လျှို့ဝှက်ဆန်းကြယ်သော အရည်
Vol. 1 Ch. 14
"အာ..." ဟန်လိက စိတ်လှုပ်ရှားစွာဖြင့် လေထဲသို့ လက်သီးလက်မောင်းတန်းရင်း အော်ဟစ်လိုက်သည်။
ထိုသို့ပြုလုပ်သည်ကို ကြည့်ခြင်းဖြင့် သူက အမှန်တကယ် ကလေးတစ်ယောက်သာ ဖြစ်နေဆဲ ဖြစ်ကြောင်း ဖော်ပြနေသည်။
သူ၏ ယူဆချက်က မှန်ကန်ပုံရသည်။ ပုလင်းက မှောင်မိုက်သောအခန်းအတွင်း ရှိသောအခါ ၎င်းက သေးငယ်သော အလင်းပမာဏကိုသာ စုပ်ယူနိုင်သည်။ သို့သော် ကျယ်ပြန့်သော နေရာသို့ ရောက်သည့်အခါ ၎င်းက ဆွဲဆောင်နိုင်သည့် အလင်းပမာဏက အများကြီးပိုလာပေသည်။
သို့သော် အလင်းများ စုစည်းပြီးသည့်အခါ မည်သည်တို့ ဖြစ်လိမ့်မည်နည်း။ ၎င်းက မည်သို့အသုံးပြု၍ ရနိုင်သနည်း။ သူက အဖြေကို မသိသော်လည်း ဟန်လိသည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုလင်း၏ နောက်ကွယ်မှ ပဟေဠိကို ဖြေရှင်းရန် နီးစပ်နေပြီဟု ခံစားမိပေသည်။
ဟန်လိသည် မကြာခင်၌ ဆန်းကြယ်သောပုလင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တော့မည်အား သိရှိသည့်အတွက် အတော်လေး စိတ်လှုပ်ရှားနေပေသည်။
အရုဏ်တက်ချိန်သို့ ရောက်သောအခါ ပုလင်းအနီးတွင် စုစည်းနေသည့် အလင်းတို့က တဖြေးဖြေး ပျောက်ကွယ်သွားသည်။
မည်သူမှ သူ၏ အပြုအမူကို စောင့်ကြည့်နေခြင်းမရှိကြောင်း သေချာပြီးနောက် ဟန်လိသည် ပုလင်းအခြေအနေအား လေ့လာရန် အာရုံစိုက်လိုက်သည်။ သူက ကိုယ်ကို ကိုင်း၍ ပုလင်းကို ကောက်ယူကာ ဖွင့်ရန်ကြိုးစားလိုက်သော်လည်း ၎င်းက ကွာခြားမှုမရှိဘဲ ဖွင့်မရသေးဆဲသာဖြစ်သည်။
ဟန်လိက စိတ်ပျက်သွားသလို ခံစားရသော်လည်း မနက်ရောက်လာပြီဖြစ်ကြောင်း မြင်သောအခါ ဆန္ဒမရှိစွာနှင့် ပုလင်းကို ကောက်ယူကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
အဆုံးမှာတော့ သူက ကျင့်ကြံရန်အတွက် ကျောက်တုံးအခန်းသို့ ပြန်သွားခဲ့ပေသည်။
နောက်ထပ် ညအနည်းငယ်တွင် ပုံမှန်အချိန်အတိုင်း ပုလင်းကို တူညီသည့် အခြေအနေကြုံတွေ့စေမည် ဖြစ်သည်။ မရေတွက်နိုင်သော အလင်းမှုန်များက ပုလင်းအတွင်းသို့ ပျံသန်းနေသည်မှာ မီးလျှံအတွင်း တိုးဝင်နေသည့် ပိုးဖလံများကဲ့သို့ပင် ဖြစ်သည်။ အလင်းမှုန်က မည်မျှ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ၎င်းတို့က ပုလင်း၏ လောဘတကြီးဝါးမြိုခြင်းကို ခံခဲ့ရပေသည်။
အစပိုင်းတွင် ဟန်လိက ထိုပုလင်းသည် အချိန်အတော်ကြာအောင် တူညီသော ဖြစ်စဥ် ဆက်လက်ဖြစ်ပေါ်နေမည်ဟု တွေးခဲ့သော်လည်း ရှစ်ရက်မြောက်နေ့တွင် မထင်မှတ်ထားသည့် တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်။
ဟန်လိ တောင်များအတွင်း ဝေးကွာသည့်နေရာသို့ ပြန်ရောက်လာသည့်အခါ ပုလင်းကို ပုံမှန်နေရာ၌ ထားလိုက်ပြီး အလင်းမှုန်များကို ဆက်လက်စုပ်ယူစေသော်လည်း နာရီဝက်ကြာသည့်အခါ ထိုဖြစ်စဥ်က ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ပုလင်း၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်စာလုံးများ ပေါ်ပေါက်လာပြီး ပုလင်းပေါ်ရှိ အစိမ်းပုပ်ရောင်ဒီဇိုင်းများက အစိမ်းရောင်အလင်းတို့ စတင်ထုတ်လွှတ်လာသည်။ ပုလင်းပေါ်ရှိ ထူးဆန်းသော စကားလုံးများက ခမ်းနားထည်ဝါသော်လည်း ရေးထားသည့် စုတ်ချက်များက ထူးဆန်းပေသည်။ ထိုစာလုံးများက ပုလင်းမျက်နှာပြင်ထက် မရပ်မနား လှည့်ပတ်နေပြီး ရှေးခေတ်အချိန်မှ စာလုံးများကဲ့သို့ ထင်မှတ်ရပေသည်။
သို့သော် ဤထူးဆန်းသည့် ဖြစ်ရပ်က ခေတ္တမျှသာ ဖြစ်သည်။ ပုလင်းမျက်နှာပြင်ပေါ်၌ ရေးထွင်းထားသော ရွှေရောင်စာလုံးများမှအပ အရာအားလုံးက အတူတူပင်ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပုလင်းနှင့်ပတ်သတ်၍ ထူးဆန်းသည့် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်ကို မြင်ခဲ့ရပြီးနောက် ဟန်လိသည် ယခင်ကကဲ့သို့ အံ့အားသင့်ခြင်း မရှိတော့ပေ။ ရွှေရောင်စာလုံးများ၏ ပေါ်ပေါက်လာမှုက သူ့ကို အများကြီး အံ့အားသင့်စေခြင်းမရှိခဲ့ချေ။
ရုတ်တရက် စိတ်ကူးကြောင့် လက်ထဲ၌ ပုလင်းကို ဆုပ်ကိုင်ကာ ဖွင့်ရန် ကြိုးစားလိုက်သော်လည်း အံ့အားသင့်ဖွယ် ကောင်းစွာနှင့် အားစိုက်စရာပင် မလိုလိုက်ဘဲ အဖုံးက ပွင့်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး။" ဟန်လိက ပုလင်းကို ထိတ်လန့်စွာနှင့် စိုက်ကြည့်လိုက်သည်။
မည်သည့် အားစိုက်ထုတ်မှု တွေးတောမှုမှ မပြုရဘဲနှင့် ပုလင်းကို မည်သို့ဖွင့်ရမည်ဟူသည့် ဟန်လိ၏ ပြဿနာက ရုတ်တရက် ဖြေရှင်းပြီးသွားခဲ့သည်။ ယခုမည်သည့်အတွက်ကြောင့် ထိုမျှ လွယ်ကူနိုင်ရပါသနည်း။
သူက အတည်ပြုရန် ပုလင်းကို အခါခါကြည့်နေသော်လည်း သူမြင်ရသည့် မြင်ကွင်းက အတုအယောင် ဟုတ်ပုံမရပေ။ သူက ပုလင်းအတွင်းသို့ မကြည့်ခင် စိတ်လှုပ်ရှားနေမှုကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ပုလင်းအတွင်း၌ ကျောက်စိမ်းရောင်အရည်တစ်စက်ရှိနေပြီး ပဲ့စေ့အရွယ်ခန့်ရှိသည်။ ၎င်းက ပုလင်းအတွင်း လှည့်ပတ်စီးဆင်းနေပြီး ပုလင်းအတွင်းရှိ နေရာအနှံ့ အစိမ်းရောင်လင်းလဲ့နေခဲ့သည်။
ဤအရည်စက်က မည်သည့်အရာနည်း။
ဟန်လိက စိတ်ပျက်သွားခဲ့သည်။ သူက ထိုမျှအများကြီး အားစိုက်ထုတ်ခဲ့သည့်အတွက် ဆုလာဘ်မှာ ဤသာမန်ဟုသာ ထင်ရသော အရည်တချို့အတွက်လား။
စိတ်ပျက်လက်ပျက်နှင့် ဟန်လိက ပုလင်းကို သူ့အိတ်ထဲ ပြန်ထည့်လိုက်ပြီး အခန်းသို့ ပြန်သွားခဲ့သည်။ သူ၏ ယခင်က စိတ်လှုပ်ရှားမှုများက ကမ္ဘာမြေ၏ အဝေးဆုံး တစ်ထောင့်တစ်နေရာဆီ ပစ်ထုတ်ခံလိုက်ရသလို ခံစားချက်များက ရုတ်ချည်း တက်လိုက်ကျလိုက်ဖြစ်သွားခဲ့သည်။
သူက နောက်ဆုံးတွင် ပုလင်းကို ဖွင့်နိုင်ခဲ့သော်လည်း ရလဒ်ကို အကြွင်းမဲ့ စိတ်ပျက်သွားခဲ့ရသည်။
သို့သော် ဟန်လိသည် ကျောက်စိမ်းရောင်အရည်စက်၏ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ရာ အချိန်ယူရန် ပြင်ဆင်နေသည်။ အနာဂတ်တွင် ၎င်းက သူ့အား မမျှော်လင့်ထားသည့် အံ့အားသင့်မှုတို့ ပေးသည်လည်း ဖြစ်နိုင်ပေသည်။
ယခုတွင် သူ အလုပ်ချင်ဆုံးအရာမှာ ပြန်သွားပြီး အိပ်ရန် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူက ကောင်းကောင်း မအိပ်နိုင်ခဲ့သည့်အတွက် သူ၏ နေ့ခင်းအချိန်ကျင့်ကြံခြင်းသည်ပင် ထိခိုက်ခဲ့ရကာ သူ့တိုးတက်မှုက သမားတော်မော့ လိုချင်သည့် အတိုင်းအတာကို ပြည့်မီရန်မလုံလောက်ခဲ့ပေ။
ဟန်လိသည် သမားတော်မော့၏ တပည့်ဖြစ်လာပြီး ကျင့်စဥ်၏ ပထမအဆင့်ကို ချိုးဖျက်နိုင်ခဲ့ပြီးကတည်းက ထိုကျင့်စဥ်ကို ဆက်လက်ကျင့်ကြံနေရန် မလိုအပ်တော့ဟု ခံစားမိခဲ့ပေသည်။ ကျင့်စဥ်က သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်မှု မရှိသည်ကို စိတ်ပျက်သောကြောင့် သူက ထိုကျင့်ကြံခြင်းပေါ် ဆက်လက်မှီခိုရန် ဆန္ဒမရှိနေပေ။
ထို့ကြောင့် သမားတော်မော့က သူ့ကို ပြင်းပြင်းထန်ထန် ဆူပူဖူးပေသည်။
သို့သော် ကျင့်ကြံရန် အချိန်ကျလာသည့်အခါတိုင်း သူက အမြဲ ဖျတ်လတ်တက်ကြွမှုတို့မရှိဘဲ အိပ်ငိုက်နေတတ်သည်။ ဤသည်မှာ သမားတော်မော့ကို ဒေါသထွက်စေခဲ့ပြီး သူက တပည့်မှားလက်ခံခဲ့သလား သိချင်နေသည်။
သူ၏ အခြေအနေကို တွေးမိသည့်အခါ ဟန်လိက စွပ်စွဲခံရသလို ခံစားမိပေသည်။ သို့သော် သူက ကျင့်ကြံရန်စိတ်အခြေအနေ၌ ရှိမနေပေ။
သို့ပေမယ့် ဟန်လိ ထင်မှတ်မထားမိသည်မှာ ဒုတိယနေ့ သူနိုးထလာပြီးနောက် နောက်တစ်ကြိမ် တက်ကြွလာကာ သူ့ကိုယ်သူ ကျင့်ကြံခြင်း၌ အရူးတစ်ယောက်လို နှစ်မြှုပ်ထားမိတော့သည်ကို ဖြစ်သည်။
သူက ထိုကဲ့သို့အပြုအမူမျိုးနှင့် ကျင့်ကြံရသည့် အကြောင်းပြချက်မှာ သမားတော်မော ရိုးရှင်းသောစကားတစ်ခွန်းကြောင့် ဖြစ်သည်။
"မင်း ဒီကျင့်စဥ်ကို တစ်ဆင့်တိုးတက်လာတိုင်း မင်းရရှိတဲ့ ငွေပြားပမာဏရဲ့ နှစ်ဆပေးမယ်။" သမားတော်မော့က ဟန်လိ မည်မျှ ပိုက်ဆံမက်ကြောင်း မြင်သည့်အတွက် ဟန်လိကို ဆွဲဆောင်ရန် နည်းလမ်းရှာတွေ့ခဲ့သည်။ ဤနည်းလမ်းမှာ ဟန်လိ ကြိုးကြိုးစားစားကျင့်ကြံလာအောင် လှုံ့ဆော်ရန်လုံလောက်ပေသည်။
နောက်ရက်အနည်းငယ်အတွင်း ဟန်လိက ဒုတိယအဆင့်ကို ချိုးဖျက်နိုင်ရန် မျှော်လင့်ရင်း သူ့ကိုယ်သူ ကျင့်ကြံခြင်း၌ နှစ်မြှုပ်ထားလိုက်တော့သည်။
နေ့တိုင်း မနက်မှ နေ့လယ်၊ နေ့လယ်မှ ညရောက်သည့်တိုင် သူက ကျောက်တုံးကျင့်ကြံရေးအခန်းအတွင်း ဝင်ရောက်ကျင့်ကြံနေလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော ဘဝက ပျင်းဖို့ကောင်းကြောင်း၊ မည်မျှသာမန်ဆန်ကြောင်း၊ ဖန်တရာတေနေကြောင်း အတွေးများအားလုံးက ဟန်လိခေါင်းထဲမှ ချက်ချင်း မောင်းထုတ်ခံလိုက်ရသည်။
ဟန်လိ၏ ကျင့်ကြံရေးအတွက် သမားတော်မော့က နတ်ဘုရားလက်တောင်ကြားကိုပင် ခေတ္တချိပ်ပိတ်ထားခဲ့သည်။ သူက လူနာများကို ကုသပေးရသော အခါ၌ပင် ဟန်လိကို အနှောက်အယှက်ပေးမိမည်စိုးသောကြောင့် တောင်ကြားအပြင်ဘက်၌ ကုသပေးခဲ့သည်။
ဟန်လိက ယခုတွင် နောက်တစ်ဆင့်တက်ရန် အာရုံစိုက်နေသည့်အတွက် ပုလင်းထဲမှ ကျောက်စိမ်းရောင်အရည်စက်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ရန်ပင် မေ့သွားခဲ့သည်။
ဆောင်းဦးကုန်ဆုံးသွားပြီး ဆောင်းရာသီရောက်လာကာ နွေဦးကို ကျော်ဖြတ်၍ နွေရာသီရောက်ရှိလာသည်။
မျက်စိတစ်မှိတ်အတွင်း လေးနှစ်ကုန်ဆုံးသွားပြီး ဟန်လိပင် ဆယ့်လေးနှစ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။
သူက စကားနည်းပြီး ဆုံးဖြတ်ချက်ပြတ်သားကာ ဝါကျင့်ကျင့်အသားအရေနှင့် ကျေးလက်လူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာသည်။ သူ၏ ပြင်ပရုပ်သွင်ကို အခြေခံလျှင် သူက အခြားသာမန်ကျေးလက်သားတို့နှင့် ကွဲပြားခြားနားမှုမရှိပေ။ သူ၏ အသွင်အပြင်က ထူးထူးခြားခြား ချောမောခြင်းမရှိသလို မြင့်မြတ်သည့် ကျက်သရေတင့်မှုတို့လည်း မရှိပေ။
ဤသည်မှာ ကျောက်တုံးကျင့်ကြံရေးအခန်း၌ နေ့တိုင်းကျင့်ကြံခဲ့သည့် ရလဒ်ဖြစ်သည်။ သူက ထိုနေရာနှင့် သူ့အိမ်ကို အသွားအပြန်လုပ်သလို တစ်ခါတစ်ရံ၌ ဆေးပညာသင်ယူရန် သမားတော်မော့၏ အိမ်သို့သွားတတ်ပြီး သမားတော်မော့ စုဆောင်းထားသည့် စာအုပ်များကို ဖတ်ရှုတတ်သည်။ တောင်ကြားတစ်ခုလုံးက သူနေထိုင်သည့် ကမ္ဘာဖြစ်ပြီး သူ ကြိုးစားခဲ့သည်ကို ကျေးဇူးတင်ရမည်။ သူက နောက်ဆုံး၌ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။