← Chapters

လျှို့ဝှက်ဆန်းကြယ်သည့်ပုလင်း 

Vol. 1 Ch. 10

လျှို့ဝှက်ဆန်းကြယ်သည့်ပုလင်း 

Vol. 1 Ch. 10

ဟန်လိ​က အကျင့်အတိုင်း နတ်ဘုရားလက်တောင်ကြားမှ လမ်းတွင် ဖြေးညင်းစွာ လျှောက်လာနေသည်။ သူ့ခြေထောက်များက သူ့အား အလိုအလျောက် ချိရွှေတောင်ထိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။

သူသည် ထိုအချိန်၌ မည်သည့်အရေးကြီးလုပ်စရာမှ ရှိမနေသည့်အတွက် သူ၏ ပုံမှန်အချိန်ဇယားအတိုင်း ချိရွှေတောင်ထိပ်၌ ကျင့်ကြံနေမည့် ကျန်းထျယ်ထံ သွားလည်မည်ဖြစ်သည်။ သူသည် ကျန်းထျယ်က ဆင်သံချပ်ကာကျင့်စဥ်ကို ကျင့်ကြံရင်း သူ့ခန္ဓာကိုယ်ကို မာကျောစေရန် ရေတံခွန်အား အသုံးပြုကာ ကျင့်ကြံနေစဥ် ပြင်းထန်သည့် နာကျင်မှုကို ခံစားရလိမ့်မည်ကို သိရှိပေသည်။

ထိုကဲ့သို့ ထူးခြားသော သိုင်းပညာရပ်မှ ညှင်းပန်းနှိပ်စက်နေသော နာကျင်မှုကို လူတိုင်း ခံနိုင်ရည်မရှိနိုင်ပေ။ ပထမအဆင့်မှာပင် လူတစ်ယောက်ကို ကြီးစွာသော နာကျင်မှုခံစားရစေရန် လုံလောက်ပေသည်။ နဝမအဆင့်သို့ ရောက်ရှိရန် ဖြစ်စဥ်အတွင်း တစ်စုံတစ်ယောက်က သူတို့၏ အရေပြားတို့ကိုပင် အဆုံးရှုံးခံ၍ အလွန် ရူးသွပ်စွာ ကျင့်ကြံရန်လိုအပ်လိမ့်မည်လား။

"အင်း.. ကျန်းထျယ်က သူ့ဆုံးဖြတ်ချက်ကို နောင်တရမလား သိချင်မိတယ်။ ဆင်သံချပ်ကာကျင့်စဥ်ကို ကျင့်ကြံဖို့ တစ်စုံတစ်ယောက်က ပြင်းထန်တဲ့ နာကျင်မှုကို တောင့်ခံရမယ်ဆိုတာ တွေးကြည့်ဖို့တောင် မဖြစ်နိုင်ဘူး။" ဟန်လိက သူ့လမ်းတလျှောက် ရှိနေသော သစ်ရွက်များနှင့် အကိုင်းအခက်တို့ကို ကန်ကာ လျှောက်နေရင်း တွေးနေခဲ့သည်။

"နောက်ရက်နည်းနည်းလောက်ဆိုရင် ငါတို့နှစ်ယောက် သမားတော်မော့ဆီသွားပြီး ကျန်းထျယ်အတွက် နောက်ထပ် သိုင်းပညာရပ်ပေးဖို့ တောင်းဆိုကြည့်ရမယ်။ ဒါမှ သူ ကျင့်ကြံတဲ့အခါတိုင်း အဲဒီလို နာကျင်မှုမျိုး ခံစားရစရာမလိုတော့မှာ။" ထိုကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်နေသည့် ကျင့်စဥ်ကို ကျင့်ကြံနေသည့် ကျန်းထျယ်အား မည်သို့ ကူညီပေးရမည်ကို တွေးနေသည့် အတွေးများမှ နိုးထလာပြီးနောက် ဟန်လိက သူ့အနီးဝန်းကျင်ကို ကြည့်လိုက်သည်။

ဟန်လိက ခေါင်းကိုလှည့်လိုက်ကာ သူ့ဘေးရှိ သစ်ပင်တန်းများဆီ အကြည့်ရောက်သွားခဲ့သည်။ လက်ရှိအချိန်မှာ ဆောင်းဦးနှောင်းပိုင်းကာလသို့ ချဥ်းနင်းဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ သစ်ပင်၏ အကိုင်းအခက်များ အားလုံးက သစ်ရွက်များမရှိဘဲ အပြိုင်းပြိုင်းဖြစ်နေသည်။ လမ်းလေးတွင် သစ်ကိုင်းခြောက်များ သစ်ရွက်ခြောက်များနှင့် ဖုံးလွှမ်းနေခဲ့သည်။ ဟန်လိသည် ၎င်းတို့ပေါ်မှ လျှောက်ရသည်မှာ ဝါဂွမ်းများပေါ်မှ လျှောက်ရသလိုပင်ဖြစ်ကာ အလွန် သက်သောင့်သက်သာရှိကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအခိုက်အတန့်တွင် အနီးတစ်နေရာရှိ တောင်ထွတ်မှ လက်နက်အချင်းချင်း ထိခတ်နေသည့်အသံတို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ပြီး ထိုအသံများက အလွန်ကျယ်လောင်လှသည်။ ဆူညံသံများကို ကြားပြီးနောက် ဟန်လိက ထိုတောင်ထွတ်ဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ ကောင်းမွန်နေသည့် စိတ်ခံစားချက်လေးက ဖျက်ဆီးခံလိုက်ရသောကြောင့် စိတ်တိုသွားခဲ့ပေသည်။

ဆူညံသံမှာ ဓားတစ်ရာခန်းမ တပည့်များထံမှ လာခြင်းဖြစ်သည်။ သူတို့က သူတို့ခန်းမသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည့် တပည့်များကို လက်နက်အားလုံး၏ ပညာရပ်အမျိုးမျိုး လေ့ကျင့်စေသည်။

ဟန်လိ အခြားခန်းမများမှ တပည့်များ အဖွဲ့လိုက်စုဝေးကာ လေ့ကျင့်ရေး လုပ်နေသည်ကို မြင်သည့်အခါတိုင်း သူ့နှလုံးသားအတွင်း မနာလိုမှုအနည်းငယ်ကို ခံစားမိပေသည်။ သူသည်လည်း လက်နက်အစစ်တစ်ခုကို ကိုင်ကာ သူ၏ စွမ်းရည်တို့ကို ပြသချင်ပေသည်။ မည်မျှနှမြောစရာ ကောင်းလိုက်သနည်း။ သူ သမားတော်မော့၏ တရားဝင်တပည့် ဖြစ်လာပြီးနောက် ထိုသို့အရာမျိုး လေ့ကျင့်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားခြင်းခံရပေသည်။ သမားတော်မော့သည် ဟန်လိ၏ အချိန်အားလုံးကို အမည်မဲ့ကျင့်စဥ်အား ကျင့်ကြံနေရန် ဆန္ဒရှိသည်။

ထို့ကြောင့် ဟန်လိက မနာလိုသောမျက်လုံးများနှင့် ကြည့်နေရုံသာ တတ်နိုင်သည်။ တစ်ခါတစ်ရံ အပျင်းပြေစေရန် သူနှင့်ရင်းနှီးသော အခြားဋ္ဌာနခွဲတပည့်အချို့ထံမှ လက်နက်တို့ ငှားရမ်းပြီး သူတို့နှင့်အတူ လေ့ကျင့်တတ်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် အမည်မဲ့ကျင့်စဥ်က အမှန်တကယ် မည်မျှ အသုံးဝင်ပါသနည်း။ ယခုထိတိုင် ဟန်လိက သူ၏ မပြောင်းလဲသော ကျင့်ကြံခြင်းမှ မည်သည့် အကျိုးသက်ရောက်မှုမှ မမြင်ခဲ့ရပေ။ အခြားတပည့်များက သူတို့၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်လာအောင် လုပ်ဆောင်ပြီး အထင်ကြီးဖွယ် သိုင်းပညာရပ်များကို ကျွမ်းကျင်ကြသည်။ သိုင်းပညာကျင့်ကြံခြင်းခရီးလမ်းကို မာရသွန်ပြေးပွဲနှင့် ယှဥ်လျှင် ဟန်လိက စမှတ်မှာသာရှိနေပြီး ရှေ့သို့ အနည်းငယ်မျှ ရောက်မလာသလိုဖြစ်သည်။

နှစ်လမျှသာကျင့်ကြံရသေးသည့် ကျန်းထျယ်သည်ပင် သူ၏ အားထုတ်မှုအတွက် အကျိုးရှိသည့် အပြောင်းအလဲတချို့ ပြသသေးသည်။ သူ၏ အသားအရေနှင့် ကြွက်သားတို့က မာကြောလာပြီး သူ့ခွန်အားအဆင့်က ယခင်ကထက် သိသိသာသာ မြင့်မားလာသည်။

သို့သော် သမားတော်မော့က ကျန်းထျယ်ကို တရားဝင်တပည့်အဖြစ် လက်မခံခဲ့လျှင် သူက လွန်ခဲ့သော နှစ်လခန့်က ပြုလုပ်ခဲ့သည့် စစ်ဆေးမှုကို အောင်မြင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူက စမ်းသပ်မှုကို မအောင်မြင်ခဲ့လျှင် အိမ်သို့ ပိုက်ဆံပြန်ပို့နိုင်လိမ့်မည် မဟုတ်ဘဲ တောင်ပေါ်၌ပင် နေရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းထျယ်က နောက်ထပ် သိုင်းပညာရပ်ကို မကျင့်ကြံနိုင်ခဲ့လျှင် သူ့လမ်းကြောင်းက ထာဝရပိတ်ဆို့သွားရလိမ့်မည် ဖြစ်သည်။

တစ်ဖက်တွင် ဟန်လိက သူတို့ အခြေအနေ၏ မမျှတသည့်အကြောင်း မကျေမနပ်ဖြစ်မိပေသည်။ အခြားတစ်ဖက်တွင် သူက  သမားတော်မော့၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ကတည်းက သူ ချီးရွှမ်ဂိုဏ်းမှ နှင်ထုတ်ခံရမည်ကို ကြောက်ရွံ့နေရန် မလိုတော့ပေ။

ဟန်လိက အခြားဋ္ဌာနခွဲမှ တပည့်များကို ကြည့်နေသည့် အကြည့်များအား ပြန်ရုတ်လိုက်သော်လည်း သမားတော်မော့၏ စိတ်အနှောက်အယှက်ဖြစ်စရာ အမိန့်များကို ဆက်လက်တွေးတောနေသည်။ စိတ်ရှုပ်ထွေးကာ စိတ်ဓာတ်ကျနေပြီး စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတို့က သူ့ကို ထိုးနှက်လာသဖြင့် လမ်းမတစ်ဖက်တစ်ချက်ရှိ သစ်ပင်တန်းများထံ အကြည့်ရွှေ့လိုက်သည်။

ရုတ်တရက် ဟန်လိသည် ပါးစပ်အပြည့်လေအေးများ ရှိုက်သွင်းလိုက်ပြီး သူ၏ မျက်နှာအမူအရာက အရုပ်ဆိုးသွားခဲ့ပေသည်။ အလိုအလျောက်ပင် သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်လုံးကို အသုံးပြုကာ ညာဘက်ခြေထောက်အား တင်းကျပ်စွာဆုပ်ကိုင်ရင်း မြက်ခင်းပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ ရုတ်တရက် လှိုက်တက်လာသည့် နာကျင်မှုက ဟန်လိကို သတိလွတ်သွားမတတ်ဖြစ်စေသည်။ သူ့ညာဘက် ခြေချောင်းလေးများမှ ပြင်းထန်သည့် နာကျင်မှုလှိုင်းက သူ့မျက်နှာကို စက္ကူဖြူကဲ့သို့ ဖြူဖျော့လာစေသည်။

သိသာစွာပင် ဟန်လိက မတော်တဆနှင့် သစ်ရွက်ခြောက်များကြား ဖုံးအုပ်ခံထားရသော အလွန် မာကျောသည့် အရာဝတ္တုတစ်ခုကို ကန်လိုက်မိခြင်းဖြစ်သည်။

ဟန်လိက သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ လက်နှစ်ဖက်လုံးအသုံးပြု၍ ခြေထောက်ကို အုပ်ထားခဲ့သည်။ သူက ခေါင်းကိုငုံ့ကာ ဖိနပ်အား ချွတ်လိုက်ပြီး ဒဏ်ရာရသွားသည့် ​ခြေချောင်းလေးကို လေပြင်းပြင်းမှုတ်လိုက်သည်။ နာကျင်မှုက သူ့ ဦးနှောက်အတွင်း တိုက်ရိုက်ရောက်ရှိသွားသည်။ သူသည် ဒဏ်ရာရရှိသွားသည့် ခြေချောင်းလေးများက သူ၏ နေ့စဥ်လုပ်ငန်းဆောင်တာများကို အနှောက်အယှက်ဖြစ်စေမည်ကို စိုးရိမ်နေသည်။

အချိန်အတော်ကြာပြီးနောက် ဟန်လိက လည်ပင်းကို ဆန့်ကာ ထိုသစ်ရွက်ခြောက်များအောက်သို့ ကြည့်ကာ သူ့ကို ဒဏ်ရာရစေခဲ့သည့် ယုတ်မာလှသော ကျောက်တုံးကို ရှာဖွေရန်ကြိုးစားလိုက်သည်။

သို့သော် ကြွေကျနေသည့် သစ်ရွက်များအားလုံးက အနီရောင်သမ်းသော အဝါရောင်များ တူညီနေသည်။ ၎င်းတို့က သူရှာဖွေနေသောပစ်မှတ်ကို ဖုံးကွယ်ထားသည်။

ဟန်လိ၏ နဖူးကြောက ရှုံ့တွန့်သွားပြီး သူက ရှည်လျားထူထဲသည့် သစ်ကိုင်းခြောက်တစ်ချောင်းကို ကောက်ယူရန် မြေပြင်၌ရှာလိုက်သည်။ သစ်ကိုင်းခြောက်ကို ကိုင်ရင်း သူက ဂရုတစိုက်ထရပ်လိုက်သည်။

ဟန်လိက အရှုံးပေးရန် စိတ်ကူးမရှိဘဲ သူ့လက်ထဲမှ သစ်ကိုင်းခြောက်ကို အသုံးပြုကာ သစ်ရွက်များကြား ဆက်လက်ရှာဖွေနေသည်။

အိုင်း... သူက လက်သီးဆုပ်အရွယ်ရှိ အရာဝတ္တုတစ်ခုကို သတိပြုမိလိုက်သည်။

ဟန်လိက ခေတ္တရပ်သွားကာ သူ့ရှေ့ရှိ အရာဝတ္ထုကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ့ကို အကြီးအကျယ် နာကျင်စေခဲ့သည့် တရားခံမှာ အမှန်တကယ်၌ ရှည်မျောမျောသဏ္ဌာန်ရှိ ပုလင်းတစ်လုံးဖြစ်သည်။ ၎င်း၏ မျက်နှာပြင်က ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး မူလအရောင်ကိုပင် သိမြင်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ၎င်းကို ကြည့်ရသည်မှာ အလွန် သာမညဆန်နေသည်။

အစပိုင်းတွင် ဟန်လိသည် ၎င်းက သာမန်ပုလင်းလေးတစ်လုံးဟု ထင်ခဲ့သော်လည်း ကောက်ယူကြည့်လိုက်ပြီးနောက် ထိုပုလင်းက သာမန်ကြွေပုလင်းများ၏ အလေးချိန်နှင့် မတူညီစွာ အလွန် လေးလံနေကြောင်း တွေ့ရှိလိုက်ရသည်။

ဤပုလင်းက ရွှေဖြင့်ပြုလုပ်ထားခြင်း ဖြစ်နိုင်သလား။ သူ ကန်မိသည့်အခါ၌ ထိုမျှ နာကျင်သွားရသည်မှာ အံ့သြစရာမရှိတော့ပေ။ သို့သော် ရွှေဖြင့်ပြုလုပ်ထားသည့် ပုလင်းများက မြင်ရခဲပေသည်။

ရွှေနှင့်ပြုလုပ်ထားသည်လား။ ဤပုလင်းနှင့် ပတ်သတ်၍ ဟန်လိ၏ စိတ်ဝင်စားမှုက မြင့်တက်လာသည့်အတွက် သူ့ခြေထောက်မှ နာကျင်မှုကို မေ့ပျောက်သွားလေသည်။

ဟန်လိက ရွှံ့အလွှာကို သုတ်ပစ်လိုက်သည့်အခါ ပုလင်း၏ မူလအရောင်က စတင်ထွက်ပေါ်လာသည်။ ပုလင်းမှ တောက်ပသည့် အစိမ်းရောင်တို့ ထုတ်လွှတ်နေပြီး အစိမ်းပုပ်ရောင် သစ်ရွက်ပုံစံကို မျက်နှာပြင်ပေါ်၌ ရေးထွင်းထားသည်။ ပုလင်း၏ ထိပ်တွင် ပုလင်းဝကို တင်းကျပ်စွာ ပိတ်ဆို့ထားသည့် အဖုံးတစ်ခု ရှိသည်။

၎င်းက အဖိုးတန်သည့် တစ်စုံတစ်ရာကို သိုလှောင်ထားခြင်း ဖြစ်နိုင်သလား။ ဟန်လိသည် ပုလင်းကို သူ့နားရွက်အနီးသို့ ထားကာ ညင်သာစွာ လှုပ်ကြည့်လိုက်သော်လည်း ၎င်း၏ အထဲတွင် မည်သည့် လှုပ်ရှားမှုကိုမှ မခံစားမိခဲ့ပေ။

လက်လျှော့ရန် ဆန္ဒမရှိစွာနှင့် ဟန်လိသည် ပုလင်းအဖုံးပေါ်သို့ လက်တင်ကာ ၎င်းကို ဖွင့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ မည်သို့ကြိုးစားပါစေ ပုလင်းကို ဖွင့်မရခဲ့ပေ။

သူ၏ နှလုံးသားထဲမှ သိချင်စိတ်က လောင်ကျွမ်းလာကာ ၎င်းကို ဖွင့်ရန် နောက်တစ်နည်းသုံးဖို့ရာ ​ကြံရွယ်လိုက်စဥ် သူ့ခြေထောက်မှ နာကျင်မှုက တစ်ဖန် လှိုက်တက်လာပြန်သည်။

သေစမ်း... သူက ပုလင်းကို ကန်မိပြီးနောက် ညာဘက်ခြေချောင်းလေး ဒဏ်ရာရသွားခဲ့သည်ကို မေ့သွားခဲ့ပေသည်။

သူ့ဒဏ်ရာကို ကြည့်လိုက်ပြီး သူသည် ယနေ့ ကျန်းထျယ်ထံ သွားလည်နိုင်တော့မည်မဟုတ်ဟု တွေးလိုက်ပေသည်။ ဟန်လိက သူ နေထိုင်သည့် နေရာသို့ပြန်ကာ ခြေထောက်ကို ဆေးထည့်ပြီးနောက်မှ သူ ကိုင်ထားသော ဆန်းကြယ်သည့် ပုလင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေရန် လုပ်ဆောင်ရပေမည်။

ပုလင်းကို အခြားသူများ သတိထားမိမည်စိုးသဖြင့် ဟန်လိသည် ထိုပုလင်းက မည်မျှညစ်ပတ်နေသည်ကို ဂရုမစိုက်ဘဲ သူ့အဝတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် သူက ပြန်လှည့်ကာ အိမ်သို့ တစ်လှမ်းချင်း ပြန်သွားခဲ့သည်။

All Chapters