← Chapters

ဖွင့်ရခက်သည့် ပုလင်း 

Vol. 1 Ch. 11

ဖွင့်ရခက်သည့် ပုလင်း 

Vol. 1 Ch. 11

ဟန်လိသည် အပြန်လမ်း၌ မည်သည့်အတွက်ကြောင့် သူက ထော့နဲ့ထော့နဲ့ဖြစ်နေရကြောင်း သိချင်နေသည့် စီနီယာတပည့်အနည်းငယ်မျှလွဲ၍ လူများများစားစား မတွေ့ခဲ့ရပေ။ သို့သော် ဟန်လိက မည်သည့်စကားမှ မပြောသည့်အတွက်ကြောင့် သူတို့ကလည်း သူ့ကို ထပ်၍အာရုံမစိုက်ကြတော့ချေ။

သူ့အခန်းသို့ ပြန်ရောက်လာသည်နှင့် ခြေချောင်းမှ နာကျင်မှုက သည်းမခံနိုင်လောက်အောင် ဖြစ်လာပေသည်။ ဟန်လိက အိပ်ရာပေါ်တွင် ထိုင်ကာ သူ့ခြေထောက်မှ ဒဏ်ရာကို စစ်ဆေးရန် ဖိနပ်များ ချွတ်လိုက်သည်။

ခြေထောက်က အတော်လေး ရောင်ရမ်းနေသည်။ သူ၏ ညာဘက်ခြေချောင်းက ဖောင်းကားနေကာ ကြီးမားသည့် ငရုတ်သီးတောင့်ကဲ့သို့ သွေးခြေဥနေခဲ့သည်။

ဟန်လိက သူ့ခေါင်းအုံးအောက်မှ ဆေးပုလင်းကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ သမားတော်မော့က သေချာဂရုတစိုက် ဖော်စပ်ထားသည့်အတွက် ဤဆေးက ထိခိုက်ဒဏ်ရာ၊ ရောင်ရမ်းခြင်းနှင့် သွေးထွက်ခြင်းတို့တွင် အံ့သြဖွယ်ကောင်းလောက်သည့် အရှိန်နှင့် ကုသနိုင်စွမ်းရှိသည်။ သမားတော်မော့က ထိုသို့ အစွမ်းထက်သည့်ဆေးကို အလွယ်တကူမပေးခဲ့ပေ။ ၎င်းသည် အစက ဆင်သံချပ်ကာကျင့်စဥ်ကို ကျင့်ကြံစဥ် ထိခိုက်ဒဏ်ရာများရရှိတတ်သည့် ကျန်းထျယ်အတွက် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း ထိုဆေးကို အရင်ဆုံးအသုံးပြုရသည်မှာ သူဖြစ်နေလိမ့်မည်ဟု ဟန်လိ ထင်မထားမိခဲ့ပေ။

ဆေးပုလင်းကို ဖွင့်လိုက်သည့်အခါ အားကောင်းသည့် ဆေးရနံ့က အခန်းထဲတွင် ပြည့်နှက်သွားခဲ့သည်။ သူက ဒဏ်ရာပေါ်တွင် အနည်းငယ် လိမ်းလိုက်သည့်အခါ ချက်ချင်းပင် သက်သောင့်သက်သာရှိသော ခံစားမှုကို ခံစားလိုက်ရသည်။ သမားတော်မော့ ပြောသည့်အတိုင်း ဆေးက ချက်ချင်း အကျိုးသက်ရောက်မှု ရှိပေသည်။ သမားတော်မော့က အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းလှသည်။

ဟန်လိက ဖိနပ်ပြန်မစီးခင် သန့်ရှင်းသော အဝတ်တစ်ခုယူကာ သူ့ ခြေထောက်ကို ပတ်လိုက်သည်။

'သိပ်ကောင်းတယ်။' နာကျင်မှုက တဖြေးဖြေး လျော့ပါးလာသည်။

သူက စတင်၍ ခြေလှမ်းလိုက်ကြည့်လိုက်ပြီး နာကျင်မှုကို စမ်းသပ်ကြည့်လိုက်သည့်အခါ ယခင်ကထက်ပို၍ လှုပ်ရှားရလွယ်ကူလာသည်ကို ခံစားမိပြီး သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ယခု သူ့အား ထိုမျှထိခိုက်ဒဏ်ရာရစေခဲ့သည့် ဆန်းကြယ်သော ပုလင်း၏ ပဟေဠိကို ဖြေရှင်းရန် အချိန်ကျလာပြီ ဖြစ်သည်။

ဟန်လိက သူ့အဝတ်အစားထဲမှ ပုလင်းကို ထုတ်ယူလိုက်ကာ ၎င်း၏ မူလအရောင်ပြန်ရသည်အတွက် ပွတ်တိုက်သန့်စင်လိုက်သည်။

ထိုပုလင်းက သိပ်မကြီးလှဘဲ ပုလင်းလည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထား၍ ရပေသည်။ ၎င်းသည် အမှန်တကယ်၌ သမားတော်မော့၏ ဆေးပုလင်းထက်ပင် သေးငယ်နေသေးသည်။ ပုလင်းက အစိမ်းရောင်တောက်ပနေပြီး အစိမ်းပုပ်ရောင် သစ်ရွက်ပုံစံက အသက်ဝင်လာလုနီးပါးပင် ဖြစ်သည်။ ဟန်လိသည် ပုလင်းမျက်နှာပြင်ပေါ်ရှိ ဒီဇိုင်းပုံစံက ပုလင်းပေါ်၌ သစ်ရွက်အစစ်များ ကပ်ထားသလိုပင် ခံစားမိလိုက်ပေသည်။

သူ့လက်ထဲမှ ပုလင်း၏ အလေးချိန်ကို ဆ,ကြည့်ပြီး ဟန်လိသည် ထိုပုလင်းကို ကြွေဖြင့် ပြုလုပ်ထားသည်လား အခြားသတ္တုတစ်မျိုးမျိုး အသုံးပြု၍ ပြုလုပ်ထားသည်လား မသိပေ။ ပုလင်းက သတ္တု၏ အေးစက်မှုမျိုးမရှိသလို ကြွေသား၏ တောက်ပမှုမျိုးလည်း မရှိချေ။

ဟန်လိသည် ပုလင်းကို သေချာလေ့လာနေခဲ့သော်လည်း သူသည် ထိုပုလင်းအား မည်သည့် ပစ္စည်းများနှင့် ပြုလုပ်ထားကြောင်း မသိရှိနိုင်ဘဲ ဖြစ်နေသည်။ အစိမ်းရောင်မှာ ထိုပုလင်းကို ပြုလုပ်ထားသော ပစ္စည်း၏ ပင်ကိုယ်အရောင်ဖြစ်ကာ ပြုလုပ်ပြီးနောက်မှ အရောင်ထည့်ထားခြင်း မဟုတ်ပေ။

ပုလင်းကို ထိုမျှ တင်းကျပ်စွာ ပိတ်ထားသည်ကို ကြည့်ရင်း ဟန်လိက ပို၍ သိချင်လာသည်။ ပုလင်းကို ကြည့်ကာ အထဲ၌ တစ်စုံတစ်ခုရှိမရှိကို သိချင်စိတ် အလွန် ပြင်းပြနေပေသည်။

သူက ခွန်အားပိုစိုက်ကာ ပုလင်းအဖုံးကို ဖွင့်ရန် ကြိုးစားလိုက်သည်။

တစ်ခါကြိုးစား၊ နှစ်ခါကြိုးစား၊ သုံးခါကြိုးစား၊ အထပ်ထပ်ကြိုးစား ကြည့်သော်လည်း ပုလင်းအဖုံးက ပုလင်းလည်ပင်းအတွင်း ကျပ်ညပ်နေပြီး အပြင်သို့ ထွက်လာရန် ငြင်းဆန်နေသလို ထင်မှတ်ရသည်။

ဟန်လိက အံ့သြနေခဲ့သည်။ သူ ဤပုလင်းကို ပထမဆုံး ကောက်ယူခဲ့စဥ်က နာကျင်မှုကြောင့် ၎င်းကို ဖွင့်ရန် ခွန်အားအပြည့်မသုံးနိုင်ခဲ့သည့်အတွက် ထိုပုလင်းက မည်မျှ ဖွင့်ရခက်သည်ကို သတိမပြုမိခဲ့ပေ။ သို့သော် ယခု ဟန်လိက သူ့ ခြေထောက်ကို ကုသပြီးသွားခဲ့ပြီဖြစ်ကာ ခွန်အားအပြည့်သုံးနိုင်ပြီဖြစ်သော်လည်း ပုလင်းအဖုံးကို မဖွင့်နိုင်သေးဘဲ ဖြစ်နေသည်။

ဟန်လိသဘ် သူ၏ လက်များပင် စတင်နာကျင်လာသည်အထိ နောက်ထပ် ကြိုးစားကြည့်သော်လည်း အောင်မြင်မှုမရခဲ့သည့်အတွက် ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရသည်။

သူက လက်ကို ဆန့်ထုတ်ကာ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ ယခုလေးတင် သူက ပုလင်းကို ဖွင့်ရန်အတွက် ခွန်အားအမြောက်အမြား သုံးစွဲကာ သူ့လက်ကောက်ဝတ်ကို နာကျင်သည်အထိ အားစိုက်ခဲ့ရပေသည်။

သူက ပုလင်းကို သူ့ မျက်လုံးရှေ့သို့ မြှောက်လိုက်ကာ အနီးကပ် စတင်လေ့လာကြည့်လိုက်သည်။ ကံမကောင်းစွာနှင့် ၎င်းကို အလွယ်တကူ ဖွင့်နိုင်မည့် လျှို့ဝှက်ခလုတ်မျိုးလည်း ရှိမနေပေ။

ထိုသည်က ဟန်လိကို မချင့်မရဲဖြစ်စေသည်။ သူက ပုလင်းကို မဖွင့်နိုင်သည့်အတွက် အထဲ၌ တစ်စုံတစ်ခု ရှိမရှိ သူက မည်သို့ သိနိုင်ပါတော့မည်နည်း။ ၎င်းကို ဤမျှ တင်းကျပ်စွာပိတ်ထားလေရာ အထဲတွင် အဖိုးတန်သည့် တစ်စုံတစ်ခု ကျိန်းသေရှိရပေမည်။

ဟန်လိက ပုလင်းကို လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ငေးငိုင်သည့် အကြည့်တို့နှင့် ကြည့်နေခဲ့သည်။ အဆုံးတွင် သူက သူ့ထက် အများကြီး ပိုသန်မာသည့် ကျန်းထျယ်ကို ထိုအဖုံးဖွင့်နိုင်မလား ကြိုးစားကြည့်ခိုင်းလိုက်မည်ဟု ဆုံးဖြတ်လိုက်ပေသည်။ လက်ရှိကျန်းထျယ်က တောင်ပေါ်နှင့် တောင်အောက်ကို ရေဆယ်ထမ်းလောက် အသာလေး သယ်နိုင်သည်အား သိရှိပေသည်။ ဤရက်များတွင် နေ့တိုင်း ကြီးမားသည့် ရေစည်ကြီးအတွင်း ရေဖြည့်နေသူက ကျန်းထျယ်ဖြစ်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ဟန်လိက ကျန်းထျယ်၏ နေရာသို့ ဦးတည်လိုက်ပြီး သူ မကြာခင်ပြန်ရောက်လာရန် မျှော်လင့်နေသည်။

တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းရခြင်းက အမှန်တကယ် စိတ်ကျေနပ်စရာမကောင်းလှပေ။ ဟန်လိသည် အချိန်က အလွန်နှေးကွေးစွာ ကုန်ဆုံးနေသည်ဟု ခံစားမိခဲ့ပေသည်။ နောက်ဆုံးတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် ကျွီခနဲအသံကြားလိုက်ရပြီး ကျန်းထျယ်က တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

မော့ကြည့်လိုက်သည့်အခါ ဟန်လိသည် ကျန်းထျယ်က ပါးလျသည့် အဝတ်တစ်ထည်ကိုသာလျှင် ဝတ်ထားကြောင်း မြင်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးတို့နှင့် ရေချိုးထားသလို ဖြစ်နေခဲ့သည်။ ဟန်လိသည် ထိုသည်က ကျင့်ကြံခြင်းကြောင့် ဖြစ်သည်ကို သိရှိသည့်အတွက်ကြောင့် အထူးတဆန်းဖြစ်ခြင်း မရှိခဲ့ပေ။

ဟန်လိက သူ့အိမ်အတွင်း သူ့ကို စောင့်ဆိုင်းနေသည်ကို မြင်သောအခါ ကျန်းထျယ်က အံ့သြမှင်တက်သွားလေသည်။ သို့သော် ကျန်းထျယ် မည်သည့်စကားမှ မပြောရသေးခင် စိတ်မရှည်တော့သည့် ဟန်လိက ပုလင်းကို သူ့ထံ ထိုးပေးလိုက်သည်။

"အစ်ကိုကျန်း ကျွန်တော့်ကို ကူပြီး ဒီပုလင်းလေး ဖွင့်ပေးပါလား။"

"မင်း ဒါကို ဘယ်ကရှာတွေ့လာတာလဲ။ ကြည့်လို့အတော်လေး ကောင်းတာပဲ။" ကျန်းထျယ်က ပုလင်းကို လှမ်းယူရင်း ပြောလိုက်သည်။

ကျီ.. ကျီ.. ကျီ.....

"အိုင်း... ဒီပုလင်းကို ပိတ်ထားတာ အတော်ကျပ်နေတာပဲ။ ဖွင့်ဖို့တောင်ခက်တယ်။ ဒါကို ဘာနဲ့လုပ်ထားတာပါလိမ့်။" ကျန်းထျယ်က အားစိုက်ကာ ဖွင့်လိုက်သော်လည်း သူက ပုလင်းကို ဖွင့်နိုင်စွမ်းမရှိသေးဘဲ ဖြစ်နေသည်။

"ဂါး.... ငါ တကယ် မဖွင့်နိုင်ဘူး။ ဒီပုလင်းက ဖွင့်လို့မရဘူး။ ဘာလို့ မင်းကို ကူညီဖို့ စီနီယာတပည့်တစ်ယောက်ကို သွားမရှာတာလဲ။" ကျန်းထျယ်က တောင်းပန်သည့်ဟန်နှင့် ကြည့်ကာ ခေါင်းယမ်းလိုက်ရင်း အကြံပြုချက်တစ်ခုနှင့်အတူ ဟန်လိထံ ပုလင်းပြန်ပေးလိုက်သည်။

"အစ်ကိုတောင် ဒါကို မဖွင့်နိုင်ဘူးလား။" ဟန်လိသည် ပို၍ စိတ်စောလာကာ အခန်းကို ပတ်လျှောက်နေတော့သည်။

"အိုင်း... မင်း ခြေထောက်က ဘာဖြစ်တာလဲ။" ကျန်းထျယ်က ဟန်လိ၏ ခြေထောက်ကို သတိပြုမိသွားသည်။

"ဘာမှမဖြစ်ပါဘူး။ ကျွန်တော် လမ်းမှာ ကျောက်တုံးကို ကန်မိသွားလို့။" ဟန်လိသည် မည်သည့်အတွက်ကြောင့်မှန်းမသိသော်လည်း သူက ကျန်းထျယ်ကို ထိုပုလင်းအကြောင်း မပြောပြချင်ခဲ့ပေ။ ယခု သူသည် ထိုပုလင်းအကြောင်းကို သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်အဖြစ် သိမ်းထားချင်ပေသည်။

ဟန်လိက သူ့နှလုံးသားထဲ အလွန်စိတ်ပျက်ခြင်းကို ခံစားလိုက်ရသည်။ သူက ထိုအချိန်တွင် ကျန်းထျယ်နှင့် ထိုင်ကာ စကားစမြည်ပြောချင်စိတ် ရှိမနေပေ။ ထို့ကြောင့် ကျန်းထျယ်၏ ကျင့်ကြံရေးတိုးတက်မှုအကြောင်း မေးရုံသာမေးပြီးနောက် အခန်းထဲမှ ချက်ချင်းထွက်ခွာလာပြီး သူ့ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းဖို့ရာ နည်းလမ်းစဥ်းစားရန် သူ့နေရာသို့ ပြန်လာခဲ့သည်။

သူ့အခန်းသို့ ပြန်ရောက်သည့်အခါ ဟန်လိက ပုလင်းကို စားပွဲပေါ်သို့တင်လိုက်ပြီး စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲ၌ ထိုဆန်းကြယ်သည့် ပုလင်းကို ဖွင့်နိုင်မည့် နည်းလမ်းများကို စဥ်းစားနေခဲ့သည်။

All Chapters