ထူးဆန်းသည့်ဖြစ်စဥ်
Vol. 1 Ch. 13
ဟန်လိ၏ ခြေထောက်က ဒဏ်ရာရထားသည့်အတွက် ကျန်းထျယ်က ဟန်လိအိမ်သို့ စားစရာများ လာပို့ပေးခဲ့ပြီး သူနှင့်အတူ ညစာစားခဲ့သည်။
ဟန်လိသည် ကျန်းထျယ်တစ်ယောက် ကိုးရို့ကားယားနိုင်သော အမူအရာနှင့် သူ့အိမ်အတွင်း ဟိုဟိုဒီဒီသွားရင်း ခလုတ်တိုက်နိုင်သည့် ကုလားထိုင်နှင့် စားပွဲများအား ရွှေ့နေသည်ကို ကြည့်နေခဲ့သည်။ နောက်ဆုံး သူပြီးစီးသွားသည့်အချိန်တွင် စားသောက်ရန်အချိန်ကျပြီ ဖြစ်သည်။ ဟန်လိသည် ကျန်းထျယ်၏ ထိုအပြုအမူကြောင့် အတော်လေး စိတ်လှုပ်ရှားသွားကာ ပျော်ရွှင်နေသည်။
စားပွဲပေါ်၌ စားစရာများ ခင်းကျင်းပြီးနောက် သူတို့နှစ်ယောက်က စားသောက်ရင်း စနောက်ရယ်မောကာ ပါးစပ်အပြည့် စားစရာများ ဝါးနေရင်းက သူတို့အချင်းချင်း ကျင့်ကြံရေးတိုးတက်မှုအကြောင်းလည်း မေးမြန်းကြသည်။
ဆင်သံချပ်ကာကျင့်စဥ်အကြောင်း ဟန်လိပြောလာသည့် အခိုက်အတန့်တွင် ကျန်းထျယ်က စိတ်ဓာတ်ကျစွာနှင့် သက်ပြင်းချလိုက်သည်။
လက်ရှိတွင် ကျန်းထျယ်က ထိုကျင့်စဥ်၏ ပထမအဆင့်ကိုသာ ကျင့်ကြံရသေးသော်လည်း ပြင်းထန်သည့် နာကျင်မှုက သူ့ကို တစ်ပိုင်းသေလောက်အောင် နှိပ်စက်နေခဲ့သည်။ သူသည် ညတိုင်း အနံ့အသက်ဆိုးများနှင့် ဆေးရည်ကန်ထဲ စိမ်ရကာ သူ၏ ခန္ဓာကိုယ်က မာကျောပြီး အရိုးများကြံ့ခိုင်လာစေရန်ဟူသော အကြောင်းပြချက်ဖြင့် သမားတော်မော့၏ ရိုက်နှက်ခြင်းကိုလည်းခံရသေးသည်။
ဤကျင့်စဥ်က ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေးနည်းလမ်းဖြစ်ကာ ကျန်းထျယ်ကို အိပ်မရသည့် ညများစွာဖြစ်စေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အရိုက်ခံထားရမှုကြောင့် ရောင်ရမ်းနေပြီး အိပ်ရာနှင့် သူ့အသားထိသည့် အခိုက်အတန့်တွင် သူက နာကျင်မှုကို အံတင်းတင်းကြိတ်ကာ သည်းခံရပေသည်။
သူ့အတွက် ဆင်သံချပ်ကာကျင့်စဥ်ကို ကျင့်ကြံရခြင်းမှာ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်သည်။
ဟန်လိ၏ အမည်မဲ့ကျင့်စဥ်နှင့် ယှဥ်လာလျှင် ကျန်းထျယ်က သူ့နှလုံးသားထဲမှ အားကျမနာလိုဖြစ်မိပေသည်။
သူသည် ဟန်လိက တစ်ချိန်လုံးငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေသော ဘုန်းကြီးတစ်ပါးကဲ့သို့ ခံစားမိခဲ့ပေသည်။ ကျန်းထျယ်၏ ခံစားချက်များကို ကြားသောအခါ ဟန်လိက အကန်စကားများ ပြောမနေတော့ပေ။ သူသည်လည်း ကျန်းထျယ်၏ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံရေးနည်းလမ်းနှင့်ယှဥ်လျှင် သူ၏ ကျင့်ကြံရေးက အများကြီး ပိုမိုလွယ်ကူကြောင်း သတိပြုမိပေသည်။
ဟန်လိသည် ဆင်သံချပ်ကာကျင့်စဥ်အပေါ် ကျန်းထျယ်၏ ကြောက်ရွံ့နေမှုကို နားလည်နိုင်ပေသည်။ သူ ဆင်သံချပ်ကာကျင့်စဥ်၏ နဝမအဆင့်ကို ဖြတ်ကျော်နိုင်ရန်အတွက် သူသည် မယုံကြည်နိုင်လောက်သော နာကျင်ခြင်းကို တောင့်ခံရလိမ့်မည် ဖြစ်သည်။
ခက်ခဲပါသော်လည်း ကျန်းထျယ်က အရှုံးပေးရန် ငြင်းဆန်၍ သည်းခံနေခဲ့သည်။ ဟန်လိသည် ကျန်းထျယ်၏ မယိမ်းယိုင်သော စရိုက်ကို လေးစားမိရုံသာ တတ်နိုင်သည်။
ဟန်လိသာ ကျန်းထျယ်၏ နေရာမှာဖြစ်လျှင် သူသည် ထိုသို့ပြင်းထန်သည့် ကျင့်ကြံခြင်းမျိုးကို မည်သည့်အခါမှ ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ထိုကျင့်စဥ်က သူ့ကို တစ်ညအတွင်း ကမ္ဘာကို တုန်လှုပ်နိုင်အောင် ပြောင်းလဲပေးနိုင်လျှင်ပင် သူက ငြင်းပယ်လိမ့်မည်ဖြစ်သည်။
သူတို့နှစ်ယောက်က သိုင်းပညာရပ်များအကြောင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေကြရင်း ညစာပြီးလုနီးပါးဖြစ်လာသည်။ ညစာစားပြီးသွားသည့်အခါ ကျန်းထျယ်က ပန်းကန်များကို ဆေးကြောလိုက်ပြီး နှုတ်ဆက်ကာ ပြန်သွားတော့သည်။ ထွက်မသွားခင် သူက ဟန်လိကို ခြေထောက်ဒဏ်ရာအား ဂရုစိုက်ရန်နှင့် စောစောအိပ်ရန် မှာသွားသေးသည်။
တံခါး၌ ရပ်နေကာ ဟန်လိက ကျန်းထျယ် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီးနောက် အိမ်ထဲသို့ လျင်မြန်စွာ ပြန်ဝင်လာပြီး လေအချို့ရစေရန် လသာပေါက်ဖွင့်ထားသည်မှလွဲ၍ အခြားပြတင်းပေါက်အားလုံးကို ပိတ်လိုက်သည်။ ထို့နောက် သူ၏ လည်သာအိတ်အတွင်းမှ ဆန်းကြယ်သည့်ပုလင်းကို ထုတ်ယူလိုက်၏။
ဟန်လိက စိတ်အပြောင်းအလဲမြန်သည့် ကလေးအရွယ်လေးမျှသာ ဖြစ်ပြီး သူက ပုလင်းကို အချိန်တစ်ခုထိ စူးစမ်းလေ့လာနေပြီးနောက် လျင်မြန်စွာ ပျင်းရိသွားတော့သည်။ သူ၏ ခြေထောက်ဒဏ်ရာနှင့် ယနေ့ အဖြစ်အပျက်များကြောင့် ဟန်လိက ပင်ပန်းသလို ခံစားနေရပေသည်။ မသိလိုက်မသိဘာသာနှင့် သူက ပုလင်းပေါ် လက်တင်ပြီး အိပ်ရာပေါ်၌ အိပ်ပျော်သွားခဲ့သည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားပြီး ဟန်လိက ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့်အချိန်၌ သူသည် ရုတ်တရက် ရေခဲကဲ့သို့ အေးစက်သော ခံစားချက်က သူ့လက်မှ စီးဆင်းလာသည်ကို ခံစားမိလိုက်သည်။
ဟန်လိသည် အလိုလို တုန်ယင်သွားပြီး သူ၏ လေးလံသော မျက်ခွံတို့ကို အတင်းအကျပ် ဖွင့်ကာ အိပ်ချင်မူးတူးနှင့် သူ့လက်ကို ကြည့်လိုက်သည်။
"အိုး။" သူက ထိတ်လန့်တကြားနှင့် ပွင့်ဟသွားသည့် သူ့ပါးစပ်ထဲမှ သွားရည်များ ထွက်ကျလာမည်ကို စိုးသောကြောင့် ပါးစပ်ကို အုပ်လိုက်ပြီးမှ ချက်ချင်း ထထိုင်လိုက်သည်။ သူက အိပ်ချင်စိတ်ပျောက်သွားပြီဖြစ်ကာ သူ၏ အာရုံက သူ့ရှေ့မှ ထူးဆန်းသည့် မြင်ကွင်းပေါ် ကျရောက်သွားသည်။
လေသာပေါက်မှ ကျရောက်သည့်လာ အလင်းများကို အဖြူရောင် အလင်းတန်းများအဖြစ် မြင်နိုင်ပေသည်။ အလင်းတန်းများက ဟန်လိလက်ထဲရှိ ပုလင်းအနီး စုစည်းလာကာ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဆန်စေ့အရွယ် အဖြူရောင်အလင်းစက်များစွာ ဖြစ်ပေါ်လာပြီး အဖြူရောင်အလင်းတန်းအလွှာ တစ်လွှာပြီးတစ်လွှာက ပုလင်းကို လွှမ်းခြုံသွားသည်။
အလင်းတန်းများက အလွန် သိမ်မွေ့ပြီး ခြိမ်းခြောက်နိုင်ခြင်းမရှိဘဲ ထို ရေခဲတမျှ အေးစက်သည့်ခံစားချက်မှ ထိုအလင်းတန်းများမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ဟန်လိက တံတွေးတို့မြိုချလိုက်ပြိး နောက်ဆုံးတွင် သူ့မျက်လုံးအကြည့်များက ပုလင်းမှ လွှဲလိုက်သည်။ ၎င်းက သူ့လက်ကို အပူလောင်သွားစေသကဲ့သို့ ဖြစ်ခဲ့သည့်အတွက် ပုလင်းကို အခြားတစ်ဖက်သို့ လျင်မြန်စွာ ပစ်ထုတ်လိုက်ပြီး အခန်း၏ အခြားတစ်ဖက်သို့ အမြန်ခုန်ထွက်သွားခဲ့သည်။
တခဏမျှ စောင့်ကြည့်ပြီးနောက်တွင် ထိုဆန်းကြယ်သည့် ပုလင်းက မည်သည်မှ မှားယွင်းမနေသည်ကို သတိပြုမိလိုက်ကာ ပုလင်းထံသို့ တဖြေးဖြေး တိုးကပ်သွားခဲ့သည်။
ဆန်းကြယ်သည့် ပုလင်းကို အဖြူရောင်အလင်းတို့ဖြင့် လွှမ်းခြုံထားပြီး ၎င်းက လှပသည်ထက် ဤကမ္ဘာလောကမှမဟုတ်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားပုံရသည်။
ဟန်လိက ခေတ္တမျှတွေဝေနေပြီးနောက် သူ၏ လက်ချောင်းကို အသုံးပြုကာ ပုလင်းအား အကြိမ်အနည်းငယ် ပုတ်လိုက်သည်။ ၎င်းက တုံ့ပြန်မှုမရှိသည်ကို ကြည့်ရင်း သူက သတိထားလျက် ပုလင်းကို တစ်ဖန် ကောက်ယူလိုက်သည်။ ပုလင်းကို စားပွဲပေါ်တင်လိုက်ပြီး သူက အိပ်ရာပေါ်တွင် ထိုင်ရင်း မည်သည့်အခါကမှ မမြင်ဖူးခဲ့သည့် ဖြစ်စဥ်ကို အနီးကပ်စစ်ဆေး ကြည့်ရှုနေခဲ့သည်။
ဟန်လိက တစ်နာရီလောက် မျက်တောင်မခတ်ဘဲ ထိုဆန်းကြယ်သည့် ပုလင်းကို အပြည့်အဝ အာရုံစိုက်နေခဲ့ကာ နောက်ဆုံးတွင် ထိုဆန်းကြယ်သည့် ပုလင်းက လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားသည်အား သတိပြုမိလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သည့် ပုလင်းက ၎င်းကို လှည့်ပတ်နေသည့် ဆန်စေ့အရွယ် အဖြူရောင်အလင်းလုံးလေးများကို မရပ်မနား စုပ်ယူနေခဲ့သည်။ ၎င်းက ရိုးရှင်းစွာ စုပ်ယူခြင်းမဟုတ်ဘဲ အဖြူရောင်အလင်းပုတီးစေ့လေးများက ကိုယ်ပိုင် အသိစိတ်ရှိနေပြီး ပုလင်းထဲ အရင်ဆုံး ဝင်ခွင့်ရရန် အချင်းချင်း တိုက်ခိုက်နေသလို ထင်မှတ်ရပေသည်။
ဟန်လိသည် ထိုအလွန်ထူးဆန်းလှသည့် ဖြစ်စဥ်ကို ကြည့်နေရင်း ဟန်လိက လက်ကို ဆန့်ထုတ်ကာ အဖြူရောင်အလင်းပုတီးစေ့တစ်ခုကို ထိလိုက်သည်။
၎င်းက ရေခဲကဲ့သို့ အေးစက်နေသည်။ ထိုအေးစက်မှုမှလွဲ၍ အခြားမည်သည့် ထူးဆန်းမှုမှ မရှိသလို ထင်မှတ်ရသည်။
ဟန်လိက ခေါင်းကို မော့ကာ အပေါ်သို့ ကြည့်လိုက်သည်။ အဖြူရောင်အလင်းတန်းတို့က လေသာပေါက်မှ ဆက်လက်တိုးဝင်လာနေဆဲ ဖြစ်ကာ ရပ်တန့်ရန် ရည်ရွယ်ချက်မရှိသလိုပင် ဖြစ်သည်။
ဟန်လိက တံခါးနှင့် ပြတင်းပေါက်တို့ အားလုံး ပိတ်ထားသည်ကို သေချာအောင် စစ်ဆေးလိုက်ပြီး သူ့အခန်းအတွင်း အပြောင်းအလဲများကို ကြည့်ရှုကာ လေသာပေါက်ကို နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။ ရုတ်တရက် သူက အတွေးတစ်ချက်ပေါ်လာကာ တံခါးကို ခပ်သာသာဖွင့်၍ ခေါင်းကို အပြင်ထုတ်ကာ ပတ်ဝန်းကျင်ကို ချောင်းကြည့်လိုက်သည်။
ကံကောင်းစွာနှင့် ညလယ်ကြီးဖြစ်နေသည့်အတွက် ပိုးမွှားများမှလွဲ၍ အနီးဝန်းကျင်၌ အခြားမည်သူမှ မရှိပေ။
ဟန်လိက အခန်းထဲသို့ ပြန်လာပြီး ပုလင်းကို ယူကာ အိတ်ထဲ ပြန်ထည့်လိုက်၍ အပြင်မြန်မြန်ထွက်ကာ အလွန် ဝေးကွာသည့် နေရာရောက်မှ ရပ်တန့်လိုက်သည်။
အရပ်လေးမျက်နှာကို စူးစမ်းလိုက်ပြီး အနားတွင် မည်သူမှ မရှိသည်ကို မြင်သောအခါမှ ဟန်လိက ဂရုတစိုက်နှင့် သူ့ အိတ်ထဲမှ ပုလင်းကို ထုတ်ယူကာ မြေပေါ်သို့ ညင်သာစွာ ချလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သည့် ပုလင်းကို သူ့အိတ်ထဲသို့ ထည့်လိုက်သည့်အခါ အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်။
သို့သော် ဟန်လိက စိုးရိမ်ပူပန်ခြင်းမရှိပေ။
သူ ထင်ထားသကဲ့သို့ တခဏစောင့်ဆိုင်းကြည့်ပြီးနောက် အဖြူရောင်အလင်းတန်းတို့က အရပ်လေးမျက်နှာမှနေ၍ ပုလင်းတစ်ဝိုက်တွင် စတင်စုစည်းလာသည်။ ဤတစ်ကြိမ်တွင် အလင်းတန်းများက သူ့အိမ်အတွင်းမှာ ရှိစဥ်ကထက် ပိုမိုထူထဲပေသည်။ ၎င်းတို့က လျှို့ဝှက်ဆန်းကြယ်သည့် ပုလင်းတစ်ဝိုက်တွင် အဖြူရောင်အလင်းများအဖြစ် တင်းကျပ်စွာ လွှမ်းခြုံလာသည်မှာ ပန်းကန်ဆေးဇလုံအရွယ်အစားခန့် အလင်းဘောလုံးတစ်ခုကဲ့သို့ ဖြစ်တည်လာပေသည်။