ပုလင်းအား ခွဲပစ်ခြင်း
Vol. 1 Ch. 12
ဖန်း...
ဟန်လိသည် သူ့လက်ထဲတွင် ပုလင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများ၌ ဒေါသတို့ဖြစ်ပေါ်လာကာ ပုလင်းကို စားပွဲနှင့် ရိုက်ခွဲပစ်ရန် သူ့ခွန်အား အားလုံးကို အသုံးပြုလိုက်သည်။
"ငါ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ် ခွန်အားကို အသုံးမပြုနိုင်ရင် ဒါကို ဖွင့်ဖို့ တခြားနည်းလမ်းသုံးလို့ ရနိုင်တာပဲ။" ဟန်လိက ပုလင်းအား ဖွင့်ရန် နည်းလမ်းပေါင်းများစွာ တွေးတောခဲ့ပြီးနောက် ဆုံးဖြတ်လိုက်သည်။
ဟန်လိသည် ခွန်အားကို အသုံးပြု၍ အကြမ်းဖက်ခြင်းက အဖြေတစ်ခုမဖြစ်နိုင်သည်ကို သိရှိပေသည်။
သို့သော် ထိုကဲ့သို့သော နည်းလမ်းက ရိုးစင်းကာ တိုက်ရိုက်ဆန်သော်လည်း အကျိုးသက်ရောက်မှုအရှိဆုံး ဖြစ်တတ်သည်။
သို့သော် သူက ထိုလျှို့ဝှက်ဆန်းကြယ်၍ အနုစိတ်သော ဒီဇိုင်းများနှင့် လှပသည့် ပုလင်းကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ခွဲပစ်ရမည်ကို တွေးမိသည့်အခါ ထိုသို့ လှပသည့် ရတနာကို လက်လွှတ်ရန် အလွန်ဆန္ဒမရှိဘဲ ဖြစ်နေခဲ့သည်။ ဆန်းကြယ်သည့်ပုလင်းကို ဖွင့်ရန် အခြားနည်းလမ်းတစ်ခုခု ရှိပါလျှင် ဟန်လိက အင်အားသုံး ဖျက်ဆီးမည့်အစား အခြားနည်းလမ်းကိုသာ ရွေးချယ်မည်ဖြစ်သည်။
သူက အခြားစီနီယာတပည့်များကို ကူညီရန် မေးခဲ့လျှင် သူတို့က ၎င်းကို ဖွင့်ပေးရန် ကူညီကောင်း ကူညီနိုင်သော်လည်း ဟန်လိသည် မသိလိုက်မသိဘာသာနှင့် ထိုဆန်းကြယ်သည့် ပုလင်းကို ရတနာတစ်ခုအဖြစ် မှတ်ယူနေပြီဖြစ်ရာ ၎င်း၏ တည်ရှိမှုကို အခြားသူများအား သိခွင့်ပြုရန်မည်ကို တွန့်ဆုတ်နေခဲ့သည်။
လက်ရှိ ဟန်လိက ထိုဆန်းကြယ်သော ပုလင်း၏ ဆွဲဆောင်မှုကို ခံနေရပြီဖြစ်သည်။ သူသည် ထိုပုလင်းအတွင်း မည်သည်မှ ရှိမနေသည်မှာ ဖြစ်နိုင်သည်ဟု သိရှိသော်လည်း ထိုပုလင်းက အဖိုးတန်သည့် တစ်စုံတစ်ရာကို ကာကွယ်နေခြင်းဖြစ်သည်ဟူသော လောင်းကြေးထပ်ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။
သူက ပုလင်းကို ဖွင့်မရနိုင်လေ သူ၏ သိချင်စိတ်က ပို၍ ကြီးထွားလာလေဖြစ်သည်။
သူသည် ပုလင်းအတွင်း ဆန်းကြယ်မှုကို မဖြေရှင်းနိုင်လျှင် သူ ညဘက်ကောင်းကောင်း အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ပေ။
နောက်ထပ် မည်သို့လုပ်ရမည်ကို ဆုံးဖြတ်ပြီးနောက် ဟန်လိက လက်နက်ကိရိယာများ ထားသည့် နေရာသို့ တိတ်တိတ်လေး သွားကာ ထိုနေရာ၌ ရှိသည့် ပစ္စည်းများထဲမှ သံတူအသေးတစ်လက် ရွေးချယ်လိုက်ပြီး သူ၏ အိမ်သို့ ပြန်ယူဆောင်လာခဲ့သည်။
သူ့အိမ်သို့ ပြန်ရောက်လာသည့်အခါ ဟန်လိက သူ့အခန်းထောင့်မှ အုတ်ကျိုးတစ်ပိုင်း ကောက်ယူလိုက်ကာ ပုလင်းကို အုတ်ခဲပေါ်တင်လိုက်သည်။
ဟန်လိက ညာဘက်လက်နှင့် တူကိုမြှောက်လိုက်ကာ ပုလင်း၏ ကိုယ်ထည်ပေါ်သို့ ထုချေရိုက်ခွဲလိုက်သည်။
ဖန်း...
ခွန်အား အလွန်အကျွံ အသုံးပြုမိပြီး အထဲမှ အရာကို မတော်တဆ ပျက်စီးသွားစေမိမှာ စိုးသောကြောင့် ဟန်လိက ပုလင်း၏ မာကျောမှုကို စမ်းသပ်ရန် သူ့ခွန်အားကို အနည်းငယ်သာလျှင် ချိန်ဆအသုံးပြုလိုက်သည်။
ပုလင်း၏ ခံနိုင်ရည်ကို စူးစမ်းပြီးနောက် ၎င်းက အထိအခိုက်မရှိသည်ကို မြင်မှ ဟန်လိက စိတ်သက်သာရာ ရသွားခဲ့သည်။ သူက တစ်ချက်ချင်းစီတွင် အသုံးပြုသည့် ခွန်အားပမာဏကို တိုးမြှင့်သွားခဲ့သည်။
ဖန်း... ခွန်အား ငါးဆယ်ရာခိုင်နှုန်း။
ဖန်း... ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်း။
ဖန်း... ခွန်အား တစ်ရာရာခိုင်နှုန်း။
ဖန်း... ခွန်အား တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်း။
ဟန်လိသည် တူတစ်ချက်ချင်းစီ၌ ခွန်အားကို ပို၍ တိုးမြှင့်လာခဲ့သည်။ သူ့လက်မောင်းလှုပ်ရှားမှုက ပို၍ပို၍ ကသုတ်ကရက်နိုင်လာကာ ထုရိုက်သည့်အရှိန်ကလည်း ပိုမို မြန်ဆန်လာသည်။ သူက အောက်ဘက်ရှိ အုတ်ကိုပင် ခွဲမိသွားသော်လည်း ပုလင်းမှာ မျက်နှာပြင်ပေါ်တွင် ခြစ်ရာတစ်စပင်မရှိဘဲ ထိုနေရာ၌ လဲလျောင်းနေခဲ့သည်။
ဟန်လိက အံ့သြထိတ်လန့်သွားပြီး ပုလင်း၏ မာကျောမှုကို နားမလည်နိုင်တော့ပေ။ သူ၏ လက်များကို အသုံးပြုကာ မျက်နှာပြင်ကို စမ်းသပ်ကြည့်လိုက်သော်လည်း ထိခိုက်ထားသော မည်သည့် အစအနမှ ရှိမနေပေ။ ထိုတောက်ပချောမွေ့သည့် အစိမ်းရောင်မျက်နှာပြင်က ဟန်လိ၏ အပြင်းအထန် ကြိုးစားရိုက်ခွဲခဲ့သည့် လက္ခဏာတစ်ခုမှမရှိဘဲ အစွန်းအထင်း ကင်းမဲ့နေခဲ့သည်။
ထိုသည်မှာ ဟန်လိ မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။
ဟန်လိသည် ယခုတွင် ထိုပုလင်းကို အလွန်ထူးခြားသည့် ပစ္စည်းတစ်ခုခုနှင့် ပြုလုပ်ထားကြောင်း ပို၍ သေချာနေခဲ့ပြီဖြစ်သည်။ ထိုပစ္စည်းသည် အဆင့်အတန်းမြင့်မားသော တစ်စုံတစ်ယောက်မှ ပျောက်ဆုံးသွားသည့် ရတနာတစ်ခုခုပင် ဖြစ်နိုင်ပေသည်။ ပိုင်ရှင်သည် ဤဆန်းကြယ်သည့်ပစ္စည်းကို ရှာဖွေရန် တောင်တလျှောက် လူများပို့ထားပြီး ဖြစ်နိုင်သည်။ ဟန်လိက ၎င်းကို ဆက်လက်ထိန်းသိမ်းထားချင်လျှင် အလွန် လျှို့ဝှက်သည့်နေရာ၌ သေချာဖွက်ထားရလိမ့်မည်ဖြစ်ပြီး အခြားလူများအား ၎င်း၏ တည်ရှိမှုကို သိခွင့်ပေးရန် မဖြစ်နိုင်ပေ။
သူ၏ နှလုံးသားထဲတွင် ဟန်လိသည် 'တွေ့ရှိသူက ပိုင်ဆိုင်မည်ဖြစ်ပြီး ပျောက်ဆုံးသူက ငိုကြွေးရုံသာရှိသည်' ဟူသည် အမြင်ကို လက်ကိုင်ထားပေသည်။ သူက တစ်စုံတစ်ယောက်ထံမှ ခိုးယူခြင်းလည်းမဟုတ် လုယူခြင်းလည်း မဟုတ်ဘဲ ရရှိလာသည့် ပစ္စည်းဖြစ်သရွေ့ ဟန်လိက သူပိုင်ဆိုင်နိုင်သည့်အခွင့်အရေးရှိသည်ဟု တွေးပေသည်။ ၎င်းက သာမန်ပစ္စည်းတစ်ခုဖြစ်ပါက ဟန်လိက ပိုင်ရှင်ကို ပြန်ပေးရန်ဆန္ဒရှိနိုင်ပါသော်လည်း ဤသည်က ဆန်းကြယ်သော ပုလင်းတစ်လုံးဖြစ်နေသည်။ ပုလင်းကို ကြည့်လိုက်ပြီး သူသည် ထိုပစ္စည်းက ကြီးမားသော မိသားစုတစ်ခုခုမှ ချမ်းသာသည့် ကလေးအချို့ သို့မဟုတ် အဆင့်အတန်းမြင့်မားသော သူတစ်ယောက်ယောက်၏ ပစ္စည်းဖြစ်မည်ဟု မှန်းဆထားသည်။ စိတ်မကောင်းစရာမှာ ဟန်လိထံ၌ ထိုလူအမျိုးအစားနှစ်ခုလုံးအပေါ်တွင် ကောင်းမွန်သော အမြင်များရှိမနေပေ။
ကလေးဘဝကတည်းက ဟန်လိသည် အလွန်ဆင်းရဲသော မိသားစုမှ ရောက်လာခြင်း ဖြစ်ပေသည်။ ခွေးများကဲ့သို့ အလွန် ကြိုးကြိုးစားစား နေထိုင်ပါသော်လည်း သူတို့သည် အသားအပြည့်ဟင်းလျာကို ရံဖန်ရံခါပင် မစားနိုင်ခဲ့ကြပေ။ ချီးရွှမ်းဂိုဏ်းအတွင်း လူအမျိုးအစားနှစ်မျိုး ရှိသည်။ ပထမတစ်မျိုးက အဆင့်မြင့် ဇိမ်ခံပစ္စည်းများအပေါ် အလဟဿ ပိုက်ဆံဖြုန်းတီးနေသူများ ဖြစ်သည်။ သူတို့က ပိုက်ဆံကို ရေကဲ့သို့ သဘောထားပြီး ဂရုမစိုက်ဘဲ စိတ်ကြိုက်သုံးစွဲကြသည်။ ဟန်လိက ထိုကဲ့သို့သော လူများကို မြင်တိုင်း သူ၏ နှလုံးသားအတွင်း ဒေါသများနှင့် စိတ်မသက်မသာ ခံစားရပေသည်။ ဒုတိယအမျိုးအစားမှာ ကျေးရွာများမှလာသည့် တပည့်များအပေါ် အထင်အမြင်သေးသည့် လူစားမျိုးဖြစ်သည်။ သူတို့သည် မကြာခဏဆိုသလို ပျစ်ပျစ်နှစ်နှစ်စကားလုံးများဖြင့် စော်ကားတတ်သလို ကြမ်းကြုတ်သည့် အပြုအမူများကိုပင် ပြုလုပ်တတ်ကြသည်။ သူတို့နှင့် ကျေးရွာသားများကြား ပဋိပက္ခတစ်ခုခု ဖြစ်ခဲ့လျှင် သေးငယ်သည့် အကြောင်းအရာလေးမျှသာ ဖြစ်သော်လည်း ဒုတိယအမျိုးအစားမှ လူများက ဆင်းရဲနွမ်းပါးသည့် ကလေးများကို ရိုက်နှက်တတ်ကြပေသည်။ ဟန်လိကိုယ်တိုင်သည်လည်း ထိုကဲ့သို့ တူညီသည့် အနိုင်ကျင့်မှုကို ခံရပေသည်။ သူက ထိုလူချမ်းသာကလေးများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး သူ့မျက်နှာများက ရောင်ကိုင်းကာ အိပ်ရာမှပင် ထနိုင်စွမ်းမရှိတော့ဘဲ အပြည့်အဝ ပြန်ကောင်းလာရန် ရက်သတ္တပတ်အနည်းငယ် အနားယူခဲ့ရသည်။
ပိုက်ဆံနှင့် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းအတွင်းမှ ထိုသူများအပေါ်တွင် ဟန်လိက ကောင်းမွန်သည့် ထင်မြင်ချက်မျိုးမရှိပေ။ အကောင်းဆုံး ဥပမာအနေနှင့် စောင့်ရှောက်သူဝမ် ဖြစ်သည်။ သူက တတိယဦးလေး၏ လာဘ်ထိုးငွေကို လက်ခံခဲ့သော်လည်း စောင့်ရှောက်သူဝမ်က စစ်ဆေးမှု၌ ဟန်လိကို မကူညီခဲ့ပေ။ ထို့အစား စောင့်ရှောက်သူဝမ်က ဝူယန်ကို မျက်နှာသာပေးခဲ့သည်။ ဟန်လိက ဂိုဏ်းအတွင်းမှ အဆင့်မြင့်ပုဂ္ဂိုလ်အများအပြားကို တွေ့ရန် အခွင့်အရေး မရှိခဲ့သော်လည်း စောင့်ရှောက်သူဝမ်၏ အပြုအမူများကြောင့် သူတို့ ပုံရိပ်များက ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့သော လူအမျိုးအစားနှစ်မျိုးက သူတို့ ပိုင်ဆိုင်သော အရာများကို ပျောက်ဆုံးသည့်အခါ ဟန်လိတွင် ထိုပစ္စည်းများကို ပြန်ပေးရန် စိတ်ကူးမရှိပေ။ သူသည် လုံခြုံသောနေရာများ၌ ထိုပစ္စည်းများကို ဖွက်ထားခြင်းဖြင့် သူတို့ကို စိတ်ဒုက္ခပင်ပေးချင်သေးသည်။
ထိုသို့တွေးပြီးနောက် ဟန်လိက သူ့လည်ပင်းပေါ်၌ အမြဲဆွဲထားလေ့ရှိသည့် အိတ်ကို ဖြုတ်ရန်ဆုံးဖြတ်လိုက်သည်။ သူ့အမေက ထိုအိတ်ကို ရေစိုခံသည့် လည်သာဖြင့် ချုပ်လုပ်ထားပြီး အိတ်အတွင်းတွင် တောဝက်ရိုင်း၏ သွားမှ ပြုလုပ်ထားသည့် ကံကောင်းစေသော အဆောင်တစ်ခု ရှိသည်။ သူ့အမေသည် ၎င်းက သူ့ကို အန္တရာယ်နှင့် ဖျားနာမှုများမှ ကာကွယ်ပေးရန် မျှော်လင့်ခဲ့သည်။
ဟန်လိက သူ့အိတ်ကို ဖွင့်လိုက်ကာ သူ၏ ကံကောင်းစေသောအဆောင်ဘေး၌ ဆန်းကြယ်သောပုလင်းလေးကို ထည့်ဖွက်လိုက်သည်။ ထို့နောက် သူက အိတ်ကို ပြန်ပိတ်လိုက်ပြီး သူ့လည်ပင်း၌ ပြန်ဝတ်လိုက်သည်။
ထိုသို့လုပ်ပြီးနောက် သူက ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီး ကံကောင်းစွာနှင့် သူ့ကိုရော ဆန်းကြယ်သော ပုလင်းကိုပါ မြင်သွားသည့်သူ မရှိခဲ့ပေ။
ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်ပြီးနောက် ဟန်လိသည် ပိုမိုလုံခြုံသွားသည်ဟု ခံစားလိုက်ရကာ ပိုင်ရှင်က ပြန်လာရှာ၍ သူ့ထံမှ ယူဆောင်သွားမည်ကို စိုးရိမ်ပူပန်နေမှုများအား စွန့်ပစ်လိုက်သည်။
ဟန်လိသည် ခိုးကြောင်ခိုးဝှက်နှင့် ပစ္စည်းအသုံးအဆောင်များ ထားသည့်နေရာသို့ တူကို သွားပြန်ပို့လိုက်ကာ နတ်ဘုရားလက်တောင်ကြားသို့ ပုံမှန်အတိုင်း လမ်းလျှောက်ပြန်လာခဲ့သည်။ ထော့နဲ့ထော့နဲ့နှင့် သူ့အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် ညမှောင်နေခဲ့ပြီ ဖြစ်သည်။