပင်စုဖို့တစ်ယောက်ပေါ့။ ဒီနှစ်ယောက် ကျုပ်နောက် လိုက်ခဲ့ခိုင်းလိုက်။" သမားတော်မော့က လက်ချောင်းကို မြှောက်ကာ ကြုံရာကျပန်း ထိုးလိုက်သည်။ ကံတရားက တိုက်ဆိုင်စွာနှင့် သူညွှန်ပြလိုက်သည့် နှစ်ယောက်မှာ တရားမဝင်တပည့်များဖြစ်သည့် ဟန်လိနှင့် ကျန်းထျယ်ဖြစ်လေသည်။

"ဒီတပည့်က အမိန့်နာခံပါ့မယ်။ ဒီတရားမဝင်တပည့်လေးနှစ်ယောက်က လေးစားအပ်တဲ့ သမားတော်မော့ရဲ့ မျက်လုံးကို ဖမ်းစားနိုင်ခဲ့တာ သူတို့ကံတရားက အရမ်းကောင်းမွန်နေတာ ဖြစ်ရမယ်။ မင်းတို့နှစ်ယောက် ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ။ မြန်မြန်လာပြီး သမားတော်မော့ကို အရိုအသေပေးလိုက်လေ။ ဒီလေးစားအပ်တဲ့ အကြီးအကဲဆီက ကုသခြင်းပညာရပ်ကို တစ်ခုနှစ်ခုလောက် သင်ယူနိုင်စွမ်းရှိရင် မင်းတို့ အရမ်းကံကောင်းလိမ့်မယ်။" စီနီယာနှစ်ယောက်၏ မျက်နှာများထက်တွင် မည်သည့် တွေဝေမှုမှ ရှိမနေဘဲ ကန့်ကွက်လိုသည့် အရိပ်အ​ယောင်လည်း ရှိမနေပေ။ ရှည်သွယ်သည့်မျက်နှာနှင့် စီနီယာဝူမင်ရွေ့က သမားတော်မော့ သူ့အား မျက်နှာသာပေးလာစေရန် မျက်နှာချိုသွေးလိုက်သည်။

ဟန်လိနှင့် ကျန်းထျယ်သည်လည်း စီနီယာတပည့်နှစ်ယောက်၏ ရုတ်တရက် အပြောင်းအလဲကို မြင်သည့်အခါ မကန့်ကွက်နိုင်တော့ပေ။ သူတို့က တိတ်တဆိတ်သာ လက်ခံပြီး လူအိုကြီးနှင့်အတူ တောအုပ်အတွင်းသို့ လိုက်ပါသွားရုံသာ တတ်နိုင်ပေသည်။

သမားတော်မော့က တောအုပ်ကို ဖြတ်ကာ ဖောက်ထားသည့် လမ်းငယ်လေးမှ သူတို့နှစ်ယောက်ကို ခေါ်ဆောင်သွားခဲ့သည်။ လမ်းက စိမ်းလန်းနေသည့် တောင်ကြားတစ်ခု၏ ဝင်ပေါက်ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားပြီး ဘယ်ညာသွယ်တန်းနေသည့် လမ်းအဖြစ်ပြောင်းလဲသွားသည်။

တောင်ကြား၏ ဘယ်ဘက်အခြမ်းတွင် ဆေးပင်များကို စိုက်ပျိုးထားသည့် ကြီးမားသော စိုက်ခင်းတစ်ခုရှိနေကာ လေထဲတွင် ဆေးရနံ့တို့ ပျံ့နှံ့နေစေသည်။ စိုက်ခင်းကို ကြည့်လိုက်ပြီး ဟန်လိသည် သူ မသိရှိသည့် ဆေးပင်တော်တော်များများ ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် တောင်ကြား၏ ညာဘက်အခြမ်း၌ တန်းစီဆောက်ထားသော အရွယ်အစား အမျိုးမျိုးနှင့် အိမ်များရှိသည်။ ဟန်လိက လှည့်ပတ်ကြည့်လိုက်သော်လည်း သူတို့ ဖြတ်သန်းဝင်ရောက်လာသည့် ဝင်ပေါက်မှလွဲ၍ တောင်ကြားအတွင်း အခြားမည်သည့် ထွက်ပေါက်မှ မရှိပုံရလေသည်။

"ဒီတောင်ကြားကို နတ်ဘုရားလက်တောင်ကြားလို့ခေါ်တယ်။ တခြားတပည့်တွေက သူတို့ နေမကောင်းတာ ဒဏ်ရာရတာမှမဟုတ်ရင် ဒီတောင်ကြားကို မဝင်ရဲကြဘူး။" လူအိုကြီးက အိမ်များ၏ အရှေ့တွင် ရပ်ကာ သေးငယ်သည့် အိမ်လေးတစ်လုံးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ "အခု ဒါက မင်းတို့ရဲ့ အိမ်ဖြစ်လိမ့်မယ်။ အင်အားတွေ ပြန်ဖြည့်ဖို့ အနားယူလိုက်။ ညရောက်တဲ့အခါ မင်းတို့ ကျုပ်ကို အိမ်မှာ လာရှာလိုက်။ အဲဒါမှ သိထားရမယ့် တချို့အကြောင်းတွေ ပြောပြထားလို့ရမယ်။"

"မင်းတို့ ကျုပ်ကို လောင်မော့လို့ ခေါ်နိုင်တယ်။" လူအိုကြီးက ဆက်မပြောခင် ခေတ္တစဥ်းစားနေခဲ့သည်။

"သမားတော်မော့လို့ ခေါ်ချင်လည်း ရတယ်။"

စကားပြောပြီးနောက် သမားတော်မော့က သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်ကာ ခြေလှမ်းတိုင်း ချောင်းဆိုးနေရင်း သပ်ရပ်ခမ်းနားပုံပေါ်သည့် အိမ်တစ်လုံးဆီ လျှောက်သွားခဲ့သည်။

အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့်အတွက် ဟန်လိက ကျန်းထျယ်ကို အကဲခတ်ရန်ပင် အလုပ်ရှုပ်မခံတော့ဘဲ အိမ်သေးသေးလေးထဲသို့ ဝင်ကာ အိပ်ရာတစ်ခုရှာ၍ အိပ်လိုက်တော့သည်။ သူက အလွန် စိတ်ကျေနပ်နေခဲ့သည်။ အကြောင်းမှာ သူက ချီးရွှမ်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်ဖြစ်ရန် လမ်းတစ်ဝက်သို့ ရောက်လာပြီဖြစ်သောကြောင့် ဖြစ်လေသည်။

All Chapters