အမည်မဲ့ကျင့်စဥ်
Vol. 1 Ch. 6
"ထတော့.. ဟေး... ထတော့။"
ကြားနိုင်ရုံမျှ အသံတစ်ခုက ဟန်လိအထက်မှ ထွက်ပေါ်လာကာ နှစ်ခြိုက်စွာ အိပ်မောကျနေမှုမှ နိုးလာစေသည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကြီးမားသော မျက်နှာကြီးတစ်ခုက သူ့ရှေ့တွင်ပေါ်ပေါက်လာသည်။ ထိတ်လန့်တုန်လှုပ်သွားသည့် ဟန်လိက ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက်မှသာ သူ့ကို သေသည်ထိခြောက်လှန့်ခဲ့သည့် မျက်နှာပိုင်ရှင်က ကျန်းထျယ်အမည်ရှိ ကောင်လေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"မင်း ထပြီး ဒါစားလိုက်။ မင်းပြီးသွားရင် ငါတို့ လောင်မော့ဆီသွားကြမယ်။" ကျန်းထျယ်က ပူနွေးနေသည့် အဖြူရောင်ဘန်းမုန့်အချို့ကို ဟန်လိထံ ပေးလိုက်သည်။
"ဒါတွေကို ဘယ်က ရှာလာတာလဲ။" ဟန်လိက ဘန်းမုန့်များကို လက်မခံခင် ခေတ္တမျှ စိုက်ကြည့်နေလိုက်သည်။
"တောင်ကြားထဲမှာရှိတဲ့ မီးဖိုဆောင်အကြီးကြီးမှာ လူအများကြီး စားသောက်နေကြတာ တွေ့မိလို့ ငါပါ ဝင်,စားလာတာ။ ငါ စားပြီးသွားတော့ မင်းလည်း မစားရသေးဘူးဆိုတာ သတိရလိုက်လို့ မင်းအတွက် ဘန်းမုန့်နှစ်ခု ယူလာလိုက်တာ။" ကျန်းထျယ်က ဟန်လိကို ရိုးသားစွာပြုံးပြလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျန်း။" ဟန်လိက စိတ်လှုပ်ရှားသွားသည်။ ကျန်းထျယ်က သူ့ထက် အနည်းငယ်အသက်ကြီးပုံရသည်ကို မြင်သောအခါ သူက 'အစ်ကိုကျန်း'ဟု မခေါ်ဘဲ မနေနိုင်တော့ပေ။
"ကိ... ကိစ္စမရှိပါဘူး။ ငါက အလုပ်လုပ်ရတာကို အသားကျနေပြီ။ ငါက နည်းနည်းလေး အပျင်းတစ်မိရင်ကို... သက်သောင့်သက်သာမရှိသလို ခံစားရတာ။ ဒါကြောင့် အနာဂတ်မှာ မင်း အကူအညီတစ်ခုခုလိုလာရင် တွေဝေမနေဘဲ ငါ့ကို ပြောပါ။ ငါမှာ ခွန်အားကလွဲရင် တခြားဘာမှမရှိဘူး။" ကျန်းထျယ်က အထစ်ထစ်အငေါ့ငေါ့နှင့် စတင်ပြောလာပြီး သူ့ကို ကြည့်ရသည်မှာ ရှက်ရွံ့နေပုံရသည်။
ဟန်လိက မနက်စာသာမက နေ့လယ်စာလည်း မစားခဲ့ရသည့်အတွက် ဆာလောင်နေပြီ ဖြစ်သည်။ သူက အလုတ်ရေအနည်းငယ်နှင့် ဘန်းမုန့်တစ်ခုကို စားပစ်လိုက်ပြီး တခဏအကြာတွင် ကြီးမားသည့် ဘန်းမုန့်နှစ်ခုလုံးက သူ့အစာအိမ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"နောက်ကျနေပြီ။ ကျွန်တော်တို့ လောင်မော့ဆီ သွားသင့်နေပြီ။" ဟန်လိက အကြိမ်အနည်းငယ် လေတက်လိုက်ပြီးနောက် နေဝင်သွားသည်ကို ပြတင်းပေါက်မှတဆင့် ကြည့်လိုက်သည်။ သူက အချိန်ကို စိတ်ဖြင့်တွက်ကြည့်လိုက်ပြီးနောက် လောင်မော့ကို သွားတွေ့ရန် အချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်သည်။
ကျန်းထျယ်က ကန့်ကွက်ခြင်းမရှိဘဲ ဟန်လိနှင့်အတူ သမားတော်မော့၏ အိမ်သို့ လိုက်လာခဲ့သည်။
သမားတော်မော့ နေထိုင်ရာအိမ်၏ လေးဖက်လေးတန်တွင် စာအုပ်စင်အတန်းလိုက် နေရာယူထားသည်။ ထိုစာအုပ်စင်များတွင် အမျိုးမျိုးသော စာအုပ်များနှင့် ပြည့်သိပ်နေလေသည်။
"လောင်မော့။"
"လောင်မော့။"
......
သမားတော်မော့၏ နောက်ကျောက သူ့ကုလားထိုင်ကို ဖိကပ်မှီထားကာ လက်ရှိတွင် သူ၏ လက်ထဲရှိ စာအုပ်ကို စိတ်ဝင်တစားဖတ်နေခဲ့သည်။ သူက သူတို့နှစ်ယောက် ရောက်လာသည်ကို သတိပြုမိပုံမပေါ်သလို သူတို့နှုတ်ဆက်သည်ကိုလည်း ကြားပုံမပေါ်ပေ။ သူတို့နှစ်ယောက်က ကလေးများသာ ဖြစ်နေဆဲဖြစ်သည့်အတွက် သမားတော်မော့က သူတို့ကို လျစ်လျူရှုထားသည်အား မြင်သည့်အခါ မည်သည်ကို ဆက်လုပ်သင့်ပြီး မည်သည့်အပြုအမူက အကောင်းဆုံး ဖြစ်လိမ့်မည်လဲ မသေချာတော့ပေ။ ထို့ကြောင့် သူတို့က ဘေးတစ်ဖက်၌ ရပ်ကာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။
နောက်ဆုံးတွင် ဟန်လိ၏ ခြေထောက်များ စတင်၍ ထုံကျဥ်လာသည့်အချိန်မှ သမားတော်မော့က သူ့လက်ထဲရှိ စာအုပ်ကို ဘေးရှိ စားပွဲပေါ်သို့ ဖြေးညင်းစွာ ချလိုက်သည်။ သူက ကလေးနှစ်ယောက်ကို အေးစက်စက်ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ အနည်းငယ်စုပ်သောက်ပြီးနောက်မှ ခပ်ဖြေးဖြေး ပြောလိုက်၏။
"ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်က ကျုပ်ရဲ့ တရားမဝင်တပည့်တွေ ဖြစ်လာလိမ့်မယ်။ ကျုပ်က မင်းတို့ကို ဆေးပင်တွေ ရွေးချယ်တာနဲ့ ပတ်သတ်တဲ့ အထွေထွေဗဟုသုတအချို့နဲ့ ဆေးဝါးသန့်စင်တာတွေကို သင်ပေးမယ်။ ပြီးတော့ မင်းတို့နှစ်ယောက်ကို အသက်ကယ်ကုသခြင်းပညာရပ်တချို့လည်း သင်ပေးမယ်။ ဒါပေမယ့် မင်းတို့ကို သိုင်းပညာနဲ့ ပတ်သတ်တာတွေတော့ ဘာတစ်ခုမှ သင်ပေးမှာ မဟုတ်ဘူး။" သမားတော်မော့က အမူအရာကင်းမဲ့စွာနှင့် ပြောရင်း လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"ကျုပ်က မင်းတို့နှစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာကို အားဖြည့်ဖို့အတွက် ကျင့်စဥ်တချို့ သင်ပေးမယ်။ အဲဒါက မင်းတို့ရဲ့ ရန်သူတွေကို တိုက်ခိုက်အောင်မြင်ဖို့အထိ မစွမ်းဆောင်နိုင်ပေမယ့် မင်းတို့ရဲ့ ခွန်အားကိုတော့ သန်စွမ်းလာအောင် အကူအညီပေးနိုင်တယ်။ မင်းတို့ သိုင်းပညာတချို့ကို တကယ် သင်ယူချင်တယ်ဆိုရင် နည်းပြတချို့ရှာပြီး သူတို့ဆီကနေ သွားသင်ယူနိုင်တယ်။ မင်းတို့ အဲဒီလိုလုပ်မယ်ဆိုရင် ငါ ကန့်ကွက်မှာမဟုတ်ပေမယ့် နှစ်ဝက်အတွင်း ဒီကျင့်စဥ်ကို တိုးတက်လာခြင်းရှိမရှိတော့ စစ်ဆေးမယ်။ တကယ်လို့ မင်းတို့ အရည်အချင်းမပြည့်မီဘူးဆိုရင် အပြင်ဂိုဏ်းဖြစ်လာအောင် မောင်းထုတ်ပစ်မယ်။ မင်းတို့နှစ်ယောက် နားလည်ကြလား။" သမားတော်မော့၏ အသံက ရုတ်တရက် ပိုမိုပြင်းထန်လာသည်။ ကြည့်ရသည်မှာ ထိုကျင့်စဥ်က အရေးကြီးသည်ဟု ယူဆထားပုံပေါ်လေသည်။
"နားလည်ပါပြီ။" ဟန်လိနှင့် ကျန်းထျယ်က တူညီစွာ ဖြေကြားလိုက်သည်။
"မင်းတို့ အခု သွားသင့်ပြီ။ မနက်ဖြန်မနက်ကျမှ ပြန်လာခဲ့ကြ။" သမားတော်မော့က သူတို့ကို လက်ယမ်းပြကာ ထွက်သွားရန်အချက်ပြလိုက်သည်။ ထို့နောက် သူက စာအုပ်ကို ပြန်ကောက်ယူကာ ပြန်၍ စတင်ဖတ်လိုက်ပေသည်။
ဟန်လိက ထွက်မသွားခင် သမားတော်မော့လက်ထဲမှ စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက စာမည်သို့ ဖတ်ရမည်အား မသိသည်မှာ နှမြောစရာပင်။ သူသည် ထိုစာအုပ်၏ခေါင်းစဥ်က စာလုံးအမည်းများဖြင့် ရေးထားသည့် ကြီးမားသော စာလုံးသုံးလုံးဖြစ်သည်ကိုသာ ပြောနိုင်ပေသည်။ ကံမကောင်းစွာနှင့် ဟန်လိက ၎င်းတို့၏ အဓိပ္ပါယ်ကို မသိရှိခဲ့ပေ။
ဟန်လိက သမားတော်မော့ နေထိုင်ရာအိမ်မှ ထွက်လာသည်နှင့် မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။ မည်သည့်အတွက်ကြောင့်ဟူသည်ကို မသိသော်လည်း အစောပိုင်းက သူသည် သမားတော်မော့ရှေ့၌ အသက်ပင်ရဲရဲမရှူရဲခဲ့ပေ။ သူ့စိတ်က အလွန်တင်းကျပ်နေခဲ့သည်။ ယခု သူ ထွက်လာပြီးမှ စိတ်ကိုလျှော့ချလိုက်ပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
ရက်အနည်းငယ်အတွင်း ဟန်လိ၏ စိတ်လှုပ်ရှားမှုက ပျောက်ကွယ်မသွားခဲ့ပေ။ သူသည် နောက်ဆုံး၌ ချီးရွှမ်ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်သည်။
သူက ယခု တရားမဝင်တပည့်သာ ဖြစ်နေသေးသော်လည်း အိမ်ပြန်ပို့ခံရသည့် ကလေးများထက် ပိုကောင်းနေဆဲ ဖြစ်သည်။ သူက နှစ်တစ်ဝက်အတွင်း စစ်ဆေးမှုကို မအောင်မြင်ခဲ့လျှင်ပင် တတိယဦးလေးကဲ့သို့ အပြင်ဂိုဏ်းတပည့် ဖြစ်လာနိုင်သေးသည်။ ဟန်လိ၏ အမြင်အရ တတိယဦးလေးက မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူဖြစ်သောကြောင့် သူသည် နှစ်ဝက်အတွင်း စစ်ဆေးမှုအောင်မြင်ခြင်းရှိမရှိအား ဂရုမစိုက်တော့ပေ။ သူ၏ နှလုံးသားအတွင်းမှနေ၍ စစ်ဆေးမှုကို မအောင်မြင်ရန်ပင် မျှော်လင့်နေခဲ့သည်။ သို့မှသာ သူက တောင်ပေါ်မှ စောစောထွက်ခွာ၍ သူ့မိဘများနှင့် သူ့အချစ်ဆုံးညီမလေးတို့ဖြင့် ထပ်တွေ့ရမည်ဖြစ်သည်။
ထိုရက်အနည်းငယ်အတောအတွင်း သမားတော်မော့က သူတို့ကို မနက်တိုင်း ဆေးဝါးများနှင့်ပတ်သတ်သည့် ဗဟုသုတအချို့ သင်ပေးခဲ့သည်။ နေ့လယ်ပိုင်းတွင် သူက သူတို့ကို စာမည်သို့ဖတ်ရမည်အား သင်ယူရန် စာကြည့်တိုက်သို့သွားစေကာ ခန္ဓာကိုယ်ရှိ အဓိကသွေးကြောဆယ့်နှစ်ခု၊ စွမ်းအင်လမ်းကြောင်းများနှင့် အပ်စိုက်မှတ်တည်နေရာတို့ကိုလည်း လေ့လာစေသည်။ သူ သူတို့ကို အနည်းငယ် သင်ကြားပေးသည့် သိုင်းပညာမှာ မြင်းထိုင် ထိုင်နည်းနှင့် မြက်ခြောက်ရုပ်အား ထိုးကြိတ်ခြင်းတို့သာ ဖြစ်သည်။
တစ်လကြာပြီးနောက် သူတို့နှစ်ယောက်သည် အခြားကလေးများနှင့် သီးခြားဖြစ်လာခဲ့ပေသည်။ သူတို့သည် သမားတော်မော့သင်ပေးသည့် ကျင့်စဥ်မှလွဲ၍ အခြားမည်သည့်အရာကိုမှ သင်ယူရန်အချိန်မရှိခဲ့ပေ။ သမားတော်မော့က သူတို့ကို စတင်သင်ပေးကတည်းက သူတို့၏ အချိန်အများစုကို အမည်မဲ့ကျင့်စဥ်ပေါ်တွင် အသုံးပြုခဲ့ရသည်။ သမားတော်မော့သည် ထိုကျင့်စဥ်အား သင်ယူနေရသည်ကို အခြားမည်သူ့ကိုမှ မပြောပြရန် မှားထားခဲ့သည်။ သတင်းအချက်အလက် သေးသေးလေး ပေါက်ကြားသွားခဲ့လျှင်ပင် သမားတော်မော့က သူတို့ကို ပြင်းထန်စွာ အပြစ်ပေး၍ သူ၏ အလုပ်သင်အဖြစ်မှ ကန်ထုတ်ပစ်မည်ဟု ပြောခဲ့သည်။
ထိုအချိန်အတောအတွင်း ဟန်လိသည် ချီးရွှမ်ဂိုဏ်းနှင့် သမားတော်မော့အကြောင်း ပို၍ နားလည်လာသည်။ ချီးရွှမ်ဂိုဏ်းတွင် ဆရာသခင်ချီကျွယ်မှ လက်ဆင့်ကမ်းပေးခဲ့သည့် ပညာရပ်များကို ပိုင်ဆိုင်ထားသော ဝမ်လုအမည်ရှိ တစ်စုံတစ်ယောက် ရှိခဲ့သည်။ ဝမ်လုက ချီးရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့ပြီး အခြားဒုဂိုဏ်းချုပ် သုံးယောက်၏ အကူအညီနှင့် ဂိုဏ်းကို ခွဲထုတ်ပစ်ခဲ့သည်။ သူတို့က ဂိုဏ်းကို အတွင်းဂိုဏ်းခွဲနှင့် အပြင်ဂိုဏ်းခွဲဟူ၍ နှစ်ပိုင်းခွဲထုတ်ပစ်လိုက်သည်။
အပြင်ဂိုဏ်းခွဲတွင် စုစုပေါင်း ဌာနခွဲ ခန်းမလေးခုရှိကာ ပျံသန်းနေသောငှက်ခန်းမ၊ ရတနာစုစည်းခြင်းခန်းမ၊ ပင်လယ်လေးစင်းခန်းမနှင့် ဝိုက်ရန့်(ပြင်ပဓားသွား)ခန်းမဟု ခေါ်သည်။
အတွင်းဂိုဏ်းတွင်လည်း ဋ္ဌာနခွဲ ခန်းမလေးခုရှိကာ ဓားတစ်ရာခန်းမ၊ အထွတ်အထိပ်ခုနစ်ပါးခန်းမ၊ အထွတ်အမြတ်ခန်းမနှင့် သွေးဓားခန်းမဟူ၍ ဖြစ်သည်။ အတွင်းနှင့်အပြင် ဂိုဏ်းခွဲအပြင် ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့၏ လက်အောက်၌ အုပ်ချုပ်သူအကြီးအကဲအဖွဲ့ ရှိသေးသည်။
သမားတော်မော့မှာ မူလက ချီးရွှမ်ဂိုဏ်းမှ တပည့်မဟုတ်ခဲ့ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဂိုဏ်းချုပ်ဝမ်က နတ်သက်တန့်တောင်အပြင်ဘက်သို့ သွားစဥ် သတိမထားမိဘဲ ရန်သူ့ထောင်ချောက်ထဲကျသွားကာ ရန်သူအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအကြီးအကျယ် ရသွားခဲ့သည်။ သူက သေလုဆဲဆဲအခြေအနေသို့ ကျရောက်ခဲ့ရပြီး သူ့လူများသည်လည်း သူ့ကို ကယ်တင်ရန် နည်းလမ်းမရှိခဲ့ဘဲ အကူအညီမဲ့နေခဲ့ရ၏။
ထို့နောက် သူတို့သည် ကုသခြင်းတွင် ထူးချွန်သည့် သမားတော်မော့နှင့် တွေ့ဆုံခဲ့ပြီး သူက အစွမ်းထက်သည့် ဆေးဝါးများနှင့် ဂိုဏ်းချုပ်ဝမ်၏ အသက်ကို ကယ်တင်ခဲ့သည်။ ရလဒ်အနေနှင့် ဂိုဏ်းချုပ်ဝမ်က သမားတော်မော့ကို အလွန် ကျေးဇူးတင်ခဲ့ပေသည်။ သူသည် နောက်ပိုင်း၌ သမားတော်မော့က ဆေးပညာတွင် ထူးချွန်သည်သာမက အစွမ်းထက်သည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ဝမ်က သမားတော်မော့ကို သူ့ဂိုဏ်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
အကြီးအကဲများသည် သမားတော်မော့ တတ်နိုင်သမျှ သက်သောင့်သက်သာနေထိုင်နိုင်စေရန် တောင်များအတွင်းမှ သေးငယ်သောတောင်ကြားတစ်ခုကို ဂရုတစိုက်ရွေးချယ်၍ နေထိုင်စရာအိမ်ကို အထူးတလည် တည်ဆောက်ပေးခဲ့သည်။ သူ့ကို ကျေးဇူးတင်ကြောင်းပြသသည့်အနေနှင့် ထိုတောင်ကြားက မကြာခင်၌ ချီးရွှမ်ဂိုဏ်းအတွင်း အလေးအမြတ်ထားရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
မည်သည့်တပည့်ကမှ သူ၏ သိုင်းပညာစွမ်းရည်ကို မတွေ့ရှိဖူးသလို မည်မျှ အားကောင်းကြောင်း မသိရှိကြသော်လည်း သမားတော်မော့သည် သူ၏ ထူးချွန်သော ဆေးပညာကို အသုံးပြု၍ တပည့်အတော်များများ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးပေသည်။ ထို့ကြောင့် သူသည် ပုံမှန်အားဖြင့် အမူအရာကင်းမဲ့ပြီး စကားအနည်းငယ်မျှသာ ပြောသည့် သူမျိုးဖြစ်သော်လည်း လေးစားမှုများစွာ လက်ခံရရှိခဲ့ပေသည်။