← Chapters

ကျင့်ကြံခြင်း၏ အခက်အခဲများ

Vol. 1 Ch. 7

ကျင့်ကြံခြင်း၏ အခက်အခဲများ

Vol. 1 Ch. 7

ဟန်လိသည် သူ့ သွေးကြောများထဲမှ စွမ်းအင်တို့ကို သူ၏ တန်းထျန်(ချီစွမ်းအင်သိုလှောင်သည့်နေရာ)အတွင်း ဖြေးညင်းစွာ လွှဲပြောင်းနေခဲ့သည်။ သူသည် ယနေ့တွင် ချီလှည့်ပတ်ခြင်းကို ခုနစ်ကြိမ်တိုင်အောင် ရောက်ရှိရန် လုပ်ဆောင်ခဲ့ပြီး ဟန်လိသည် ဤသည်မှာ သူ့ခန္ဓာကိုယ်မှ လက်သင့်ခံနိုင်သော အကန့်အသတ်ဖြစ်ကြောင်း သိရှိခဲ့သည်။ သူက နောက်တစ်ကြိမ် ထပ်၍ လှည့်ပတ်ရန် ကြိုးစားခဲ့ပါက သူ၏ သွေးကြောများအားလုံးက ပေါက်ပြဲကုန်ကာ သေသည်ထက် ဆိုးဝါးသည့် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရှိပေသည်။ သူက သတ္တိရှိသူဖြစ်သော်လည်း ဟန်လိက ထိုနာကျင်မှုကို တွေးမိသည်နှင့် ချွေးအေးတို့ ထွက်လာတော့သည်။

ဟန်လိ ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ တရားမဝင်တပည့်အဖြစ်မှ တရားဝင်တပည့်အဖြစ် စစ်ဆေးမှုသည် လွန်ခဲ့သောနှစ်လအကြာကပင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

တရားမဝင်တပည့်များထဲမှ အနည်းငယ်သာလျှင် တရားဝင် အတွင်းဂိုဏ်းတပည့် ဖြစ်လာပေသည်။ တရားမဝင်တပည့်အများစုမှာ ထိုစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခြင်းမရှိသည့်အတွက် သူတို့က ရွေးချယ်စရာမရှိဘဲ အထုပ်အပိုးများပြင်ကာ ထွက်ခွာ၍ အပြင်ဂိုဏ်းတပည့်သာ ဖြစ်လာခဲ့ရသည်။

စစ်ဆေးမှု မအောင်မြင်သည့် ကလေးများက ရတနာစုစည်းခြင်းခန်းမ သို့မဟုတ် ပျံသန်းနေသောငှက်ခန်းမသို့ ဝင်ရောက်ကြရပေသည်။ ထူးချွန်သည့် စွမ်းဆောင်ရည်တို့ကို ပြသနိုင်ခဲ့သောသူများက လေ့ကျင့်ရေးတွင် နောက်တစ်ဆင့်တိုးသွားမည်ဖြစ်ကာ ပို၍လေးစားဖွယ်ကောင်းသော ပြင်ပဓားသွားခန်းမသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။

ပင်လယ်လေးစင်းခန်းမက ဋ္ဌာနခွဲခန်းမလေးခုတွင် အမြင့်ဆုံးဖြစ်သော်လည်း ကံမကောင်းစွာနှင့် သူတို့က သိုင်းပညာအရာတွင် နာမည်ရထားပြီးသူများကိုသာ လက်ခံပေသည်။ သိုင်းပညာကို အဆင့်တစ်ခုထိရောက်အောင် ကျွမ်းကျင်ခြင်းမရှိသူက ပင်လယ်လေးစင်ခန်းမသို့ ဝင်ရောက်ရန်မှာ အဓိပ္ပါယ်မရှိသည့် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထိုရင့်ကျက်မှုမရှိ အတွေ့အကြုံမရှိသည့် ကလေးများက ပြောရန်ပင် မထိုက်တန်ပေ။

ဟန်လိသည် လွန်ခဲ့သော နှစ်လက စစ်ဆေးမှုအသေးစိတ် အချက်အလက်များကို ပြန်စဥ်းစားမိသည့်အခါ အနည်းငယ် ထိတ်လန့်တုန်လှုပ်မှုကို ခံစားခဲ့ရပေသည်။

စစ်ဆေးမှု၌ ပါဝင်သူများသည် ပထမဆုံး နတ်သက်တန့်တောင်ကို ပတ်၍ ဖောက်ထားသည့် ပြေးလမ်းတွင် စုစုပေါင်း ဆယ်ကီလိုမီတာအကွာအဝေး ပြေးကြရမည်ဖြစ်သည်။ ထို့နောက် ချက်ချင်းပင် သူတို့က အုပ်စုဖွဲ့ကာ တောအုပ်အတွင်း အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြရသည်။ နောက်ဆုံးတွင် သူတို့က ပို၍ ကျွမ်းကျင်အစွမ်းထက်သော သိုင်းညီအစ်ကိုစီနီယာများထံမှ တိုက်ခိုက်မှုတချို့ကို တောင့်ခံကြရမည် ဖြစ်သည်။ အဆင့်တိုင်း အဆင့်တိုင်းတွင် ဟန်လိသည် အခြားလူများ၏ ကံမကောင်းမှုကြောင့် အနည်းငယ် ထိတ်လန့်ခဲ့ရသည်။

သူတို့ ချီးရွှမ်ဂိုဏ်း၌ နေစဥ်အတောအတိုင်း ဟန်လိနှင့် ကျန်းထျယ်သည် ယခင်က ထိုကဲ့သို့ ထိတ်လန့်စရာကောင်းသည့် စမ်းသပ်မှုမျိုးကို မကြုံတွေ့ဖူးခဲ့ပေ။ သမားတော်မော့သည် သူ့ စစ်ဆေးမှုက သူတို့ကို သူသင်ပေးထားသော ကျင့်စဥ်သာဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ ဟန်လိသည် စစ်ဆေးမှုက ကြားသလောက် လွယ်ကူလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။ ပြန်စဥ်းစားလိုက်သည့်အခါ ဟန်လိသည် သူ၏ ကျင့်ကြံရာတွင် ပြင်းထန်စွာ အားထုတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။

သမားတော်မော့၏ စကားအရ ဤအမည်မဲ့ကျင့်စဥ်က တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်သည်။ နှစ်ဝက်အတွင်း ဟန်လိက ထိုကျင့်စဥ်၏ ပထမအဆင့်ကို အောင်မြင်စွာ နားလည်သဘောပေါက်ခြင်းရှိမရှိကို သမားတော်မော့က စစ်ဆေးလိမ့်မည်ဖြစ်သည်။ သူတို့နှစ်ယောက်က သမားတော်မော့၏ မျှော်မှန်းချက်နှင့် ကိုက်ညီခဲ့လျှင် သူတို့က သမားတော်မော့၏ ကိုယ်ပိုင်တပည့်များဖြစ်လာမည်ဖြစ်ကာ အတွင်းဂိုဏ်းတပည့်များနှင့် တူညီသော အကျိုးအမြတ်ကိုပင် ရရှိမည်ဖြစ်သည်။

သူသည် အတွင်းဂိုဏ်းနှင့် အပြင်ဂိုဏ်းတပည့်များကြားမှ မတူကွဲပြားသော ဆက်ဆံပုံများအကြောင်း ကြားပြီးကတည်းက ဟန်လိသည် အိမ်ပြန်နိုင်ရန် အပြင်ဂိုဏ်းတပည့်ဖြစ်လာလိုသည့် အစီအစဉ်ကို စွန့်ပစ်ခဲ့ပြီးဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် ချီးရွှမ်ဂိုဏ်းမှ ငွေပြား(ငွေဒင်္ဂါး)များများ ပိုရရှိပြီး သူ့မိသားစုထံ ပြန်ပို့နိုင်ရန်မှလွဲ၍ အခြားအရေးကြီးသည့်အရာ မရှိတော့ပေ။ သူသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေ၏ ဆိုးကျိုးများကို အမှန်တကယ် ကြောက်ရွံ့လာကာ သူ ငွေများများ ရှာနိုင်မှ သူ့မိဘ၊ ညီအစ်ကိုမောင်နှမတို့ ပိုမိုကောင်းမွန်စွာ နေထိုင်လာနိုင်မည်ကို သိရှိပေသည်။

သမားတော်မော့၏ ကျင့်စဥ်ကို သင်ယူပြီးနောက် ဟန်လိသည် ကျင့်ကြံခြင်းကို တစ်ခါလေးမှပင် မပျက်ကွက်ခဲ့ပေ။ သူသည် နေ့တိုင်းညတိုင်း အချိန်ရှိသရွေ့ ထိုကျင့်စဥ်အား ကျင့်ကြံရန်သာ ပြုလုပ်ခဲ့သည်။ သမားတော်မော့က သူတို့ကို ကျင့်ကြံရာတွင် မည်သည့်လမ်းညွှန်မှုမှ မပေးခဲ့သောကြောင့် ဟန်လိက ကိုယ်တိုင် ကြိုးစားရန်သာ တတ်နိုင်ပေသည်။ သူသည် အခြားကလေးများ အသုံးပြုသည့် ချီးရွှမ်ဂိုဏ်း၏ အတွင်းဂိုဏ်းကျင့်ကြံခြင်းအခြေခံဖြစ်သော 'အစစ်အမှန်ယန်စွမ်းအင်' ကို အသုံးပြုကာ ကျင့်ကြံရန် ကိုယ်ပိုင်နည်းလမ်းကို တီထွင်ဖန်တီးခဲ့သည်။

ထိုနည်းလမ်းပေါ်မူတည်၍ သူက သုံးလအတောအတွင်း ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံခဲ့သော်လည်း သူ၏ တိုးတက်မှုက အလွန် နှေးကွေးနေကြောင်း သတိပြုမိလိုက်သည်။ သူက အလွန်အားစိုက်ကာ ကြိုးစားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း အေးစက်သော စွမ်းအားမျှင်လေးတစ်ခုသာ ရရှိခဲ့သည်။ ထိုစွမ်းအားက အလွန် သေးငယ်လွန်းလှသည့်အတွက် သူသည် ၎င်းရှိနေသည်ကို သတိပြုမိရုံမျှသာ ဖြစ်သည်။ သူသာ ရလဒ်ကို သိရှိရင် သူ့ခန္ဓာကိုယ်အား ဂရုတစိုက်မစစ်ဆေးခဲ့လျှင် ထိုစွမ်းအားမျှင်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။

ဤသည်မှာ နည်းပြများ ပြောပြခဲ့သည့် စစ်မှန်သောချီဖြစ်နိုင်သလား။ ဟန်လိသည် ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိပြုမိလိုက်သည်။

အခြားတပည့်များက အစစ်အမှန်ယန်စွမ်းအင်ကို ကျင့်ကြံကြပြီး သူတို့သည် သူတို့ခန္ဓာကိုယ်အတွင်း နွေးထွေးသော စွမ်းအင်တို့ လှည့်ပတ်စီးဆင်းနေသည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ဟန်လိ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားမျှင်က အလွန်အေးစက်နေပြီး အစစ်အမှန်ယန်စွမ်းအင်ကို ကျင့်ကြံခြင်းမှရရှိသည့် စွမ်းအားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရလဒ်ကို ကြည့်လျှင်လည်း ဟန်လိသည် အခြားတပည့်များနောက်၌ အလွန် နောက်ကျကျန်ရစ်နေခဲ့သည်မှာ သိသာပေသည်။

အစစ်အမှန်ယန်စွမ်းအင်မှ စစ်မှန်သည့်ချီစွမ်းအားကို အသုံးပြုသူများသည် လေထဲသို့ သုံးမီတာအမြင့် ခုန်နိုင်သလို သစ်ပင်ပင်စည်အား လက်သီးအရွယ်အပေါက်ဖြစ်အောင် ထိုးနှက်နိုင်ကြသည်။

သို့သော် ဟန်လိသည် သူ့ကိုယ်တွင်း၌ လှည့်ပတ်နေသော ထူးဆန်းသည့် ချီစွမ်းအားမှာ သူ၏ သာမန်ခန္ဓာမှ ထူးထူးခြားခြား ကွဲပြားသွားခြင်းမရှိဟု ခံစားမိပေသည်။ သူပြောနိုင်သည့် တစ်ခုတည်းသော ကွာခြားချက်မှာ သူ့စိတ်ဝိညာဥ်က ပိုမို သန်မာလာပြီး သူ၏ စားသောက်ချင်စိတ်က တောင်ပေါ်သို့ ရောက်မလာခင်ကထက် ပို၍ အားကောင်းလာခြင်းပင် ဖြစ်သည်။ သို့သော် ထိုသည်က မည်သို့ အသုံးဝင်ပါသနည်း။ တောင်ပေါ်ရှိ အခြားကလေးများ ပိုမို သန်မာသော စွမ်းအားများကို ရရှိလာသည်အား မြင်သည့်အခါ ဟန်လိက စိတ်ဓာတ်ကျမှုကို ခံစားလိုက်ရပေသည်။

သူ မည်သည့်တိုးတက်မှုမှ ရှိမလာသည်ကို သတိပြုမိပြီးနောက် ဟန်လိသည် သူ လပေါင်းများစွာ ကြိုးကြိုးစားစား အားထုတ်လာခဲ့မှုများကို လက်လျှော့ပစ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် သူနှင့် အခြားကလေးများကြားမှ ထိုကဲ့သို့ ကြီးမားသော ကွာခြားချက်ကြောင့်  ကျန်သည့်အချိန်အတောအတွင်း အခြားကလေးများကို အမီလိုက်ရန် အခွင့်အရေး ရှိလိမ့်မည်မဟုတ်သလို သမားတော်မော့၏ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်နိုင်ပါ့မလား သူ မသိပေ။ သူက အိမ်ပြန်ရန် အစီအစဥ်ဆွဲထားသည်က ပိုကောင်းပေလိမ့်မည်။

အမှတ်မထင်နှင့် ဟန်လိသည် တစ်ရက်တွင် ကျန်းထျယ် ကျင့်စဥ်နေစဥ် ဖြတ်သွားမိပြီး တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ကျန်းထျယ်သည် ဤလျှို့ဝှက်ဆန်းကြယ်သည့် အမည်မဲ့ကျင့်စဥ်နှင့် စတင်ကျင့်ကြံစဥ်ကတည်းက သူ၏ ခန္ဓာကိုယ်၌ မည်သည့် ပြောင်းလဲမှုမှဖြစ်ပေါ်လာခြင်း မရှိပေ။ သူက မည်သည့်အကျိုးမှမရှိဘဲ စစ်မှန်သည့်ချီပမာဏအနည်းငယ်ကိုပင် မမြင်နိုင်ခဲ့ပေ။

သူသည် အနည်းဆုံး စစ်မှန်သည့် ချီမျှင်တစ်ခုကို ဖွဲ့စည်းနိုင်သည်အား သိလိုက်ရသည့်အခါ ဟန်လိသည် အစောပိုင်းက ပစ်ထုတ်လိုက်သည့် ယုံကြည်ချက်များ ပြန်ရလာခဲ့သည်။ ကျန်သည့် အချိန်အနည်းငယ်အတွင်း သူသည် ထိုအမည်မဲ့ကျင့်စဥ်ကို အပြင်းအထန် ကြိုးစား၍ ကျင့်ကြံတော့သည်။

သူသည် ယခင်ကထက် ပို၍ ကြိုးစားပြီး အရူးတစ်ယောက်လို ကျင့်ကြံနေခဲ့၏။

ဟန်လိသည် အချိန်တိုင်းစက္ကန့်တိုင်း တရားထိုင်၍ ကျင့်ကြံနေခဲ့သည်။ သူ အိပ်ပျော်သွားသည့်အခါ၌ပင် အနည်းငယ် ပိုတိုးတက်လာရန် မျှော်လင့်၍ သူ၏ ခန္ဓာကိုယ်က တရားထိုင်သည့်အနေအထားကို ဆက်ထိန်းထားခဲ့သည်။ သို့သော် ထိုပြင်းထန်သည့် ကျင့်ကြံရေးနည်းလမ်းက ရက်အနည်းငယ်ထက် ပို၍ ထိန်းသိမ်းမထားနိုင်ခဲ့ပေ။ သူက အကန့်အသတ်ကို ကျော်လွန်၍ မအိပ်မနေကျင့်ကြံခြင်းက အကျိုးသက်ရောက်မှုမရှိအောင် ပြုလုပ်နေသည်။

ဟန်လိကို ပို၍ ပဟေဠိဖြစ်စေသည်မှာ သမားတော်မော့က သူတို့နှစ်ယောက်ကို အမည်မဲ့ကျင့်စဥ်အား သင်ကြားပေးပြီးနောက် သူသည် သူတို့၏ တိုးတက်မှုအကြောင်း မည်သည့်အခါမှ မေးမြန်းခဲ့ခြင်းမရှိသည်ကိုပင် ဖြစ်သည်။ ကျင့်ကြံခြင်းနှင့်ပတ်သတ်သည့် သူတို့၏ မေးခွန်းများကိုပင် လျစ်လျူရှုခဲ့ပြီး သူတို့အား ထိုကျင့်စဥ်သင်ပေးခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း မေ့နေသကဲ့သို့ပင် ဖြစ်လေသည်။

နေ့တိုင်း သမားတော်မော့က သန့်စင်သည့် ရွှေရောင်အဖုံးပေါ်တွင် အနက်ရောင်စာလုံးသုံးလုံး ရေးထားသည့် စာအုပ်ကို ထုတ်ကာ လေ့လာလိမ့်မည်ဖြစ်ကာ လှပသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကောက်ကြောင်းကို စူးစိုက်စွာ ​ကြည့်ရှုနေသကဲ့သို့ စာအုပ်ကို လေ့လာနေတတ်သည်။ အစပိုင်းတွင် ဟန်လိနှင့် ကျန်းထျယ်သည် သမားတော်မော့က ဆေးသမားတော်လေးသာ မဖြစ်ချင်တော့ဘဲ တော်ဝင်စာမေးပွဲအောင်မြင်ရန် အပြင်းအထန် ကြိုးစားနေသည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ကလေးနှစ်ယောက်က စာဖတ်တတ်ရန်သင်ယူခဲ့ပြီးနောက် အဖုံးပေါ်တွင် ရေးထားသည့် စာလုံးသုံးလုံးမှာ 'အသက်ရှည်ကျမ်း(ချန်ရှန်းကျင်း)' ဟု ခေါ်သည်ကို သိလိုက်ရသည်။ သမားတော်မော့ ဖတ်နေသည့် စာအုပ်မှာ တစ်စုံတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ရန် မည်သို့ကျင့်ကြံရမည်အား ရေးသားထားသည့် စာအုပ်ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ကလေးနှစ်ယောက်သည် သမားတော်မော့က တော်ဝင်စာမေးပွဲ အောင်မြင်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ မြစ်လိပ်တစ်ကောင်ကဲ့သို့ နှစ်ထောင်ချီအသက်ရှည်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်ကြသည်။

All Chapters