ဆင်သံချပ်ကာကျင့်စဥ်
Vol. 1 Ch. 9
ယခင်အချိန်များကို ပြန်စဥ်းစားမိပြီးနောက် ဟန်လိက သိသိသာသာ ပြုံးလိုက်မိသည်။
ဟန်လိက ကျန်းထျယ်နှင့်အတူ ကုန်ဆုံးခဲ့သည့် နှစ်ဝက်အတွင်း သူတို့နှစ်ယောက်၏ ပင်ကိုစရိုက်များက ကိုက်ညီသောကြောင့် အလွန် ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်လာကြသည်။
ဟန်လိက တင်ပျဥ်ခွေထိုင်နေသည့် အနေအထားမှ ဖြေးညင်းစွာ ထရပ်လိုက်ကာ သူ၏ ခြေထောက်များကို ပွတ်သပ်လိုက်သည်။ တင်ပျဥ်ခွေထိုင်ကာ တရားထိုင်သည့် အချိန် အလွန်ကြာသွားပြီးနောက် သူ့ခြေထောက်များက ထုံကျင်လာကာ သွေးမလျှောက်တော့သလိုပင် ခံစားလိုက်ရသည်။
အချိန်အနည်းငယ် နှိပ်လိုက်ပြီးနောက်မှ ခြေထောက်များက ပုံမှန်အခြေအနေပြန်ရောက်သွားသည်။ ထရပ်လိုက်ပြီး ဟန်လိသည် ကျောက်သားအခန်းထဲမှ မထွက်ခင် သူ့ကိုယ်သူ ဖုန်ခါလိုက်သည်။
သူက ခေါင်းကို ပြန်လှည့်ကာ သူ ကျင့်ကြံနေခဲ့သည့် ကျောက်သားအခန်းကို ပြန်ကြည့်ပြီးနောက် ခပ်တိုးတိုးရယ်မောလိုက်ပေသည်။
ထိုအခန်းတစ်ခုလုံးကို အလွန်မာကျောသော ကျောက်သားဖြင့် ပြုလုပ်ထားပြီး တံခါးကို အပြာရောင်တွင်းထွက်ကျောက်၏ ကြီးမားသော အပိုင်းတစ်ခုဖြင့် ပြုလုပ်ထားသည်။ သာမန်လူတစ်ယောက်က ထိုအခန်းတွင်းသို့ ချိုးဖျက်ဝင်ရောက်ချင်လျှင် သူ သို့မဟုတ် သူမသည် အလွန်ကြီးမားသော ပုဆိန်ဖြင့် တံခါးကို ခုတ်ရန် အနည်းဆုံး သုံးနာရီကြာပေလိမ့်မည်။
ချီးရွှမ်ဂိုဏ်းတွင် ဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲများနှင့် ခန်းမသခင်များသာ ဤကဲ့သို့သော တိတ်ဆိတ်သည့် ကျင့်ကြံရေးအခန်းကို အသုံးပြုနိုင်သည်။ အတွင်းတပည့်များသည်ပင် သူတို့ စိတ်ရှိသလို အသုံးပြုခွင့်မရကြပေ။ ဤကျင့်ကြံရေးအခန်းသည် ထူးခြားသည့် ကျင့်စဥ်များကို ကျင့်ကြံသူများ ပြင်ပအနှောက်အယှက် ဝင်ရောက်မှုကြောင့် ချီသွေဖည်ခြင်းမဖြစ်စေရန် ကာကွယ်နိုင်အောင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဟန်လိသည် သမားတော်မော့က မည်သည့်နည်းလမ်းအသုံးပြုခဲ့သည်ကို မသိသော်လည်း ဂိုဏ်းက သူ့အတွက် ကိုယ်ပိုင် ကျင့်ကြံရေး ကျောက်သားအခန်းကို နတ်ဘုရားလက်တောင်ကြားအတွင်း တည်ဆောက်ပေးခဲ့သည်။
ကျင့်ကြံရေးအခန်းတည်ဆောက်ပြီးနောက် သမားတော်မော့က ဟန်လိ တစ်ယောက်တည်း အသုံးပြုရန် ပေးအပ်ခဲ့သည်။ ထိုကဲ့သို့ လက်ဆောင်ကို မြင်သည့်အခါ သမားတော်မော့၏ ရက်ရောမှုကြောင့် စိတ်လှုပ်ရှားသွားခဲ့ပေသည်။
သမားတော်မော့၏ ဟန်လိအပေါ်ဆက်ဆံမှုက ကောင်းလွန်းသည်မှာ အမှန်ဖြစ်သည်။ ဟန်လိ သူ၏ တရားဝင်တပည့်ဖြစ်လာကတည်းက သမားတော်မော့သည် ဟန်လိ စားသုံးရန် ဆေးပင်များစွာ ပေးခဲ့သည်။ ထိုမျှသာမက သမားတော်မော့သည် သူ့ခန္ဓာကိုယ်ကို စိမ်ရန်အတွက် အမည်မသိဆေးရေချိုးကန်တစ်ခု လုပ်ပေးခဲ့သည်။ ဟန်လိသည် မည်သည့်ဆေးဖက်ဝင်အပင်များ အသုံးပြုသလဲမသိသော်လည်း သမားတော်မော့က ထိုဆေးပင်များကို ဂရုတစိုက် သန့်စင်နေသည်အားကြည့်ကာ သူ၏ ပုံမှန် မထုံတက်တေးမျက်နှာထက်တွင် တွန့်ဆုတ်တွေဝေသည့် အရိပ်အယောင်တို့ ပေါ်ပေါက်လာသည်။ ဟန်လိသည်ပင် ထိုဆေးပင်များက အလွန် အဖိုးတန်မည်ကို သိရှိခဲ့သည်။
ရှင်းလင်းစွာပင် ၎င်းမှရသည့် အကျိုးအမြတ်က သူ့အတွက် အလွန် အသုံးဝင်ပြီး ဟန်လိ၏ ကျင့်ကြံခြင်းအရှိန်က လျင်မြန်စွာ မြင့်တက်လာသည်။ ဟန်လိသည် လတ်တလောတွင် သမားတော်မော့ သူ့အား သင်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သည့် အမည်မဲ့ကျင့်စဥ်၏ ပထမအဆင့်ကို အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ အဆင့်ချိုးဖျက်တိုးတက်လာသည့် ဖြစ်စဥ်အတွင်း သူ၏ သွေးကြောများက အကြိမ်ပေါင်းများစွာ ပေါက်ပြဲထွက်လုနီးပါးဖြစ်ကာ အတွင်းဒဏ်ရာတချို့ ရရှိခဲ့သည်။ သို့သော် သမားတော်မော့၏ ကျွမ်းကျင်သော ဆေးပညာကို ကျေးဇူးတင်ရပေမည်။ သူ့ သွေးကြောများမှ ဒဏ်ရာတို့က အလွယ်တကူ ပြန်သက်သာလာပြီး ဆေးဝါးများ၏ အကူအညီနှင့် ဟန်လိသည် မည်သည့် ထိခိုက်မှုကိုမှ ပြင်းပြင်းထန်ထန် မခံစားခဲ့ရပေ။
ဟန်လိ အနည်းငယ် ဒဏ်ရာရသည့် အချိန်တိုင်း သမားတော်မော့က ဟန်လိကိုယ်တိုင်ထက်ပင် ပို၍ စိတ်ပူနေတတ်ပေသည်။ ထိုစိုးရိမ်ပူပန်မှုက သူ ဟန်လိကို ကုသနေစဥ်တချိန်လုံး သမားတော်မော့ကို တင်းမာနေစေသည်။ ဟန်လိ၏ ဒဏ်ရာများ သက်သာလာသည့်အခါမှ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သမားတော်မော့၏ စိုးရိမ်ပူပန်မှုက ဆရာတပည့်ကြားမှ ပတ်သတ်မှုထက် ကျော်လွန်နေ၍ ဟန်လိသည် ဤအခြေအနေနှင့် ပတ်သတ်ပြီး မလွယ်ကူသလို ခံစားမိစေသည်။ ဟန်မိသားစုက ဆင်းရဲသော တောရွာလေးမှဖြစ်ကာ ဆွေမျိုးဟူ၍ တတိယဦးလေးတစ်ယောက်သာ ရှိခြင်းမဟုတ်ပါလျှင် ဟန်လိသည် သမားတော်မော့၏ သူ့အပေါ် ပြုမူဆက်ဆံပုံများနှင့် သူသည် သမားတော်မော့က ဝေးကွာနေခဲ့သည့် ဆွေမျိုးတစ်ယောက်ဟု တွေးလိုက်မိမည် ဖြစ်သည်။
ကျင့်ကြံရေးအခန်းထဲမှ လျှောက်ထွက်လာပြီး ဟန်လိသည် ပျင်းရိစွာအကြောဆန့်လိုက်ပြီး ထိုနေရာမှ အဝေးသို့ လျှောက်ထွက်လာခဲ့သည်။ သူ တရားဝင်တပည့် ဖြစ်လာပြီးနောက် ဟန်လိနှင့် ကျန်းထျယ်တို့သည် သူတို့၏ မူလနေထိုင်သည့်အိမ်မှ ကိုယ်ပိုင်အိမ်များသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ကျန်းထျယ်၏ အခန်းကို ဖြတ်သွားသည့်အခါ ဟန်လိက အထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
သေချာသလောက်ပင် ကျန်းထျယ်က အထဲ၌ ရှိမနေပေ။ ဟန်လိသည် သူက ချိရွှေတောင်ထိပ် ရေတံခွန်၌ သိုင်းပညာရပ်အသစ်ကို သွားရောက်ကျင့်ကြံနေခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။
စစ်ဆေးမှုပြီးသည့်နောက် သမားတော်မော့သည် ဟန်လိကို အမည်မဲ့ကျင့်စဥ်အား ဆက်လက်ကျင့်ကြံရန်သာ ညွှန်ကြားခဲ့ပြီး အခြားသိုင်းပညာရပ်များ သင်ကြားပေးရန် ငြင်းပယ်ခဲ့သည်။ သို့သော် ဟန်လိကို ချွေးသိပ်သည့်အနေဖြင့် သမားတော်မော့သည် ကုသခြင်းပညာရပ်များအား သူကိုယ်တိုင် မခြွင်းမချန် သင်ကြားပေးခဲ့သည်။ ဟန်လိက ဆေးပညာနှင့် ပတ်သတ်၍ မေးမြန်းသည့်အခါတိုင်း သမားတော်မော့က ချက်ချင်း အဖြေပေးတတ်ကာ သူ၏ မေးခွန်းအဖြေများအား ရှာဖွေရန် သမားတော်မော့၏ စာကြည့်တိုက်အတွင်းမှ စာအုပ်အမျိုးမျိုး ဖတ်ရှုခွင့်လည်းပေးထားသည်။
ကျန်းထျယ်အတွက်မူ သမားတော်မော့က သူ၏ ယခင်ကတိအတိုင်း သိုင်းပညာရပ်တစ်ခု သင်ကြားပေးခဲ့သည်။
ကျန်းထျယ် ကျင့်ကြံသည့် သိုင်းပညာက အလွန်ထူးခြားပေသည်။ သမားတော်မော့၏ စကားအရ ၎င်းသည် 'ဆင်သံချပ်ကာကျင့်စဥ်' ဟု ခေါ်သည့် တွေ့ရခဲသော သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းသိုင်းပညာရပ်ကို အမှန်တကယ် ကျင့်ကြံသည့် ကျင့်ကြံသူများ တည်ရှိရန်မဆိုထားနှင့် ၎င်း နာမည်မျိုးသည်ပင် အလွန်ကြားရခဲပေသည်။
၎င်းသည် ကျန်းဟူအတွင်းမှ ကျင့်ကြံသူများ ပုံမှန်အသုံးပြုသည့် သိုင်းပညာရပ်တို့နှင့် ကွာခြားပေသည်။ ယေဘုယျအားဖြင့် သာမန်သိုင်းပညာရပ်များအတွက် ကျင့်ကြံရေးတိုးတက်မှုက လွယ်ကူသည့်အဆင့်မှ ခက်ခဲသည့်အဆင့်သို့ အစဥ်လိုက်သွားပေသည်။ အဆင့်မြင့်လာသည်နှင့် ပို၍ ခက်ခဲလာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်လာသည်နှင့် နောက်တစ်ဆင့်သို့ တက်ရောက်ရန် ပို၍ အားထုတ်ရပေလိမ့်မည်။ ကျန်းထျယ်၏ ထူးခြားသော သိုင်းပညာကို အဆင့်ကိုးဆင့်အဖြစ် ခွဲခြားထားပြီး သာမန်သိုင်းပညာရပ်များကဲ့သို့ အစပိုင်းအဆင့်သုံးခုက ကျင့်ကြံရန် အလွယ်ဆုံးဖြစ်သည်။ သို့သော် စတုတ္ထအဆင့်မှစတင်ကာ အလွန်ပြင်းထန်သည့် အဆင့်သို့ရောက်ရှိသွားမည်ဖြစ်ကာ ဆင်သံချပ်ကာကျင့်စဥ်ကို ကျင့်ကြံခြင်းကြောင့် တန်ပြန်သည့် နာကျင်မှုတို့ကို ခံစားရပေလိမ့်မည်။ ဤကဲ့သို့သော သိုင်းပညာမျိုးကို ကျင့်ကြံသူများမှာ ထိုသို့နာကျင်မှုများအား သည်းခံနိုင်ခြင်းမရှိသောကြောင့် စတုတ္ထအဆင့်၌ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြသည်။ အဆင့်တစ်ဆင့်တက်လာသည်နှင့် နာကျင်မှုက ပိုမိုဆိုးဝါးလာသည့်အတွက် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်တို့ကို ပြောရန်ပင် မလိုတော့ပေ။
ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ ချိုးဖျက်တက်ရောက်ပြီးနောက် အတားအဆီး ရှိလိမ့်တော့မည်မဟုတ်ဘဲ ကျင့်ကြံခြင်းက ပိုမိုချောမွေ့လာပေလိမ့်မည်။ တစ်ခုတည်းသော အားနည်းချက်မှာ ကျင့်ကြံသူက လတိုင်းခံစားရမည့် ပြင်းထန်သည့် နာကျင်မှုကို သည်းခံရန်လိုအပ်လိမ့်မည် ဖြစ်သည်။
ထိုနာကျင်မှုက ဆင်သံချပ်ကာကျင့်စဥ်အား ကျင့်ကြံလိုသူများကို ခြိမ်းခြောက်နေသည်။ ထို့ကြောင့် ဤကဲ့သို့ ထူးခြားသည့် သိုင်းပညာရပ်များက တဖြေးဖြေး ပျောက်ကွယ်ကုန်လေသည်။
ဤသိုင်းပညာပုံစံက အလွန်ထူးခြားပေသည်။ ၎င်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသည့်အခါ တစ်စုံတစ်ယောက်၏ ခွန်အားက အမှန်တကယ် ထိတ်လန့်အံ့သြဖွယ် ဖြစ်လာပေလိမ့်မည်။ နဝမအဆင့်ထိ ရောက်ရှိသူ၏ ခန္ဓာကိုယ်သည် ကျောက်သားကျောက်စိုင်ကဲ့သို့ မာကျောလာမည် ဖြစ်သည်။ သူတို့ကို လက်နက်များအားလုံးအပြင် ရေမီးပင် မထိခိုက်စေနိုင်ပေ။ လက်ဝါးရိုက်ချက်၊ လက်သီးပညာရပ်နှင့် ဒဏ္ဍာရီလာဓားများသည်ပင် သူတို့အား ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် လူတွေကို မနာလိုဖြစ်အောင် အလုပ်နိုင်ဆုံးမှာ ဤသိုင်းပညာကို ကျင့်ကြံပြီးနောက် ကျင့်ကြံသူများသည် ဆင်တစ်ကောင်ကဲ့သို့ ခွန်အားကို ရရှိနိုင်ခြင်းပင် ဖြစ်သည်။ လုံလောက်အောင် မြင့်မားသည့်အဆင့်သို့ ရောက်ရှိပြီးနောက် သူတို့၏ ခွန်အားက အကန့်အသတ်မဲ့ ဖြစ်သွားပေလိမ့်မည်။ သူတို့သည် ဝံပုလွေများကို အရှင်ဖမ်းနိုင်ပြီး ကျားများကိုလည်း အပိုင်းပိုင်း စုတ်ဖြဲပစ်နိုင်သည့်အပြင် အခြားပြိုင်ဘက်ကင်း စွမ်းရည်များလည်း ရှိသေးသည်။
ဤသည်ကို ကြားဖူးကြသည့်သူများမှာ သဘောကျသလို ကြောက်ရွံ့ကြပေသည်။ ဤသိုင်းပညာကို ဖန်တီးသူမှလွဲ၍ အဆင့်ကိုးအထိ ကျင့်ကြံနိုင်သော အခြားမည်သူမှမရှိခဲ့ပေ။ ဒဏ္ဍာရီများက ပြောကြသည်မှာ ထိုသိုင်းပညာရပ်အား ဖန်တီးသူက နာကျင်ခြင်းခံစားမှုအာရုံမရှိဘဲ မွေးဖွားလာသည်ဟု ဖြစ်သည်။ ထိုသည်မှာ သူက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ လမ်းကြောင်းမတူသည့် သိုင်းပညာရပ်မျိုးကို ဖန်တီးပြီး ၎င်း၏ အမြင့်ဆုံးစွမ်းရည်ကို ဖော်ထုတ်နိုင်ခြင်း ဖြစ်ရပေမည်။
သမားတော်မော့က ထိုသိုင်းပညာရပ်၏ ရရှိမည့် အကျိုးအမြတ်နှင့် အကျိုးဆက်များကို ကျန်းထျယ်အား ရှင်းပြပြီးဖြစ်သော်လည်း ကျန်းထျယ်က သူ့ခန္ဓာကိုယ်တွင် ခံစားရမည့် နာကျင်မှုတို့ကို အရေးမစိုက်ပေ။ သူက ဆင်သံချပ်ကာကျင့်စဥ်မှ ရရှိလာမည့် ခွန်အားကို တပ်မက်ကာ ထိုသိုင်းပညာကို ကျင့်ကြံမည်ဟု ချက်ချင်း ကတိပေးခဲ့သည်။ သူ့အတွက် သင့်တော်မည့် အခြားသိုင်းပညာရပ်ကိုပင် ရှာဖွေခြင်းမရှိဘဲ ကျန်းထျယ်က နှစ်လအတွင်း ပထမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီး ဖြစ်သည်။
ဆင်သံချပ်ကာကျင့်စဥ်၏ ပထမအဆင့်ကို ချိုးဖျက်နိုင်ရန် သမားတော်မော့သည် နေ့လယ်ခင်းတိုင်း ချိရွှေတောင်ထိပ် ရေတံခွန်၏ ပြင်းထန်စွာ ကျဆင်းနေသော ရေများအောက်တွင် ကျင့်ကြံဖူးသည်။
ကျန်းထျယ်အတွက် ဤသိုင်းပညာရပ်က အမှန်တကယ် အကျိုးသက်ရောက်မှုရှိပေသည်။ ပထမအဆင့်အထွတ်အထိပ်မှ ဒုတိယအဆင့်ကြား ကွာခြားချက်က အလွှာပါးလေးသာ ဖြစ်ပြီး သူ ကြိုးစားအားထုတ်နေသရွေ့ အဆင့်ချိုးဖျက်တက်ရောက်နိုင်မည် ဖြစ်သည်။