တပည့်တစ်ယောက်အဖြစ် ဂိုဏ်းသို့ ဝင်ရောက်ခြင်း
Vol. 1 Ch. 8
နှစ်ဝက်ဟူသည့် အချိန်က သတိမထားမိဘဲ ကုန်ဆုံးသွားခဲ့ကာ နောက်ဆုံးတွင် ဟန်လိက သမားတော်မော့၏ စစ်ဆေးမှုကို ခံယူရန် သွားရောက်ခဲ့သည်။
ကျန်းထျယ်က ဟန်လိနှင့် နီးကပ်စွာ ရပ်နေပြီး ဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူ၏ အပြုအမူတို့က ထူးဆန်းခြင်း မရှိပေ။ ကျန်းထျယ်က သမားတော်မော့ သင်ကြားပေးခဲ့သည့် ကျင့်စဥ်ကို ခြောက်လကျင့်ကြံခဲ့ပြီးနောက်တွင်ပင် မည်သည့် တိုးတက်မှုမှမရှိကြောင်း ဟန်လိကို ပြောပြခဲ့သည်။
ဟ
န်လိသည် ကျန်းထျယ်၏ ကြိုးစားအားထုတ်မှုက သူ့ထက်မလျော့ကြောင်း သိရှိပေသည်။ ကျန်းထျယ်က အရူးတစ်ယောက်ကဲ့သို့ ကျင့်ကြံခဲ့သည့် ဟန်လိနှင့် မတူသော်လည်း လုံ့လဝီရိယရှိရှိကြိုးစားခဲ့သည်ဟု ဆိုနိုင်သည်။
ထူးဆန်းစွာပင် အမည်မဲ့ကျင့်စဥ်က ကျန်းထျယ်အတွက် အသုံးမဝင်ပုံရသည်။ သူက မည်မျှ အားထုတ်ပါစေ အနည်းငယ်မျှသော ပမာဏလေးပင် တိုးတက်လာအောင် မလုပ်နိုင်ခဲ့ပေ။ ကြည့်ရသည်မှာ ကျန်းထျယ်က ထိုအမည်မဲ့ကျင့်စဥ်ကို မည်သည့်အခါမှ အောင်မြင်နိုင်ခြင်းရှိမည် မဟုတ်သကဲ့သို့ ဖြစ်လေသည်။
ဟန်လိ၏ စိတ်က အေးချမ်းမနေခဲ့ပေ။ သူသည် ကျန်းထျယ်က စစ်ဆေးမှု၌ ကျရှုံးနိုင်ကြောင်း သိရှိပေသည်။ ဟန်လိသည် ထိုအမည်မဲ့ကျင့်စဥ်တွင် အောင်မြင်မှုအနည်းငယ် ရရှိထားလျှင်ပင် သူက မည်သည့်နည်းနှင့်မှ ကျန်းထျယ်ထက် အားကောင်းသန်မာခြင်းမရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးက သမားတော်မော့၏ စမ်းသပ်စစ်ဆေးမှုတွင် ကျရှုံးနိုင်ချေအလွန်မြင့်ပေသည်။
အဆိုးဆုံးဖြစ်လာမည်ကို ကြောက်ရွံ့သည့်အတွက် ဟန်လိက အားသွန်ခွန်စိုက် ကျင့်ကြံခဲ့သည့်အတွက် စမ်းသပ်မှုစတင်သောအချိန်တွင် သူ့ကိုယ်ထဲ၌ စီးဆင်းနေသော ထူးဆန်းသည့် စွမ်းအားက အနည်းငယ် တိုးလာခဲ့သည်။ ယခင်က ဆံခြည်မျှင်ကဲ့သို့ပါးလျသော စွမ်းအားက ယခုတွင် ဝါချည်ကဲ့သို့ ထူထဲလာသည်။ သို့ဆိုလျှင်ပင် ၎င်းက သူ သမားတော်မော့၏ စစ်ဆေးမှုကို မအောင်မြင်နိုင်ဟူသည့် ကြောက်ရွံ့မှုကို ဖျောက်ပစ်မပေးနိုင်ပေ။
"မင်းတို့ အသင့်ဖြစ်ပြီလား။ မင်းတို့ရဲ့ ကျင့်ကြံခြင်း အသီးအပွင့်တွေကို စစ်ဆေးကြည့်ရအောင်။" သမားတော်မော့က ထိုင်နေရင်း သူတို့နှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"အသင့်ဖြစ်ပါပြီ။" ဟန်လိနှင့် ကျန်းထျယ်က သတ္တိရှိရှိ မျက်နှာထားများနှင့် သဘောတူလိုက်သည်။
သမားတော်မော့က သူ့ကုလားထိုင်မှ ဖြေးညင်းစွာ ထရပ်ကာ သူက စာအုပ်ကို အနီးရှိ စားပွဲပေါ် တင်လိုက်သည်။
"မင်းတို့ လက်တွေကို ဆန့်ထုတ်လိုက်။"
"ကျုပ် ကြည့်လို့ရအောင် မင်းတို့ ချီစွမ်းအားကို လှည့်ပတ်လိုက်ကြ။"
သမားတော်မော့က ကျန်းထျယ်၏ ညာဘက်လက်ကောက်ဝတ်ကို လက်တစ်ဖက်နှင့် ကိုင်လိုက်ပြီး အခြားတစ်ဖက်ကို ကျန်းထျယ်၏ တန်းထျန်ပေါ် တင်ထားလိုက်သည်။
လက်ဖက်ရည်တစ်ခွက်ငှဲ့စာ အချိန်ယူပြီးနောက် သမားတော်မော့က သူ့လက်ကို ပြန်ရုတ်လိုက်ကာ ကျန်းထျယ်ကို အနီးကပ် အကဲခတ်နေသည်။
ကျန်းထျယ်၏ မျက်နှာက နီရဲနေကာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်များကို နောက်ပစ်ထားပြီး ခေါင်းငုံ့ကာ သမားတော်မော့၏ မျက်လုံးများအား မကြည့်ရဲပေ။ သူသည် သမားတော်မော့က သူ ထိုအမည်မဲ့ကျင့်စဥ်တွင် တိုးတက်မှုမရှိခဲ့သည်ကို ရှာဖွေတွေရှိပြီး သူတို့နှစ်ယောက်ကို သင်ခန်းစာပေးရန် အပြစ်ပေးခြင်းပင် ခံရနိုင်ကြောင်း သိရှိပေသည်။
"မင်းအလှည့်ပဲ။"
အံ့အားသင့်စရာကောင်းစွာပင် သမားတော်မော့က ကျန်းထျယ်ကို အပြစ်ပေးမည့် မည်သည့်အရိပ်အယောင်မှ မပြခဲ့ပေ။ သမားတော်မော့၏ တစ်ခုတည်းသော တုန့်ပြန်မှုမှာ မျက်လုံးများထဲ၌ စိတ်ပျက်သွားသည့် အရိပ်အမြွက်တချို့ ပေါ်လာခြင်းသာ ဖြစ်သည်။ ကျန်းထျယ်ကို စစ်ဆေးပြီးနောက် ဟန်လိဘက်သို့ လှည့်၍ အနားသို့ ရောက်လာသည်။ ထို့နောက် သူက ဟန်လိ၏ လက်ကောက်ဝတ်ကို ကိုင်ကာ စတင်စမ်းသပ်လိုက်သည်။
'သူ့ အထိအတွေ့က ရေခဲလိုခံစားရတယ်။ လူသားတစ်ယောက်ရဲ့ အထိအတွေ့နဲ့ မတူဘူး။' ဟု ဟန်လိက စိတ်ထဲမှ တွေးလိုက်သည်။
သမားတော်မော့၏ လက်ပေါ်ရှိ အရေပြားက ခြောက်သွေ့ကာ အသားမာအပြည့်နှင့် ဖြစ်သည်။ ဟန်လိလက်ကို သူ ဆုပ်ကိုင်လိုက်သည်နှင့် ဟန်လိသည် စူးရှနာကျင်မှုလှိုင်းများကို ခံစားမိလိုက်ပေသည်။
ပြင်ပမှ ဝင်ရောက်လာသော စွမ်းအား၏ လှုံ့ဆော်မှုကြောင့် ဟန်လိခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော စွမ်းအင်တို့က သူ့အလိုလို စတင်လှည့်ပတ်လာသည်။ ၎င်းက သူ၏ သွေးကြောများနှင့် စွမ်းအင်လမ်းကြောင်းများကို ဖြတ်သန်းကာ သူ့ တန်းထျန်နှင့် ဦးခေါင်းသို့ အပ်စိုက်မှတ်များအားလုံးကိုပါ ဖြတ်ကျော်သွားပြီး ခြေလက်လေးဖက်ဆီသို့ စီးဆင်းသွားသည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို တစ်ပတ်ပြည့်အောင် လှည့်ပတ်နေပြီး သူ့တန်းထျန်ထံ ပြန်လည်စီးဆင်းသွားခဲ့သည်။ ထူးဆန်းသည့် စွမ်းအင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းလာသည့် အခိုက်အတန့်တွင် သမားတော်မော့၏ ထိတွေ့မှုမှ ရရှိလာသော နာကျင်ခြင်းက ချက်ချင်း ပျောက်ကွယ်သွားလေသည်။
"အိုင်း..." သမားတော်မော့က မရည်ရွယ်ဘဲ အံ့အားသင့်သည့် အသံပြုမိသွားသည်။ သူက ဟန်လိခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် ထူးဆန်းသော စွမ်းအင်ကို ရှာတွေ့သွားပုံရသည်။
"မြန်မြန် မင်းကို ကျုပ် သင်ပေးထားတဲ့ ကျင့်စဥ်အတိုင်း စွမ်းအင်ကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်လိုက်။" သမားတော်မော့က သူ၏ ဝမ်းသာအားရဖြစ်နေမှုကို အကောင်းဆုံး ကြိုးစားဖိနှိပ်ထားသော်လည်း စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုအရိပ်အယောင်တို့ သူ့မျက်လုံးများထဲတွင် ထင်ဟပ်လာခြင်းက ဟန်လိကို တိတ်တိတ်လေး သတိအနေအထား ဖြစ်သွားစေသည်။
"ဖြေးဖြေးလေး.. ဖြေးဖြေးလေး.. ကျုပ် ကောင်းကောင်းကြည့်ပါရစေ။" သမားတော်မော့၏ အေးစက်နေတတ်သော အသံက ကြမ်းရှလာကာ ဟန်လိ၏ တန်းထျန်ပေါ် နောက်လက်တစ်ဖက်ကို တင်လိုက်သည်။
ဟန်လိသည် သမားတော်မော့၏ လက်များက အနည်းငယ်တုန်ယင်နေသည်ကို ခံစားမိပေသည်။ ဟန်လိက ထူးဆန်းသောစွမ်းအားကို လှည့်ပတ်လိုက်သည်နှင့် သမားတော်မော့က အတော်လေး စိတ်လှုပ်ရှားလာပေသည်။
"မဆိုးဘူး။ မဆိုးဘူး။ ဒီခံစားချက်... ဒါ ကျုပ်လိုချင်နေတဲ့ ခံစားချက်ပဲ။ ကျုပ် မမှားခဲ့ဘူး။ ကျုပ်အမှားမလုပ်ခဲ့မိဘူးပဲ။ ဟား...ဟာ...ဟား......"
သမားတော်မော့က စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် ထိန်းမထားနိုင်တော့ဘဲ ဟန်လိ၏ ပခုံးကို သူ့လက်များနှင့် တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အားပါးတရ စတင်ရယ်မောလေသည်။ သူ၏ ပုံမှန် မှေးကျဥ်းနေတတ်သော မျက်လုံးများသည်ပင် ဟန်လိအား ပြင်းထန်စွာ စူးစိုက်ကြည့်ရင်း ပြူးကျယ်လာသည်။ ထိုသည်မှာ သူက ရှားပါးကာ အဖိုးတန်သည့် ရတနာတစ်ခုကဲ့သို့ပင်ဖြစ်သည်။ သမားတော်မော့၏ မျက်လုံးများထဲတွင် ရူးသွပ်မှုတို့ ရောင်ပြန်ဟပ်နေခဲ့၏။
ဟန်လိ နားများထဲတွင် သမားတော်မော့၏ ဆက်တိုက်ရယ်မောနေသံကသာ ပဲ့တင်ထပ်နေပြီး သူ့ ပခုံးကလည်း နာကျင်လာသည်ကို ခံစားမိခဲ့ပေသည်။ သမားတော်မော့၏ မျက်လုံးများထဲမှ ရူးသွပ်မှုကို မြင်သောအခါ ဟန်လိက ထိတ်လန့်ကြောက်ရွံ့လာမှုတို့ကို ခံစားလိုက်ရသည်။
"ကောင်းတယ်။ အရမ်းကောင်းတယ်။" ဟန်လိ၏ မျက်နှာအမူအရာမှနေ၍ သမားတော်မော့သည် ဟန်လိကြောက်နေပြီဖြစ်ကြောင်း ပြောနိုင်ပေသည်။ ထို့နောက်မှသာ သမားတော်မော့သည် သူက အလွန်စိတ်အားထက်သန်စွာ ပြုမူမိသွားသည်ကို သတိပြုမိလိုက်သည့်အတွက်ကြောင့် သူ့အမူအရာကို ပြန်လည်ထိန်းချုပ်လိုက်သည်။
"အနာဂတ်မှာ မင်း အခုထက်ပိုပြီး ကြိုးစားရလိမ့်မယ်။ ဒီနေ့ကစပြီး မင်းက ကျုပ်ရဲ့ တပည့်ဖြစ်သွားပြီ။" ထိုသို့ပြောပြီးနောက် သမားတော်မော့က ဟန်လိပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုအား ဖြေလျှော့လိုက်ကာ အားပေးသည့်အနေနှင့် ပခုံးကို ပုတ်လိုက်သည်။
သမားတော်မော့သည် မည်သည့်အခါမှ သူ၏ ထိန်းချုပ်မှုကိုမဆုံးရှုံးဖူးသလို ပုံမှန်တည်ငြိမ်သည့် အသွင်အပြင် ပြန်လည်ရရှိလာသည်။ သို့သော် မကြာခဏ ဟန်လိကို ကြည့်နေသည့် သူ့အကြည့်များအရ သူက အလွန်စိတ်လှုပ်ရှားနေသည်ကို ပြောနိုင်ပေသည်။
"မင်းအတွက်ကတော့..." သမားတော်မော့က နောက်ဆုံးတွင် သူ့အကြည့်များကို ကျန်းထျယ်ပေါ်သို့ ရွှေ့ပြောင်းလိုက်သည်။
ကျန်းထျယ်သည် အစောပိုင်းက အဖြစ်အပျက်များကြောင့် အံ့သြထိတ်လန့်နေခဲ့သည်။ သမားတော်မော့က သူ့ဘက်လှည့်ကာ ပြောလာသည်ကို မြင်သောအခါ မှင်တက်နေရာမှ နိုးထလာခဲ့သည်။
အကဲဖြတ်မှု၌ ကျရှုံးသွားပြီး တောင်ပေါ်မှ ထွက်သွားခိုင်းခံရမည်ဟု တွေးမိသည့်အခါ သမားတော်မော့ကို ကြည့်နေရင်း ကျန်းထျယ်၏ မျက်နှာထက်၌ ခါးသီးသော အရိပ်အယောင်တို့ ပေါ်ပေါက်လာသည်။
"မင်းရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာပဲ။ ဒီလောက်အချိန်အကြာကြီး ရှိပေမယ့် မင်းက စွမ်းအင်နည်းနည်းလေးတောင်မှ မစုစည်းနိုင်ဘူး။ မင်းကို တပည့်အဖြစ်လက်ခံဖို့က အတော်ဖိအားများလိမ့်မယ်။" သမားတော်မော့က ခေါင်းကို ထပ်ကာထပ်ကာ ယမ်းရင်း ပြောလိုက်သည်။
သမားတော်မော့ ခေါင်းယမ်းလိုက်သည့်အခါ ကျန်းထျယ်၏ နှလုံးသားက ချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
သို့သော် ရုတ်တရက် သမားတော်မော့က စိတ်ဝင်စားစရာတစ်စုံတစ်ခုကို တွေးမိသွားသလို ကျန်းထျယ်ကို ကြည့်နေသည့် အကြည့်များက တောက်ပလာသည်။
"မင်းရဲ့ အရိုးတည်ဆောက်ပုံကို ကြည့်ပြီး မင်းအတွက် သင့်တော်တဲ့ သိုင်းပညာရပ်ကို ရှာပေးမယ်။ မင်း ကျုပ်ဆီက သင်ယူဖို့ဆန္ဒရှိလား သိချင်တယ်။" သမားတော်မော့၏ ရုတ်တရက် ပြောင်းလဲသွားသည့်အပြုအမူက ကလေးနှစ်ယောက်ကို အံ့သြသွားစေခဲ့သည်။ သမားတော်မော့က ကျန်းထျယ်ကို စစ်ဆေးမှု၌ အအောင်ပေးလိုက်သည်လား။
ကျန်းထျယ်က သမားတော်မော့၏ စကားကို ကြားသည့်အခါ ထိုကမ်းလှမ်းချက်ကို မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။ သူက ချက်ချင်း သဘောတူလိုက်ကာ သမားတော်မော့ နောက်သို့ လိုက်ရန် ဆန္ဒရှိကြောင်း ပြောလိုက်သည်။
"ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းတို့နှစ်ယောက် အရင်ပြန်နှင့်ကြ။ မနက်ဖြန် မင်းတို့နှစ်ယောက်လုံးကို ကျင့်စဥ်အသစ်ပေးမယ်။" သမားတော်မော့၏ လက်ရှိစိတ်အခြေအနေက အလွန် ကောင်းမွန်နေသည်ကို မြင်နိုင်ပေသည်။
ဟန်လိနှင့် ကျန်းထျယ် နှစ်ယောက်လုံးက အချင်းချင်း ကြည့်လိုက်ကြသည်။ ယနေ့ စမ်းသပ်စစ်ဆေးမှုက အလှည့်အပြောင်းများ အပြည့်နှင့်ဖြစ်သည်။ အဆုံးမှာတော့ သူတို့နှစ်ယောက်လုံးက စစ်ဆေးမှုအောင်မြင်ခဲ့သည်ဖြစ်ရာ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ကြပေသည်။